← Chapters

ကြယ်တွေကြွေတဲ့ည

Vol. 1 Ch. 4.1

ကြယ်တွေကြွေတဲ့ည

Vol. 1 Ch. 4.1

“လာပြီဟေ့ လာပြီ” ဇော်ရီယန် ဗလုံးဗထွေးပြောကာ တံခါးဆီ ဆောင့်ကြီးအောင့်ကြီး လျှောက်သွားလိုက်သည်။ တကယ်ပါပဲ။ ဘာလို့ ဒီလောက် အသည်းအသန် တံခါးခေါက်နေရတာလဲ။ ဘယ်သူက သူ့အခန်းထဲ အသည်းအသန် ဝင်ချင်နေတာလဲ။ တံခါးဖွင့်ကြည့်လိုက်ခါမှ အာကိုဂျာ၏ မချိုမချဉ်မျက်နှာကို မြင်လိုက်ရသည်။ “အာကို? နင်ငါ့အခန်းရှေ့မှာ ဘာလုပ်နေတာလဲ”

“အဲ့တာ ငါမေးရမှာ” အာကိုဂျာက ပြန်ပြောသည်။ “နင်ကဘာလို့ အခန်းထဲက အခုထိမထွက်သေးတာလဲ။ ကပွဲက-“

“၂ နာရီလောက် လိုသေးတယ်လေ” ဇော်ရီယန်က စကားဖြတ်ကာ ဝင်ပြောလိုက်သည်။ “ကပွဲခန်းမကို ငါ ၁၀ မိနစ်လောက် လမ်းလျှောက်လိုက်ရင် ရောက်တယ်…”

“တကယ်ပါပဲ ဇော်ရီယန်ရယ်။ တစ်ခုခုလုပ်တိုင်း ဘာလို့ နောက်ဆုံးအချိန်ထိစောင့်ပြီးမှ လုပ်ရတာလဲ။ အဲ့ဒီ အလေ့အကျင့်က ဘယ်လောက်ဆိုးသလဲ နင်မသိဘူးလား”

“အချိန်က အဖိုးတန်တယ်” ဇော်ရီယန် ပြောလိုက်၏။ “ငါထပ်မေးမယ်။ နင်ဘာလာလုပ်တာလဲ။ ငါသိသလောက်တော့ နင်က နင့်အမြင်မှာ နောက်ကျနေတယ်လို့ ထင်တဲ့လူတွေကို လာခေါ်တတ်တဲ့ လူမျိုးမဟုတ်ပါဘူး”

“မစ္စဇီလက်တီ(အီလ်ဆာ)က ခေါ်ခိုင်းလိုက်လို့” အာကိုဂျာက အမှန်တိုင်း ပြောလိုက်သည်။

ဇော်ရီယန် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်သည်။ ကြည့်ရတာ အီလ်ဆာက သူ့ကို ‘မမေ့အောင်’ ကျိန်းသေပေါက် သတိပေးချင်သည့်ပုံစံပင်။ ဟား… သူ့ခေါင်းထဲ အကြံတွေပေါ်လာသော်လည်း အကောင်အထည် ဖော်နိုင်မှာမဟုတ်တာကို ကောင်းကောင်းသိပါသည်။

“ပြီးတော့ နင်နဲ့ တွဲကမယ့်လူ မရှာနိုင်ဘူးလို့လည်း ပြောလိုက်တယ်။ အဲ့တာကြောင့် ညနေကျရင် ငါပဲ တာဝန်ယူရတော့မှာပေါ့” အာကိုဂျာက ရှက်ကိုးရှက်ကန်းဖြင့် တံခါးဘောင်ကို ရုတ်တရက်ကြီး သုတေသနတွေ ထလုပ်ရင်း ပြောလိုက်ပါသည်။

ဇော်ရီယန် မျက်မှောင်ကြုတ်သွားသည်။ ‘တွဲကမယ့်လူ ခေါ်မလာဘူး’ ဟူသည့်စကားက ဘယ်လိုဖြစ်ပြီး ‘တွဲကမယ့်လူ မရှာနိုင်ဘူး’ဟု ပြောင်းလဲသွားတာလဲ သူ မသိပါ။ အီလ်ဆာကလည်း သူ့အမေလိုပဲ သူ့စကားတွေကို သူတို့လိုအပ်ချက်နဲ့ ကိုက်ညီမည့်အဓိပ္ပာယ်အဖြစ် ဘာသာပြန်နိုင်စွမ်းရှိသည့်ပုံစံပင်။ သူ့အမေနဲ့ အီလ်ဆာတို့ အတော်လေး ကီးကိုက်ကြမည်ထင်သည်။

“ဘာပဲဖြစ်ဖြစ်ပါ။ မြန်မြန်အဝတ်အစားလဲပြီးသွားဖို့ ပြင်လိုက်တော့” အာကိုဂျာက ရုတ်တရက် ယုံကြည်ချက် ပြန်ပြည့်ဝသွားပြီး ပြောလိုက်သည်။ “နင်ကအနားနီးမှ လုပ်ရတာ အဆင်ပြေပေမယ့် ငါကတော့ အဆင်မပြေဘူး”

