ကြယ်ကြွေတဲ့ည
Vol. 1 Ch. 4.2
ထရိုး(Trolls) များက အတော်လေး စက်ဆုပ်စရာကောင်းသည့် သတ္တဝါများဖြစ်ကြသည်။ မျိုးစိတ်ကွဲများစွာ ရှိသော်လည်း အားလုံးက ကြီးမားကြပြီး အရပ် ၃ မီတာလောက်ရှည်သည့် လူ့ခန္ဓာကိုယ်သဏ္ဌာန်ရှိကာ မာကျောသည့် သားရေလို အရေခွံတစ်ခုကို ပိုင်ဆိုင်ထားသည်။ သဘာဝလွန် ဒဏ်ရာပြန်ကျက်နိုင်စွမ်းတွေကို ပိုင်ဆိုင်ထားပြီး အလွန်အားကောင်းလွန်းသဖြင့် ပြတ်သွားသည့် ခြေလက်တွေကို ပြတ်ထားသည့်နေရာတွင် ခဏလောက် ပြန်ကပ်ထားပေးထားလိုက်လျှင် အလိုလို ပြန်ဆက်သွားတတ်သည်။ အရေအတွက်အပေါများဆုံးနဲ့ နာမည်အကြီးဆုံး မျိုးစိတ်တစ်ခုက သစ်တောထရိုးများ ဖြစ်သည်။ အစိမ်းရောင်ခန္ဓာကိုယ်ရှိပြီး မြောက်ပိုင်းက မဟာသစ်တောကြီးထဲမှာ လှည့်ပတ်ကျက်စားလေ့ရှိကြသည်။ ယခု လမ်းမတွေပေါ်မှာ ထရိုးတွေအများကြီး အိမ်ပြူတင်းပေါက်တွေကို ရိုက်ခွဲဖျက်ဆီးပြီး လူနားမလည်နိုင်သည့် အသံကြီးများဖြင့် အော်ဟစ်နေကြ၏။ အနီးနားရှိ မီးလောင်နေသော အဆောက်အဦးများမှ မီးခိုးတွေထွက်နေတာကြောင့် ဇော်ရီယန့်၏ ရနံ့ကို ဖုံးပေးထားသလို ဖြစ်နေတာ ကံကောင်းသွားသည်။ အဘယ့်ကြောင့်ဆိုသော် ဖတ်စာအုပ်ထဲမှာ ထရိုးတွေက အနံ့ခံအာရုံအလွန်ကောင်းကြသည်ဟု ဖော်ပြထားတာကြောင့်ပင်။
ပုံမှန်ဆိုရင်တော့ ဒီလောက်များပြားသည့် သစ်တောထရိုးတွေ လူသားမြို့တော်အလယ်ခေါင်တည့်တည့်ကို ဘယ်လိုရောက်လာတာလဲဆိုတာ ဇော်ရီယန် တွေးမိလောက်သည်။ ဒီမြို့က သူတို့ရဲ့ စားကျက်နဲ့လည်း အလွန်ဝေးကွာသည်။ သို့သော်လည်း ထရိုးတွေလက်ထဲက ဓားတွေ၊ တင်းပုတ်တွေကို မြင်သောအခါ သူနားလည်သွားပါသည်။ ထိုအဆင့်မြင့်လက်နက်တွေကို ထရိုးတွေကိုယ်တိုင် ဖန်တီးနိုင်စရာအကြောင်း လုံးဝ မရှိပါ။ ထရိုးများက အလွန်ကျောက်ခေတ်ဆန်ပြီး ပန်းပဲပညာလည်း မတတ်မြောက်ကြပါ။ ဒါတွေက စစ်ပွဲထရိုးများဖြစ်ကြပြီး တစ်ယောက်ယောက်က လက်နက်ဆင်ပေးကာ မြို့ထဲသို့ လွှတ်ပေးလိုက်ခြင်းဖြစ်မည်။
ထရိုးတွေထွက်သွားမှ ဇော်ရီယန် အနည်းငယ် စိတ်သက်သာရာရသွားပြီး ဘာဆက်လုပ်ရမလဲ ကြိုးစားပြီး စဉ်းစားကြည့်လိုက်သည်။ သူတော်တော် တုံးတဲ့ ငတုံးကောင်ပါလား။ ဆရာတွေကို အကူအညီမတောင်းဘဲ ဘာလို့ တစ်ယောက်တည်း ပြေးလာမိတာလဲ။ သို့သော်လည်း သူ့ကိုယ်သူအပြစ်တင်လို့မရပါ။ အစကတော့ အန္တရာယ်ဟူ၍ ကောင်းကင်ပေါ်က ထိုးဆင်းလာသည့် အလင်းတန်းတွေသာရှိမည်ဟု သူယူဆခဲ့တာဖြစ်သည်။ ဒီလိုသာဆို အာကိုဂျာဆီရောက်အောင်သွားဖို့က ပြဿနာမရှိပေ။ သို့သော်လည်း အခုတော့ တစ်မြို့လုံးမှာ မကောင်းဆိုးဝါးတွေ သောင်းကျန်းနေတာကို မြင်လိုက်ရသည်။ ဒါ သူယူဆထားသလို အကြမ်းဖက်တိုက်ခိုက်မှု မဟုတ်တော့ပါ။ တကယ့် ကျူးကျော်စစ်ကြီးတစ်ခုဖြစ်နေသည်။
ကံမကောင်းစွာဖြင့် ကပွဲခန်းမကို ပြန်ပြေးဖို့ မဖြစ်နိုင်တော့ပါ။ ကျူးကျော်တပ်အမြောက်အများက ကျောင်းတော်ဆီ ချီတက်လာပြီး သူပြေးရမည့်လမ်းကို ဖြတ်တောက်ထားသည်။ ထို့ကြောင့် အာကိုဂျာကိုတွေ့အောင် ရှာဖို့သာ ဇော်ရီယန် စိတ်ဆုံးဖြတ်ချက်ချလိုက်၏။ အရိပ်တွေထဲမှာ သူပုန်းနေခဲ့သည်။ ကျူးကျော်တပ်များက လမ်းမပေါ်မှာ ပေါ်တင်သွားနေသည့်လူတွေကို သတိထားမိမှာ သေချာတာကြောင့်ပင်။ ဥပမာ ဟိုနားက ကောင်လေးလိုမျိုး…။
အဲ့တာ ဇက်ချ်မလား?
