← Chapters

ပြန်လည်စတင်ခြင်း

Vol. 1 Ch. 5.2

ပြန်လည်စတင်ခြင်း

Vol. 1 Ch. 5.2

“နင်နောက်ကျတယ်”

ဇော်ရီယန်က အာကိုဂျာ၏ ခပ်တည်တည်မျက်နှာကို တိတ်တဆိတ် စူးစမ်းကြည့်နေသည်။ ထိုနေ့ ညနေခင်းက ပြဿနာကြောင့် ဘာဒရမ်မာမှ မဖြေရှင်းရတော့မှာကို သူဝမ်းသာမိပါသည်။ သို့သော် ထိုနေ့က အာကိုဂျာ ဘာကြောင့် အဲ့လောက်ပေါက်ကွဲသွားမှန်း သူနားမလည်သေးပါ။ သူမ ပုံစံက ဇော်ရီယန်ကို တစ်ဖက်သက် ကြိုက်နေသည့် ပုံစံမျိုးလည်း မပေါက်ပေ။ ထို့ကြောင့် သူ့စကားကြောင့် ဘာလို့ အာကိုဂျာ အရမ်းစိတ်ထိခိုက် သွားရတာလဲ။

“ဘာလဲ” အာကိုဂျာက မေးလိုက်သည်။ ထိုအခါမှ ဇော်ရီယန် သတိပြန်ဝင်လာပြီး အာကိုဂျာကို စိုက်ကြည့်နေတာ တော်တော်ကြာသွားပြီဖြစ်မှန်း သိလိုက်ရပါသည်။

“အတန်းထဲမှာ ကျောင်းသားတစ်ဝက်တောင် မပြည့်သေးတာကို ဘာလို့ ငါ့ကိုလာငေါက်နေတာလဲ အာကို” ဇော်ရီယန် မေးလိုက်သည်။

“ဘာလို့လဲဆိုတော့ အနည်းဆုံး နင်က သူတို့လိုမဟုတ်ဘဲ ငါ့စကားနားထောင်နိုင်ချေရှိလို့လေ” အာကိုဂျာက ဝန်ခံသည်။ “ပြီးတော့ နင့်လိုလူမျိုးက တခြားကျောင်းသားတွေရဲ့ စံပြပုဂ္ဂိုလ်ဖြစ်ရမှာ။ သူတို့နဲ့ တန်းတူအောင် နေရမှာမဟုတ်ဘူး”

“ငါ့လိုလူမျိုးဟုတ်လား” ဇော်ရီယန်က မေးလိုက်၏။

“အထဲဝင်မှာဖြင့် ဝင်စမ်းပါ!” အာကိုဂျာ စိတ်ပေါက်စွာ နှင်ထုတ်လိုက်သည်။

ဇော်ရီယန် သက်ပြင်းချလျက် စာသင်ခန်းထဲဝင်လာခဲ့သည်။ ဒီကိစ္စကို ဒီတိုင်းပဲ ထားလိုက်တာ ပိုကောင်းပါသည်။ သူ့မှာရှင်းစရာတခြားကိစ္စတွေရှိသေး၏။ ထို့အပြင် အာကိုဂျာက အလွန် စည်းကမ်းတင်းကျပ်လွန်းသူဖြစ်သည်။ ဒါမျိုးက သူ့အကြိုက်မဟုတ်ပါ။

စာသင်ခန်းထဲဝင်လာပြန်တော့လည်း သူဘာတွေမျှော်လင့်နေမိလဲ မသိပါ။ ကျောင်းသားတွေအကုန် လုပ်လက်စအလုပ်တွေ အကုန်ရပ်ပြီး သူ့ကို ဝိုင်းကြည့်ကြလိမ့်မည်ဟု ထင်နေတာလား။ သူ့အတွက် တစ်နှစ်တာ၏ စာသင်နှစ်အစ ပထမဆုံးအတန်းကို ၂ ခါပြန်တက်ရတာကြောင့် စိတ်ထဲတစ်မျိုးဖြစ်နေနိုင်သည်။ သို့သော်လည်း တခြားသူတွေအတွက်ကတော့ ဒုတိယအကြိမ်မဟုတ်ပေ။ ထို့ကြောင့် အတန်းထဲမှာ ထူးထူးခြားခြား ဘာမှ မတွေ့ရပါ။ စိတ်ထင့်နေတာတွေကို ဖိသိပ်ပြီး စာသင်ခန်းအနောက်ဘက်မှာ ဝင်ထိုင်လိုက်ကာ ဇက်ချ် ရောက်လာမည့်အချိန်ကို စောင့်နေလိုက်၏။ ဒီကိစ္စနဲ့ ဇက်ချ်တစ်ခုခု ပတ်သတ်နေမှာ သေချာသည်။ ဖြစ်ပျက်နေတာတွေကို နားလည်ဖို့အတွက် ဇက်ချ်က အကောင်းဆုံး သဲလွန်စဖြစ်လာနိုင်ပါသည်။

ဘရီယမ်၏ မီးနဂါးပေါက်လေးက သောင်းကျန်းကာ ဘရီယမ့် ဘေးနားက အတန်းဖော်နောက်ကို ဒေါသတကြီး ပြေးလိုက်နေသည့်မြင်ကွင်းကို ဇော်ရီယန် မြင်နေရပါသည်။ ခဏကြာမှ ဘရီယမ် သူ့နဂါးပေါက်ကို ထိန်းလိုက်နိုင်သည်။ ဖြစ်ချင်တော့ ထိုမှော်သတ္တဝါက ကံမကောင်းလှသည့် ထိုကောင်လေးကို ဇော်ရီယန်ထက်တောင် ပိုမုန်းတီးနေပါသည်။ ထို့နောက် အီလ်ဆာ စာသင်ခန်းထဲဝင်လာပြီး အတန်းစလေသည်။