ဇော်ရီယန် သူမကို တစ်စက္ကန့်လောက် စိုက်ကြည့်လိုက်၏။ ဘာလုပ်ရမလဲဆိုတာ ဆုံးဖြတ်ဖို့ ကြိုစားနေသည်။ သူမ မျက်နှာရှေ့တည့်တည့်မှာ တံခါးကို ဆောင့်ပိတ်လိုက်ချင်စိတ်တစ်ဝက်ကလည်း ရှိနေသည်။ သို့သော်ဒါက အာကိုဂျာရဲ့ အပြစ်မဟုတ်တာ သူသိပါသည်။ ဖီးအောက်ချင်စရာ ဆူဆူပုတ်ပုတ်ကောင်လေးတစ်ယောက်နဲ့ ကပွဲတက်ဖို့ထက် သူမမှာ ပိုပြီး စိတ်ဝင်စားဖို့ကောင်းသည့် အစီအစဉ်တွေရှိနေမှာ သေချာသည်။ ထို့ကြောင့် အာကိုဂျာကို အခန်းထဲ ဝင်ခိုင်းလိုက်ပြီး သူကတော့ ရေချိုးခန်းထဲဝင်ကာ အဝတ်အစားလဲလိုက်ပါသည်။

အီလ်ဆာရဲ့ လှည့်စားနိုင်စွမ်းတွေကိုတော့ တကယ်ပဲ အံ့အားသင့်မိပါသည်။ သူတစ်ယောက်တည်းသာဆို အဆောင်နေ အဝတ်အစားများနဲ့သာ သွားပြီး တတ်နိုင်သမျှ အချိန်အနည်းဆုံးဖြုန်းကာ လူတွေကို ပလိပ်ရောဂါလို ရှောင်ရှားပြီး အဆောင်ဆီပြန်လာမည်ဖြစ်သည်။ အခုကျတော့ အာကိုဂျာရဲ့ ညနေခင်းကို သူ မဖျက်ဆီးချင်ပါ။ ဆိုလိုတာက အနည်းဆုံးတော့ သူပြင်ပြင်ဆင်ဆင် လုပ်ရပါတော့မည်။ အမှန်ပင်။ အီလ်ဆာနဲ့ သူ့အမေတို့ နှစ်ယောက် အတော်လေး ကီးကိုက်အဆင်ပြေနိုင်သည်…။

ကပွဲခန်းမဆီ သွားသည့် လမ်းတစ်လျှောက်မှာလည်း တိတ်ဆိတ်ငြိမ်သက်လျက်…။ အာကိုဂျာအတွက် တိတ်ဆိတ်မှုက အနေခက်စရာဖြစ်မှာကို သိသော်လည်း ဇော်ရီယန် ဘာစကားမှ မပြောခဲ့ပါ။ ဆိတ်ငြိမ်မှုက သူနဲ့ လိုက်ဖက်သည်။ ဒီညနေခင်းမှာ သူနဲ့ လိုက်ဖက်မည့်အရာ သိပ်မရှိတာကို သိသဖြင့် ငြိမ်းငြိမ်းချမ်းချမ်း နေရသည့် အခိုက်အတန့်ကို တစ်ဝကြီး ခံစားထားပါမည်။

သိပ်တော့ မကြာလိုက်ပေ။ ကပွဲကျင်းပဖို့ စီစဉ်ထားသည့် ခန်းမက သူ့အဆောင်နဲ့ ၁၀ မိနစ်ခန့်သာ ကွာဝေးသည်။ ခန်းမနားကိုရောက်တာနဲ့တစ်ပြိုင်နက် ဝင်ပေါက်မှာ ပျော်ပျော်ရွှင်ရွှင် ဆူညံပွက်လောရိုက်နေသည့် ကျောင်းသားတွေကို မြင်လိုက်ရပါသည်။

လူအုပ်ကြီးကို မြင်လိုက်တာနဲ့ ဇော်ရီယန် အနည်းငယ် ဖြူဖပ်သွားသည်။ ဒီတိုင်း ကြည့်မိရုံနဲ့တောင် ခေါင်းတွေ ကိုက်လာပါသည်။

ဝမ်းနည်းစရာကောင်းတာက အာကိုဂျာကို သူဘယ်လောက်ပဲ တောင်းပန်ပါစေ ကပွဲမစခင်အချိန်အထိ အပြင်မှာပဲ နေဖို့ကို အာကိုဂျာက ခွင့်မပြုပါ။ ထို့ကြောင့် ကလဲ့စားချေသည့်အနေဖြင့် ခန်းမထဲကို ဝင်ရောက်လာသည့်အခါ ဇော်ရီယန်တစ်ယောက် လူအုပ်ကြားထဲမှာ လမ်းပျောက်ပြီး အာကိုဂျာနဲ့ ‘မတော်တဆ’ လမ်းကွဲသွားခဲ့သည်။ ဇော်ရီယန် တိုးတိုးတိတ်တိတ် ရယ်မောလိုက်၏။ သူ့ကို အာကိုဂျာ ပြန်ရှာတွေ့ဖို့ ဘယ်လောက်တောင် ကြာမလဲ မသိပါ။ နာရီဝက်အတွင်း ပြန်ရှာတွေ့ပါက သူအံ့အားသင့်မိလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ပါတီပွဲတစ်ခုမှာ လူတစ်ဦးတစ်ယောက်၏ အာရုံစိုက်တာကို မခံရအောင် ရှောင်ပြီး တခြားသူတွေအတွက်လည်း သံသယဖြစ်စရာပုံစံ မပေါက်အောင် နေသည့်နေရာတွင် ဇော်ရီယန် အတော်ဆုံးဖြစ်၏။