“ငါဒီမှာကွ!” ဇက်ချ်က အသံကျယ်ကြီးဖြင့်အော်က လက်ရမ်းပြလိုက်သည်။ “ငါဒီမှာ ဦးနှောက်မရှိတဲ့ သောက်တိရစ္ဆာန်ကောင်တွေရဲ့! ငါ့ကို လာသတ်လေ!”
ရှေ့မှာမြင်နေရသည့် ရူးမိုက်မှုကြောင့် ဇော်ရီယန် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ဒီငတုံးကောင် ဘာလုပ်နေတာာလဲ?! သူဘယ်လောက်ပဲ တော်သည့် ကျောင်းသားဖြစ်ပါစေ လောလောဆယ် မြို့ကိုဖျက်ဆီးနေသည့် မကောင်းဆိုးဝါးများကို ရင်ဆိုင်နိုင်မှာမဟုတ်ပါ။ သို့သော်လည်း နောက်ကျသွားပါပြီ။ ဇက်ချ်၏ အော်သံကြောင့် ထရိုးတွေ သူတို့ဘက်ကို ပြန်ပြေးလာသည်။ ကြောက်စရာ စစ်ကြွေးကြော်သံကြီးတစ်ခုကို မြည်ဟည်းပြီး သူတို့ကို ရူးရူးမိုက်မိုက်စိန်ခေါ်သည့် ကောင်လေးဆီ တဟုန်ထိုး ပြေးလာကြသည်။ ဇက်ချ်၏ ခန္ဓာကိုယ်အနေအထားကို ကြည့်ခြင်းအားဖြင့် ဒီကောင် ထရိုးတွေကို တိုက်ခိုက်ဖို့ ပြင်နေတာ ဖြစ်မှန်း ဇော်ရီယန် သိနိုင်သည်။ တော်တော့်ကို ရူးမိုက်ပါသည်။ ဘာဒဏ်ရာမဆို ပြန်ကျက်နိုင်စွမ်းရှိတဲ့ ဒီလိုသတ္တဝါမျိုးတွေကို သူဘာလုပ်နိုင်မှာလဲ။ မီးနဲ့ အက်စစ်တို့ဖြင့်သာ ၎င်းသတ္တဝါများကို ထိခိုက်စေလိမ့်မည်။
ဇက်ချက်က လက်ထဲတွင် မှော်တုတ်တံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး သူ့ဆီပြေးလာသည့် ထရိုးများအား ရွယ်လိုက်၏။ သူ့လက်ထဲမှ မီးလုံးကြီးတစ်လုံး ထွက်ပေါ်လာပြီး ထရိုးအုပ်၏ အလယ်တည့်တည့်တွင် ပေါက်ကွဲသွားလေသည်။ မီးတောက်တွေငြိမ်းသွားသောအခါ မီးကျွမ်းနေသော ထရိုးအလောင်းများသာ ကျန်ခဲ့တော့သည်။
ဇော်ရီယန် တုန်လှုပ်သွား၏။ ဒီလို မီးလုံးမန္တန်မျိုးက တတိယစက်ဝန်းမန္တန်တစ်ခုဖြစ်ကာ မန်နာအမြောက်အများ လိုအပ်သည်။ ကျောင်းတော်က ကျောင်းသားတိုင်မှာ ရှိသည့် မန်နာပမာဏထက် ပိုလိုအပ်သည်။ ဒေမန်တောင် ဇက်ချ်အရွယ်တုန်းက ထိုကဲ့သို့ မန္တန်မျိုး မသုံးနိုင်ခဲ့လောက်ပေ။ သို့သော် ဇက်ချ်က အောင်အောင်မြင်မြင် သုံးနိုင်ရုံတင်မကဘဲ သုံးပြီးရာတွင်လည်း ပင်ပန်းသွားပုံ လုံးဝ မပေါ်။ အမှန်ပင်။ သံနှုတ်သီးငှက်အုပ်ကြီးတစ်အုပ် ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး ဇက်ချ်ကို သေစေလောက်သော သံမဏိငှက်မွှေးများဖြင့် ပစ်ကာ တိုက်ခိုက်သည့်အခါ ဇက်ချ်က အေးဂျစ်စ် ဒိုင်းတစ်ခုဖြင့် ကာကွယ်လိုက်သည်။ အေးဂျစ်စ် ဒိုင်းတဲ့လား!။ ထို့နောက် ငှက်တွေကို ပစ်မှတ်နောက်လိုက်တတ်သည့် မှော်ကျည်ဆံလို မီးလုံးအသေးစားလေးများဖြင့် ပစ်ကာ သတ်လိုက်သည်။ မကောင်းဆိုးဝါးအုပ်ကြီးကို တစ်ယောက်တည်းတိုက်ခိုက်နေသော သူ့အတန်းဖော်ကို ကြည့်ရင်း ဇော်ရီယန် ကြက်သေသေနေပါသည်။ အလွန်အာရုံလွဲနေသဖြင့် ဇက်ချ်ကို တိုက်ခိုက်နေသော ဆောင်းဝံပုလွေတွေထဲက တစ်ကောင်က ပင်မအုပ်ထဲမှ ခွဲထွက်ကာ ဇော်ရီယန့်အနောက်မှ ချဉ်းကပ်လာသည်။ ကံကောင်းစွာဖြင့် မသိစိတ်က သူ့ကို အန္တရာယ်ရှိနေကြောင်း သတိပေးသတာကြောင့် ဘေးဘက်ကို အလိုလို ရှောင်ကာ ဆောင်းဝံပုလွေ၏ သေစေနိုင်သော ခုန်အုပ်မှုမှ သီသီလေးလွတ်မြောက်သွားသည်။
