ခါးသီးသော အမှန်တရား
Vol. 1 Ch. 3.2
အီလ်ဆာ၏ ရုံးခန်းတံခါးကို ဇော်ရီယန် စိတ်ထင့်ထင့်နဲ့ ခေါက်လိုက်သည်။ ဘာကြောင့် သူ့ကို အီလ်ဆာ ဆင့်ခေါ်တာလဲ မသိပါ။ ဧကန္တ…။
“ဝင်ခဲ့”
ရုံးခန်းထဲကို ဇော်ရီယန် ချောင်းကြည့်လိုက်သည်။ အီလ်ဆာက သူမစားပွဲမှာ တစ်ခုခုကို သောက်နေ၏။ လက်ဘက်ရည်ဖြစ်နိုင်သည်။ ပုံစံက တည်ငြိမ်အေးချမ်းသည့်ပုံစံပေါက်သော်လည်း တစ်ခုခု စိတ်မကျေမနပ် ဖြစ်နေသည့် ခံစားချက်မျိုး သူမဆီမှ ဇော်ရီယန် ရနေပါသည်။
အိမ်း…
“ဇော်ရီယန်” အီလ်ဆာ စကားစလိုက်သည်။ “ငါ့အတန်းထဲမှာ နင်စာလိုက်နိုင်သားပဲ”
“အာ… ကျေးဇူးတင်ပါတယ် ပရော်ဖက်ဆာ” ဇော်ရီယန် သတိကြီးကြီးထားပြီး ပြန်ပြောလိုက်၏။ “ဒီလိုပဲ ကြိုးစားရတာပေါ့”
“ဒါပေါ့။ နင်တို့အုပ်စုမှာ နင်က အတော်ဆုံးကျောင်းသားတွေထဲကတစ်ယောက်လို့ ပြောလို့ရတယ်။ ဒီပွဲတော် ကိစ္စတွေ အကုန်ပြီးသွားရင် ငါ့လက်အောက်ကို ခေါ်ဖို့ ရည်ရွယ်ထားတယ်။ အားလုံးအတွက် နင်စံပြကျောင်းသား တစ်ယောက်ဖြစ်လာသင့်တယ်။ မစ္စ စထရုတ်ဇ်(အာကိုဂျာ) လိုမျိုး ကိုယ့်အတန်းအတွက် ကိုယ်စားပြု နိုင်မယ့် လူတစ်ယောက်ပေါ့”
ဘုရားရေ… အခြေအနေ မကောင်းဘူး။
“ကျွန်တော်တော့ မထင်-“
“အဲ့တော့ စနေနေ့ ကပွဲအတွက် စိတ်တွေလှုပ်ရှားနေပြီလား” အီလ်ဆာက စကားလမ်းကြောင်း ချက်ချင်း ပြောင်းလိုက်သည်။
“ဒါပေါ့” ဇော်ရီယန် ချောချောမွေ့မွေ့ လိမ်ညာလိုက်ပါသည်။ “ပျော်စရာအရမ်းကောင်းမယ့်ပုံပဲနော်”
“တော်သေးတာပေါ့” အီလ်ဆာက ရွှင်ရွှင်ပျပျ ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ ကပွဲကို မလာဖို့ နင်ကြံနေတယ်လို့ သတင်းကြားမိလို့။ ပြောရရင် ငါစိတ်တိုနေတာ။ ဒီပွဲက မဖြစ်မနေတတ်ရောက်ရမယ့်ပွဲလို့ ငါပြောခဲ့တာ သေချာပါတယ်”
အားလပ်ချိန်တွင်ပြုလုပ်ရမည့်အရာ: ဘန်နစ်ဆက်ခ်ကို ဆော်ဖို့ မကောင်းတာ တစ်ခုခု ကြံစည်ရမည်။ ဥပမာ လျှာပေါ် မီးတောက်နေသလို ခံစားစေရမည့် မန္တန်မျိုး… သို့မဟုတ် အောက်ပိုင်းနေရာကို စူးစူးရှရှ နာကျင်သွားစေမည့် မန္တန်မျိုး…။
“ကောလဟာလတွေပါ ပရော်ဖက်ဆာရယ်” ဇော်ရီယန်က ချောမွေ့စွာ ပြန်ပြောလိုက်သည်။ “ကပွဲကို မလာဖို့ တစ်ခါမှ စိတ်ကူးတောင် မယဉ်ဖူးဘူး။ တကယ်လို့ မတက်ရောက်ဖြစ်ဘူးဆိုရင်တောင်-“
“ဇော်ရီယန်” အီလ်ဆာ ဖြတ်ပြောလိုက်သည်။
“ဒါနဲ့ ဘာလို့ ကပွဲမှာ ကျွန်တော်ရှိနေဖို့က အရမ်းအရေးကြီးနေတာလဲဟင်” ဇော်ရီယန် မဝံ့မရဲမေးလိုက်သည်။ ဆရာမ တစ်ယောက်ကို စိတ်ဆွတာက မကောင်းမှန်း သူသိပါသည်။ သို့သော် ဒီကပွဲကိစ္စကြောင့် သူလည်း စိတ်ချဉ်ပေါက်လာပြီ။ “ကျွန်တော့်မှာ ကျန်းမာရေးအခြေအနေတစ်ခုရှိတယ်သိလား။ လူစုလူဝေးတွေကြားထဲ ရောက်ရင် ခေါင်းကိုက်တတ်လို့”
