← Chapters

ပြန်လည်စတင်ခြင်း

Vol. 1 Ch. 5.1

ပြန်လည်စတင်ခြင်း

Vol. 1 Ch. 5.1

ဝမ်းဗိုက်ပေါ်က စူးစူးရှရှ နာကျင်မှုကြောင့် ဇော်ရီယန်မျက်လုံးများ ဆတ်ခနဲပွင့်သွား၏။ သူ့ကိုယ်ပေါ် ပြုတ်ကျလာသည့်အရာအား ခံစားမိကာ ခန္ဓာကိုယ်တစ်ခုလုံး တွန့်သွားပြီး အိပ်မောကျနေရာမှ အိပ်ချင်စိတ်တစ်စက်မှ မရှိတော့ဘဲ ရာနှုန်းပြည့် လန့်နိုးသွားခဲ့လေသည်။

“ဂွတ်မောနင်း ကိုကြီး!” စိတ်ရှုပ်စရာ အသံစူးစူးတစ်ခု သူ့ကိုယ်ပေါ်မှ ထွက်ပေါ်လာသည်။ “မောနင်း မောနင်း မောနင်းးးး!!!”

ခီရီအဲလ်ကို ဇော်ရီယန် တုန်လှုပ်စွာကြည့်လိုက်သည်။ ဘာတွေဖြစ်သွားတာလဲဆိုတာ နားလည်ဖို့ ကြိုးစားကြည့်သည်။ သူနောက်ဆုံးမှတ်မိတာက သူနဲ့ ဇက်ချ်တို့အပေါ် လစ်ချ်မှော်ဆရာက မန္တန်တစ်ခုသုံးလိုက်တာဖြစ်ပြီး သူ့အသိစိတ်တွေ အမှောင်ကျသွားခဲ့တာပဲဖြစ်သည်။ ဇော်ရီယန်တစ်ယောက် ဂနာမငြိမ်သော မျက်လုံးများဖြင့် အခန်းထဲကို ဝေ့ဝဲကြည့်လိုက်ပြီး နောက်ဆုံးတော့ သူ့သံသယတွေကို အတည်ပြုနိုင်ခဲ့ပါသည်။ ဆီရင်တွင်တည်ရှိသော သူ့အိမ်ထဲက သူ့အခန်းကိုသူ ပြန်ရောက်နေတာဖြစ်သည်။ ဒါပေမယ့် အဓိပ္ပာယ်မှမရှိတာ…။ ထိုနေ့ညက ကပ်ဆိုးမှာ သူမသေဘဲရှင်သန်ခဲ့တာကို ဝမ်းသာမိပါသည်။ သို့သော် အနည်းဆုံးတော့ ဆေးရုံလိုနေရာမျိုးမှာ ပြန်နိုးလာလိမ့်မည်ဟု ထင်ထားခဲ့သည်။ ထို့အပြင် ဒီလောက် သေလုနီးပါး အဖြစ်အပျက်နဲ့ ဇော်ရီယန် ရင်ဆိုင်ခဲ့ရပြီးနောက် ခီရီအဲလ်လို အလိုက်မသိသည့် ကလေးမ ဆိုရင်တောင် ဒီလိုသောင်းကျန်းနေမှာမဟုတ်ပါ။ ထို့အပြင်… ဒီအဖြစ်အပျက်က ကြက်သီးထစရာကောင်းလောက်အောင် ရင်းနှီးနေသည်။

“ခီရီ?”

“အမ်… ဘာလဲ”

“ဒီနေ့ဘာနေ့လဲ” ဇော်ရီယန် အဖြေကို အသည်းအသန်ကြားချင်နေပါပြီ။

“ကြာသပတေးနေ့”

“ရက်စွဲကိုမေးတာ ခီရီ”

“ချားရီးရတ်(လအမည်) ၁ ရက်နေ့။ ဒီနေ့ နင်ကျောင်းသွားရမှာလေ။ မေ့နေပြီလား” ခီရီအဲလ်က ဇော်ရီယန်၏ခါးကို လက်သီးဖြင့်ထိုးကာ နံရိုးအကြားကိုလည်း သူမရဲ့ သေးသေးသွယ်သွယ် လက်ညှိုးဖြင့် ထိုးနေလေသည်။ နာကျင်မှုကြောင့် ညည်းတွားရင်း ဇော်ရီယန် သူမကို ရိုက်ထုတ်လိုက်သည်။

“ငါမမေ့ပါဘူးဟ!” ဇော်ရီယန် ငေါက်လိုက်၏။ “ဒီတိုင်း…”

ဇော်ရီယန် စကားရပ်တန့်သွားသည်။ သူမကို ဘာပြောရမလဲ။ ပွင့်ပွင်းလင်းလင်းပြောရလျှင် ဘာတွေဖြစ်နေသလဲ သူကိုယ်တိုင်တောင် မသိပေ။

“ထားလိုက်ပါတော့” ဇော်ရီယန် စကားစဖြတ်လိုက်၏။ “ငါ့ပေါ်က ဆင်းသင့်ပြီထင်တယ်နော်”

ခီရီအဲလ်ဘာမှ ပြန်မပြောနိုင်ခင် ဇော်ရီယန်က သူမကို ကုတင်စွန်းမှတွန်းချကာ မတ်တပ်ရပ်လိုက်သည်။

ကုတင်ဘေးရှိ အံဆွဲထဲမှ မျက်မှန်ကို ထုတ်တပ်လိုက်ပြီး အခန်းတစ်ခုလုံးကို အသေးစိတ် အကဲခတ်ကြည့်ကာ ပုံမှန်မဟုတ်တာတစ်ခုခု ရှိနေမလား ရှာဖွေလိုက်သည်။ တစ်ယောက်ယောက် စနောက်နေတာများလား။ သူ့မှတ်ဉာဏ်က အကောင်းကြီးမဟုတ်သော်လည်း စိတ်ရှုပ်စရာသူ့မိသားစုဝင်တွေ လာမွှေပါက သတိထားမိအောင် သူ့ပစ္စည်းတွေကို စနစ်တကျ စီရီထားလေ့ရှိသည့် အလေ့အကျင့်တစ်ခု ဇော်ရီယန့်မှာ ရှိပါသည်။ အနေအထား ကြီးကြီးမားမား ပြောင်းလဲတာမျိုး မတွေ့ရပါ။ ထို့ကြောင့် သူ့ကို စနောက်နေသည့်ကောင်က သူ့အကြောင်းအတွင်းကျကျသိသူဖြစ်ရင်ဖြစ်(မဖြစ်နိုင်) သို့မဟုတ် သူအိမ်မှာမရှိချိန်မှာ ခီရီအဲလ်က သူ့အခန်းကို တလေးတစားနဲ့ မဖျက်ဆီးဘဲ ချမ်းသာပေးထားတာ(ပိုလို့တောင် မဖြစ်နိုင်) ဖြစ်ရပါမည်။ ဒီအခန်းက သူဆိုင်အောရီးယားကို ထွက်မသွားခင်တုန်းကအတိုင်း ပုံစံမပျက် ရှိနေဆဲပင်။