ဆောင်းဝံပုလွေက နောက်တစ်ခေါက် ထပ်ခုန်အုပ်ဖို့ အသင့်ပြင်နေတာကိုမြင်သောအခါ ဇော်ရီယန် ကိုယ့်ကိုယ်ကို ကျိန်ဆဲလိုက်မိသည်။ ဇက်ချ်က တစ်ယောက်တည်း အချိန်ဆွဲပေးထားသော်လည်း သူ့ကို မကောင်းဆိုးဝါးတွေ အနှေးနဲ့အမြန် ပစ်မှတ်ထားလာမှာ ကြိုတွေးထားသင့်သည်။ ဇက်ချ်အာရုံလွှဲပေးထားတာကို အခွင့်ကောင်းယူပြီး သူထွက်ပြေးခဲ့သင့်သည်။ အခုတော့ နောက်ကျသွားပါပြီ။ ဆောင်းဝံပုလွေတစ်ကောင်လက်ထဲက ပြေးရလောက်အောင် သူဒီလောက် မလျှင်မြန်မှန်း ဇော်ရီယန် ကိုယ့်ကိုယ်ကိုသိသည်။ ထို့အပြင် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့လည်း ဘာတိုက်ခိုက်ရေးမန္တန်မှ မတတ်သေးပါ။ ထို့အပြင် ဘာမှော်တုတ်တံမှလည်း မရှိပေ။ ဒီည မသေဘဲ အသက်ရှင်ခဲ့လျှင် ဘယ်လောက်ပဲခေတ်နောက်ကျသည်ဟုဆိုဆို ကျိန်းသေပေါက် တိုက်ခိုက်ရေးမှော်မန္တန်တချို့ကို လေ့လာပါမည်။ သို့သော်လည်း ထိုအခွင့်အရေးမရလောက်တော့ပါ။
တောက်ပနေသည့် လျှပ်စီးကြောင်းတစ်ခုက ဆောင်းဝံပုလွေကို ခေါင်းကို လာရောက်ထိမှန်ပြီး သွေးတွေအရိုးတွေ တစ်စစီဖြစ်သွားသည့်အထိ ပေါက်ကွဲထွက်သွားသည်။ သူ့အပေါ် ဝံပုလွေရဲ့ အသားစတွေ လာစင်တာကိုပဲ ရွံရမလား နောက်ထပ် နည်းနည်းကြာကြာ အသက်ရှင်ခွင့်ရတာကိုပဲ ကျေးဇူးတင်ရမလား ဇော်ရီယန် မတွေးတတ်ပါ။ ထိုလျှပ်စီးကြောင်း၏ အာနိသင်က သာမန် မှော်ကျည်ဆံတစ်ချက်ထက် ပိုပြီး အားကောင်းတာကို သတိထားမိသည်။ ဒါလည်း ဇက်ချ်ရဲ့ တိုက်ခိုက်ရေးမှော်ပညာကျွမ်းကျင်မှုဖြစ်မည်ဟု ယူဆလိုက်ပါသည်။
“ဇော်ရီယန်လား?။ မင်းဒီမှာ ဘာလုပ်နေတာလဲ”
ဇော်ရီယန်က ဇက်ချ်ကို အကဲခတ်ကြည့်လိုက်သည်။ သူ့နောက်မှာလည်း မကောင်းဆိုးဝါးအလောင်းတွေ တစ်ပုံကြီး။ ညာဘက်လက်ထဲမှာ မှော်တုတ်တံတစ်ချောင်းကို ကိုင်ထားပြီး ခါးပတ်မှာလည်း မှော်တုတ်တံတွေ အများကြီး ချိတ်ထားသေးသည်။ ကြည့်ရတာ ဇက်ချ်ပုံစံက တော်တော်လေး ပြင်ဆင်ထားသည့်ပုံစံပင်။ ဇက်ချ်ကို ထိုကဲ့သို့မေးခွန်းမျိုး မေးဖို့ ကြံမိသော်လည်း မကောင်းရာကျပါလိမ့်မည်။ ခုလေးတင် သူ့အသက်ကို ဇက်ချ် ကယ်တင်ထားတာမဟုတ်လား။ ထို့ကြောင့် ရိုးရိုးသားသား အဖြေပေးဖို့ ဆုံးဖြတ်လိုက်သည်။ ဧကန္တ အာကိုဂျာကို ရှာဖွေဖို့ ဇက်ချ်၏ အကူအညီကို ရနိုင်သည်။ သူ့ တိုက်ခိုက်ရေးစွမ်းရည်တွေက မှင်သက်စရာပဲမဟုတ်လား။
“အာကိုဂျာကို လိုက်ရှာနေတာ။ အတိုက်ခိုက်မခံရခင် ကပွဲခန်းမထဲက ထွက်ပြေးသွားလို့… ငါ့အပြစ်ပါ”
ဇက်ချ်က ညည်းတွား၏။ “ဟာကွာ။ ကပွဲကို မင်းလာအောင် ငါဒုက္ခခံကြိုးစားခဲ့ရတာ။ မင်းတော်တော် အသတ်ခံချင်နေတာလား!”