အီလ်ဆာက တုန့်ပြန်လိုက်၏။ “ငါလည်း ခေါင်းကိုက်တတ်ပါတယ်။ ဒီလိုပြောလိုက်လို့ စိတ်သက်သာသွားလား။ အဲ့အတွက် ငါ့မှာ ဆေးရည်တစ်မျိုးရှိတယ် မပူနဲ့။ အဓိကအချက်က ဒီကပွဲကို စီစဉ်တဲ့သူတွေထဲမှာ ငါပါနေလို့ပဲ။ ကျောင်းသားတွေအများကြီး မတက်ရောက်ဘူးဆိုရင် ဆရာဆရာမမှတ်တမ်းမှာ ငါ့အတွက် အမည်းစက်တစ်ခု ထင်သွားလိမ့်မယ်။ အထူးသဖြင့် နင့်လို အရေးပါထင်ရှားတဲ့ လူတစ်ယောက်က မတက်ရောက်ဘူးဆိုရင်ပေါ့”
“ကျွန်တော်က? အရေးပါတဲ့လူ? ကျွန်တော်က သာမန်ကျောင်းသားတစ်ယောက်လေ!” ဇော်ရီယန် ထိုစကားကို လက်မခံနိုင်ပါ။
“နင်က နင်ထင်နေသလောက် သာမန်မဟုတ်ပါဘူး” အီလ်ဆာက ဆိုသည်။ “ဒီလိုအဆင့်ထိရောက်လာဖို့ဆိုတာ သာမန်ထက် ထူးကဲတဲ့ ဉာဏ်ရည်ရယ် ကြိုးစားအားထုတ်ချင်စိတ်ရယ် လိုအပ်တယ်။ အထူးသဖြင့် နင့်လို သာမန် လူတန်းစားမိသားစုကနေ ပေါက်ဖွားလာတဲ့ ကျောင်းသားတစ်ယောက်အတွက် ပိုအရေးကြီးတယ်။ တစ်သက်လုံး မှော်ပညာနဲ့ မထိတွေ့ခဲ့ရတဲ့လူတွေလေ။ တချို့တွေက နင်တို့လိုမျိုး လူတွေကို သတိထား စောင့်ကြည့်ကြတယ်။ ပြီးတော့ နင်က ဒေမန်ရဲ့ ညီလေ။ သူဘယ်လောက် နာမည်ကြီးသလဲ နင်ကော ငါကော သိပါတယ်”
ဇော်ရီယန် နှုတ်ခမ်း ဖြောင့်တန်းသွားသည်။ အီလ်ဆာရဲ့စကားမှာ နောက်ဆုံးအကြောင်းပြချက်တစ်ခုတည်းကပဲ အရေးကြီးတာ ဇော်ရီယန် သိပါသည်။ တခြား အကြောင်းပြချက်တွေကတော့ သူ့ကို ဖြောင်းဖြဖို့ လုပ်ဇာတ်တွေသာဖြစ်မည်။ အစ်ကိုဖြစ်သူက တခြား ကုန်းမြေတိုက်ကြီးတစ်ခုကို ရောက်နေတာတောင် ဇော်ရီယန်တစ်ယောက် သူ့အရိပ်အောက်မှ မလွတ်မြောက်နိုင်သေးပါ။
“နင်က သူနဲ့ နှိုင်းယှဉ်ခံရတာ မကြိုက်ဘူးထင်တယ်” အီလ်ဆာ ခန့်မှန်းကြည့်လိုက်သည်။
“မကြိုက်ဘူး” ဇော်ရီယန် ခပ်ပြတ်ပြတ်ဝန်ခံလိုက်၏။
“ဘာလို့များလဲ” သူမ စိတ်ဝင်တစား မေးလိုက်သည်။
ဒီမေးခွန်းကို မဖြေဖို့ ဇော်ရီယန် စဉ်းစားမိပါသေးသည်။ သူ့မိသားစုဆိုတာ သူ့အတွက် ကောင်းမွန်သည့် အကြောင်းအရာမဟုတ်ပေ။ သို့သော်လည်း ထူးဆန်းစွာဖြင့် ပွင့်ပွင့်လင်းလင်း ဖြေဖို့ ဆုံးဖြတ်လိုက်မိသည်။ ဘာမှထူးမှာ မဟုတ်မှန်းသိသော်လည်း လောလောဆယ် မျိုသိပ်ထားတာတွေအကုန် ဖွင့်ထုတ်ချင်နေပါသည်။