ဒါဆို အားလုံးက အိပ်မက်လား…။ အိပ်မက်ဟု ဆိုရအောင်လည်း တကယ်ဖြစ်ပျက်နေသလိုမျိုး ခံစားခဲ့ရသည်။ ယခင်တုန်းကဆို သူ့အိပ်မက်တွေက ဝေဝေဝါးဝါး အဓိပ္ပာယ်မရှိတာတွေသာဖြစ်ပြီး နိုးလာတာနဲ့တစ်ပြိုင်နက် မေ့ပျောက်သွားတတ်သည်။ စကားပြောသောငှက်များ၊ ပိရမစ်ပျံကြီးများ၊ မျက်လုံးသုံးလုံးနဲ့ ဝံပုလွေများ သို့မဟုတ် တခြား အဓိပ္ပာယ်မဲ့သော ပုံရိပ်တွေသာ သူ့အိပ်မက်ထဲမှာ မြင်မက်လေ့ရှိသည်။ သို့သော်လည်း အိပ်မက်ထဲမှာ တစ်လတာလုံးအချိန်ကုန်ဆုံးခဲ့တာကျတော့ သာမန်အိပ်မက်ဖြစ်ဖို့ အနည်းငယ် ထူးဆန်မနေဘူးလား။

“မေမေက နင့်ကို စကားပြောချင်လို့တဲ့” ခီရီအဲလ်က ကြမ်းပြင်ပေါ်ကနေ မထသေးဘဲ အေးအေးဆေးဆေး လှမ်းပြောလိုက်သည်။ “ဒါပေမယ့် နင်အောက်မဆင်းခင် ငါ့ကိုမှော်ပညာလေး သုံးပြပါလား။ လုပ်ပါ။ လုပ်ပါနော်”

ဇော်ရီယန် မျက်မှောင်ကြုတ်သွား၏။ မှော်ပညာဟုတ်လား…။ စဉ်းစားကြည့်မှ ထိုတစ်လတာ ကာလအတွင်း သူ မှော်ပညာအနည်းငယ် သင်ယူနိုင်ခဲ့သည်။ တကယ်တမ်း အိပ်မက်တစ်ခုသာဆို သူလေ့လာထားသမျှ မှော်ပညာတွေ အကုန်လုံးက ဘာအာနိသင်မှရှိနိုင်မှာ မဟုတ်ဘူးမလား။

လက်ကို အနည်းငယ် ဝေ့ရမ်းပြီးနောက် လက်ဖဝါးနှစ်ဖက်ကို စုလျက် ဖြန့်ထားလိုက်၏။ ထိုအခါ သူ့လက်ဖဝါး နှစ်ဖက်ပေါ်မှာ ဝဲပျံနေသော အလင်းလုံးလေးတစ်လုံး ပေါ်လာလေသည်။

ဟ… ဒါဆို အိပ်မက်မဟုတ်ဘူးပေါ့…။

“မိုက်လိုက်တာ!” ခီရီအဲလ်က ပျော်ရွှင်စွာ ပြောလိုက်ပြီး အလင်းလုံးလေးကို လက်ချောင်းနဲ့ တို့ကြည့်ဖို့ ကြိုးစားသည်။ သို့သော်လည်း အလင်းလုံးထဲ လက်ညှိုးက ဖောက်ဝင်သွားပါသည်။ အံ့ဩစရာတော့မရှိပေ။ ဒါက အလင်းပဲမဟုတ်လား။ ခီရီအဲလ် လက်ချောင်းကို ပြန်ရုတ်သိမ်းလိုက်ပြီး ဘာဆက်ဖြစ်မလဲ စိတ်ဝင်တစား ငေးကြည့်နေသည်။ ဇော်ရီယန်က အလင်းလုံးကို အခန်းထဲ ဝဲပျံစေပြီး ခီရီအဲလ်နား ၂ ပတ် ၃ ပတ်လောက် လည်သွားအောင် စိတ်ထဲမှ ခိုင်းစေလိုက်သည်။ သေချာပါသည်။ ဒီမှော်မန္တန်ကို သူကောင်းကောင်းကြီး ကျွမ်းကျင်နေသည်။ မန္တန်ကို ဒီတိုင်း ထုတ်သုံးတတ်ရုံတင်မကဘဲ သေသေချာချာလေ့ကျင့်ထားသဖြင့် အပြည့်အဝ ထိန်းချုပ်နိုင်နေသည်။ ဒါမျိုးတွေက အိပ်မက်မက်ရုံနဲ့ တတ်လာနိုင်မှာမဟုတ်ပါ။

“လုပ်ပြဦး လုပ်ပြဦး!” ခီရီအဲလ်က ပူဆာ၏။

“တော်ပါတော့ ခီရီရယ်” ဇော်ရီယန် သက်ပြင်းချလိုက်၏။ လောလောဆယ် သူမ ပူဆာတာတွေ ဖြည့်ဆည်းပေးဖို့ စိတ်မပါပါ။ “နင်ခိုင်းတဲ့အတိုင်း လုပ်ပြပြီးပြီ။ ကိုယ့်ဖာသာကိုယ် သွားကစားတော့ သွား”

သူမ နှုတ်ခမ်းစူပြလိုက်၏။ သို့သော်လည်း ဒါမျိုးတွေကို ဇော်ရီယန် ခံနိုင်ရည်ရှိနေပါပြီ။ ထို့နောက် ခီရီအဲလ်က ခေတ္တ မျက်မှောင်ကြုတ်သွားပြီး တစ်ခုခုကို သတိရသွားသလို ဆတ်ခနဲ ခါးမတ်သွားသည်။

နေပါဦး…

“မလုပ်နဲ့နော်!” ဇော်ရီယန် အော်လိုက်သည်။ သို့သော်လည်း နောက်ကျသွားပါပြီ။ ခီရီအဲလ်က သန့်စင်ခန်းထဲ ပြေးဝင်ကာ တံခါးကို ဆောင့်ပိတ်လိုက်၏။ “လခွမ်းထဲမှ ခီရီ! ဘာလို့ အခုမှတက်တာလဲ။ ငါမနိုးခင်က တက်ထားတော့ မြွေကိုက်မှာမို့လို့လား”