ဇက်ချ်ကတော့ ရောက်မလာခဲ့ပေ…။

ဒီပြောင်းလဲမှုကြောင့် အံ့အားသင့်တုန်လှုပ်သွားပြီး အတန်းချိန်တစ်ချိန်လုံး ဇော်ရီယန် ရီဝေစွာနဲ့ ကုန်ဆုံးခဲ့ရသည်။ ဇက်ချ် ဘယ်ရောက်သွားတာလဲ။ အခုချိန်ထိ အရာရာက သူ့အနာဂတ်မှတ်ဉာဏ်တွေထဲကအတိုင်း တသွေမတိမ်း ဖြစ်ပျက်နေခဲ့တာဖြစ်သည်။ သို့သော် ဇက်ချ် အတန်းထဲကို ရောက်မလာတာကတော့ ပထမဆုံး ကြီးကြီးမားမား ပြောင်းလဲမှုတစ်ခုပင်။ ဒီရူးသွပ်ချင်စရာ ကိစ္စမှာ ဇက်ချ်တစ်ထောင့်တစ်နေရာက ပါဝင်နေမှန်း ပိုသေချာသွား၏။ သို့သော်လည်း ဇက်ချ်ကို ဇော်ရီယန် လက်တလော မြင်နိုင်တော့မည်မထင်ပါ။

သင်ခန်းစာက ပထမဆုံးအကြိမ် နားထောင်ရတုန်းကထက် ပိုပြီး စိတ်ရှုပ်ဖို့ကောင်းလာသည်။ သူ့ရှုထောင့်က ကြည့်လျှင် ဒီသင်ခန်းစာတွေကို လွန်ခဲ့သည့် တစ်လကမှ နားထောင်ထားရတာမဟုတ်လား။ အီလ်ဆာက ကြိုတင် ဇာတ်ညွှန်းရေးထားသည့်အတိုင်း သင်ကြားနေသည့်ပုံစံပင်။ အဘယ့်ကြောင့်ဆိုသော် ဒီသင်ခန်းစာက သူ့မှတ်ဉာဏ်ထဲက သင်ခန်းစာနဲ့ လုံးဝ ချွတ်စွတ်တူညီနေတာကြောင့်ဖြစ်ပါသည်။ တစ်ခုတည်းသော ခြားနားချက်က အီလ်ဆာ၏ မေးခွန်းများကို အာကိုဂျာနဲ့ ယှဉ်ပြိုင်ဖြေဆိုဖို့ အတန်းထဲမှာ ဇက်ချ် ရှိမနေတာသာ ဖြစ်သည်။

ပြန်တွေးကြည့်မှ ကိစ္စတွေက ပိုမိုရှင်းလင်းလာသည်။ ပထမဆုံး အတန်းမှာတင် ဇက်ချ်က ထူးထူးဆန်းဆန်း ပြုမူနေခဲ့တာဖြစ်သည်။ သို့သော် ဇော်ရီယန် ဘာမှမတွေးခဲ့ပါ။ ဆရာမရဲ့ မေးခွန်းတွေကို ဇက်ချ်ဖြေဆိုနိုင်တာက အနည်းငယ် အံ့အားသင့်ဖို့ကောင်းသော်လည်း လုံးဝ မဖြစ်နိုင်တာတော့မဟုတ်ပေ။ ဒီတိုင်း စာပြန်နွှေးချိန်ပဲ မဟုတ်လား။ အရင်နှစ်က စာမေးပွဲအောင်ဖို့ ဒါတွေ သိထားမှဖြစ်မှာကိုး။ ထို့ကြောင့် ဇက်ချ်၏ ရုတ်တရက် တိုးတက်လာမှုကို တခြားသူတွေ သတိထားမိဖို့ ၂ ပတ်လောက် ကြာခဲ့ပါသည်။

မေးခွန်းတွေအများကြီးရှိသော်လည်း အဖြေကတော့ အနည်းငယ်သာ။ မကြာခင် ဇက်ချ်ရောက်လာပါစေဟုသာ ဇော်ရီယန် ဆုတောင်းမိတော့သည်။

--- --- ---

ထိုနေ့က ဇက်ချန်အတန်းမလာခဲ့ပါ။ နောက်တစ်နေ့လည်း မလာခဲ့ပါ။ နောက်တစ်နေ့ပြီး နောက်တစ်နေ့လည်း ရောက်မလာပါ။ သောကြာနေ့ရောက်တော့ ဇက်ချ် ဘယ်တော့မှ လာမှာမဟုတ်တာကို ဇော်ရီယန် သေချာသွားပါသည်။ ဘန်နစ်ဆက်ခ်ကို မေးကြည့်ရာ ဆိုင်အောရီးယားသို့ ဇော်ရီယန် ရထားဖြင့်လာသည့်နေ့မှာပဲ ဇက်ချ်တစ်ယောက် သူ့မိသားစု စံအိမ်ကြီးမှ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့လေသည်။ ထိုကတည်းက ဘယ်သူမှ ဇက်ချ်၏ အရိပ်အယောင်မမြင်ရတော့ပါ။ ဇက်ချ်၏ အုပ်ထိန်းသူများက ငှားရမ်းထားသော စုံထောက်တွေတောင် မလုပ်နိုင်သည့် လုပ်ရပ်မျိုး ဇော်ရီယန် လုပ်နိုင်မည်မထင်ပါ။ ထို့အပြင် ဟိုမေးဒီမေး လိုက်မေးပြန်ရင်လည်း သံသယဖြစ်စ်စရာ ကောင်းသွားနိုင်သည်။ ထို့ကြောင့် စိတ်ညစ်စွာနဲ့ပဲ ပဟေဠိဆန်သော ဇက်ချ်၏ ပျောက်ကွယ်မှုကို ခဏဘေးချိတ်ထားလိုက်ရတော့သည်။

အနည်းဆုံးတော့ သူ့ကျောင်းကိစ္စတွေ အဆင်ပြေနေပါသည်။ အနာဂတ်မှတ်ဉာဏ်တွေရဲ့ ကျေးဇူးကြောင့် နိုရာဘိုလီ၏ စာမေးပွဲများကို အမှတ်အမြင့်ဆုံးရအောင် ဖြေဆိုနိုင်ခဲ့သည်။ ဘာမှ လေ့လာစရာလည်း မလိုခဲ့ပါ။ နည်းနည်းလောက် ပြန်နွှေးလိုက်ရုံနဲ့ ဘယ်မေးခွန်းကိုမဆို ကျော်လွှားနိုင်ပါသည်။ အကာအရံ မှော်ပညာအတန်းမှာ လည်း အေးအေးဆေးဆေးဖြစ်သွားတာကြောင့် လာမည့်နွေရာသီပွဲတော်နဲ့ကျူးကျော်တိုက်ခိုက်မှုတို့ကို ဘယ်လို တုန့်ပြန်ရမလဲ စဉ်းစားဖို့ အချိန်တွေအများကြီးရှိသွားပါပြီ။