“ကျွန်တော်လုပ်သမျှ လုပ်ရပ်တိုင်းကို ဒေမန်နဲ့အမြဲတမ်း နှိုင်းယှဉ်ခံရတယ်။ ဖောတို့ဗ်ထက်တောင် ပိုပြီး အယှဉ်ခံရတာ။ ဒေမန် နာမည်ကြီးမလာခင် ကျွန်တော်ငယ်ငယ်လေးကတည်းက ဒီအတိုင်းပဲ။ ကျွန်တော့်မိဘတွေက ဘယ်သူ့ကို ပိုဦးစားပေးသလဲဆိုတာ ဖုံးတောင်ဖုံးကွယ်ထားတာမဟုတ်ဘူး။ အမြဲတမ်း လူ့အသိုင်းအဝိုင်းတွေကြားက အောင်မြင်မှုတွေကိုပဲ စိတ်ဝင်စားတယ်။ အိမ်တွင်းအောင်း စာဂျပိုးတစ်ယောက်ကို ကျွန်တော့်မိသားစုက ဘာမှ သုံးစားလို့မရဘူးလေ။ ဒါကို နှစ်ပေါင်းများစွာကြာတဲ့အထိလည်း ကျွန်တော့်ကို သတိပေးခဲ့ကြပါတယ်။ ကျွန်တော့်ကို သူတို့ လျစ်လျူရှုခဲ့ကြတယ်။ သားအရင်းဆိုတာထက် ကျွန်တော့်ညီမကို ထိန်းဖို့ ကလေးထိန်းသာသာပဲ သဘောထားခဲ့ကြတာ။ မကြာသေးခင်ကမှ အာရုံစိုက်လာကြတာ။”
“နင့်ကို နင့်မိသားစု အာရုံစိုက်လာအောင် တစ်ခုခုဖြစ်ခဲ့လို့လား” အီလ်ဆာ မေးလိုက်သည်
“ဖောတို့ဗ်ကြောင့်ပေါ့” ဇော်ရီယန် ညည်းတွားလိုက်သည်။ “စာမေးပွဲတွေ အကြိမ်ကြိမ်ကျလို့ အဖေ့ရဲ့ အဆက်အသွယ်အကူအညီတွေနဲ့ ငွေပေးပြီ ညှိနှိုင်းထားရတယ်။ အဲ့ဒီကောင်က လုံးဝ အားကိုးလို့မရဘူးဆိုတာ သိသာတယ်။ ပြဿနာက ဒါပဲလေ။ ဘာလို့လဲဆိုတော့ မတော်တဆ ဒေမန်သေသွားခဲ့သည်ရှိသော် မိသားစု စီးပွားရေးကို ဆက်ခံဖို့အတွက် သူ့ကို အရံမျိုးဆက်အနေနဲ့ သတ်မှတ်ထားတာ။ အခုတော့ သူတို့က အဲ့ဒီတာဝန် ကျွန်တော့်အပေါ် ပုံချနေပြီ”
“နင်က အရံ ဆက်ခံသူမဖြစ်ချင်ဘူး ဆိုပါတော့” သူမ ခန့်မှန်းလိုက်သည်။
“ကျွန်တော်က ခါဇင်စကီမိသားစု အရေးအရာတွေထဲ ဘာမှကို မပါချင်တာ။ ဒါပဲ။ ကျွန်တော်က အဲ့ဒီမိသားစုရဲ့ တစ်စိတ်တစ်ပိုင်းလည်းမဟုတ်ဘူး။ ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးဘူး။ ကျွန်တော့်ကို ကျွေးမွေးပြီး ပညာရေးအတွက် ထောက်ပံ့ပေးထားတာတော့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်အလုပ်ရတဲ့အခါ အကုန်ပြန်ဆပ်မှာ။ ဒါပေမယ့် အဲ့လိုကိစ္စမျိုးတော့ ကျွန်တော့်ကို သူတို့ တွန်းအားပေးခွင့်မရှိဘူး။ ကျွန်တော် နားမထောင်နိုင်ဘူး။ ကျွန်တော့်မှာ ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင် အစီအစဉ်တွေရှိတယ်။ အစ်ကိုဖြစ်သူရဲ့ အခြွေအရံလုပ်ပြီး တစ်ယောက်ကိုတစ်ယောက် ဖားယားလို့ မဆုံးနိုင်တဲ့ အရေးမပါတဲ့ ပွဲအခမ်းအနားတွေမှာ အချိန်မဖြုန်းနိုင်ဘူး”
ဒီလောက်နဲ့ ရပ်လိုက်ဖို့ ဇော်ရီယန် ဆုံးဖြတ်လိုက်သည်။ ကိုယ့်စကားနဲ့ကိုယ် ဒေါသပိုပိုထွက်လာတာကြောင့်ပင်။ ထို့အပြင် သူ့ကို အီလ်ဆာ ကိုယ်ချင်းစာနိုင်မှာ မဟုတ်တာကိုလည်း သိပါသည်။ သူ့မိသားစုနဲ့ပတ်သတ်လာရင် ဇော်ရီယန်က ဒရမ်မာဆန်လွန်းသည်ဟု အများစုက ထင်ကြသည်။ ဒီလိုမိသားစုနဲ့ နေရတာ သူတို့မဟုတ်တော့ ပြောထွက်ကြတာပေါ့။