“စိတ်မကောင်းလိုက်တာ~” အထဲမှ ခီရီအဲလ်က ပြန်ဖြေသည်။

ဇော်ရီယန် တံခါးကို နဖူးနဲ့ ဆောင့်တိုက်လိုက်သည်။ “ကြိုသိထားတာတောင် ခံရတုန်းပါပဲလား…”

သူမျက်မှောင်ကြုတ်သွားသည်။ ကြိုသိထားတာ…။ သူ့ရဲ့ ‘အနာဂတ်မှတ်ဉာဏ်’တွေက ယုံကြည်စိတ်ချရသည့် ပုံစံပင်။ ဒါဆို နွေရာသီပွဲတော်ညမှာ ဆိုင်အောရီးယား တကယ်ပဲ ကျူးကျော်တိုက်ခိုက်ခံရမှာလား။ သူဘာလုပ်သင့်သလဲ။ သူ ဘာလုပ်နိုင်မလဲ။ ခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းလျက် အခန်းထဲ ပြန်ဝင်လာခဲ့သည်။ ဘာတွေဖြစ်သွားတာလဲဆိုတာ မသိရမချင်း ထိုမေးခွန်းတွေကို စဉ်းစားမှာမဟုတ်ပါ။ တစ်ယောက်တည်း နေလို့ရအောင်တံခါးကို လော့ခ်ချလိုက်ပြီး ကုတင်ပေါ်ထိုင်လိုက်သည်။ သူစဉ်းစားဖို့ အချိန်လိုပါသည်။

ဟုတ်ပြီ…။ ဒီတော့ သူကျောင်းမှာ တစ်လလုံးလုံး အချိန်ကုန်ဆုံးခဲ့ပြီး… မကောင်းတာ တစ်ခုခုဖြစ်သွားတယ်…။ ပြီးတော့ ဆီရင်မှာရှိနေတဲ့ သူ့အိမ်က သူ့အခန်းထဲမှာ ပြန်နိုးလာတယ်။ အဲ့ဒီ အချိန်တစ်လလုံး တကယ်မဖြစ်ခဲ့သလို ပုံစံမျိုးနဲ့။ မှော်ပညာတွေဘာတွေကိုထည့်တွက်ပြီး စဉ်းစားမယ်ဆိုရင်တောင် ယုတ္တိတန်လွန်းတယ်။ အချိန်ခရီးသွားတယ်ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ကိစ္စပဲ။ အချိန်ခရီးသွားခြင်းအကြောင်း တိုတိုတုတ်တုတ်ရှင်းပြထားတဲ့ စာအုပ်တွေ သူ့အခန်းထဲမှာ မရှိပေမယ့် သူဖတ်ဖူးသလောက်တော့ အချိန်ခရီးသွားခြင်းဆိုတာမျိုး လုံးဝ မဖြစ်နိုင်ဘူးဆိုတာချည့်ပဲ ရေးသားထားကြတယ်။ ဒိုင်မန်းရှင်းမှော်ပညာတွေကတောင် အချိန်ကိုအတိုးအချဲ့လုပ်လို့ပဲရတယ်။ မြန်သွားအောင်လုပ်မလား နှေးသွားအောင်လုပ်မလားပေါ့။ အချိန်ခရီးသွားခြင်းဆိုတာ မှော်ပညာနဲ့ ဖန်တီးလို့ မရနိုင်တဲ့အရာလို့ မှော်ဆရာတွေအများကြီး လက်ခံထားကြတဲ့ ကိစ္စတွေထဲကတစ်ခုပဲ။

ဒါဆို သူကျမှ ဘာလို့ ဒါမျိုး ကြုံတွေ့နေရတာလဲ။

ဇော်ရီယန်တစ်ယောက် အချိန်ခရီးသွားခြင်းကို တစ်နည်းနည်းနဲ့ ‘အတုအပ’ပြုလုပ်လို့ရမည့် မှော်ပညာ အကြောင်း လေ့လာဖို့ စာအုပ်တွေကို မွှေနှောက်နေစဉ် အခန်းတံခါးခေါက်သံကြားလိုက်ရသဖြင့် အတွေးပျက်သွားသည်။ မကြာသေးခင်က သူ့အမေ သူ့ကို စကားပြောချင်နေသည်ဟု ခီရီအဲလ်ပြောထားတာကိုမေ့ပြီး အခုထိ ညအိပ် ဝတ်စုံ မလဲရသေးပါ။ ထို့ကြောင့် အဝတ်အစား အမြန်လဲပြီး တံခါးဖွင့်ပေးလိုက်သောအခါ အမျိုးသမီးနှစ်ယောက်၏ ခပ်စူးစူး စိုက်ကြည့်ခြင်းကို ခံလိုက်ရသည်။ တစ်ယောက်က သူ့အမေဖြစ်၏။

အီလ်ဆာ ဇီလက်တီကိုလည်း နာမည်ခေါ်ပြီး နှုတ်ဆက်မိလုနီးပါးဖြစ်သွားသည်။ သို့သော်လည်း ကိုယ့်ပါးစပ်ကိုယ် အမြန် ထိန်းလိုက်နိုင်ပါသည်။

“ဆိုင်အောရီးယားက ဆရာမတစ်ယောက် နင်နဲ့စကားပြောဖို့ လာတယ်” အမေဖြစ်သူက ပြောသည်။ အီလ်ဆာ ပြန်သွားတာနဲ့တစ်ပြိုင်နက် သူ့ကို နားကွဲအောင် ငေါက်တော့မှာ မျက်လုံးတွေကို ကြည့်ရုံနဲ့ ခန့်မှန်းလို့ရပါသည်။

“ဟယ်လို” အီလ်ဆာက နှုတ်ဆက်လိုက်သည်။ “ငါက ဆိုင်အောရီးယား တော်ဝင်မှော်ပညာကျောင်းတော်ကြီးက အီလ်ဆာ ဇီလက်တီပါ။ မင်းကျောင်းမသွားခင် ပြောစရာကိစ္စလေးတချို့ရှိလို့။ သိပ်မကြာပါဘူး”

“ရပါတယ်” ဇော်ရီယန်က ပြန်ပြောသည်။ “အဲ… ဒါနဲ့ ဘယ်မှာ…”