ရိုးရိုးရှင်းရှင်း ကျောင်းကပွဲဟုဆိုသော်လည်း ပွဲတော်တစ်ခုလုံးက အံ့အားသင့်ဖို့ကောင်းလောက်အောင် စည်ကားသိုက်မြိုက်လွန်းသည်။ စားပွဲတွေပေါ်မှာ အစားအသောက်များဖြင့် ပြည့်နှက်နေသည်။ အများစုက ထူးခြားဆန်းပြားသည့် ဟင်းလျာတွေဖြစ်သဖြင့် ဇော်ရီယန် နာမည်တောင် မသိပါ။ ခန်းမကြီးတစ်ခုလုံးကို အရည်အသွေးမြင့် ပန်းချီကားများ၊ သက်ဝင်လှုပ်ရှားနေသော ပန်းပုရုပ်များဖြင့် အလှဆင်ထားသည်။ စားပွဲခင်းတွေကတောင် ရှုပ်ထွေးလှသည့် ပုံစံကွက်တွေနဲ့ အလွန်ချောမွေ့နေသဖြင့် ကြောက်ဖို့ကောင်းလောက်အောင် ဈေးကြီးသည့် ကုန်ကြမ်းတစ်ခုခုဖြင့် ဖန်တီးထားတာဖြစ်ရမည်။ သူ့အတန်းဖော်အများစုက ဘေးပတ်လည်ကို ငေးမောရင်း ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ ဒီလိုပွဲမျိုးတွေကို အကြိမ်ပေါင်းများစွာ တက်ရောက်ဖူးသည့် ဇော်ရီယန်တောင် အနည်းငယ် အံ့အားသင့်သွားမိပါသည်။ ထို့နောက် ပခုံးတွန့်ကာ အာကိုဂျာ ရှာမတွေ့အောင် လူအုပ်ထဲ ဝင်တိုးနေလိုက်ပါသည်။

အစားအသောက်များဖြင့် ပြည့်လျှံနေသော စားပွဲတွေအကြား လျှောက်လှမ်းရင်း တစ်ခါတလေ စိတ်ဝင်စားစရာ တွေ့သောအခါ မြည်းစမ်းကြည့်သည်။ တခြားသူတွေကိုလည်း အကဲခတ်နေရပြီး သူ့ကို စကားလာများနိုင်မည့် ဘယ်သူ့ကိုမဆို ရှောင်ရှားဖို့ အစွမ်းကုန် ကြိုးစားနေပါသည်။ ဒီကပွဲကို အီလ်ဆာ ဘာကြောင့် ချောချောမွေ့မွေ့ ဖြစ်စေချင်သလဲ ဇော်ရီယန် နားလည်သွားသည်။ ဒီကပွဲကြီးရဲ့ ကုန်ကျစရိတ်ကို အသာထား၊ ဒီပွဲကို တက်ရောက်တာ ကျောင်းသားတွေပဲမဟုတ်ပါ။ Guild ပေါင်းစုံ၊ အိမ်တော်ပေါင်းစုံ၊ အသိုင်းအဝိုင်းပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံက ကိုယ်စားလှယ်တွေလည်း တက်ရောက်လာကြသည်။ မဟာမိတ်အတွင်းက လူတွေတင် မကဘဲ ရေခြားမြေခြား၊ တခြား ကုန်းမြေတိုက်ကြီးတွေက လူတွေတောင် တက်ရောက်လာကြသည်။ ထင်ရှားသည့် အပြာဖျော့ဖျော့ အဘ်နေးရှား စစ်တပ်ယူနီဖောင်းကို ဝတ်ဆင်ထားသည့် လူတစ်ယောက်ကို ဇော်ရီယန် တွေ့ပါသည်။ ထို့အပြင် ဟက်ဆန်းမှ ကိုယ်စားလှယ်တစ်စု၊ လူတိုင်းသတိထားမိလောက်သည့် အရောင်စုံလင်တောက်ပသော ဝတ်စုံဝတ်ဆင်ထားသည့် အသားညိုညို အမျိုးသမီးတို့ကိုလည်း သူတွေ့သည်။ ဒီကပွဲကြီးရဲ့ တကယ့်ရည်ရွယ်ချက်က ဘာများလဲဟု သူစဉ်းစားမိသည်။ ဒီလူတွေက သာမန် ကျောင်းကပွဲ တစ်ခုအတွက်နဲ့ ရောက်လာကြမှာ မဟုတ်ပါ။ ပြီးမှ သူ့အပူပါလို့လားဟု ပြန်တွေးကာ မေ့ပစ်လိုက်ပါတော့သည်။ ဒီလိုလူတွေက သူတို့ရဲ့ကိုယ်ပိုင်’ကမ္ဘာ’တွေမှာ နေထိုင်ကြပြီး သူ့လို သာမန်လူ တစ်ယောက်နဲ့ ‘အရေးပါသည့်’ စံနှုန်းချင်းမတူကြပေ။

တစ်နာရီလောက်ကြာသွားပြီး ပထမ ကပွဲစတင်ခါနီးမှ အာကိုဂျာဆီ ဇော်ရီယန် ပြန်သွားလိုက်သည်။ အာကိုဂျာကတော့ ဒေါသဖြင့် ခေါင်းမီးတောက်နေ၏။ သူရိုးရိုးသားသား လမ်းပျောက်သွားတာဖြစ်ပြီး အခုမှ သူမကို ပြန်ရှာတွေ့တာဟု ရှင်းပြတာကို ယုံကြည်သည့်ပုံစံ မပေါ်ပါ။ သို့သော်လည်း သူ့ကို ပေါက်ကွဲပြီး ရန်မတွေ့မိအောင် ကိုယ့်ကိုယ်ကို ထိန်းလိုက်နိုင်သည်။ အာကိုဂျာကို အတူကဖို့ ဇော်ရီယန် ဦးဆောင် ခေါ်သွားလိုက်ပါသည်။ အတူကနေစဉ်မှာ သူ့ခြေချောင်းတွေကို ‘မတော်တဆ’ ခဏခဏ တက်နင်းနေတာတောင် ဇော်ရီယန် လက်တုန့်မပြန်ခဲ့ပါ။