စိတ်မကောင်းစရာက ဇက်ချ်မရှိသဖြင့် ဇော်ရီယန်ရဲ့ သဲလွန်စတွေအကုန် လမ်းဆုံးရောက်နေပြီး ဘယ်လို ရှေ့ဆက်ရမလဲ လမ်းပျောက်နေပါပြီ။

“ဝင်ခဲ့”

ဇော်ရီယန်တစ်ယောက် ဗင်ချောင်၏ ရုံးခန်းတံခါးကို ဖွင့်ဝင်လာပြီး ဗင်ချောင်ကို ယုံကြည်ချက်ရှိရှိ စိုက်ကြည့်လိုက်၏။ အခုဆို သူ့ရဲ့ အနာဂတ်မှတ်ဉာဏ်တွေ ဘယ်‌လောက်တိကျသလဲဆိုတာ ဇော်ရီယန် ယုံကြည်ချက်ရှိနေပါပြီ။ ဇက်ချ် ပျောက်ဆုံးသွားသည့် ကိစ္စအပြင် ဒီကိစ္စကလည်း နောက်ထပ် စိတ်ရှုပ်ထွေးစရာ ဖြစ်လာမှာ သူကြိုသိနေသည်။ ဗင်ချောင်နဲ့ မတွေ့ဖို့ စဉ်းစားမိသော်လည်း ဒီလူရဲ့ ယုတ်မာမှုအောက်မှာ သူကြံ့ကြံ့ခံနိုင်ခဲ့တာကို သဘောကျတာကြောင့် အီလ်ဆာက သူမလက်အောက်ခေါ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်မည်ဟု ဇော်ရီယန် ခန့်မှန်းမိသည်။ ထို့အပြင် သူလက်လျှော့လိုက်ပါက ဗင်ချောင်ကို အနိုင်ပေးသလိုဖြစ်သွားလိမ့်မည်။ အရင်တစ်ခေါက်က ဒီလူ သူ့ကို လက်လျှော့သွားအောင် တမင်သက်သက် နှိပ်စက်ခဲ့တာဟု ဇော်ရီယန် ခံစားနေရသည်။ ဘာမှ နှုတ်ဆက်မနေဘဲ ဇော်ရီယန် ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ သူ့ရဲ့ရိုင်းပျသော အပြုအမူကို ဗင်ချောင် ဘာမှအရေးမလုပ်တာကို မြင်ရတော့ ဇော်ရီယန် အနည်းငယ် စိတ်ပျက်သွား၏။

“ဇော်ရီယန် ခါဇင်စကီလား” ဗင်ချောင်က မေး၏။ ဇော်ရီယန် ခေါင်းငြိမ့်လိုက်ပြီး ဗင်ချောင်ပစ်ပေးလိုက်သော ဖောင်တိန်ကို ဆတ်ခနဲ ကွက်တိ ဖမ်းယူလိုက်သည်။ ဒီတစ်ခေါက်တော့ သူ့ကို ဒါမျိုးလာလုပ်လို့မရတော့ပါ။

“အခြေခံမန္တန် ၃ မျိုး သုံးပြ” ဗင်ချောင်က အမိန့်ပေးလိုက်၏။ ဇော်ရီယန် ဖောင်တိန်ဖမ်းမိတာကို အထင်ကြီးပုံ မပေါ်ပါ။

အသက်တောင် အပိုမရှူတော့ဘဲ ဇော်ရီယန် လက်ဖဝါးဖြန့်လိုက်သည်။ ထို့နောက် ဖောင်တိန်က သူ့လက်ဖဝါးပေါ်မှ လေပေါ်သို့မြောက်တက်သွားလေသည်။

“လည်သွားအောင် လုပ်ပြ” ဗင်ချောင်က ပြော၏။

ဇော်ရီယန် မျက်လုံးပြူးသွားသည်။ ‘ပြန်လုပ်’ဆိုတဲ့ စကားမပြောတော့ဘူးလား။ ထိုနေ့ည ကပွဲမတိုင်ခင်က ဗင်ချောင်နဲ့ နောက်ဆုံးတွေ့ရသည့် အချိန်မှာ သူဒီလိုတစ်ပုံစံတည်းပဲ လုပ်ပြတော့ ဗင်ချောင်က ထုံးစံအတိုင်း ‘ပြန်လုပ်’ ဟူ၍သာ တုန့်ပြန်ခဲ့သည်။ အခု ဘာပြောင်းလဲသွားလို့လဲ။

“မင်း နားလေးနေတာလား” ဗင်ချောင် မေးလိုက်၏။ “လည်သွားအောင်လုပ်လို့ ပြောနေတယ်!”

ဇော်ရီယန် မျက်တောင်တဖျပ်ဖျပ်ခတ်မိသွား၏။ အနာဂတ်မှတ်ဉာဏ်တွေကို အားကိုးလို့မရတော့ဘဲ ပစ္စုပ္ပန်ကိုသာ အာရုံစိုက်ထားသင့်ကြောင်း နားလည်သွား၏။ “ဘယ်လို…?။ လည်သွားအောင် လုပ်ဆိုတာ ဘာကို ပြောတာလဲ။ အခြေခံမန္တန် ၃ မျိုးမှာ အဲ့တာမပါဘူးလေ…”

ဗင်ချောင်က ဒရမ်မာဆန်ဆန် သက်ပြင်းချလိုက်ပြီး ဖောင်တိန်တစ်ချောင်းကိုယူကာ သူ့လက်ဖဝါးပေါ် တင်ပြလိုက်သည်။ ဇော်ရီယန်ရဲ့ ဖောင်တိန်လို ဒီတိုင်း လေပေါ် ရပ်တန့်နေရမည့်အစား ဗင်ချောင်၏ ဖောင်တိုင်ကတော့ ပန်ကာဒလက်တစ်ခုလို လည်နေပါသည်။

“ကျွန်တော်… အဲ့တာမျိုး မလုပ်တတ်ဘူး” ဇော်ရီယန် ဝန်ခံလိုက်၏။ “အတန်းထဲမှာလည်း မသင်ခဲ့ရဘူး”