“မင်းအခန်းထဲမှာပဲ ပြောလို့အဆင်ပြေပါတယ်” အီလ်ဆာက ဆိုသည်။

“ကျွန်မ သောက်စရာတစ်ခုခု ယူလာပေးမယ်နော်” အမေဖြစ်သူက ပြောကာ အခန်းပြင်ထွက်သွားပါသည်။

စာရွက်စာတမ်းပေါင်းစုံကို ထုတ်ပြီး ဇော်ရီယန်ရဲ့ စားပွဲပေါ်မှာ အီလ်ဆာ ဖြန့်ခင်းလိုက်သည်။ သူဘယ်လို တုန့်ပြန်ရမလဲ မသိပါ။ သို့သော် သူ့မှတ်ဉာဏ်တွေသာ မမှားလျှင် အခု သူ့ကို အီလ်ဆာ စာလိပ်တစ်ခုပေး…

အမှန်ပင်။ သေချာပါသည်။ ရှေ့ဘာဆက်ဖြစ်မလဲဆိုတာကို ကြိုသိနေတာကြီးက ထူးဆန်းလှသည်။

ဇော်ရီယန်လည်း စာလိပ်ကို စိတ်ဝင်စားချင်ယောင်ဆောင်ကာ အကဲခတ်လိုက်ပြီး စာလိပ်ထဲ မန်နာတချို့ စီးဆင်းစေလိုက်ပါသည်။ အားလုံးက သူမှတ်မိနေသည့်အတိုင်းပင်။ လက်ရေးလက်သားများ၊ ကျောင်းတော်၏ ပျားရည်လိုချိုမြိန်သည့် စကားလုံးများ၊ စာရွက်စာတမ်းအောက်ဆုံးရှိ တံဆိပ်များ အားလုံးအတူတူပဲဖြစ်သည်။ ထိုအခါ ဇော်ရီယန် ရင်ထဲ ချောက်ချားမှုကြီးတစ်ခု ဖြစ်ပေါ်လာ၏။ သူဘာတွေ လုပ်လိုက်မိပြီလဲ။ သူဘာတွေဖြစ်နေသလဲ မသိသော်ငှား တစ်ခုခုကြီးမားတာဖြစ်နေတာတော့ သေချာပါသည်။ အလွန်ကြီးမားသည့် ကိစ္စတစ်ခုဖြစ်သည်။

အီလ်ဆာ့ကို သူကြုံတွေ့နေရတာတွေ ဖွင့်ပြောပြီး အကြံဉာဏ်တောင်းချင်စိတ်များ တဖွားဖွားပေါ်လာသည်။ သို့သော် ကိုယ့်ကိုယ်ကို တားလိုက်ပါသည်။ သူမလို အပြည့်အဝ လေ့ကျင့်ထားသည့် မှော်ဆရာမတစ်ယောက်က သူ့ထက် ပိုပြီး အရည်အချင်းပြည့်ဝမှာ သေချာသည်။ … သို့သော် သူဘယ်လိုပြောရမှာလဲ။ ဖြစ်မလာသေးတဲ့ အရာတစ်ခုကို မှတ်မိနေတယ်ဆိုပြီးတော့လား။ ဒီလိုဆိုရင်တော့ အဆင်ပြေမှာမဟုတ်ပါ။ ထို့အပြင် သူ့မှတ်ဉာဏ်တွေကို အကဲခတ်ကြည့်ခြင်းအားဖြင့် သူသတိပေးထားသည့်အတိုင်း ဆိုင်အောရီးယား တကယ် ကျူးကျော်ခံရလျှင် ပူးပေါင်းကြံစည်မှုနဲ့ပါ အဖမ်းခံရနိုင်သည်။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ အံ့အားသင့်စရာ သတင်းအချက်အလက်တွေကို အချိန်ခရီးသွားခြင်းဆိုတာထက် ပူးပေါင်းကြံစည်သူဖြစ်တာကြောင့် သိနေခြင်းဖြစ်သည်ဆိုတာက တခြားသူတွေအတွက် ပိုပြီး အဓိပ္ပာယ်ရှိပါသည်။ အစိုးရ စစ်သားတွေ သူ့ကို နှိပ်စက်ကာ မေးမြန်းနေသည့် ပုံရိပ်အား မြင်ယောင်ကြည့်သောအခါ ဇော်ရီယန် ဂုတ်တိုသွားရပါသည်။

မဖြစ်သေးပါဘူး။

လောလောဆယ်တော့ ဘယ်သူ့ကိုမှ မပြောသေးတာ ပိုကောင်းပါလိမ့်မည်။

ထို့ကြောင့် နောက် ၁၀ မိနစ်အထိ ဇော်ရီယန် အနာဂတ်မှတ်ဉာဏ်တွေထဲကအတိုင်း အီလ်ဆာနဲ့ စကားပြောဆို ဆွေးနွေးခဲ့သည်။ ဒီတစ်ခေါက် တစ်ခုခုကို ပြောင်းလဲရွေးချယ်လိုက်လို့လည်း ဘာမှထူးမည်မထင်ပါ။ သူ့ရွေးချယ်မှုတိုင်းက သူ့အနာဂတ်မှတ်ဉာဏ်နဲ့ တသွေမတိမ်း တူညီနေသည်။ သို့သော် ဒီတစ်ခေါက်တော့ ဗင်ချောင်နဲ့ ပတ်သတ်ပြီး အီလ်ဆာကို အထွန့်မတက်တော့ပါ။ အထွန့်တက်လည်း ဘာမှမထူးတာကို သိပြီးသား ဖြစ်တာကြောင့်ပင်။ ထို့အပြင် သန့်စင်ခန်း ခဏသွားဖို့လည်း မတောင်းဆိုတော့ပါ။ ဘယ်ဘာသာရပ်တွေကို ယူရမလဲ သိပြီးသားဖြစ်တာကြောင့်ပင်။ အီလ်ဆာက သူ့ရဲ့ထူးထူးဆန်းဆန်း ဆုံးဖြတ်ချက်ပြတ်သားမှုတွေကို အံ့အားသင့်ပုံမပေါ်ပါ။ သူမ ပုံစံက ဇော်ရီယန်လိုပဲ ဒီကိစ္စကို အမြန်အဆုံးသတ်ချင်နေပုံရသည်။ ဒီလိုဆိုရင်တောင် သူမက ဇော်ရီယန်ရဲ့ ပြတ်သားမှုကို ဘာလို့ အံ့အားသင့်ရမှာလဲ။ သူမက ဇော်ရီယန်လိုမဟုတ်ဘဲ အနာဂတ် မှတ်ဉာဏ်တွေကို ပိုင်ဆိုင်ထားသူမှမဟုတ်တာ။ ထို့ကြောင့် ဘာမှ နှိုင်းယှဉ်စရာမရှိပါ။ သူမအတွက်တော့ ဇော်ရီယန်ကို ပထမဆုံးအကြိမ်တွေ့ဖူးတာ ဖြစ်ပါသည်။