ဇော်ရီယန် ဘာမှဆက်မပြောတော့တာကို သတိထားမိသောအခါ အီလ်ဆာ ထိုင်ခုံမှာ ကျောမှီထိုင်လိုက်ပြီး သက်ပြင်းအရှည်ကြီး ချလိုက်သည်။ “ငါနင့်ကို ကိုယ်ချင်းစာပါတယ် ဇော်ရီယန်။ ဒါပေမယ့် ဒီလိုနှိုင်းယှဉ်ခံရတာတွေက ရှောင်လွှဲလို့ရမှာတော့ မဟုတ်ဘူး။ နင့်ကိုယ်နင် ထူးချွန်တဲ့ မှော်ဆရာတစ်ယောက် ဖြစ်အောင် ပျိုးထောင်နေတယ်ဆိုတာ ငါယုံကြည်တယ်။ လူတိုင်းက ဒေမန်လို ပါရမီရှင်တော့ ဘယ်ဖြစ်နိုင်ပါ့မလဲ”
“ဟုတ်ပါတယ်” အီလ်ဆာကို ပြန်မကြည့်ဘဲ ဇော်ရီယန် ပြန်ပြောလိုက်သည်။
အီလ်ဆာ သက်ပြင်းချကာ သူမဆံပင်တွေကို ပွတ်သပ်လိုက်သည်။ “နင်က ငါ့ကို ဗီလိန်ဖြစ်အောင် လုပ်နေတာပဲ။ မိသားစုပြဿနာတွေ ဘေးဖယ်ထားဦး။ ဒီကပွဲကို ဘာစိတ်အနှောင့်အယှက် ဖြစ်စရာလိုလို့လဲ။ ဒီတိုင်းပါတီပွဲလေးတစ်ခုပါ။ လူငယ်တွေအားလုံး ပါတီပွဲကို သဘောကျမယ်လို့ ထင်ထားတာ။ တွဲကမယ့်သူ မရှိမှာ စိုးရိမ်လို့လား။ ပထမနှစ်ကလေးမတချို့ကိုသာ မေးလိုက်။ သူတို့ ဒီလိုအခွင့်အရေး လက်လွတ်မှာမဟုတ်ဘူး။ စီနီယာတစ်ယောက်ယောက်က မဖိတ်ရင် ပထမနှစ်တွေ ကပွဲတက်ရောက်ခွင့် မရှိဘူးလေ သိလား”
ဇော်ရီယန်လည်း သက်ပြင်းချလိုက်သည်။ တွဲကမည့်လူ မရှိမှာကို စိုးရိမ်တာ မဟုတ်ပါ။ မျိုးရိုးနာမည်ကို ရွတ်ပြလိုက်တာနဲ့ သူနဲ့အတူတွဲကဖို့ ပထမနှစ်တွေ တန်းစီနေမှာ သေချာပါသည်။ သူက လွတ်လမ်းရှာနေတာသာ ဖြစ်သည်။ သို့သော် အီလ်ဆာကတော့ သူ့ကို အလွတ်ပေးမည့်ပုံမပေါ်ပေ။
“ကျွန်တော် တွဲကမယ့်လူ မရှာဘူး” ဇော်ရီယန် ထိုင်ခုံမှ ထကာ ပြောလိုက်သည်။ “ကပွဲကို လာရင်လာမယ်။ ဒါပေမယ့် တွဲကမယ့်လူ ခေါ်လာရမယ်လို့တော့ စည်းကမ်းမှာမပါဘူးမလား။ အဆင်ပြေပါစေ”
သူထွက်သွားတာကို အီလ်ဆာမတားသဖြင့် ဇော်ရီယန် အံ့အားသင့်သွားသည်။ ဒီကပွဲကိစ္စကြီးတစ်ခုလုံးက ငြီးငွေ့စရာ ကောင်းမှာတော့ မဟုတ်လောက်ပါ။
--- --- ---
ဇော်ရီယန်တစ်ယောက် သူ့အဆောင်ကော်ရစ်ဒါမှာ မလှမ်းချင်လှမ်းချင်နဲ့ တစ်လှမ်းချင်း လျှောက်လှမ်းနေမိသည်။ အခန်းထဲကိုလည်း အလျှင်စလို မဝင်ချင်သေးပါ။ နွေရာသီပွဲတော်မှာ အားလုံး အလုပ်များကြမှာကိုသိသဖြင့် ဆရာဆရာမများက ဘာအိမ်စာမှ မပေးထားချေ။ အားလပ်ချိန်ဆိုတာ ဇော်ရီယန်အတွက် ဘုရားပေးသည့် ဆုလာဘ်လိုပင်။ သို့သော်လည်း မနက်ဖြန် တောင့်ခံရမည့် ဒုက္ခတွေကို တွေးမိသောအခါ ဘာမှ အကျိုးရှိတာ လုပ်ချင်စိတ်မရှိတော့လောက်အောင် စိတ်ဓာတ်ကျသွားသည်။ ထို့ကြောင့် အခန်းထဲကို ရောက်တာနဲ့တစ်ပြိုင်နက် အိပ်ဖို့ ကြံထားပါသည်။
သူ့အဆောင် ကော်ရစ်ဒါတွေမှာ နီ၊စိမ်း၊ဝါ အကွက်အပြောက်တွေနဲ့ ပြည့်နှက်နေသဖြင့် တချို့သူတွေကတော့ ပျော်ရွှင်နေကြပြီ ထင်ပါသည်။
“ဇော်ရီယန်! မင်းကို လိုက်ရှာနေတာ!”