“ဟုတ်တယ်။ အဲ့ဒီအတန်းတွေကြောင့် ကျောင်းသားတွေရဲ့ အလားအလာပျက်စီးသွားတာကို မြင်ရတာ စိတ်မကောင်းစရာပဲ” ဗင်ချောင်ကဆိုသည်။ “ဝတ္ထုဈာန်ပျံလေ့ကျင့်ခန်းရဲ့ အသေးစားမျိုးကွဲမန္တန်လေးတစ်ခုကို အသိအမှတ်ပြုခံထားရတဲ့ မှော်ဆရာတစ်ယောက်က မသုံးနိုင်ဘူးဆိုတာ ဖြစ်သင့်ရဲ့လား။ ကိစ္စတော့မရှိပါဘူး။ နောက်တစ်ဆင့်မတက်ခင် ဒီလိုအပ်ချက်ကို အရင် လေ့ကျင့်ကြတာပေါ့”

ဇော်ရီယန် သက်ပြင်းချလိုက်၏။ ကောင်းကွာ…။ ဒါ့ကြောင့်လည်း ဘယ်ကျောင်းသားကမှ ဗင်ချောင် သဘောကျလောက်အောင် အခြေခံမန္တန် ၃ မျိုးကို သုံးမပြနိုင်ကြတာဖြစ်မည်။ ဒီလူက ‘ကျွမ်းကျင်မှု’ဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို သူလိုရာ ဆွဲသတ်မှတ်တတ်သူဖြစ်နေတာကိုး။ အခြေခံမန္တန် ၃ မျိုးရဲ့ တစ်ခုချင်းစီတိုင်းမှာ ‘အသေးစားမျိုးကွဲ’ ရာနဲ့ချီပြီး ရှိနေနိုင်သည်။ အကုန်လုံးကို လိုက်သင်ရမည်ဆို ဆယ်စုနှစ်တွေအများကြီး ကြာသွားပါလိမ့်မည်။ ၂ နှစ်အတွင်း ဘယ်သူမှ အကုန် မသင်နိုင်ပါ။ အထူးသဖြင့် ဗင်ချောင်ရဲ့ ‘ကျွမ်းကျင်မှု’ ဟူသည့် စံနှုန်းကို ပြည့်မှီဖို့ဖြစ်သည်။

“လုပ်လေ” ဗင်ချောင် ငေါက်လိုက်သည်။ “စတော့”

ဇော်ရီယန် သူ့လက်ဖဝါးပေါ်မှာ ဝဲပျံနေသည့် ဖောင်တိန်အပေါ် အာရုံစူးစိုက်ကာ လည်သွားအောင် ဘယ်လို လုပ်ရမလဲ ကြိုးစားနေသည်။ ရိုးရိုးရှင်းရှင်းပဲ ဖြစ်မှာပါ။ ဖောင်တိန်ရဲ့ အလယ်ဗဟိုတည့်တည့်မှာ ပုံသေတည်ငြိမ်မှု အမှတ်တစ်ခု သတ်မှတ်ပေးပြီး ဖောင်တိန်ရဲ့ အစွန်းဘက်တွေကို ဖိအားပေးလိုက်ရုံပဲမဟုတ်လား။ သူ့ခေါင်းထဲ ဒီလိုအတွေးမျိုး ပထမဆုံးရောက်လာတာဖြစ်သည်။ ဖောင်တိန်ကို နည်းနည်းလေး လှုပ်ရှားသွားအောင် လုပ်နိုင်နေစဉ် နဖူးတည့်တည့်ကို ရင်းနှီးနေပြီးသား အရာတစ်ခုလာမှန်တာ ခံစားလိုက်ရသည်။

ဗင်ချောင်ကို ဇော်ရီယန် မကျေနပ်စွာ စိုက်ကြည့်လိုက်သည်။ ဒီလူ့ရဲ့ ဂေါ်လီလုံးတွေအကြောင်း မေ့သွားတာကြောင့် ကိုယ့်ကိုယ်ကိုလည်း အပြစ်တင်မိသည်။ ဗင်ချောင်က ဇော်ရီယန်လက်ဖဝါးပေါ်မှာ ဝဲပျံနေဆဲဖြစ်သည့် ဖောင်တိန်ကို လှမ်းကြည့်လိုက်သည်။

“မင်း အာရုံပျက်မသွားဘူးပဲ” ဗင်ချောင် ချီးကျူးလိုက်သည်။ “တော်တယ်”

“ကျွန်တော့်ကို ဂေါ်လီလုံးနဲ့ ပစ်လိုက်တာလား” ဇော်ရီယန် စွပ်စွဲသည်။

“မင်းကို အမြန်လုပ်ဖို့ အချက်ပေးတာ” ဗင်ချောင်က ဂရုမစိုက်ဘဲ ပြန်ပြောလိုက်သည်။ “မင်းလုပ်တာ နှေးလွန်းတယ်။ ဒီ့ထက်မြန်ရမယ်။ မြန်ကိုမြန်ရမယ်! ပြန်လုပ်စမ်း”

ဇော်ရီယန် သက်ပြင်းချကာ ကိုယ့်တာဝန်ကိုယ် ပြန်အာရုံစိုက်လိုက်သည်။ အမှန်ပင်။ စိတ်ရှုပ်စရာ ဒီလေ့ကျင့်ခန်းတွေကတော့ ပြောင်းလဲသွားတဲ့အထဲ မပါတာ သေချာပါသည်။

--- --- ---

လေ့ကျင့်ခန်းနဲ့ မရင်းနှီးတာကတစ်ကြောင်း၊ ဘေးက ဗင်ချောင်ကလည်း ဆက်တိုက် နှောင့်ယှက်နေတာက တစ်ကြောင်း၊ ဇော်ရီယန်တစ်ယောက် အတန်းအဆုံးတွင် ဖောင်တိန်ကို ဒယိမ်းဒယိုင် လှုပ်ခါသွားအောင်သာ လုပ်နိုင်ခဲ့သည်။ … ဒါ အနည်းငယ်ရှက်ဖို့ကောင်းပါသည်။ သူ့ရဲ့ သာမန်ထက်အနည်းငယ် ပိုသာသော ပုံဖော် စွမ်းရည်များက တခြား မှော်ကျောင်းသားတွေနဲ့ သူ့ကို ကွဲပြားစေသည့်အရာတွေဖြစ်သည်။ ဗင်ချောင် ဘယ်လောက်ပဲ အာရုံဖျက်ဖို့ ကြိုးစားပါစေ ဒီ့ထက်ပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်သည်ဟု ကိုယ့်ကိုယ်ကို အပြစ်တင်နေမိသည်။ ကံကောင်းစွာဖြင့် ကျောင်းစာကြည့်တိုက်မှာ ထိုလေ့ကျင့်ခန်းအကြောင်း အသေးစိတ် ရေးသားထားသည့် စာအုပ်တစ်အုပ်ကို အလွယ်တကူရှာတွေ့ပါသည်။ ထို့ကြောင့် နောက်တစ်ပတ်လောက်ဆို ဒီလေ့ကျင့်ခန်းကို သူကျွမ်းကျင်နေလောက်ပြီ။ အင်း… ဗင်ချောင် စိတ်ကျေနပ်လောက်အောင်တော့ ကျွမ်းကျင်ဦးမှာ မဟုတ်ပါ။ သို့သော် ဗင်ချောင်နဲ့ နောက်တစ်ခေါက် ထပ်မတွေ့ခင် သူဘာလုပ်ရမလဲဆိုတာ အနည်းဆုံးတော့ ကြိုလေ့လာထားချင်ပါသည်။