“လူတွေ နင့်ကိုမေးနေကြတာ” နောက်ဆုံးတော့ သူ့ခြေချောင်းတွေကို နှိပ်စက်ရတာ ပင်ပန်းသွားပြီး အာကိုဂျာ စကားပြောလိုက်ပါသည်။

“ငါအနားမှာ ရှိနေတာပဲဥစ္စာ” ဇော်ရီယန်က ရွဲ့ပြုံးဖြင့် ပြောလိုက်၏။ “သူတို့တကယ်တွေ့ချင်ရင် လိုက်ရှာလို့ ရတာပဲလေ”

“အခု သွားတွေ့လို့ရတယ်လေ” အာကိုဂျာက ပြန်ပြောသည်။

“ဒါပေမယ့် အာကို’ ကလည်း။ နင့်လို မိန်းမလှလေးကို ဘာအကြောင်းကြောင်းနဲ့မှ ထားခဲ့စရာအကြောင်းမရှိဘူး။ ခုနက နင့်ကို အကြာကြီး ပစ်ထားခဲ့မိပြီးပြီ” ဇော်ရီယန်က လှောင်သံမပါအောင် မနည်းထိန်းပြီး ပြောလိုက်ပါသည်။ ဒါမျိုးက လေ့ကျင့်ယူရ၏။

အာကိုဂျာ သူ့ကို ခပ်စူးစူး စိုက်ကြည့်လိုက်၏။ သို့သော်လည်း ချီးကျူးတာကို သူမ သဘောကျမှန်း ဇော်ရီယန် ရိပ်မိပါသည်။

သို့သော်လည်း ခဏကြာတော့ အာကိုဂျာက ဇော်ရီယန်ကို တခြားလူအုပ်တွေနဲ့ တစ်အုပ်ပြီးတစ်အုပ် တွေ့ပေးဖို့ ဆွဲခေါ်သွားလေသည်။ ဒီလို လူအများအကဲခတ်တာကို ခံရတာ ဇော်ရီယန်မုန်းသည်။ သို့သော်လည်း အာကိုဂျာကို အီလ်ဆာက တာဝန်ပေးထားတာဖြစ်မည်ဟု သံသယရှိသဖြင့် သူမကို ရန်မရှာခဲ့ပါ။ သူအချိန်ဆွဲတာ နည်းနည်းတော့ အလုပ်ဖြစ်ခဲ့သဖြင့် အံ့ဩရပါသည်။ သိပ်ဂရုမစိုက်သော်လည်း အားလုံးရဲ့ နာမည်တွေ၊ မျက်နှာတွေ၊ ဘွဲ့ဂုဏ်ထူးတွေကို ဇော်ရီယန် မှတ်မိနေသည်။ အခုဆို သူ့အတွက် မသိစိတ်ထဲ စွဲမြဲနေသည့် စကေးတစ်ခုလို ဖြစ်လာသည်။ သူ့ကို ပါတီပျော်သတ္တဝါတစ်ကောင်ဖြစ်အောင် ကြိုးစားခဲ့သည့် သူ့မိသားစု၏ ကျေးဇူးတွေပဲပေါ့။

“ခါဇင်စကီဟုတ်လား။ ဧကန္တ…”

“ဟုတ်ပါတယ်။ ဒေမန်နဲ့ ဖောတို့ဗ် ခါဇင်စကီတို့ရဲ့ ညီပါ” စိတ်ပျက်သည့်လေသံမပေါက်အောင် ထိန်းရင်း ဇော်ရီယန် ပြောလိုက်သည်။

“ဪ ကံကောင်းလိုက်တာနော်” အမျိုးသမီးက ပြန်ပြောသည်။ “မင်းရဲ့ အစ်ကိုက တယောထိုးတာ မဆိုးဘူးပဲ” စတိတ်စင်ပေါ်ကို သူမ ညွှန်ပြလိုက်သည်။ စတိတ်စင်ပေါ်တွင် ကျောင်းတော် ဂီတ Club က အတော်လေး နှေးကွေး ငြိမ့်ညောင်းသော သီချင်းတစ်ပုဒ်ကို တီးခတ်နေကြသည်။ ဖောတို့ဗ်က တီးဝိုင်း၏ သာမန်အဖွဲ့ဝင် တစ်ယောက်သာဖြစ်သည်။ သို့သော်လည်း စတိတ်စင်ပေါ်မှာတော့ အထင်ရှားဆုံး ဂီတပညာရှင်ဖြစ်နေသည်။ သူရှိနေတာကြောင့် အာရုံစိုက်မှုများစွာကို ခံရပါသည်။ “မင်းကကော ဘာတူရိယာ တီးတတ်လဲ”