အနောက်က အော်သံကြောင့် ဇော်ရီယန် ထိတ်လန့် တုန်ယင်သွားသည်။ သူ့ပိုင်နက်ကို ကျူးကျော်လာသည့်လူအား ဇော်ရီယန် လှည့်ကြည့်လိုက်သည်။ သူ့ရှေ့က ပြုံးပြုံးဖြီးဖြီးနဲ့ သောက်ရူးကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။
“မင်းဘာလာလုပ်တာလဲ ဖောတို့ဗ်” သူမေးလိုက်၏။
“ဘာလို့လဲ။ ငါ့ညီဆီကို ငါလာလည်လို့တောင်မရတော့ဘူးလား” ဖောတို့ဗ်က ပြန်ပြော၏။ “မင်းက တော်လွန်းတော့ ကိုယ့်အစ်ကိုနဲ့တောင် အချိန်မဖြုန်းချင်တော့ဘူးပေါ့”
“သောက်ပိုတွေမပြောစမ်းပါနဲ့။ မင်းအချိန်ဖြုန်းချင်ရင်တောင် ငါ့ဆီကို တစ်ခါမှလာခဲ့ဖူးတာမဟုတ်ဘူး။ အခု ဘာအကူအညီလိုပြန်ပြီလဲ”
“အဲ့လိုမဟုတ်ပါဘူးကွာ။ မင်းက ငါအချစ်ဆုံး ညီအစ်ကိုပါကွ”
ဇော်ရီယန် စက္ကန့်ပိုင်းလောက် သူ့ကို မျက်နှာရှစ်ခေါက်ချိုးဖြင့် ကြည့်လိုက်သည်။ “ဒေမန်မရှိဘူးဆိုတော့ ငါ့ကိုပဲ အပူလာကပ်ရတာပေါ့”
“ဒေမန်က သောက်ပေါပါကွာ” ဖောတို့ဗ် ညည်းတွားလိုက်၏။ “အဲ့ကောင်နာမည်ကြီးသွားပြီးကတည်းက ကိုယ့်ညီတွေကို ဘယ်တော့မှ ကူညီတယ်ဆိုတာမရှိဘူး။ အဲ့ကောင်က သူ့အတွက်သူပဲတွေးတဲ့ကောင်”
“မင်းကကော ဘာထူးလို့လဲ” ဇော်ရီယန် တီးတိုးရေရွတ်လိုက်၏။
“ဘာဖြစ်တယ်။ ငါမကြားလိုက်ဘူး” ဖောတို့ဗ် မေးလိုက်သည်။
“ဘာမှမဟုတ်ဘူး” ဇော်ရီယန် လက်ခါပြလိုက်၏။ “အခု ဘာပြဿနာ တက်နေလို့လဲ”
“အဲ… ငါ့သူငယ်ချင်းတစ်ယောက်ကို အင်ပျဉ်ပျောက်ဆေးရည် လုပ်ပေးမယ်လို့ ကတိပေးလိုက်မိတယ်” ဖောတို့ဗ်က မလုံမလဲ ဖြေလိုက်သည်။
“အင်ပျဉ်ပျောက်ဆေးရည်ဆိုတာမျိုးမှ မရှိတာ” ဇော်ရီယန် ငေါက်လိုက်သည်။ “ဒါပေမယ့် အင်ပျဉ်ပျောက် လိမ်းဆေးဆိုတာတော့ရှိတယ်။ ဆေးရည်လို သောက်ရမယ့်အစား အင်ပျဉ်ပေါက်နေတဲ့နေရာကို လိမ်းလိုက်ရုံပဲ။ ဒါကိုကြည့်ခြင်းအားဖြင့် အဂ္ဂိရတ်ပညာနဲ့ ပတ်သတ်လာရင် မင်းဘယ်လောက် သောက်သုံးမကျလဲ သိသာတယ်။ မင်းဘာတွေတွေးနေတာလဲ။ အဲ့တာမျိုး လုပ်ပေးမယ်လို့ ကတိပေးခဲ့တယ်ပေါ့”
“တောရိုင်းရှင်သန်ရေးအတန်းမှာ သူ့ကို ခရမ်းရောင်ခရီပါအပင်တွေထဲ ငါတွန်းချလိုက်မိလို့….” ဖောတို့ဗ်က ဝန်ခံသည်။ “လုပ်ပါကွာ။ ငါ့ကို ကူညီပေးပါ! ကူညီပေးရင် ရည်းစားရှာပေးမယ်လေကွာ”
“ငါဘာရည်းစားမှ မလိုချင်ဘူး!” ဇော်ရီယန် ဒေါသတကြီး ငေါက်လိုက်၏။ အထူးသဖြင့် ဖောတို့ဗ် မိတ်ဆက်ပေးမည့် မိန်းကလေးမျိုးတွေဆို ပိုလို့တောင်မလိုချင်ပါ။ “မင်းငါ့ကို ဘာတွေအာရုံလာနောက်နေတာလဲ။ ဆေးဆိုင်မှာ ကိုယ့်ဖာသာကိုယ် သွားဝယ်လိုက်ပါလား”
“သောကြာနေ့ ညနေလေကွာ။ မနက်ဖြန် ပွဲတော်ရက်အတွက် ဆိုင်တွေအကုန် စောစော ပိတ်ကြတယ်”
“ကံမကောင်းလိုက်တာ။ ငါလည်း မကူညီနိုင်ဘူး” ဇော်ရီယန်က ဆိုသည်။ “ပြီးခဲ့တဲ့ ၂ နှစ်တုန်းက သီအိုရီတွေနဲ့ အသေးအဖွဲ့ အကြောင်းအရာတွေပဲ သင်ခဲ့ရတာ။ အခုမှ တတိယနှစ်စတာလေ။ အရေးကြီးတဲ့ အဂ္ဂိရတ်ပညာ ဘာမှ မသင်ရသေးဘူး”