အမှန်ပင်။ ပုံမှန်သာဆို ခပ်ပေါပေါ ပုံဖော်လေ့ကျင့်ခန်းတစ်ခုအတွက် သူဒီလောက်ထိ အားစိုက်ထုတ်မှာမဟုတ်ပါ။ သို့သော် သူ့စိတ်ကို အာရုံလွှဲထားဖို့ လိုအပ်နေသည်။ အစက ဒီ အချိန်ခရီးသွားခြင်းဖြစ်ရပ်ကြီးတစ်ခုလုံးမှာ အလွန် အဓိပ္ပာယ်မဲ့လွန်းသဖြင့် သူစိတ်အေးအေးထားဖို့တောင် အခက်တွေ့ခဲ့သည်။ သူ့ရင်ထဲက တစ်နေရာမှာတော့ ဒီဖြစ်ရပ်ကို အိပ်မက်တစ်ခုဖြစ်ဖို့သာ မျှော်လင့်နေဆဲဖြစ်၏။ တစ်နေ့ကျ အိပ်ရာမှ နိုးထလာပြီး အကုန်မေ့သွားလျှင် ပိုကောင်းမည်ဟု ဆုတောင်းမိသည်။ သို့သော်လည်း အခုလက်ရှိ ကြုံနေရတာတွေကို ကြည့်ခြင်းအားဖြင့် သူရင်ဆိုင်ခဲ့ရသည့် ဖြစ်ရပ်က အစစ်အမှန်ဆိုတာ ပိုပိုပြီး သိသာထင်ရှားလာတာကြောင့် စိတ်ချောက်ချားပြီး ဒေါသလည်းထွက်မိသည်။ သူဘာလုပ်ရမလဲ။ ဇက်ချ်၏ ပဟေဠိဆန်ဆန် ပျောက်ကွယ်သွားမှုက သူ့အတွက် အခြေအနေ ပိုဆိုးစေသည်။ ကျူးကျော်စစ်အကြောင်းကိုလည်း ဘယ်သူ့ကိုမှ မပြောရဲပါ။ ဇော်ရီယန်က နကိုကတည်းကမှ အနစ်နာခံတတ်သူမဟုတ်သဖြင့် သူ့ကိုယ်သူ ဒုက္ခရောက်ခံပြီး သူများတွေကို မကယ်တင်ချင်ပါ။ သူ့အနာဂတ်မှတ်ဉာဏ်တွေက တကယ်တမ်းဘာပဲဖြစ်ဖြစ် သူ့အတွက် ဒုတိယအခွင့်အရေးပဲမဟုတ်လား။ အနာဂတ် မှတ်ဉာဏ်အဆုံးမှာ သူသေဆုံးသွားခဲ့တာ သေချာပါသည်။ ဒီအခွင့်အရေးကို သူမဖြုန်းတီးပစ်ချင်ပါ။ မြို့တော်အပေါ်ကျရောက်လာမည့် အန္တရာယ်အတွက် လူတွေကို သတိပေးဖို့ လူ့ကျင့်ဝတ်အရ တာဝန်ရှိတာ သိပါသည်။ သို့သော်လည်း သူ့ရဲ့ ကိုယ်ပိုင် အသက်နဲ့ ဂုဏ်သိက္ခာတို့ကို မပျက်စီးစေဘဲ သတိပေးနိုင်မည့် နည်းလမ်း တစ်ခုခုတော့ရှိရမည်။

အရိုးရှင်းဆုံးအစီအစဉ်ကတော့ တတ်နိုင်သမျှ လူတွေကို သတိပေးခဲ့ဖို့ ဖြစ်သည်။ (အနည်းဆုံးတော့ လူနည်းစုက သူ့သတိပေးချက်တွေကို ယုံကြည်ပါလိမ့်မည်)။ မျက်နှာချင်းဆိုင် သတိပေးမှလည်းဖြစ်မည်။ စာရေးသားပြီး ဆက်သွယ်တာက လေးနက်မှုသိပ်မရှိသဖြင့် လျစ်လျူရှုခံရနိုင်သည်။ သို့သော် မျက်နှာချင်းဆိုင် သတိပေးပြန်တော့လည်း သူ့ကို အရူးလို့သတ်မှတ်ကြမှာ သေချာပြီး တကယ်တမ်း ကျူးကျော်တိုက်ခိုက်ခံရမှ သက်သေပြနိုင်လိမ့်မည်။ တကယ်လို့ အစီအစဉ်တွေပေါ်ကုန်တာကြောင့် ကျူးကျော်တိုက်ခိုက်ဖို့ ကြံစည်သူတွေက ပလန်ကိုဖျက်သိမ်းလိုက်ပြီး ကျူးကျော်စစ်တကယ်ဖြစ်မလာခဲ့ရင်ကော?။ အကယ်လို့ ဘယ်သူမှ သူ့စကားကို မယုံကြည်ကြဘဲ နောက်ကျသွားတဲ့အချိန်ကျမှ သူတို့တွေ အပြစ်ကလွတ်ဖို့ သူ့ကို ထိုးကြွေးလိုက်ရင် ဘယ်လိုလုပ်မလဲ။ အကယ်၍များ သူသတိပေးဖို့ ကြိုးစားတဲ့လူတစ်ယောက်က လျှို့ဝှက်သူလျှိုတစ်ယောက် ဖြစ်နေပြီး ဘယ်သူ့ကိုမှ ထပ်မပြောနိုင်ခင် ဇော်ရီယန်ကို နှုတ်ပိတ်လိုက်ရင်ကော?။ အကယ်၍… အကယ်၍… အကယ်၍ဆိုတာတွေများလွန်းသည်။ ထိုအကြောင်းပြချက်တွေထဲကတစ်ခုကြောင့် ဇက်ချ် ပျောက်သွားတာ များလားဟုပင် သံသယဖြစ်လာမိပါပြီ။