ဇော်ရီယန် သက်ပြင်းချကာ ခေါင်းခါလိုက်သည်။ တကယ့်သာမန် မှတ်ဉာဏ်တွေလိုပါပဲလား။ မေ့ဖျောက်ဖို့ကလည်း ခက်ပါသည်။ ဒီတစ်လကတော့ အလွန်ရှည်ကြာတော့မည်။

“အဆင်ပြေရဲ့မလား မစ္စတာ ခါဇင်စကီ”

ဇော်ရီယန်က အီလ်ဆာကို နားမလည်စွာ ပြန်ကြည့်လိုက်၏။ ဘာလို့ သူ့ကို အဲ့မေးခွန်းမေးရတာလဲ။ အီလ်ဆာက ဇော်ရီယန်၏ လက်တွေကို စက္ကန့်ပိုင်းလောက် ကြည့်လိုက်၏။ သို့သော်လည်း ဇော်ရီယန်က ရိပ်မိသည်။ ဇော်ရီယန်၏ လက်တွေ တုန်ယင်နေပါသည်။ ထို့နောက် လက်သီးအဖြစ် ဆုပ်လိုက်ပြီး အသက်ဝဝ ရှူလိုက်၏။

“ကျွန်တော် ဘာမှမဖြစ်ပါဘူး” သူ ပြောလိုက်၏။ ထို့နောက် တစ်စက္ကန့် နှစ်စက္ကန့်လောက် အနေခက်ဖို့ကောင်းအောင် တိတ်ဆိတ်သွားကြသည်။ အီလ်ဆာက နှုတ်ဆက်စကား မပြောသေးဘဲ ဇော်ရီယန်ကို ဆက်အကဲခတ် လေ့လာနေပါသည်။

“ကျွန်တော် တစ်ခုလောက်မေးလို့ရမလား”

“ဒါပေါ့” အီလ်ဆာက ပြောသည်။ “အဲ့အတွက်ပဲ ငါလာခဲ့တာလေ”

“အချိန်ခရီးသွားခြင်းဆိုတာကို ဘယ်လိုသဘောရလဲ”

ထိုမေးခွန်းကြောင့် သူမ အူကြောင်ကြောင်ဖြစ်သွားတာ သိသာပါသည်။ ဇော်ရီယန့်နှုတ်မှ ဒီလို မေးခွန်းမျိုး ထွက်လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားလောက်ပါ။ သို့သော်လည်း သူမအမူအယာကို အမြန်ထိန်းသိမ်းလိုက်ပါသည်။

“အချိန်ခရီးသွားခြင်းဆိုတာ မဖြစ်နိုင်ဘူး” အီလ်ဆာက ခိုင်မာစွာ ပြန်ဖြေလိုက်သည်။ “အချိန်ကို ဆန့်ကားခြင်း ဒါမှမဟုတ် ဖိချုံ့ခြင်းတို့ပဲ ဆောင်ရွက်လို့ရမယ်။ ကျော်လို့မရသလို နောက်ပြန်သွားဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး”

“ဘာလို့လဲ” ဇော်ရီယန် တကယ် စိတ်ဝင်စားသဖြင့် မေးလိုက်သည်။ အချိန်ခရီးသွားခြင်း ဘာကြောင့် မဖြစ်နိုင်တာလဲဟူသည့် ရှင်းလင်းချက်မျိုး သူတစ်ခါမှ မကြားဖူး မဖတ်ဖူးပါ။ ယခင်တုန်းက သူစိတ်မဝင်စားခဲ့တာကြောင့်လည်း ဖြစ်ပါလိမ့်မည်။

အီလ်ဆာက သက်ပြင်းချလိုက်၏။ “ငါလည်း အသေးစိတ်သိပ်မသိတာ ဝန်ခံပါတယ်။ ဒါပေမယ့် ငါတို့ လက်ခံထားတဲ့ အကောင်းဆုံးသီအိုရီကတော့ မတည်မြဲတဲ့ အချိန်စီးကြောင်းကို ဆန့်ကျင်သွားလာဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးဆိုတာပဲ။ ဥပမာ ‘အနားလေးဖက်ပါတဲ့ စက်တိုင်းကိုဆွဲပါ’ ဆိုတာက မဖြစ်နိုင်သလိုမျိုး။ ဒါပေမယ့် ‘သမုဒ္ဒရာကြီးကိုကျော်ဖြတ်ပါ’ဆိုသလို မဖြစ်နိုင်တာမျိုးတော့ မဟုတ်ဘူး။ အချိန်က ဦးတည်ချက်တစ်ခုတည်းမှာပဲ စီးဆင်းတယ်။ အရင်တုန်းကမှတ်တမ်းတွေအရ ပညာရှင်တွေ မရေမတွက်နိုင်အောင် ကြိုးစားခဲ့ကြပေမယ့် အကုန် ကျရှုံးခဲ့ရတယ်” ထို့နောက် ဇော်ရီယန်ကို သူမ ခပ်စူးစူး ကြည့်လိုက်၏။ “အဲ့လို ရူးမိုက်တဲ့အကြောင်းအရာအတွက်နဲ့ မင်းရဲ့ ပါရမီတွေကို မဖြုန်းတီးလိုက်နဲ့နော်”

“ဒီတိုင်းသိချင်တာပါ…” ဇော်ရီယန်က ပြောလိုက်သည်။ “မှော်ပညာ၏အကန့်အသတ်များ ဆိုတဲ့ အပိုင်းကို ဖတ်နေရင်းနဲ့ စာရေးဆရာက ဘာလို့ အချိန်ခရီးသွားတာကို မဖြစ်နိုင်ဘူးလို့ အရမ်းယုံကြည်ချက်ရှိနေတာလဲ သိချင်မိလို့”

“အင်း အခု‌တော့ သိပြီမလား” အီလ်ဆာ မတ်တပ်ရပ်လျက် ပြောလိုက်သည်။ “ဘာမှပြောစရာမရှိတော့ရင် ငါသွားတော့မယ်။ တနင်္လာနေ့ အတန်းပြီးတဲ့အခါ မေးချင်တဲ့မေးခွန်းတွေကို ထပ်ဖြေပေးပါ့မယ်။ အဆင်ပြေပါစေ”