တစ်ဝက်မှန် တစ်ဝက်မှားသော အလိမ်စကားဖြစ်၏။ အတန်းထဲမှာတော့ အဂ္ဂိရတ်ပညာ သိပ်မသင်ရသေးတာမှန်သော်လည်း ဇော်ရီယန်က ကိုယ့်ဖာသာကိုယ် အများကြီး လေ့လာထားပြီးသား ဖြစ်ပါသည်။ ခရမ်းရောင်ခရီပါ အင်ပျဉ်အတွက် ဆေးတစ်ခု အလွယ်တကူ ဖော်စပ်ပေးနိုင်သည်။ သို့သော်လည်း ဒီလောက် ဈေးကြီးသည့် ကုန်ကြမ်းတွေကို ဘာကြောင့်ဖြုန်းတီးပစ်ရမှာလဲ။
“မင်းကလည်းကွာ။ မင်းက ဘာသာစကား ၃ မျိုးလောက်ပြောတတ်ပြီး ငါတို့သင်ရတဲ့ ရူးကြောင်ကြောင် ပုံဖော် လေ့ကျင့်ခန်းတွေအကုန် ကျွမ်းကျင်ထားပြီးသားလေ။ အဲ့တာကို ဒီလောက် အခြေခံကျတာလေးတောင် မလုပ်တတ်ဘူးလား။ အဲ့တာမျိုးတွေမလေ့လာရင် မင်းအခန်းထဲမှာ တစ်နေကုန် ဘာတွေ လုပ်နေတာလဲကွ”
“အဲ့တာ မင်းကိုပြောရမှာ!” ဇော်ရီယန် ပေါက်ကွဲသွားသည်။ “မင်းက ငါ့ထက် ၁ နှစ်ကြီးတယ်။ ဒီလိုဟာမျိုး မင်းဖာသာမင်း လုပ်တတ်နေရမှာ”
“အာ… ငါ အဂ္ဂိရတ်ပညာကို စိတ်မဝင်စားမှန်း မင်းသိပါတယ်ကွာ။ ငါ့အတွက်တော့ အရမ်းပျင်းဖို့ ကောင်းလွန်းတယ်” ဖောတို့ဗ်က အထင်သေးသော လေသံဖြင့် ပြောလိုက်သည်။ “ပြီးတော့ အမေ့မီးဖိုးချောင် ပစ္စည်းတွေကို မဖျက်ဆီးဘဲ ဟင်းသီးဟင်းရွက်စွပ်ပြုပ်တစ်ပန်းကန်တောင် ကောင်းကောင်းမချက်တတ်တာ။ ငါ့ကို အဂ္ဂိရတ်ကိရိယာတွေ ကိုင်နိုင်မယ်လို့ တကယ်ကြီး ထင်နေလား”
သူဒီလိုပြောတော့လည်း…။
“ငါပင်ပန်းနေပြီ” ဇော်ရီယန် ပြောလိုက်သည်။ “မနက်ဖြန်မှ လုပ်ပေးမယ်ကွာ”
“မင်းရူးနေလား! မနက်ဖြန်ဆို အရမ်းနောက်ကျသွားမှာပေါ့!”
“ဘာလဲကွ။ အဲ့ဒီ သောက်အင်ပျဉ်ကြောင့် သူသေသွားမှာ မို့လို့လား!” ဇော်ရီယန် စိတ်ပေါက်စွာ ပြောလိုက်၏။
“လုပ်ပါ ဇော်ရီယန်ရယ်။ မင်းအဲ့ကိစ္စတွေ ဂရုမစိုက်တာသိပေမယ့်လေ… သူသဘောကျနေတဲ့ ကောင်လေး တစ်ယောက်ရှိတော့…”
ဇော်ရီယန် ညည်းတွားလိုက်သည်။ ‘အရေးပေါ်’ကိစ္စဆိုတာ ဒါလား။
“… အဲ့တာကြောင့် ငါ့သူငယ်ချင်းရဲ့ အင်ပျဉ်တွေကို ပျောက်အောင် မလုပ်ပေးနိုင်ရင် သူ ကပွဲတက်နိုင်မှာမဟုတ်ဘူး။ အဲ့ကျရင် ငါ့ကို သူခွင့်လွှတ်မှာမဟုတ်ဘူးကွ! လုပ်ပါ လုပ်ပါ လုပ်ပါ လုပ်ပါ-“
“တော်တော့”
“-လုပ်ပါ လုပ်ပါ လုပ်ပါ လုပ်ပါ-“
“တော်တော့လို့ ပြောနေတယ်! ငါလုပ်ပေးမယ်ကွာဟုတ်ပြီလား။ အေး ဒီအကြွေးကို မမေ့နဲ့နော် ကြားလား”
“ရေး!” ဖောတို့ဗ် အောင်ပွဲခံလိုက်၏။ “မင်းအချိန်ဘယ်လောက် ကြာမှာလဲ”
“နောက် ၃ နာရီလောက်နေရင် ရေပန်းစင်နားမှာ လာတွေ့” ဇော်ရီယန် သက်ပြင်းချကာ ပြောလိုက်၏။