ထိုသံသယတွေကြောင့် သိုသိုသိပ်သိပ်နေတာက ပိုကောင်းမည်ဟု တစ်နေ့ထက်တစ်နေ့ ပိုမိုယုံကြည်လာသည်။ ပြဿနာက မှော်ပညာအသုံးပြုပြီး လူအမြောက်အများကို မက်ဆေ့ပို့သည့်အခါ ခြေရာမခံနိုင်အောင် လုပ်ဖို့က မရိုးရှင်းလှပါ။ ဂမ္ဘီရ မှော်ပညာတွေက အလုံးစုံ စွမ်းအားပြည့်ဝနေတာမဟုတ်ပေ။ သို့သော်လည်း ဇော်ရီယန်က ဂမ္ဘီရမှော်ပညာ၏ အကန့်အသတ်များအကြောင်း စာအုပ်ထဲမှာဖော်ပြထားသလောက်သာ တတ်ကျွမ်းသည်။ ဒီလောက်နဲ့ စွမ်းရည်မြင့် ဂမ္ဘီရမှော်ဆရာတစ်ယောက်၏ စုံစမ်းစစ်မှုကို ရှောင်နိုင်မှာမဟုတ်ပါ။

ဇော်ရီယန် သက်ပြင်းချလိုက်ပြီး မှတ်စုစာအုပ်ထဲ အစမ်းပလန်တချို့ ပုံကြမ်းရေးဆွဲလိုက်ပြီး သူတို့ သမိုင်းဆရာရဲ့ အားတက်သရောသင်ကြားမှုကို လျစ်လျူရှုလိုက်ပါသည်။ ဘယ်သူ့ကို ဆက်သွယ်ရမလဲ၊ စာထဲမှာ ဘာကို ရေးသားရမလဲ၊ သူ့ကို ခြေရာခံလို့မရအောင် ဘယ်လိုလုပ်မလဲ ဆိုတာတွေ ပါဝင်သည်။ ဥပဒေမှ လွတ်မြောက်အောင် ဘယ်လိုကာကွယ်ရမလဲဟူသည့် စာအုပ်မျိုး စာရေးဆရာတွေကို အစိုးရက ဖြန့်ဝေခွင့် ပေးပါ့မလား ဇော်ရီယန် မသေချာပါ။ သို့သော်လည်း စာကြည့်တိုက်မှာတော့ ရှာဖွေ့ကြည့်သင့်ပါမည်။ တစ်ယောက်တည်း အာရုံတွေများနေသဖြင့် အတန်းပြီးဆုံးသွားပြီး တခြားကျောင်းသားတွေ ပြန်ဖို့ ထုတ်ပိုး ပြင်ဆင်နေကြစဉ် သူကတော့ စာအုပ်ပေါ်မှာ အားရပါးရ ရေးခြစ်နေဆဲ။ ပခုံးနောက်မှာ ဘန်နစ်ဆက်ခ် ချောင်းကြည့်နေတာကိုလည်း ဇော်ရီယန် သတိမထားမိချေ။

“မင်းဘာလုပ်နေတာလဲ’

ဘန်နစ်ဆက်ခ်အသံကို ကြားတာနဲ့တစ်ပြိုင်နက် ဇော်ရီယန် မှတ်စုစာအုပ်ကို လျှင်မြန်စွာ ဆောင့်ပိတ်လိုက်သည်။ ထို့နောက် ဘန်နစ်ဆက်ခ်ကို စိုက်ကြည့်လိုက်သည်။

“သူများပခုံးနောက်ကနေ ချောင်းကြည့်တာ ရိုင်းတယ်နော်” ဇော်ရီယန် သတိပေးလိုက်သည်။

“ဘာမဟုတ်တာလေးနဲ့ လန့်နေပါလားဟေ့” ဘန်နစ်ဆက်ခ်က ပြုံးလိုက်ပြီး ဇော်ရီယန်ရဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ဖို့ ထိုင်ခုံတစ်လုံးကို ကျယ်လောင်စွာ တရွတ်တိုက်ဆွဲယူလိုက်သည်။ “စိတ်လျှော့ပါ ငါဘာမှ မမြင်လိုက်ပါဘူး”

“ယုံချင်စရာပဲ” ဇော်ရီယန်က ဆိုသည်။ ဘန်နစ်ဆက်ခ်၏ အပြုံး ပိုလို့တောင် ကျယ်ပြန့်သွားပါသည်။ “မင်းဘာလိုချင်လို့လဲ”

“ဒီတိုင်း စကားခဏလောက်ပြောချင်လို့ပါ” ဘန်နစ်ဆက်ခ်က ပခုံးတွန့်ပြသည်။ “မင်းဒီနှစ် စိတ်နဲ့ လူနဲ့ တော်တော် မကပ်သလိုပဲနော်။ တစ်ချိန်လုံးမျက်နှာပေါ်မှာ စိတ်ဖိစီးနေတဲ့ပုံစံကြီးနဲ့။ အခုမှ ကျောင်းစတာကို အမြဲတမ်း အလုပ်တွေ ရှုပ်နေတာပဲ။ တစ်ခုခုဖြစ်နေလို့လား သိချင်လို့ပါ”

ဇော်ရီယန် သက်ပြင်းချလိုက်သည်။ “မင်းကူညီပေးနိုင်မယ့်ဟာ မဟုတ်ဘူး ဘန်…”

ဘန်နစ်ဆက်ခ်က သူ့စကားကို သဘောမကျဘဲ လည်နင်သံဖြင့် ပြန်ပြောလိုက်၏။ “ငါမကူညီနိုင်ဘူးဆိုတာ ဘာအဓိပ္ပာယ်လဲကွ! မိန်းကလေး ပြဿနာတွေနဲ့ ပတ်သတ်လာရင် ငါက ဆရာတစ်ဆူနော်!”

အခုတော့ ဇော်ရီယန် နင်ရမည့် အလှည့်ရောက်သွားသည်။ “မိန်းကလေး ပြဿနာဟုတ်လား?!”