‌အီလ်ဆာ ပြန်သွားသောအခါ ဇော်ရီယန် အခန်းတံခါးပိတ်လိုက်ပြီး ကုတင်ပေါ် ပြန်လှဲနေလိုက်ပါသည်။ ဒီတစ်လကတော့ ကျိန်းသေပေါက် ရှည်ကြာတော့မည်။

--- --- ---

ဒီတစ်ခါတော့ ထူးထူးဆန်းဆန်း ဇော်ရီယန် ရထားပေါ်မှာ အိပ်မပျော်ခဲ့ပေ။ အိမ်မှာ သူ့အမေ သူ့ကို ဆူနေစဉ် ဒေါသပိုထွက်စေမည့် အကြောင်းအရာတချို့ကို စမ်းသပ်ပြီး ပြောကြည့်သည်။ ထို့ကြောင့် ဒီအခြေအနေတစ်ခုလုံးက ပုံရိပ်ယောင်မဟုတ်တာ သေချာသွားသည်။ ပုံရိပ်ယောင်ဖန်တီးသူတွေက သူ့မိသားစု လျှို့ဝှက်ချက်တွေကို သိနိုင်မှာမဟုတ်ပေ။ သူကိုယ်တိုင်ကလည်း အလွန်သတိရှိနေသဖြင့် အထင်မှား အမြင်မှား ဖြစ်စရာအကြောင်း လုံးဝ မရှိပါ။ လောလောဆယ် သူပြောနိုင်တာကတော့ တကယ်ပဲ အချိန်နောက်ပြန် ရောက်သွားခဲ့တာဖြစ်သည်။ စဉ်းစားလို့ရသည့် အရေးကြီးတာမှန်သမျှကို မှတ်စုစာအုပ်မှာ ချရေးရင်း ရထားခရီးစဉ် တစ်လျှောက် အချိန်ကုန်ဆုံးခဲ့သည်။ ဒီမှတ်ဉာဏ်တွေ အလွယ်တကူပျောက်သွားမှာမဟုတ်သော်လည်း သူ့အတွေးတွေကို စနစ်တကျ စီရီချင်ပြီး အသေးစိတ်အချက်အလက်တချို့ကိုလည်း လစ်ဟာမသွားချင်ပါ။ စိတ်တွေရှုပ်ထွေးနေတာနဲ့ပဲ ခီရီအဲလ် ကုတင်အောက်မှာ ဖွက်ထားသည့် ဖတ်စာအုပ်တွေကို ပြန်ယူဖို့ မေ့လာသည်။ သို့သော်လည်း ပြဿနာတော့မရှိပေ။ အတန်းချိန်တွေက အရင်တစ်ခေါက်ကလိုပဲဆိုလျှင် ဒီတစ်လတော့ ထိုစာအုပ်တွေလိုဦးမှာမဟုတ်ပါ။

တကယ့်တရားခံက သူနဲ့ ဇက်ချ်တို့အပေါ် ထိုလစ်ချ်သုံးလိုက်သည့် နောက်ဆုံးမန္တန်ဖြစ်သည်။ ဇော်ရီယန် သေချာပါသည်။ ပြဿနာက ဘာမန္တန်လဲဆိုတာ ဇော်ရီယန် လုံးဝ မသိပါ။ စကားလုံးတွေကို ကြားတောင် မကြားဖူးပေ။ ပုံမှန်တိုင်တည်ခြင်းများက အစ်ခ်ကိုရှန်းဘာသာစကားကို အခြေခံအဖြစ် အသုံးပြုကြသည်။ မှော်ဆရာတစ်ယောက်၏ ရွတ်ဖတ်ပုံကိုကြည့်ခြင်းအားဖြင့် ဘာမန္တန်လဲသိရလောက်အောင်တော့ ဇော်ရီယန် အစ်ခ်ကိုရှန်း စကားကို ကျွမ်းကျင်ပါသည်။ သို့သော် လစ်ချ်က သူ့မန္တန်အတွက် ခြားနားသည့် ဘာသာစကားတစ်ခုကို အသုံးပြုသွားသည်။ ကံကောင်းစွာဖြင့် ဇော်ရီယန်က မှတ်ဉာဏ်ကောင်းပြီး မန္တန်စာသားအများစုကို မှတ်မိနေသည်။ ထို့ကြောင့် အသံထွက်ကို အနီးဆုံးခန့်မှန်းပြီး မှတ်စုစာအုပ်ထဲမှာ ချရေးလိုက်သည်။ သူ့စက်ဝန်းအဆင့်နဲ့ ဒီလို မန္တန်မျိုးဘယ်မှာမှ ရှာလို့မရမှာ သေချာပါသည်။ ဒီမန္တန်ကို သူ့လို ပထမစက်ဝန်းမှော်ဆရာတွေ လက်လှမ်းမမှီသည့် နေရာမျိုးမှာ ထိန်းသိမ်းထားလောက်သည်။ သို့သော်လည်း ကျောင်းစာကြည့်တိုက်က အဘိဓာန်တစ်ခုခုမှာ ဒီဘာသာစကားကို ကြိုးစားပြီး ဘာသာပြန်ကြည့်ပါမည်။

နောက်ထပ်သဲလွန်စတစ်ခုက ဇက်ချ်ဖြစ်သည်။ ဒီကောင်က လစ်ချ်စစ်စစ်တစ်ကောင်ကိုတောင် ယှဉ်တိုက်နိုင်စွမ်း ရှိသည်။ မိနစ်အတော်ကြာအောင် ခုခံတိုက်ခိုက်ပြီးမှ ရှုံးနိမ့်သွားတာဖြစ်သည်။ လစ်ချ်က သူ့ကို ကစားနေတာဟု ဆိုနိုင်သော်လည်း အထင်ကြီးဖို့ကောင်းတာကိုတော့ ငြင်းမရပါ။ ဇော်ရီယန်က ဇက်ချ်ကို တတိယစက်ဝန်း မှော်ဆရာတစ်ယောက်ဟု သတ်မှတ်နိုင်သည်။ ဒီ့ထက် မနိမ့်နိုင်ပါ။ ဒါဆို ဒီကောင်က ကျောင်းသားတွေကြားမှာ ဘာလာလုပ်နေတာလဲ။ ဇက်ချ်က ကျိန်းသေပေါက် တစ်ခုခုတော့ ထူးဆန်းနေသည်။ သို့သော် သဲလွန်စထပ်မံရှာမတွေ့မချင်း ဇက်ချ်ကို ထိပ်တိုက်ရင်ဆိုင်ပြီး ဘာတွေဖြစ်နေသလဲ မေးမြန်းဖို့ အစီအစဉ်မရှိသေးပါ။ ‘ငါတို့အကြောင်းသိလို့ မင်းကိုသတ်မှဖြစ်မယ်’ ဆိုတာမျိုးတွေနဲ့ ကြုံလာရမှာ ကြောက်ပါသည်။ နိုဗယ်ဒါ အိမ်တော်ရဲ့ မျိုးဆက်ကို ဖြစ်နိုင်ရင် သွားမရှုပ်သင့်ပါ။