ဇော်ရီယန် စိတ်မပြောင်းခင်၊ သို့မဟုတ် တောင်းဆိုချက်တွေ ထပ်မလုပ်ခင် ဖောတို့ဗ်တစ်ယောက် အမြန် ထွက်ပြေးသွားသည်။ ဇော်ရီယန်လည်း စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်ပြီး အခန်းထဲဝင်ကာ လိုအပ်သည့် အဂ္ဂိရတ်ကုန်ကြမ်းတွေ ယူလိုက်သည်။ ကျောင်းတော်မှာ ကျောင်းသားတွေ ကိုယ်ပိုင်ပရောဂျက်လုပ်နိုင်သည့် အဂ္ဂိရတ် အလုပ်ရုံတစ်ခုရှိသည်။ သို့သော်လည်း ကိုယ်ပိုင် ကုန်ကြမ်းတွေတော့ မိမိဖာသာ ယူလာရပါမည်။ ကံကောင်းစွာဖြင့် ဒီဆေးဖော်စပ်ဖို့ လိုအပ်တာအကုန် သူ့မှာရှိနေသည်။
အဂ္ဂိရတ်ရုံထဲမှာ သူကလွဲပြီး ဘယ်သူမှ မရှိပါ။ သို့သော် မထူးဆန်းပေ။ အများစုက မနက်ဖြန်ကပွဲအတွက် ပြင်ဆင်နေကြလောက်သဖြင့် ဘယ်သူမှ အဂ္ဂိရတ်ပညာ လာလေ့လာနေမှာမဟုတ်ပါ။ အလုပ်ရုံကြီး၏ ချောက်ချားစရာ တိတ်ဆိတ်မှုကို ဂရုမစိုက်ဘဲ စားပွဲပေါ်မှာ ကုန်ကြမ်းများကို ဖြန့်ခင်းလျက် ဇော်ရီယန်လုပ်ငန်း စလေသည်။
ဖြစ်ချင်တော့ ဒီအင်ပျဉ်ပျောက်ဆေးအတွက် လိုအပ်သည့် အဓိက ကုန်ကြမ်းမှာ တရားခံဖြစ်သည့် ထို ခရမ်းရောင်ခရီပါအပင်ပဲဖြစ်သည်။ အတိအကျပြောရလျှင် ထိုအပင်၏ အရွက်များဖြစ်သည်။ ထိုအရွက်များကို ဇော်ရီယန် နေလှန်းထားပြီးသားဖြစ်သဖြင့် အခု အမှုန့်ကြိတ်ဖို့သာ လိုတော့သည်။ လုပ်ငန်းစဉ်တစ်ခုလုံးမှာ ဒီအဆင့်က စိတ်ပျက်ဖို့အကောင်းဆုံးဖြစ်သည်။ ခရမ်းရောင်ခရီပါအရွက်တွေကို သာမန် ကျည်ပွေ့နဲ့ ထောင်းပါက လေထဲကို စိတ်ပျက်စရာအမှုန်တွေ အများကြီး လွင့်ပျံသွားတတ်သည်။ ဖတ်စာအုပ်တွေထဲမှာတော့ ဒီပြဿနာကို ရှင်းဖို့ နည်းလမ်းကောင်းတွေဖော်ပြထားသည်။ ပုံမှန်အားဖြင့် ဈေးကြီးသည့် ကိရိယာတန်ဆာပလာတွေကို လိုအပ်သည်။ သို့သော်လည်း ဇော်ရီယန်မှာ ပိုလွယ်ကူသည့် နည်းလမ်းတစ်ခု ရှိပါသည်။ အရွက်တွေကို ရေအနည်းငယ်စွတ်ထားသည့် အဝတ်စတစ်ခုထဲ ထည့်အုပ်လိုက်သည်။ ထို့နောက် ထိုအဝတ်စကို သားရေစတစ်ခုနဲ့ ထပ်ပြီး အုပ်သည်။ ပြီးမှ အားလုံးအမှုန့်ဖြစ်သွားပြီဟု ထင်ရလောက်သည့်အထိ အားရပါးရ ထုထောင်းလေတော့သည်။ ထွက်လာမည့် အမှုန်များက အဝတ်စမှာ သွားကပ်နေမည်ဖြစ်ပြီး အရွက်မှ ဖြစ်ပေါ်လာမည့် အမှုန့်တွေကတော့ ကပ်မှာမဟုတ်ပါ။
အရွက်မှုန့်တွေကို ပျားရည် ၁၀ စက်၊ အော့လီရာ ဘယ်ရီရည် တစ်ဇွန်းတို့ဖြင့် ရောစပ်ပြီး မီးအေးအေးဖြင့် အပူပေးထားလိုက်သည်။ အရောင်အသွေး မှန်ကန်ပြီး တည်ငြိမ်သည့်အထိ မွှေပေးရသည်။ ထို့နောက်မှာတော့ မီးဖိုပေါ်မှ ပန်းကန်လုံးကိုယူကာ အအေးခံလိုက်ပါသည်။
“တော်လိုက်တာ” မိန်းမဆန်သည့် အသံတစ်သံ အနောက်မှ ထွက်ပေါ်လာ၏။ “ခရီပါအရွက်တွေကို ကိုင်တွယ်သွားတာ ပါးနပ်တယ်နော်။ အဲ့ဒီနည်းလမ်း ငါလည်း မှတ်ထားဦးမှ”
ဒီအသံပိုင်ရှင်ကို ဇော်ရီယန် သိပါသည်။ ကောလဟာလတွေလို ခါအဲလ်က မိန်းမဆန်ဆန်နေတာတော့ မဟုတ်ပေ။ မောလော့ခ်(မျိုးနွယ်စုတစ်ခု) ကောင်လေးကို သူလှည့်ကြည့်လိုက်၏။ သူ့ရဲ့ ဖြူဖွေးနေသော ဆံပင်များ၊ ပြာလဲ့နေသော မျက်ဝန်းများကို အကဲခတ်လိုက်ပြီး ဇော်ရီယန် ရှေ့ပြန်လှည့်ကာ အသုံးပြုထားသည့် အဂ္ဂိရတ်ကိရိယာများကို ရှင်းလင်းဖို့ ပြင်လိုက်သည်။ ဒါတွေကို မရှင်းမိလို့ အဂ္ဂိရတ်အလုပ်ရုံထဲ ထပ်ဝင်ခွင့် မရတော့တာမျိုး အဖြစ်မခံနိုင်ပါ။