“ဘာမှမတီးတတ်ဘူး” ဇော်ရီယန် ခပ်ပြတ်ပြတ်ပဲ ပြောလိုက်၏။ သူ့ကို တူရိယာတစ်ခုတီးခတ်တတ်အောင် သူ့မိသားစုက သင်ပေးဖို့ ကြိုးစားဖူးပါသည်။ သူဌေးမိသားစုတွေ(သို့မဟုတ် အယောင်ဆောင် သူဌေးမိသားစု တွေ)ကြားထဲမှာ တူရိယာတစ်ခုခု တီးတတ်တာက စတိုင်ပဲမဟုတ်လား။ သို့သော်လည်း ဇော်ရီယန်က ရာနှုန်းပြည့် ဂီတကို မခံစားနိုင်တာကြောင့် လက်လျှော့လိုက်ကြရသည်။ အမှန်တိုင်းပြောရရင် သူလည်း စိတ်မဝင်စားပါ။ ထိုနယ်ပယ်မှာ သူပါရမီပါမလာမှန်း သိလိုက်ရတော့ သူ့အမေ အကြီးအကျယ် စိတ်ပျက်သွားခဲ့ရသည်။ ဒေမန်ကော ဖောတို့ဗ်ကော ဂီတထူးချွန်ကြတာကြောင့်ဖြစ်သည်။ ဒေမန်က စန္ဒရားတီးတာတော်ပြီး ဖောတို့ဗ်က တယောထိုးတာတော်သည်။ နှစ်ယောက်စလုံးက ဂီတနတ်ဘုရားတွေ မဟုတ်ကြသော်လည်း ဒီလိုပွဲမျိုးတွေမှာ တခြားသူတွေကို အထင်ကြီးသွားစေလောက်အောင်တော့ ကျွမ်းကျင်ကြပါသည်။ “ကျွန်တော်က ကျွန်တော့် အစ်ကိုတွေလိုမျိုး ဂီတကို သိပ်မခံစားတတ်ဘူးလေ။ အဲ့တာထက် ဒီတီးဝိုင်းကနေထွက်လာတဲ့အသံကို ခန်းမတစ်ခုလုံး တညီတညာတည်းကြားရအောာင် ဘယ်လိုလုပ်ထားသလဲဆိုတာမျိုး ပိုစိတ်ဝင်စားတယ်။ စတိတ်စင်နဲ့ နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ အသံအကျယ်နှုန်းကို တူတူလောက်ပဲ ကြားရတယ်လေ။ အဲ့တာမျိုးပေါ့”

ဝမ်းနည်းဖို့ကောင်းတာက ထိုအမျိုးသမီးကော သူ့နားမှာ ဝန်းရံနေသည့် လူအုပ်ကြီးကော ထိုမေးခွန်းအတွက် အဖြေမပေးနိုင်ကြပေ။ တကယ်တော့ ဇော်ရီယန် ထုတ်မပြောခင်အထိ ဒါကို ဘယ်သူမှ သတိမထားမိကြပါ။ စကားဝိုင်းမှာ မသက်ဆိုင်သည့်အကြောင်းအရာကို ထည့်ပြောမိသည့်အတွက် သူ့ကို ငကြောင်ဟု ထင်နေကြလိမ့်မည်ဟုပင် ဇော်ရီယန် ခံစားမိပါသည်။ ဟင်း… ဒီလူတွေက မှော်ပညာကို အသိအမှတ်မှ မပြုကြတာ။ ဘာလို့ မှော်ကျောင်းတော်တစ်ခုက ကပွဲကို တက်ရောက်လာကြတာလဲ။

ကံကောင်းစွာဖြင့် အာကိုဂျာက သူ့ကိုညှာတာပြီး တစ်ခုခုစားဖို့ အနီးနားရှိ စားပွဲတစ်ခုဆီ ခေါ်ထုတ်သွားပါသည်။ သူတို့အတန်းက တခြားကျောင်းသားတွေပါ စားပွဲကိုရောက်လာကြပြီး စကားဝိုင်းတစ်ခု ထပ်ဖြစ်လာပြန်သည်။ ဇော်ရီယန်ကတော့ များများစားစား ဝင်မပြောပါ။ ဒီစကားဝိုင်းက ဘာဦးတည်ချက်မှမရှိဘဲ သူ့အတွက် စိတ်ဝင်စားစရာ မကောင်းလှပါ။ တစ်ချက်တစ်ချက်တော့ ခေါင်းငြိမ့်ပြီး ဟန်ဆောင်ရယ်ပြလိုက်ပါသည်။ ဥပမာ သူ့ကို ‘စကားနည်းလိုက်တာ’ ‘ပျော်ပျော်နေစမ်းပါ’ ဟူသော စကားမျိုးတွေ လာပြောသည့်အခါမျိုးမှာ ဖြစ်သည်။

သူ့ရှေ့က ကိတ်မုန့်တစ်ခုကို ဇော်ရီယန် စားဖို့ ပြင်လိုက်သည်။ သို့သော် အာကိုဂျာက စားပွဲအောက်မှ ဒူးဖြင့်တိုက်လိုက်သည်။ ထို့ကြောင့် ဇော်ရီယန်လည်း စကားဖြင့်မမေးဘဲ ဒီတိုင်း မော့ကြည့်လိုက်ပါသည်။

“ခက်ရင်းမှားနေတယ်” သူမ တီးတိုးပြောလိုက်၏။

သူ့လက်ထဲက ခက်ရင်းကို ဇော်ရီယန်ငုံ့ကြည့်လိုက်သည်။ အချိုပွဲတွေစားဖို့ဆိုရင် ခက်ရင်းအသေးစားလေးကို သုံးရမှာဖြစ်၏။ သို့သော်လည်း ဇော်ရီယန် ပခုံးတွန့်ပြကာ လက်ထဲက ခက်ရင်းအကြီးစားနဲ့ပဲ ကိတ်မုန့်ကို ထိုးစားလိုက်ပါသည်။

“ငါသိတယ်” သူတီးတိုး ပြန်ပြောလိုက်၏။

ထိုအပြုအမူက အာကိုဂျာ၏ နောက်ဆုံးသည်းခံနိုင်စွမ်းကို တုတ်နဲ့ထိုးလိုက်သလိုပင်။

“ဇော်ရီယန်!” သူမ ငေါက်လိုက်၏။ သို့သော် တောင်းပန်နေသည့် လေသံအရိပ်အယောင်လည်း ပါဝင်နေသည်။ “နင်ဘာလို့အဲ့လောက် ပြောရဆိုရခက်တာလဲ။ ဒီတစ်ညလေးပဲလေ။ နင်ငါနဲ့အတူ ပွဲတက်ချင်တာမဟုတ်မှန်း ငါသိပါတယ်…”