ဇော်ရီယန် မှတ်စုစာအုပ်ကို ပိတ်လိုက်ပြီး ဆံပင်တွေကို လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ ဘယ်ဘက်ကပဲကြည့်ကြည့် ဒီအခြေအနေကြီးက ရူးချင်စရာကောင်းပါသည်။ သူ့မှာ အနာဂတ်မှတ်ဉာဏ်တွေ တကယ်ပဲရှိနေတာလား။ ဒါမှမဟုတ် ရူးပဲရူးသွားတာလား။ ဖြစ်နိုင်ချေ ၂ ခုစလုံးက ကြောက်ဖို့ကောင်း၏။ ဒီလို ဖြစ်ရပ်မျိုးကို တစ်ယောက်တည်း ဖြေရှင်းရလောက်အောင် အစွမ်းအစမရှိသလို အရူးထောင်သို့မဟုတ် စစ်ဆေးမေးမြန်းခန်းထဲ မရောက်စေဘဲ သူများအကူအညီဘယ်လောက်တောင်းရမလဲဆိုတာလည်း မသိပါ။

နောက်မှ စဉ်းစားဖို့သာ ဆုံးဖြတ်လိုက်တော့သည်။ မနက်ဖြန်ပေါ့။ အရာအားလုံးက ထူးဆန်းလွန်းသည်။ သူဘာဆုံးဖြတ်ချက်မှ မချခင် အရင် အိပ်စက်ဖို့လိုအပ်ပါသည်။

“တဆိတ်လောက်… ဒီခုံအားလားဟင်”

ဇော်ရီယန်က အသံပိုင်ရှင်ကိုလှည့်ကြည့်လိုက်ပြီး စက္ကန့်ပိုင်းလောက်ကြာတော့ မှတ်မိသွားသည်။ ကော်ဆာ ဘူတာမှာ ရထားဆိုက်ကပ်သောအခါ သူနဲ့ တစ်ခန်းတည်းလာထိုင်သည့် အစိမ်းရောင်လည်ခေါက်ဆွယ်တာနဲ့ အမည်မဲ့ ကောင်မလေးမဟုတ်လား။ အမှန်ပင်။ အရင်တစ်ခေါက်ကတော့ ဒီလိုမေးခွန်းမျိုး သူမ မမေးခဲ့ပါ။ ဘာလို့ ပြောင်းလဲသွားတာလဲ။ ဪ… အရေးမကြီးပါဘူးလေ။ အရေးကြီးတာက သူမနောက်မှာ နောက်ထပ် ကောင်မလေး ၄ ယောက်ထပ်ပါလာဦးမှာဖြစ်ပြီး အလွယ်အာကျယ် ဆူညံကြသော ကောင်မလေးများဖြစ်သည်။ ဒီတစ်ခေါက်တော့ သူတို့သောင်းကျန်းတာတွေကို နားထောင်ပြီး ကျန်ခရီးတစ်ခုလုံး ဒုက္ခမခံနိုင်ပါ။

“အားပါတယ်” သူခေါင်းငြိမ့်လိုက်သည်။ “တကယ်တော့ ကျွန်တော်သွားတော့မလို့။ အခု ကော်ဆာဘူတာ ဆိုက်တာမလား။ ကံကောင်းပါစေ မစ္စ”

ထို့နောက် သူ့ခရီးဆောင်အိတ်ကို အမြန်ယူကာ ကောင်မလေးကို ဖြစ်ချင်ရာဖြစ် ထားခဲ့လိုက်ပြီး တခြား ရထားခန်းထဲသို့ ဇော်ရီယန် ထွက်ပြေးလာခဲ့ပါသည်။

ဒီလိုနေရာမှာတော့ အနာဂတ်မှတ်ဉာဏ်တွေက အသုံးဝင်ပါပေသည်။

--- --- ---

ဝုန်း!

“ပိုးဟပ်လေး!”

ဝုန်း ဝုန်း ဝုန်း!

“ပိုးဟပ်လေး။ သောက်တံခါးကို ဖွင့်စမ်း! နင်အထဲမှာရှိတာ ငါသိတယ်နော်!”

ဇော်ရီယန် ကုတင်ပေါ်မှာ လူးလှိမ့်လျက် ညည်းတွားလိုက်သည်။ အစောကြီး တိုင်ဗန် ဘာလာလုပ်တာလဲ။

နေပါဦး…။

သူ့အံဆွဲထဲက နာရီကို လှမ်းယူကြည့်လိုက်သောအခါ တိုင်ဗန် စောတာမဟုတ်မှန်း သိလိုက်ရ၏။ ဇော်ရီယန် မွန်းတည့်ချိန်အထိ အိပ်ပျော်သွားတာသာဖြစ်သည်။ ရထားဘူတာမှ ကျောင်းတော်သို့ သူတန်းတန်းမတ်မတ်လာခဲ့တာ မှတ်မိသည်။ အခန်းထဲကို ရောက်တော့ မိနစ်ပိုင်းအတွင်း အိပ်ပျော်သွား၏။ ဒါတောင် အအိပ်လွန်သွားဆဲ။

သေဆုံးသွားပြီး အတိတ်မှာ ပြန်နိုးထလာရတာက တကယ် စိတ်ပင်ပန်းဖို့ကောင်းပါသည်။

ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်း!

“လာပြီဟ! လာပြီ!” ဇော်ရီယန် အော်လိုက်သည်။ “ငါ့တံခါးကို ထုရိုက်မနေစမ်းနဲ့!”