“မင်းက?” ဇော်ရီယန် မှင်သက်စွာ မေးလိုက်၏။ “ငါ ကပွဲကို မတက်မယ့်အကြောင်း အီလ်ဆာကို သွားတိုင်တာ မင်းလား။ ဒီတစ်ချိန်လုံး ဘန်နစ်ဆက်ခ်ကို အပြစ်တင်နေခဲ့တာ! မင်းက ဘယ်လိုသိသွားတာလဲ”
“မင်းကအမြဲတမ်း အခန်းထဲပဲအောင်းနေတဲ့ကောင်။ ငါသာတစ်ခုခုမလုပ်ရင် ပထမဆုံးကျလာတဲ့ အမြောက်မန္တန်ကြောင့် မင်းသေသွားလောက်ပြီ။ ငါပြောမယ်။ မင်းကို အခန်းထဲကနေထွက်လာအောင် အကြမ်းနည်းမသုံးဘဲ အီလ်ဆာကိုလည်း ဆွဲမထည့်ဖို့ ကြိုးစားရတာ သောက်ရမ်းခက်တယ်ကွ။ မင်းတော်တော် ခေါင်းမာတဲ့ကောင်ပါလား” ဇက်ချ်က သက်ပြင်းချကာ ပြောလိုက်ပါသည်။
ဇော်ရီယန် ကြောင်စီစီဖြင့် သူ့ကို စိုက်ကြည့်လိုက်သည်။ ဇက်ချ်ပြောနေသည့် ပုံစံက ဒီလိုဖြစ်ရပ်မျိုး နေ့တိုင်း ဖြစ်ပျက်နေသည့် ပုံစံမျိုးနှင့်။
“ဒါပေမယ့် တော်လောက်ပြီ” ဇက်ချ်က ပြန်လည်တက်ကြွသွားသည်။ “မကောင်းဆိုးဝါးအစာမဖြစ်ခင် အာကိုဂျာကို သွားရှာကြစို့။ မင်းလမ်းသိတယ်မလား”
ဒီလိုနဲ့ သူတို့နှစ်ယောက် မြို့တော်၏ မီးဟုန်းဟုန်းတောက်နေသော လမ်းမများကိုဖြတ်သန်းခဲ့ကြပြီး အနောက်မှာ ကျူးကျော်သူတွေရဲ့ အလောင်းတွေသာ ကျန်ခဲ့သည်။ ဇက်ချ်က မကောင်းဆိုးဝါးတွေကို ရှောင်ဖို့တောင် မကြိုးစားပါ။ ကလဲ့စားချေချင်နေသည့် နတ်ဘုရားတစ်ပါးအလား မကောင်းဆိုးဝါးများကို နှိမ်နင်းနေလေသည်။ အရိုးစုစစ်သားများနဲ့ ရန်သူမှော်ဆရာတစ်ယောက်၏ တိုက်ခိုက်တာကို ခံရသောအခါတွင်လည်း ဇက်ချ်က ၎င်းတို့ခြေထောက်အောက်မှ မြေကြီးကို ကွဲထွက်သွားစေပြီး အရှင်လတ်လတ် မြေမျိုခံရအောင် လုပ်လိုက်သည်။ ဇော်ရီယန်ကလည်း အလိုက်သိစွာ ပါးစပ်ကိုပိတ်ထားပြီး ဇက်ချ်ရဲ့ မကုန်ခမ်းနိုင်တဲ့ မန်နာအကြောင်း သို့မဟုတ် သူ့အဆင့်ကိုကျော်လွန်နေသည့် အဆင့်မြင့်မှော်ပညာတွေအကြောင်း မမေးခဲ့ပါ။ ဇက်ချ်ရဲ့ အကူအညီကြောင့်သာ မဟုတ်ပါက ဇော်ရီယန် ဒီလောက်ထိရောက်လာနိုင်မှာမဟုတ်ပေ။ ရိုးရိုးသားသား ပြောရလျှင် သူကူညီပေးတာကို ကျေးဇူးတင်မိပါသည်။
နောက်ဆုံးတော့ အာကိုဂျာတစ်ယောက် အိမ်တစ်လုံး၏ အပေါ်ထပ်တွင် တံခါးပိတ်ကာ ပုန်းခိုနေမှန်း သူတို့ သိလိုက်ရသည်။ ဖြစ်ချင်တော့ ဆောင်းဝံပုလွေအုပ်တစ်အုပ်၏ အမဲလိုက်ခြင်းကို ခံရသဖြင့် ထွက်ပြေးရင်းနဲ့ ထိုအိမ်ပေါ်ရောက်သွားတာဖြစ်ပြီး အပြင်မှာ ဆောင်းဝံပုလွေတွေ စောင့်နေမလား စိုးရိမ်သဖြင့် အပြင်လုံးဝ မထွက်ခဲ့ပါ။ တကယ် ဉာဏ်ကောင်းပါပေသည်။ သေချာတာတော့ ဇော်ရီယန်ရဲ့ လုပ်ရပ်ထက် ပိုဉာဏ်ကောင်းပါသည်။ ကံကောင်းစွာဖြင့် အခု အိမ်ထဲမှာ ဆောင်းဝံပုလွေများ၏ အရိပ်အယောင်ကို မတွေ့ရပါ။ တွေ့ရရင်လည်း ဇက်ချ်က တိုက်ခိုက်ဖို့ ပြဿနာရှိမှာမဟုတ်ပေ။ ခက်ခဲတာက အာကိုဂျာကို တံခါးဖွင့်ကာ အပြင်ထွက်လို့ရပြီဖြစ်ကြောင်း မနည်းဖြောင်းဖြရတာဖြစ်ပါသည်။ ဖြစ်ချင်တော့ သူမက ဆောင်းဝံပုလွေများနဲ့ အရင်က ရာဇဝင်ရှိခဲ့ဖူးသဖြင့် အလွန်ကြောက်ရွံ့နေသည်။
ဘေးကင်းလုံခြုံသည့် ကပွဲခန်းမထဲမှ ထွက်လာမိအောင်လုပ်ခဲ့သည့်အတွက် သူ့ကို အာကိုဂျာအပြစ်တင်လိမ့်မည်ဟု ဇော်ရီယန် ထင်ခဲ့မိသည်။ သို့သော်လည်း တံခါးဖွင့်ပြီးနောက် အာကိုဂျာက ချက်ချင်း ဇော်ရီယန်ကို ပြေးဖက်ပြီး ပခုံးပေါ်မှာ ရှိုက်ကြီးတငင်ငိုကြွေးလေသည်။