ဇော်ရီယန် ဘာပြန်ပြောရမလဲ အခက်တွေ့နေစဉ် ခါအဲလ်က ဇော်ရီယန် ဖော်စပ်ထားသည့် ဆေးကို စူးစမ်းသော မျက်လုံးများဖြင့် ကြည့်နေ၏။ ဒီကောင်လေးက ထူးခြားဆန်းပြားသည်။ ဘယ်ကမှန်းမသိသည့်နေရာမှ သူတို့ကျောင်းကို ဒီနှစ်မှ ပြောင်းလာတာဖြစ်သည်။ စကားလည်း သိပ်မပြောပါ။ ထို့အပြင် အားလုံးသိတဲ့အတိုင်း မောလော့ခ်တစ်ယောက်လည်း ဖြစ်သည်။ ဒီကောင်လေး သူ့ကို စောင့်ကြည့်နေတာ ဘယ်လောက်ကြာပြီလဲ။ ဇော်ရီယန်က တစ်ခုခုကို အာရုံစိုက်ထားလျှင် ပတ်ဝန်းကျင်ကို မေ့လျော့နေတတ်သဖြင့် ဘယ်လောက်ကြာပြီလဲ မပြောနိုင်ပါ။
“ဘာမှ မထူးဆန်းပါဘူး” ဇော်ရီယန် နောက်ဆုံးတော့ စကားပြန်ပြောနိုင်ပါပြီ။ “မင်းဖန်တီးတာတွေကမှ… အထင်ကြီးဖို့ကောင်းတာ။ အဂ္ဂိရတ်ပညာနဲ့ ပတ်သတ်လာရင် မင်းက ငါတို့အားလုံးထက် အများကြီး ပိုသာတာ ငါသိတယ်။ ခုတလော ဘက်စုံတော်နေတဲ့ ဇက်ချ်တောင် မင်းကို ဒီဘာသာမှာ အနိုင်မယူနိုင်ဘူး”
ဆံဖြူကောင်လေးက ခပ်သဲ့သဲ့ ပြုံးလိုက်၏။ “ဇက်ချ်က ဘာသာရပ်အပေါ်မှာ စိတ်အားထက်သန်မှုမရှိလို့ပါ။ အဂ္ဂိရတ်ပညာဆိုတာ အနုစိတ်ဂရုစိုက်ရပြီး အများကြီး စိတ်ရှည်ရတယ်။ ဗဟုသုတ ဘယ်လောက်ပဲရှိပါစေ ဇက်ချ်မှာ အဲ့လို စိတ်မျိုး မရှိဘူး။ မင်းမှာတော့ ရှိတယ်။ မင်းသာ ဇက်ချ်လောက်နီးနီး အဂ္ဂိရတ်ပညာကို အလေ့အကျင့်ရှိရင် သူ့ကို ကျော်တက်နိုင်မှာ သေချာတယ်”
“ဪ… ဒါဆို ဇက်ချ်မှာ အဂ္ဂိရတ်ပညာအတွေ့အကြုံရှိတယ်လို့ မင်းထင်တယ်ပေါ့” ဇော်ရီယန် မေးကြည့်လိုက်၏။
“ငါက ဒီနှစ်မှ ကျောင်းပြောင်းလာတာဆိုတော့ သူ့အကြောင်း မင်းတို့လောက် သိပ်မသိဘူး။ ဒါပေမယ့် ဒီနယ်ပယ်မှာ လပိုင်းလောက် အချိန်ပေးရုံနဲ့ ဇက်ချ်လို ကျွမ်းကျင်မှုမျိုးမရနိုင်ဘူး။ အဂ္ဂိရတ်ပညာကို နှစ်ပေါင်းများစွာ ထိတွေ့ထားတဲ့ လူတစ်ယောက်လိုမျိုး သူ လွယ်လွယ်ကူကူ ကိုင်တွယ်နေတာ…”
“မင်းလိုပေါ့” ဇော်ရီယန် ပြောလိုက်၏။
“ငါ့လိုပေါ့” ခါအဲလ်က ပြန်ပြောလိုက်ပါသည်။ “မရိုင်းချင်ပေမယ့် မင်းဒီမှာ ဘာလုပ်စရာရှိသေးလဲ။ ဒီနေ့ ဒီမှာလုပ်စရာ တစ်ခုရှိလို့”
ကြန့်ကြာမှုအတွက် ကောင်လေးကို ဇော်ရီယန် တောင်းပန်လိုက်သည်။ သို့သော်လည်း မောလော့ခ်ကောင်လေးက ဘာမှမဖြစ်သလိုမျိုး လက်ရမ်းပြကာ သူ့ကို နှုတ်ဆက်လိုက်ပါသည်။
အဂ္ဂိရတ်ရုံထဲက ထွက်လာပြီးမှ အိပ်ဆေးရည်တချို့ ဖော်စပ်ခဲ့သင့်သည်ဟု ဇော်ရီယန် တွေးလိုက်မိသည်။ ဒီနေ့ည အိပ်ရေးဝဝ အိပ်ပျော်မှဖြစ်မည်။ အဘယ့်ကြောင့်ဆိုသော် မနက်ဖြန် အိပ်ရဖို့ လမ်းမမြင်တာကြောင့်ပင်။
… … …