သို့သော်လည်း တိုင်ဗန်က အရွဲ့တိုက်ပြီး ပိုကျယ်ကျယ်လောင်လောင် ထုရိုက်လိုက်ပါသည်။ ဇော်ရီယန် ကိုယ့်ကိုယ်ကို လူရုပ်ထွက်အောင် ပြင်ဆင်လိုက်ပြီး တံခါးဆီသို့ ဆောင့်ကြီးအောင့်ကြီး လျှောက်သွားလေသည်။ တံခါးကို ဆွဲဖွင့်ကာ တိုင်ဗန်ကို ခပ်စူးစူး စိုက်ကြည့်လိုက်၏…

… သို့သော် သူမကတော့ မမှုပါ။

“အောင်မယ်လေးနော်!” သူမ ပြောလိုက်သည်။ “ဘာလို့ဒီလောက်ကြာနေတာလဲ?!”

“အိပ်နေတာလေ” ဇော်ရီယန် ညည်းတွားလိုက်၏။

“ဟုတ်လို့လား”

“အေး”

“ဒါမယ့်…”

“ငါပင်ပန်းနေလို့” ဇော်ရီယန် ဒေါသတကြီး ပြောလိုက်သည်။ “တော်တော်ပင်ပန်းနေတာ!။ ဘာလုပ်နေတာလဲ။ အထဲဝင်မယ်ဆို ဝင်”

တိုင်ဗန် အခန်းထဲ အမြန်ဝင်လာသည်။ ဇော်ရီယန် စိတ်တည်ငြိမ်အောင် ခဏအချိန်ယူလိုက်ပြီး တိုင်ဗန်နဲ့ ရင်ဆိုင်လိုက်လေသည်။ သူ့အနာဂတ်မှတ်ဉာဏ်တွေအရဆိုရင် ရေဆိုးမြောင်းမစ်ရှင်မှာ အတူလိုက်ဖို့ ငြင်းလိုက်ပြီးကတည်းက သူ့ဆီ တိုင်ဗန် ထပ်မလာတော့ပါ။ ဒါကိုကြည့်ခြင်းအားဖြင့် သူတို့ရဲ့ ‘ခင်မင်မှု’က မေးခွန်းထုတ်စရာဖြစ်လာသည်။ သို့သော် ဇော်ရီယန်ဘက်ကလည်း သူမအကြောင်းကို မတွေးမိသလောက် ရှိသဖြင့် အပြစ်တင်လို့တော့မရပေ။ ဘာပဲဖြစ်ဖြစ် အနာဂတ်မှတ်ဉာဏ်တွေထဲကထက် အခုဆို ထိုမစ်ရှင်ကို ပိုလို့တောင် လက်မခံချင် ဖြစ်နေပါသည်။ အခုချိန်မှာ သူ့အတွက် ပိုအရေးပါသည့် ကိစ္စတချို့ရှိနေသည်။ ကံကောင်းစွာဖြင့် ဒီတစ်ခေါက်တော့ သူမကို ငြင်းလွှတ်ဖို့ သိပ်ပြီး အားမစိုက်ခဲ့ရပါ။ အချိန် တစ်နာရီလောက်သာ ကြာပါသည်။

ထိုကိစ္စပြီးသောအခါ ဇော်ရီယန် စာကြည့်တိုက်သို့ ထွက်လာခဲ့သည်။ အနီးနားရှိ ပေါင်မုန့်ဆိုင်မှာ လမ်းကြုံ ပေါင်မုန့် ဝင်စားလိုက်သေး၏။ စာကြည့်တိုက်ထဲရောက်တာနဲ့တစ်ပြိုင်နက် အချိန်ခရီးသွားခြင်းနဲ့ ပတ်သတ်သည့် စာအုပ်များကို ရှာဖွေပြီး မန္တန်ရွတ်ဖို့ လစ်ချ်အသုံးပြုခဲ့သည့် ဘာသာစကားကိုလည်း ရှာဖွေဖို့ ကြိုးစားသည်။

ရလဒ်က စိတ်ပျက်ဖို့ကောင်းသည်ဟု ပြောလျှင် မလေးနက်ရာကျမည်။ ပထမတစ်ချက်က အချိန်ခရီးသွားခြင်းနှင့် ပတ်သတ်သည့် စာအုပ်လုံးဝမရှိပါ။ အချိန်ခရီးသွားခြင်းက မဖြစ်နိုင်သဖြင့် ပညာရေးနယ်ပယ်တစ်ခုဟု သတ်မှတ်ထားကြပုံမပေါ်ပါ။ မသက်ဆိုင်သည့် စာအုပ်များ၏ ဟိုနားထောင့် ဒီနားထောင့်တွင်သာ အရေးမပါသလို ရေးသားထားတာကိုမြင်နိုင်သည်။ ထိုစာပိုဒ်များကို တစ်ခုချင်းစီလိုက်မှတ်သားပြီး ပြန်လည်ပေါင်းစည်းဖို့က အလွန်ပင်ပန်းစရာကောင်းပါသည်။ ပြန်ရလိုက်တာကလည်း လက်ဆုပ်လက်ကိုင်ပြစရာမရှိပါ။ သူ့အနာဂတ် မှတ်ဉာဏ်တွေနဲ့ ပတ်သတ်သည့် ပဟေဠိကို ဘယ်စာပိုဒ်ကမှ ဖြေရှင်းမပေးနိုင်ချေ။ လစ်ချ် အသုံးပြုခဲ့သည့် ဘာသာစကားကိုရှာဖွေဖို့က ပိုလို့တောင် စိတ်ရှုပ်ထွေးဖို့ကောင်းပါသည်။ မန္တန်ကို ဘာသာပြန်ဖို့အသာထား၊ ဘယ်ဘာသာစကားမှန်းတောင် မသိရသေးပေ။

စနေ၊တနင်္ဂနွေ နှစ်ရက်လုံး စာကြည့်တိုက်ထဲမှာသာ အချိန်ကုန်ဆုံးခဲ့ပြီး နောက်ဆုံးတော့ ဘာရလဒ်မှ မရမှန်း သေချာသွားသောအခါ လေ့လာထားသမျှအကုန် စွန့်လွှတ်လိုက်ပါတော့သည်။ ထို့အပြင် စာကြည့်တိုက် အလုပ်သမားတွေက သူဖတ်နေသည့် စာအုပ်တွေကြောင့် ဇော်ရီယန်ကို ထူးထူးဆန်းဆန်းအကြည့်တွေနဲ့ စကြည့်လာကြလေပြီ။ ဇော်ရီယန် ဘာကောလဟာလမှ မထွက်စေချင်ပါ။ ကျောင်းဖွင့်တာနဲ့ ဇက်ချ်ကို အကြောင်းစုံ ရှင်းပြခိုင်းဖို့ လှည့်စားနိုင်လိမ့်မည်ဟု မျှော်လင့်ရပါသည်။

… … …

All Chapters