“မင်းကလည်း” ဘန်နစ်ဆက်ခ် ရယ်မောလိုက်သည်။ “အမြဲတမ်း စိတ်နဲ့လူနဲ့မကပ်တာလေ။ အတန်းချိန်အတွင်းမှာ ရီဝေနေတာတွေလေ။ အမည်မသိ စာတွေပို့ပေးဖို့ ပလန်တွေချနေတာလေ?။ သိသာလွန်းပါတယ် ငါ့ကောင်ရာ။ ကံကောင်းတဲ့ ကောင်မလေးက ဘယ်သူများပါလိမ့်”

“ဘာ ကံကောင်းတဲ့ ကောင်မလေးမှမရှိဘူး” ဇော်ရီယန် ငေါက်လိုက်သည်။ “မင်းပြောတော့ ဘာမှ မမြင်လိုက်ဘူးဆို”

“နားထောင်။ အမည်မသိ ရည်းစားစာပေးတာတဲ့အကြံက မကောင်းဘူးနော်” ဘန်နစ်ဆက်ခ်က ဇော်ရီယန် ငြင်းတာကို လျစ်လျူရှုလိုက်ပြီး ပြောချင်တာ ဆက်ပြောလိုက်သည်။ “ဘယ်လိုပြောရမလဲ။ အရမ်း ပထမနှစ် ဆန်သွားလိမ့်မယ်။ ဒီတိုင်း အနားကပ်ပြီး ခံစားချက်တွေ ထုတ်ပြောလိုက်တာ ပိုကောင်းတယ်”

“ငါ့မှာ အဲ့တာတွေအတွက် အချိန်မရှိဘူး” ဇော်ရီယန် သက်ပြင်းချကာ ထိုင်ခုံမှ ထလိုက်သည်။

“မင်းကလည်းကွာ… ဘန်နစ်ဆက်ခ်တစ်ယောက် အနောက်က ပြေးလိုက်ရင်း ပြောလိုက်ပါသည်။ “မင်းတော်တော် ဆတ်ဆတ်ထိမခံတဲ့ကောင်ပဲနော်။ ငါက ဒီတိုင်း…”

ဇော်ရီယန် မသိချင်ယောင်သာဆောင်နေလိုက်ပါသည်။ သူ့မှာ ဒါမျိုးတွေအတွက် တကယ်အချိန်မရှိပါ။

--- --- ---

ပြန်စဉ်းစားကြည့်ရလျှင် ဘန်နစ်ဆက်ခ်ကို မသိချင်ယောင်ဆောင်လိုက်တာက အကြံကောင်းမဟုတ်ပေ။ ၂ ရက်လောက်ကြာသောအခါ ဇော်ရီယန် တစ်ယောက်ယောက်ကို တိတ်တခိုးသဘောကျနေသည်ဟူသော ကောလဟာလကို တစ်တန်းလုံးနီးပါး သိကုန်ကြပြီး သူတို့ခန့်မှန်းချက်တွေကို ကြားရတာလည်း အလွန်စိတ်ပျက်ဖို့ ကောင်းလွန်းပါသည်။ အာရုံနောက်ဖို့လည်းကောင်းသည်။ တစ်နေ့မှာ နီယိုလုက သူ့ကို ချဉ်းကပ်လာပြီး ‘သူ့အတွက် အသုံးဝင်နိုင်မည့် စာအုပ်များ’ ဟူသော စာရင်းတစ်ခုကို လာပေးသည်။ အစကတော့ စာရင်းမှာ အသည်းပုံသေးသေးလေးတွေနဲ့ အလှဆင်ထားသဖြင့် မီးရှို့ပစ်ဖို့ စဉ်းစားမိသေး၏။ သို့သော်လည်း နောက်ဆုံးတော့ စပ်စုချင်စိတ်ကြောင့် စာကြည့်တိုက်မှာ စာရင်းထဲက စာအုပ်တွေကို သွားရှာကြည့်လိုက်ပါသည်။ အနည်းဆုံးတော့ ဟာသလေးဘာလေး ဖတ်လို့ရတာပေါ့။

သို့သော် ဟာသဆိုတာထက် အများကြီး ပိုရလိုက်ပါသည်။ သူထင်ထားသလို ရူးကြောင်ကြောင် အချစ်ရေးအကြံပေး စာအုပ်တွေမဟုတ်ဘဲ နီယိုလု ညွှန်းပေးထားသည့် စာအုပ်တွေမှာ ပေးစာတွေ၊ လက်ဆောင်တွေကို ဂမ္ဘီရမှော်ပညာ၊ တခြားမှော်ပညာတွေသုံးပြီး ခြေရာခံလို့မရအောင် ဘယ်လိုလုပ်ရမလဲဆိုတာတွေ ပါဝင်နေသည်။ ဖြစ်ချင်တော့ ဒီလို စာအုပ်မျိုးတွေကို အချစ်ရေးစာအုပ်တွေအဖြစ် အမည်ခံလိုက်ပါက အစိုးရက ဖြန့်ဝေခွင့်ပေးသည့်ပုံစံပင်။

ဒီစာအုပ်ထဲက အကြံဉာဏ်တွေ ဘယ်လောက်ထိ ယုံကြည်ရသလဲဆိုတာတော့ ဇော်ရီယန် မသိပါ။ ထို့အပြင် ဒီလိုစာအုပ်တွေကို ဖတ်နေစဉ် စာကြည့်တိုက်မှူးကလည်း သူ့ကို စပ်ဖြီးဖြီးနဲ့ လာကြည့်နေသည်။ သို့သော် ဒီလို စာအုပ်တွေကို ရှာတွေ့တာ ဇော်ရီယန် ဝမ်းသာမိပါသည်။ ဒါတွေသာ တကယ်အလုပ်ဖြစ်လျှင် ကျောင်းပိတ်ရက်မှာ နီယိုလုကို ကျေးဇူးဆပ်ရမည်။