“အဲ့လိုမဟုတ်ဘူး” ဇော်ရီယန် ဖြတ်ပြောလိုက်၏။ “ငါက တွဲကမယ့်လူကို မလိုချင်တာ။ အစက တစ်ယောက်တည်း လာမလို့ကြံထားတာလေ”

အာကိုဂျာ တုန်လှုပ်စွာဖြင့် သူ့ကို စိုက်ကြည့်လိုက်သည်။ သူမပုံစံက စိတ်ထိခိုက်သွားသလိုမျိုးပင်။ ဘာကြောင့်လဲဆိုတာ ဇော်ရီယန် နားမလည်ပါ။

“နင်-နင်က ငါနဲ့အတူလာရတာထက် တစ်ယောက်တည်း လာရတာမှ ပိုကောင်းမယ်လို့ ပြောတာလား” သူမ မေးလိုက်၏။

အာ… သေပြီ…။

ဒီတစ်ချိန်လုံး သူ့ကို စောင့်ကြည့်ဖို့ အီလ်ဆာက အာကိုဂျာကို တာဝန်ပေးထားတာဖြစ်မည်ဟု သူထင်ခဲ့မိသည်။ တကယ်လို့… အာကိုဂျာကိုယ်တိုင်က သူနဲ့အတူ ကပွဲတက်ချင်တာ ဖြစ်နေရင်ကော…။ ဒါဆို…

ဇော်ရီယန် ဘာမှမပြောနိုင်ခင် အာကိုဂျာ ထွက်ပြေးသွားသည်။

လေသံတိုးတိုးဖြင့် သူကျိန်ဆဲလိုက်မိပြီး မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ထားလိုက်မိပါသည်။ ဒါ့ကြောင့် ဒီလိုပွဲမျိုးတွေကို မုန်းတာ…။

--- --- ---

တစ်နာရီလောက်ကြာတော့ ကပွဲခန်းမထဲမှာ မရှိတော့တာ အာကိုဂျာ သေချာသွားသည်။ ပြန်လာမှာ မဟုတ်တာလည်း သေချာသွားသည်။ ညသန်းခေါင်အချိန်ကြီး လမ်းမပေါ်မှာ သူမနောက် ပြေးမလိုက်ချင်ပေ။ ထို့ကြောင့် သူ အပြင်မထွက်ခဲ့ပါ။ ထို့အပြင် သူမကို ဘာပြောရမှာလဲ။ ဘယ်ကနေ ဘယ်လို စကားစပြောရမှန်းတောင် မသိပါ။ တစ်ယောက်တည်း အိမ်ပဲ ပြန်ဖို့ တွေးမိသော်လည်း နောက်ဆုံးတော့ ကြယ်တွေကြည့်ဖို့ ကပွဲခန်းမ၏ ခေါင်မိုးထက်ပေါ်သာ တက်လာခဲ့ပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ည အိပ်ရေးဝဝ အိပ်လို့ရမှာလည်း မဟုတ်တော့ပေ။

အာရုံလွှဲဖို့အတွက် ကောင်းကင်ပေါ်က မြင်နိုင်သမျှ ကြယ်တွေ နက္ခတ်တွေအားလုံးကို နာမည်ပေးကြည့်လိုက်သည်။ ငယ်ငယ်က ဝါသနာပါခဲ့တာကတစ်ကြောင်း၊ ပထမနှစ်တုန်းကလည်း နက္ခတ္တဗေဒ ဘာသာကို သင်ယူခဲ့ရသဖြင့် သူအတော်ကျွမ်းကျင်ပါသည်။ ဒီလိုနဲ့ အချိန်တစ်နာရီ ကြာသွားခဲ့သည်။

တနင်္လာနေ့ရောက်လျှင် ဒုက္ခလှလှတွေ့တော့မည်။ သူတို့ရဲ့ ဒရမ်မာအကြောင်း သူများတွေကြားပြီး လာမည့် အပတ်တွေမှာ လူပြောများစရာအကြောင်းအရာတစ်ခုဖြစ်လာတော့မှာကို ဇော်ရီယန် ကြိုမြင်မိပါသည်။ အာကိုဂျာက ဘာသာရပ်ဆရာဆရာမအများစု၏ လက်ရုံးဖြစ်တာကြောင့် ဆရာဆရာမတွေအားလုံး သူ့ကို ကလဲ့စားချေကြလိမ့်မည်။