“ငါသေတော့မယ်လို့တောင် ထင်နေတာ!” သူမ တအီအီနဲ့ ညည်းတွားသည်။ “သံမဏိငှက်မွေးတွေနဲ့ လိုက်ပစ်နေတဲ့ ငှက်ကြီးတွေလည်းရှိတယ်။ ပြီးတော့ ဆောင်းဝံပုလွေတွေကောပဲ။ ပြီးတော့…”
ဇော်ရီယန် ဒီလို အခြေအနေမျိုးကို ဘယ်လိုကိုင်တွယ်ရမလဲမသိသဖြင့် ပါးစပ်အဟောင်းသားနှင့် ကြောင်တောင်တောင် ဖြစ်သွားသည်။ ဇက်ချ်ကို အကူအညီတောင်းသည့်အနေဖြင့် လှမ်းကြည့်လိုက်သော်လည်း ဇက်ချ်က စပ်ဖြီးဖြီးဖြင့်သာ ပြန်ကြည့်လေသည်။
“ဪ… ငယ်ရွယ်တဲ့ အချစ်တွေပေါ့” ဇက်ချ်က ခေါင်းတငြိမ့်ငြိမ့်ဖြင့် ရေရွတ်လိုက်သည်။ “ဒါပေမယ့် နင်တို့ရဲ့ ကြည်နူးစရာပြန်လည်ပေါင်းစည်းခြင်းကို ခဏလောက် ရွှေ့ဆိုင်းထားရလိမ့်မယ်ထင်တယ်။ အခု ဗုံးခိုကျင်းတွေဆီ အရင်ပြန်ကြတာပေါ့”
“အင်း!” အာကိုဂျာက ဇော်ရီယန်၏ ပခုံးပေါ်မှ ခေါင်းဖယ်ကာ ချက်ချင်း သဘောတူလိုက်၏။ ဇက်ချ်ပြောသည့် အချစ်ရေးကိစ္စအကြောင်းကို သူမ လျစ်လျူရှုထားသည့းအလား။ ထိုစကားကို သူမ ကြားတောင်ကြားရဲ့လားဆိုတာ ဇော်ရီယန် သံသယဖြစ်မိပါသည်။ လွှတ်လိုက်လျှင် ပျောက်ကွယ်သွားမည့်အလား ဇော်ရီယန်၏ ဝမ်းဗိုက်ကိုတော့ သူမ အလွန်တင်းကျပ်စွာ ဖက်ထားဆဲဖြစ်သည်။ “ဗုံးခိုကျင်းတွေ! အဲ့မှာဆို ငါတို့ဘေးကင်းလောက်တယ်!”
ဇက်ချ်အနည်းငယ် တွန့်ဆုတ်သွားသည်။ သို့သော် သူ့ကိုယ်သူ ပြန်ထိန်းလိုက်နိုင်ပါသည်။ မသိသာလွန်းသဖြင့် အာကိုဂျာ သတိထားမိပုံမပေါ်ပါ။ သို့သော် ဇော်ရီယန်ကတော့ သတိထားမိသည်။ ဒါဆို ဗုံးခိုကျင်းတွေလည်း မလုံခြုံတဲ့ သဘောလား?။ သို့သော်လည်း အခုလက်ရှိနေရာထက်တော့ ပိုဘေးကင်းနိုင်သဖြင့် ဇက်ချ်လည်း သဘောတူဖို့ ဆုံးဖြတ်လိုက်ပါသည်။
“ဟုတ်ပြီ!” ဇက်ချ်က ရွှင်ပျစွာ လက်ခုပ်တစ်ချက်တီးလျက် ပြောလိုက်သည်။ သူ့ခါးပတ်မှာ ချိတ်ထားသည့် မှော်တုတ်တံတွေထဲကတစ်ချောင်းကိုထုတ်ကာ အာကိုဂျာအား ပေးလိုက်ပါသည်။ “မင်းလည်း ဒီတုတ်တံကို ကိုင်ထား ဇော်ရီယန်”
“အဲ့တာဘာလဲ” ဇော်ရီယန် သံသယဖြစ်စွာ မေးလိုက်၏။ ဒီတုတ်တံပေါ်မှာ ဘာအတွက်အသုံးပြုဖို့လဲဟူသည့် အမှတ်အသား ဘာမှမရှိပါ။ ထို့ကြောင့် ဇော်ရီယန် အနည်းငယ် စိုးရိမ်သွား၏။ အသက်ကြီးသည့်အချိန်အထိ ကျန်းကျန်းမာမာ အသက်ရှင်ချင်လျှင် ဘာအတွက်မှန်းမသိသော မှော်ပစ္စည်းများကို အသုံးပြုတာမျိုး မလုပ်သင့်ပါ။
“Teleport(နေရာပြောင်း)မှော်တုတ်တံလေ” ဇက်ချ်က ရှင်းပြသည်။ “ဒီမှော်တုတ်တံကို ကိုင်ထားတဲ့လူကို ဗုံးခိုကျင်းဆီ ပို့ပေးဖို့ စီမံထားတာ။ အချိန် စက္ကန့် ၃၀ သတ်မှတ်ထားလို့ သေချာကိုင်ထားကြ။ မဟုတ်ရင် ကျန်ခဲ့မယ်”
“ဒါပေမယ့် နင်ကကော?” အာကိုဂျာက မေးလိုက်သည်။ “မှော်တုတ်တံ အသက်မဝင်ခင် နင်လည်း ကိုင်ထားရမယ်လေ!”
“အာ ဟင့်အင်း” ဇက်ချ်က ခေါင်းခါကာ ငြင်းလိုက်သည်။ “ငါ့မှာ မပြီးပြတ်သေးတဲ့ ကိစ္စတွေရှိသေးတယ်”
“မပြီးပြတ်သေးတဲ့ ကိစ္စဟုတ်လား!” အာကိုဂျာက လက်မခံပါ။ “ဒါကစားနေတာမဟုတ်ဘူးနော် ဇက်ချ်! အဲ့ဒီ မကောင်းဆိုးဝါးတွေက နင့်ကို သတ်ပစ်မှာ!”
“ငါ အဲ့လောက်တော့ စွမ်း--”
ဘာကြောင့်မှန်း ဇော်ရီယန် ဆတ်ခနဲ တုန်ယင်သွားသည်။ မကောင်းသည့်ခံစားချက်ကြီးတစ်ခု ရင်ထဲမှာ ဖြစ်ပေါ်လာပြီး ချက်ချင်း တုန့်ပြန်ရမယ်ဆိုတာကိုလည်း သိနေသည်။ ခုနက ဆောင်းဝံပုလွေ သူ့ကို အနောက်မှ ခုန်အုပ်တုန်းကလိုပင်။ အာကိုဂျာ၏ လက်ထဲကနေ အမြန်ထွက်ပြီး အဝေးကလာနေသည့် မန္တန်တစ်ခုလမ်းကြောင်းမှ ဇက်ချ်ကို တွန်းထုတ်လိုက်လေသည်။ သူတို့ရှေ့မှာ အနီရောင် အလင်းတန်းတစ်ခု ဖြတ်သန်းသွား၏။ မကြာသေးခင်က ဇက်ချ်၏ ဦးခေါင်းရှိနေခဲ့သည့် နေရာကို ဖြတ်သွားတာဖြစ်ပြီး အနောက်က နံရံကို ထိမှန်သွားလေသည်။ ထိုအနီရောင်အလင်းတန်းက နံရံကို နက်နက်ရှိုင်းရှိုင်းဖောက်ထွင်းသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းသွားလေသည်။
“လခွမ်း…” ဇက်ချ် ရေရွတ်လိုက်သည်။ “သူငါ့ကိုတွေ့သွားပြီ…။ မြန်မြန်လုပ်ကြ! မှော်တုတ်တံအသက်မဝင်ခင်-“
မှော်တုတ်တံက ဘေးကင်းရာသို့ Teleport လုပ်ပေးလိုက်သဖြင့် အာကိုဂျာ ဝှစ်ခနဲ ပျောက်သွားလေသည်။
“-သေချာကိုင်ထားကြ…” ဇက်ချ် အသံတဖြည်းဖြည်းတိုးညှင်းသွားသည်။ “လခွီးထဲမှ ဇော်ရီယန်! မင်းဘာလို့ မှော်တုတ်တံကို မကိုင်ထားတာလဲ?!”
“ငါကိုင်ထားရင် မင်းသေနေလောက်ပြီ!” ဇော်ရီယန်က ပြန်ငေါက်လိုက်၏။ ဒီနေ့ည သူ့ကို ကယ်တင်ခဲ့သည့် လူတစ်ယောက် မန္တန်ထိမှန်ပြီး သေသွားမှာမျိုးကို ဇော်ရီယန် ခွင့်မပြုနိုင်ပါ။ ထို့အပြင် ထိုမန္တန်ကို သုံးတာ ဘယ်သူပဲဖြစ်ဖြစ် ကျိန်းသေပေါက် ဇက်ချ်က နှိမ်နင်းနိုင်ပါလိမ့်မည်။ မကြာသေးခင်က ကြုံခဲ့သည့် မကောင်းဆိုးဝါးတွေ ရန်သူ့မှော်ဆရာတွေလိုပဲမဟုတ်လား။ ဒီရန်သူမှော်ဆရာကကော ဘယ်လောက် ကြမ်းနိုင်မှာ မို့လို့လဲ။
လေပြင်းတစ်ချက်တိုးဝှေ့လာသဖြင့် ဖုန်မှုန့်တွေအကုန် ရှင်းလင်းသွားပြီး သူတို့အမြင်အာရုံထဲ ပိန်လှီလှီ လူသား သဏ္ဌာန်အရာတစ်ခု ဝင်ရောက်လာသည်။ သူတို့ရှေ့က သတ္တဝါ၏ ပုံစံကိုမြင်လိုက်ရသောအခါ ဇော်ရီယန် မျက်လုံး ပြူးကျယ်သွားလေသည်။ အစိမ်းရောင် ရောင်ဝါတွေထွက်နေသည့် အရိုးခြောက်တစ်ကောင်ဖြစ်ကာ အရိုးတွေကလည်း အရိုးဟုမထင်ရလောက်အောင် သံမဏိလို မည်းနက်တောက်ပြောင်နေသည်။ ရွှေရောင် ချပ်ဝတ်တန်ဆာကြီးကို ဝတ်ဆင်ထားပြီး ၎င်း၏ အရိုးစုလက်ကြီးတစ်ဖက်ဖြင့် မှော်တောင်ဝှေးတစ်လက်ကို ကိုင်ထားသည်။ ခေါင်းပေါ်မှာလည်း ခရမ်းရောင် ကျောက်များဖြင့် စီခြယ်ထားသော သရဖူတစ်ခု ဆောင်းထား၏။ ဒီသတ္တဝါ၏ ပုံစံက အသက်ပြန်ဝင်လာသော ရှေးဟောင်း ဘုရင်တစ်ပါးလိုပင်။
လစ်ချ်(Lich) တစ်ကောင်…။ တကယ့် လစ်ချ် စစ်စစ်တစ်ကောင်ပင်။ သူတို့အားလုံး သေရတော့မည်…။
လစ်ချ်က ၎င်း၏ ဗလာကျင်းဖြစ်နေသော မျက်တွင်းများဖြင့် သူတို့ကို လှည့်ကြည့်လိုက်၏။ မျက်လုံးများမရှိသော မျက်တွင်းပေါက်ကြီးတွေထဲကို ဇော်ရီယန် စိုက်ကြည့်မိသောအခါ ရင်ထဲ ဆိုးဆိုးရွားရွားခံစားချက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ လစ်ချ်က သူ့ဝိညာဉ်ထဲအထိ စိုက်ကြည့်နေသလို ဇော်ရီယန် ခံစားမိ၏။ တစ်စက္ကန့်လောက် ကြာတော့ လစ်ချ်က ဖြည်းညှင်းစွာ ဇက်ချ်ကို လှည့်ကြည့်လိုက်သည်။ ဇော်ရီယန်ကို ဘာမှအရေးမပါသည့် လူတစ်ယောက်လို လျစ်လျူရှုလိုက်တာဖြစ်သည်။