လခွီးပဲကွာ…။

မီးရှူးမီးပန်းသံတချို့ကြောင့် ဇော်ရီယန် အတွေးနွံထဲမှ လွတ်မြောက်လာသည်။ ညသန်းခေါင်အချိန်ရောက်ပြီ ဖြစ်ကာ ပွဲတော်လည်း တရားဝင် စတင်ပါပြီ။ ဇော်ရီယန် အနည်းငယ် သက်တောင့်သက်သာရှိအောင်နေလိုက်ပြီး ညကောင်းကင်ပေါ် မီးရှူးမီးပန်းပေါင်းစုံ ပျံတက်ကာ တစ်ခုနဲ့တစ်ခုမတူညီသည့် ပုံစံများဖြင့် ဖြာထွက်သွားတာကို ငေးကြည့်နေမိသည်။ အလွန်လှပပါသည်။ အများစုကတော့ ဖြာထွက်သွားပြီးနောက် ချက်ချင်း ပျောက်ကွယ်သွားကြသည်။ သို့သော် တချို့က အခုချိန်ထိ ဖြာထွက်သွားခြင်းမိရှိဘဲ တောက်တောက်ပပ အလင်းတန်းကြီးများအဖြစ် ရှိနေကြဆဲဖြစ်ကာ မီးရှူးမီးပန်းဆိုတာထက် အချက်ပြမီးတွေနဲ့ ပိုတူနေပါသည်။ ထိုအလင်းတန်းများက ကောင်းကင်ပေါ် တက်လာပြီး မြေပြင်ပေါ်ကို ကြယ်ကြွေသလို ပြန်လည် ဆင်းသက်လာ၏။ ဇော်ရီယန် မျက်မှောင်ကြုတ်သွားသည်။ ထူးဆန်းလိုက်တာ… အခုလောက်ဆို အဲ့ဒီ မီးရှူးမီးတန်းတွေ ဖြာထွက်သွားသင့်ပြီမဟုတ်ဘူးလား။

သူနဲ့အနီးဆုံး အလင်းတန်းကြီးက အနီးနားရှိ ကျောင်းတော်အဆောင်တစ်ခုပေါ်သို့ ကျရောက်ကာ ပေါက်ကွဲသွားလေတော့သည်။ ပေါက်ကွဲမှုက အလွန်ကျယ်လောင်ပြီး တောက်ပလွန်းသဖြင့် ဇော်ရီယန် ယာယီ မျက်စိမမြင် နားမကြား ဖြစ်သွားရလေပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိကာ ခြေထောက်အောက်က အဆောက်အဦးတစ်ခုလုံး တုန်ခါသွားသဖြင့် ဒူးထောက်လျက်သား လဲကျသွားလေသည်။

အမြင်အာရုံမှာ အမည်းစက်တွေနဲ့၊ နားတွေကလည်း ပေါက်ကွဲသံကြောင့် အခုထိ အူနေဆဲ။ ဇော်ရီယန် ဒယိမ်းဒယိုင်ဖြင့် ပြန်ထလိုက်ပြီး တချိန်က အကောင်းအတိုင်းရှိနေခဲ့သည့် ကျောင်းတောင်အဆောင်နေရာကို လှမ်းကြည့်လိုက်သည်။ အခုတော့ အဆောက်အဦးကြီးတစ်ခုလုံး ပြိုကျသွားပြီဖြစ်ကာ ပေါက်ကွဲမှုအနီးရှိ မီးလောင်နိုင်သည့်အရာအားလုံးလည်း လောင်ကျွမ်းလျက် အပျက်အစီး၏ အလယ်ချက်မမှ ထူးဆန်းသော မီးတောက်သဏ္ဌာန်များ ထွက်ပေါ်လာသည်။

နေပါဦး… အဲ့တာ ငါ့အဆောင်ဟ!

ထိုသို့တွေးမိသောအခါ ဇော်ရီယန် ဒူးထောက်လျက်သား ထပ်လဲကျသွားလေသည်။ ပုံမှန်အစီအစဉ်အတိုင်း ဒီနေ့ည အဆောင်ထဲမှာပဲ နေခဲ့ပါက အခုလောက်ဆို သူသေသွားလောက်ပါပြီ။

ဘာတွေဖြစ်နေတာလဲ?! အဲ့တာ မီးရှူးမီးပန်းမဟုတ်ဘူး။ ဒါတော့သေချာတယ်။ ပုံစံနဲ့ အသံက အဆင့်မြင့် အဝေးပစ်အမြောက်မန္တန်တစ်ခုနဲ့ ပိုတူတယ်။

သူ့နားအူနေတာာကြောင့်ပဲလားမသိ၊ လူတွေရဲ့ အောင်ပွဲခံသံတွေ ရပ်တန့်သွားတာကို သတိထားမိလိုက်သည်။ မြို့ဘက်ကို လှမ်းကြည့်လိုက်သောအခါ သူ့အဆောင်တစ်ခုတည်း ဒီလိုဖြစ်တာမဟုတ်မှန်း သိလိုက်ရသည်။ ထို အလင်းတန်းတွေ ဆင်းသက်သည့်နေရာတိုင်း အကုန်ပေါက်ကွဲပျက်စီးကုန်သည်။ ထိုအကြောင်းကို စဉ်းစားနေစဉ် ခပ်လှမ်းလှမ်းနေရာတစ်ခုမှ အလင်းတန်းနောက်တစ်သုတ် ကောင်းကင်ပေါ် တက်လာတာကို မြင်လိုက်ရလေသည်။ ဒီတရစပ် ပစ်လွှတ်ခြင်းများက ကျိန်းသေပေါက် မီးရှူးမီးပန်းမဟုတ်ပေ။ ထို့ကြောင့် တကယ်ပဲ အဝေးပစ်အမြောက်မန္တန်တွေ ဖြစ်နိုင်သည်။ သူတို့ တိုက်ခိုက်ခံနေရပါပြီ။

အလင်းတန်းတွေ မြေပြင်ပေါ်ကို ပြန်လည်ဆင်းသက်လာသဖြင့် ဇော်ရီယန် ဂယောင်ချောက်ချားဖြစ်သွားသည်။

သူဘာလုပ်ရမလဲ?! အလင်းတန်းတွေ ဘယ်ကိုထိမလဲမသိလို့ ပြေးရင်တောင် ဘာမှထူးမယ်မထင်ဘူး။ မတော်တဆ အလင်းတန်းကျလာမယ့် နေရာတည့်တည့်ကိုမှ ပြေးသွားမိနိုင်တယ်။ နေပါဦး… သူက ဘာလုပ်ရမှာလဲ။ အဆောက်အဦးထဲမှာ ကျွမ်းကျင်မှော်ဆရာတွေ အများကြီးရှိတာပဲ။ သူတို့ကို ကိုင်တွယ်ခိုင်းလိုက်ရင်ပြီးတာပဲ။

ဒီလိုနဲ့ ဇော်ရီယန်တစ်ယောက် ကပွဲခန်းမထဲ အမြန်ပြန်ဆင်းလာခဲ့သည်။

လှေကားတစ်ဝက်လောက်ဆင်းပြီးနောက် အီလ်ဆာ၊ ကိုင်ရွန်တို့နဲ့ တည့်တည့်တိုးလေသည်။

“ဇော်ရီယန်! နင်ဒီမှာ ဘာလုပ်နေတာလဲ” အီလ်ဆာက မေး၏။

“အာ… လေကောင်းလေသန့် တက်ရှူနေတာပါ” ဇော်ရီယန် ရှင်းပြလိုက်သည်။ “ဒါပေမယ့် အခုအရေးကြီးတာ အဲ့တာမဟုတ်ဘူး!”

“အမှန်ပဲ” ကိုင်ရွန်က ဆိုသည်။ “ကောင်လေး အဲ့ဒီ ပေါက်ကွဲသံက ဘာလဲ။ မင်းလုပ်တာလို့တော့ မပြောနဲ့နော်”

“ဘယ်ကသာ…” ဇော်ရီယန်ရှင်းပြလိုက်သည်။ “အလင်းတန်းတွေ တစ်မြို့လုံးအပေါ်ကျလာပြီး ထိတဲ့နေရာမှာ ရှိသမျှ အကုန်ပေါက်ကွဲကုန်တယ်။ ကြည့်ရတာ အရမ်းအားပြင်းတဲ့ အဝေးပစ်အမြောက်မန္တန်တွေထင်တယ်”

အီလ်ဆာနဲ့ ကိုင်ရွန်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး ဇော်ရီယန်ဘက်ကို ပြန်လှည့်လိုက်သည်။

“ကပွဲခန်းမထဲမှာ အာကိုဂျာတို့နဲ့ လူပြန်သွားစုလိုက်” အီလ်ဆာက အမိန့်ပေးလိုက်သည်။ “ဘာတွေဖြစ်နေလဲ ငါတို့ စုံစမ်းပြီး လိုအပ်ရင် ဗုံးခိုကျင်းတွေဆီ အားလုံးကို Teleport လုပ်ပေးမယ်”

ထို့နောက် သူတို့နှစ်ယောက် ဇော်ရီယန်ဘေးမှဖြတ်ကာ ခေါင်မိုးပေါ်သို့ အမြန်ပြေးသွားကြသည်။ ဇော်ရီယန်ကတော့ ရီဝေစွာဖြင့် ကပွဲခန်းမဆီ လျှောက်လှမ်းနေသည်။

အာကိုဂျာ… အာကိုဂျာက ကပွဲခန်းမထဲမှာမှ မရှိတာ။ သူ့ကြောင့် သူမ ထွက်သွားတာ…။ အာကိုဂျာ အပြင်ဘက်မှာ ရှိနေတယ်။ အသက်တောင်ရှင်သေးရဲ့လားမသိဘူး…။

ခေါင်းကိုခါရမ်းလိုက်ပြီး ဒီလိုအတွေးတွေ ခေါင်းထဲမှ ထုတ်ပစ်လိုက်သည်။ သူ့ရဲ့ ဂမ္ဘီရသံလိုက်အိမ်မြှောင်ကို ထုတ်ကာ အာကိုဂျာ၏ တည်နေရာကိုရှာဖို့ မန္တန်တစ်ခုသုံးလိုက်သည်။ အလုပ်ဖြစ်ပါ့မလားဆိုတာတော့ သူမသိပေ။ သူအသုံးပြုဖူးသည့် မန္တန်က ကိုယ်နဲ့ ‘ရင်းနှီးသူ’တွေကိုသာ ရှာနိုင်သည်။ တစ်နည်းအားဖြင့် သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေသာဖြစ်သည်။ ကံကောင်းစွာဖြင့် သူမနဲ့ အတန်းဖော်တွေဖြစ်နေခြင်းက ဒီမန္တန်ကို အလုပ်ဖြစ်စေပါလိမ့်မည်။

အသက်ဝဝရှူလိုက်ပြီး သတ္တိမွေးလိုက်၏။ သူသေသွားနိုင်သည်… အင်းလေ အစကတည်းက သူ့အပြစ်ပဲမဟုတ်လား။ အကယ်၍များ သူ့ကြောင့် အာကိုဂျာ သေသွားခဲ့လျှင် ထိုစိတ်နဲ့ အသက်ဆက်ရှင်နိုင်မှာ မဟုတ်ပေ။

ကြောက်လန့်နေသော ကျောင်းသားများ၊ တခြားဒေသတွေက လူကြီးလူကောင်းများအကြားမှ ဇော်ရီယန် ဖြတ်ပြေးလာခဲ့သည်။ အကုန်လုံးကို လျစ်လျူရှုပြီး ထွက်ပေါက်နားရောက်သည့်အထိ တစိုက်မတ်မတ် ပြေးလာခဲ့၏။ ခန်းမအဆောက်အဦးထဲမှ လစ်ထွက်လာပြီး ဂမ္ဘီရသံလိုက်အိမ်မြှောင် လက်တံညွှန်ပြနေသည့် ဦးတည်ရာဘက်ကို သုတ်ချေတင် ပြေးတော့သည်။

… … …

All Chapters