“ဒီတော့…” လစ်ချ်က စွမ်းအင်များဖြင့် ပြည့်ဝနေသော အသံခေါင်ခေါင်ကြီးဖြင့် ပြောလိုက်သည်။ “ငါ့လက်အောက်ငယ်သားတွေကို သတ်နေတာ မင်းပေါ့…”
“ဇော်ရီယန်… ဒီကောင်နဲ့ ငါစာရင်းရှင်းတုန်း မင်းပြေးတော့” ဇက်ချ်က လက်ထဲမှ မှော်တုတ်တံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ပြောလိုက်သည်။
ဇော်ရီယန်၏ အဖြေကို စောင့်မနေဘဲ ဇက်ချ်က လစ်ချ်ဆီ မှော်ကျည်ဆံအမြောက်အများ ပစ်လွှတ်လိုက်သည်။ လစ်ချ်က ၎င်း၏ အရိုးစုလက်ကို တစ်ချက်လောက်ဝှေ့ရမ်းလိုက်သောအခါ အေးဂျစ်စ်ဒိုင်းတစ်ခု ပေါ်လာပြီး ဇက်ချ်ကို ခရမ်းရောင်ရောင်ခြည်တန်း ၃ ခုဖြင့် ပြန်လည် တိုက်ခိုက်လေသည်။ ရောင်ခြည်တန်း ၂ ခုက ဇက်ချ်ကို ပစ်မှတ်ထားတာဖြစ်သော်လည်း ကံဆိုးစွာဖြင့် ထွက်ပြေးနေသော ဇော်ရီယန်ထံသို့ လစ်ချ်က နောက်ဆုံးရောင်ခြည်တန်းကို ပစ်လွှတ်လိုက်သည်။ သို့သော် ဇော်ရီယန်ကိုတော့ တိုက်ရိုက်ထိမသွားပါ။ အနီးနားရှီ မြေပြင်ပေါ်ကို ခရမ်းရောင် ရောင်ခြည်တန်း ထိမှန်သွားပြီး အားကောင်းသော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ကာ ကျောက်ချွန်စတစ်ခု ဇော်ရီယန်၏ ခြေထောက်ထဲစိုက်ဝင်သွားလေသည်။ အလွန်နာကျင်လွန်းသဖြင့် ဇော်ရီယန် မြေပေါ် ချက်ချင်း လဲကျသွားပြီး တစ်လှမ်းမှ ထပ်မလှမ်းနိုင်တော့ပါ။
နောက်ထပ် ၅ မိနစ်လောက်အထိ ဇော်ရီယန်မြေပေါ်မှာ တရွတ်တိုက်ဆွဲကာ အနီးနားရှိ လှည်းတစ်ခုနောက်မှာ ဝင်ပုန်းနေလိုက်သည်။ တိုက်ပွဲမှ လွင့်ပျံလာမည့် အဖျက်စွမ်းအားတွေလက်ထဲမှ အနည်းငယ် ကာကွယ်ပေးနိုင်ဖို့တော့ မျှော်လင့်ရပါသည်။ ဇက်ချ်က လစ်ချ်ကို အာရုံလွှဲထားသဖြင့် ဇော်ရီယန့်ဆီ ဘာမန္တန်မှ မပစ်လွှတ်တော့ပေ။ ထို့ကြောင့် ဇော်ရီယန် ရှောင်ရှားရမည့် ဒုက္ခမှ သက်သာသွား၏။ ဇော်ရီယန်တောင်မသိသည့် အဖျက်စွမ်းအားကြီး မှော်မန္တန်များဖြင့် ဇက်ချ်နဲ့ လစ်ချ်တို့ အပြန်အလှန်တိုက်ပွဲဝင်နေကြတာကိုကြည့်ရင်း စိတ်မသက်မသာ ဖြစ်လာသည်။ ဇက်ချ်ဘယ်လောက်ပဲ တော်နေပါစေ လစ်ချ် အဆင့်ကိုတော့ မှီမှာမဟုတ်ပါ။ ထိုသတ္တဝါက ဇက်ချ်ကို ကစားနေတာသာဖြစ်ပြီး သူခြေကုန်လက်ပမ်းကျသွားမည့် အချိန်ကို စောင့်နေတာဖြစ်မည်။
လှံပုံသဏ္ဌာန် အနီရောင် အလင်းတန်းတစ်ခုကို လစ်ချ် ပစ်လွှတ်လိုက်သောအခါ ဇက်ချ်၏ အေးဂျစ်စ်ဒိုင်းကိုပါ ဖောက်ထွက်သွားပြီး ဇက်ချ်၏ခါးထောင့်ကို ဖောက်ဝင်သွားလေတော့သည်။ သို့သော် အသက်အန္တရာယ်မရှိနိုင်သည့် နေရာကို ဖောက်ဝင်သွားတာဖြစ်ပြီး ဇက်ချ်ကို နည်းနည်းလောက် ထပ်ကစားဖို့ ကြံရွယ်ထားသည့်ပုံစံပင်။ ဇော်ရီယန် ခန့်မှန်းတာ မှန်ပါသည်။ လစ်ချ်က ဇက်ချ်ကို အဆုံးမသတ်သေးဘဲ လက်တစ်ချက်ဝှေ့ရမ်းပြီး ဇက်ချ်ကို လေပေါ် ဆွဲမြှောက်ကာ ကိုင်ပေါက်လိုက်သည်။ ဇော်ရီယန် ပုန်းနေသည့်နေရာနားက နံရံနဲ့ ဇက်ချ်ထိရိုက်မိပြီး နာနာကျင်ကျင် ညည်းတွားနေပါသည်။
လစ်ချ်က ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။ ဇက်ချ်တစ်ယောက် လက်ထဲမှာ မှော်တုတ်တံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း တုန်တုန်ယင်ယင်နဲ့ မတ်တပ်ပြန်ရပ်ဖို့ ကြိုးစားနေတာကို လစ်ချ် ဂရုစိုက်ပုံမပေါ်ပေ။ ဇက်ချ်က ညာဘက်လက်ဖြင့် သွေးထွက်နေသော ခါးနားကဒဏ်ရာကို ဖိထားသည်။
“မင်းတိုက်ရည်ခိုက်ရည် ဘယ်ဆိုးလို့လဲ ကောင်လေး” လစ်ချ်က ဆိုသည်။ “သာမန် ကျောင်းသားတစ်ယောက် ဖြစ်ပေမယ့် အထင်ကြီးဖို့ ကောင်းလွန်းနေတယ်”
“မ… မလုံလောက်သေးဘူး” ဇက်ချ်လက်ထဲမှ မှော်တုတ်တံ လွတ်ကျသွားပြီး ဒဏ်ရာကို လက်နှစ်ဖက်စလုံးဖြင့် ဖိထားလိုက်သည်။ သူ့ပုံစံက အတော်နာကျင်နေသည့် ပုံစံပင်။ “နောက်… နောက်တစ်ခါကျရင်… ဒီ့ထက် ပိုကြိုးစားရုံပဲပေါ့…”
လစ်ချ်က ရယ်မောလိုက်၏။ ထိုသတ္တဝါ၏ ပုံပန်းသဏ္ဌာန်နဲ့ မလိုက်ဖက်လှသော ရယ်သံကြီးဖြစ်သည်။ “နောက်တစ်ခါကျရင်တဲ့လား… ရူးမိုက်လိုက်တဲ့ကောင်လေး။ နောက်တစ်ခါဆိုတာမျိုး မရှိတော့ဘူး။ ငါမင်းကို အသက်ရှင်ခွင့်ပေးမှာမှ မဟုတ်တာ။ အဲ့လောက်တော့ မင်းသိမှာ သေချာပါတယ်”
“ထွီး” ဇက်ချ်က တံတွေးထွေးကာ ခါးကို မတ်မတ်ထောင်လိုက်သည်။ “သောက်စကားမများဘဲ လုပ်စရာရှိတာ လုပ်လိုက်တော့”
“သေရတော့မှာတောင် မင်းပုံစံက ဘာမှ မပူပန်သလိုပဲနော်” လစ်ချ်က ဆိုသည်။
“ဘာအရေးလဲ” ဇက်ချ်က မျက်စပစ်လိုက်သည်။ “ငါဒီလောက်နဲ့ အဆုံးသတ်သွားမှာမှ မဟုတ်တာ”
ဇော်ရီယန်က ဇက်ချ်ကို နားမလည်စွာ ချောင်းကြည့်လိုက်သည်။ သူဘာတွေပြောနေသလဲ ဇော်ရီယန် နားမလည်ပါ။ လစ်ချ်ကတော့ နားလည်သည့်ပုံစံနှင့်။
“ဪ… ဒီလိုကိုး” လစ်ချ်က ဆိုသည်။ “မင်းကိုယ်မင်း မသေနိုင်ဘူးလို့ထင်နေပုံထောက်ရင် ဝိညာဉ်မှော်ပညာသုံးတာ သိပ်မကြာသေးဘူးထင်တယ်။ မင်းရဲ့ဝိညာဉ်ကို ငါဒီတိုင်း ဖန်ပုလင်းတစ်လုံးထဲ ပိတ်လှောင်ထားလိုက်လို့ရတယ်။ ဒါပေမယ့်… … ငါ့မှာ ပိုကောင်းတဲ့အကြံရှိတယ်”
လစ်ချ်ကာ ဇော်ရီယန်ကို လက်ညှိုးဖြင့်ထိုးလိုက်သည်။ ခန္ဓာကိုယ်တစ်ခုလုံးကို မမြင်ရသည့် အားအင်တစ်ခုက လွှမ်းခြုံလိုက်သလိုမျိုး ဇော်ရီယန် အေးခဲရပ်တန့်သွားသည်။ ဇော်ရီယန်ကို လေပေါ်မြှောက်ကာ ဇက်ချ်ရှိရာထံသို့ ကိုင်ပေါက်လိုက်ရာ နှစ်ယောက်သား နာကျင်စွာဖြင့် တိုက်မိကြလေသည်။ နှစ်ယောက်စလုံး ခြေတွေလက်တွေ လုံးထွေးသွားပြီး မြေပေါ် လဲကျသွား၏။ အနည်းဆုံးတော့ သူ့ခန္ဓာကိုယ်ပေါ်က မမြင်ရသည့် ထိန်းချုပ်စွမ်းအင်ကြီး မရှိတော့တာကို ဇော်ရီယန် ဝမ်းသာမိပါသည်။
“မင်းရဲ့ဝိညာဉ် လိုရာမရောက်ခင် မမှတ်မိနိုင်လောက်အောင် တစ်ယောက်ယောက်က ဖျက်ဆီးပစ်လိုက်ရင် ဘယ်လောက်ပဲ ပြန်လည်မွေးဖွားနိုင်တယ်လို့ဆိုဆို အရေးမပါတော့ဘူး” လစ်ချ်က ဆို၏။ “ဝိညာဉ်ဆိုတာ မသေဆုံးနိုင်ဘူးဆိုပေမယ့် ပြောင်းလဲလို့မရ၊ ပေါင်းစပ်လို့မရဘူးလို့ ဘယ်သူပြောလဲ”
ထူးထူးဆန်းဆန်း ဘာသာစကားတစ်ခုဖြင့် လစ်ချ် မန္တန်ရွတ်ဖတ်နေတာကို ဇော်ရီယန် ခပ်သဲ့သဲ့ ကြားနေရသည်။ သာမန်တိုင်တည်ခြင်းမျိုးတွေမှာ အသုံးပြုသည့် အစ်ခ်ကိုရှန်းဘာသာစကား လုံးဝ မဟုတ်ပါ။ သို့သော် ဇော်ရီယန် စဉ်းစားချိန်အကြာကြီးမရလိုက်ပေ။ စကားဖြင့်မဖော်ပြနိုင်သည့် နာကျင်မှုတွေခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်ထဲ ပုံမှန်မဟုတ်တာတစ်ခုခု ရုတ်တရက် ဒိုင်းခနဲ ဝင်ရောက်လာသည်။ ပါးစပ်ဟပြီး အော်ဖို့ ကြိုးစားသော်လည်း သူ့ကမ္ဘာကြီးတစ်ခုလုံး ရုတ်တရက် လင်းထိန်သွားကာ ခဏအကြာမှာတော့ လုံးဝ အမှောင်ကျသွားလေတော့သည်။
… … …