ဒီလိုနဲ့ နွေရာသီပွဲတော် တဖြည်းဖြည်းနီးကပ်လာခဲ့၏။ ဇော်ရီယန်လည်း ပြင်ဆင်ထားပြီးပါပြီ။ ဝယ်သူကို ခြေရာ မခံနိုင်လောက်အောင် ဆင်းရဲသည့် ဈေးဆိုင်တွေမှ စက္ကူများ၊ ဖောင်တိန်များ၊ စာအိတ်များကို ဝယ်ယူခဲ့သည်။ ကိုယ်ရေးအချက်အလက် ဘာမှမပေါ်စေဘဲ စကားလုံးတွေကို သေသေချာချာ ရွေးချယ်ခဲ့သည်။ စက္ကူစကို သူ့လက်ဗလာနဲ့ လုံးဝ မထိမိအောင် သတိထားခဲ့သည်။ စာအိတ်မှာ ချွေးတွေ၊ ဆံပင်တွေ၊ သွေးတွေ ဘာမှ ပေလို့ မရပါ။ သူ့ပုံမှန် လက်ရေးလက်သားနဲ့ လုံးဝ မတူအောင် စာလုံးတွေကို လေးထောင့်ဆန်ဆန် ရေးသားခဲ့သည်။ ထို့နောက် သုံးဖို့မလိုဘဲ အပိုကျန်ရှိနေသည့် ဖောင်တိန်များ၊ စာရွက်များ၊ စာအိတ်များကို အကုန်ဖျက်ဆီးခဲ့သည်။

ထို့နောက် ပွဲတော်ရက်မတိုင်ခင် တစ်ပတ်အလိုမှာ ထိုစာတွေအကုန်လုံးကို ဆိုင်အောရီးယားတစ်ဝှမ်းရှိ စာတိုက်ပုံးတွေထဲ လိုက်ထည့်လိုက်ပါသည်။

အတော်လေး… စိုးရိမ်ချောက်ချားဖို့ကောင်းလှ၏။ သို့သော်လည်း ဘာမှတော့မဖြစ်ခဲ့ပေ။ စာတွေနဲ့ ပတ်သတ်ပြီး ဘယ်သူမှ သူ့ကို လာရောက်စစ်ဆေးတာမျိုးမရှိပါ။ ဒါကောင်းသည့် လက္ခဏာပင်။ သို့သော် တခြား ဘာမှထူးထူးခြားခြား ပြောင်းလဲသွားတာလည်း မတွေ့ရပါ။ သူ့စကား ဘယ်သူမှ မယုံကြဘူးလား။ တစ်ခုခုမှားယွင်းသွားပြီး ရည်ရွယ်ထားတဲ့လူတွေဆီ စာမရောက်သွားလို့လား။ လျှို့ဝှက်လှုပ်ရှားနေကြလို့ ဘယ်သူမှ အသိမထားမိကြတာလား။ အဖြေကို စောင့်နေရတာ ရင်မောလှပါပြီ။

နောက်ဆုံးတော့ သူသည်းမခံနိုင်တော့ပေ။ ကပွဲညမတိုင်ခင် ညနေခင်းမှာ သူလုပ်နိုင်တာလုပ်ခဲ့ပြီးပြီဟု ဆုံးဖြတ်လျက် မြို့ထဲကနေ ပထမဆုံးထွက်ခွာမည့် ရထားပေါ် လိုက်ပါလာခဲ့သည်။ သူ့စာတွေက အလုပ်ဖြစ်မဖြစ် မသိပါ။ သို့သော် ထိုနေရာကထွက်လာလျှင် သူကတော့ အဆင်ပြေပါလိမ့်မည်။ တစ်ယောက်ယောက်က လာမေးပါက ‘အဂ္ဂိရတ်လေ့ကျင့်ခန်းလုပ်ရင်း မတော်တဆဖြစ်သွားသည်’ဟူသော ဆင်ခြေကိုပဲ အသုံးချပါမည်။ ဆေးရည်တစ်ခုကို ဖော်စပ်မှုမှားယွင်းပြီး စိတ်ချောက်ချားစေသော မီးခိုးငွေ့တစ်ခုရှူရှိုက်မိသွားသည်။ ဆိုင်အောရီးယား အပြင်ဘက်ကို ရောက်မှ အသိစိတ်ပြန်ဝင်လာသည်ဟု ဆိုမည်။ ဒီလောက်ဆို ယုံချင်စရာ ကောင်းပါလိမ့်မည်။

ညအမှောင်ထဲ ဆိုင်အောရီးယားမှ ရထားထွက်လာသောအခါ ကျူးကျော်တိုက်ခိုက်မှုနဲ့ပတ်သတ်ပြီး သူများတွေကို သတိပေးဖို့ သိပ်မကြိုးစားခဲ့မိသည့်အတွက် အပြစ်ရှိသလို ခံစားရသော်လည်း ထိုခံစားချက်ကို ဇော်ရီယန် ဖိသိပ်လိုက်ပါသည်။ သူတခြားကော ဘာလုပ်နိုင်ဦးမှာမို့လို့လဲ။ ဘာမှမလုပ်နိုင်တော့ပါ။

ခဏကြာတော့ စိတ်မသက်မသာနဲ့ အိပ်မောကျသွားခဲ့သည်။ ရထား၏ တဂျက်ဂျက်မြည်သံက သူ့အတွက် သားချော့တေးလိုပင်။ အိပ်မက်ထဲမှာတော့ ကောင်းကင်ပေါ်မှာကြယ်တွေကြွေနေသော မြင်ကွင်းနဲ့ အစိမ်းရောင် ရောင်ဝါတွေ ထွက်နေသော အရိုးစုများက ချောက်လှန့်လို့နေခဲ့ပါသည်။

--- --- ---

ဝမ်းဗိုက်ပေါ်က စူးစူးရှရှ နာကျင်မှုကြောင့် ဇော်ရီယန်မျက်လုံးများ ဆတ်ခနဲပွင့်သွား၏။ သူ့ကိုယ်ပေါ် ပြုတ်ကျလာသည့်အရာအား ခံစားမိကာ ခန္ဓာကိုယ်တစ်ခုလုံး တွန့်သွားပြီး အိပ်မောကျနေရာမှ အိပ်ချင်စိတ်တစ်စက်မှ မရှိတော့ဘဲ ရာနှုန်းပြည့် လန့်နိုးသွားခဲ့လေသည်။

“ဂွတ်မောနင်း ကိုကြီး!” စိတ်ရှုပ်စရာ အသံစူးစူးတစ်ခု သူ့ကိုယ်ပေါ်မှ ထွက်ပေါ်လာသည်။ “မောနင်း မောနင်း မောနင်းးးး!!!”

ညီမဖြစ်သူကို ဇော်ရီယန် ပါးစပ်အဟောင်းသားဖြင့် မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ သူ့ပါးစပ် ဖွင့်လိုက်ပိတ်လိုက်နဲ့ တုန်ယင်နေပါသည်။ ထပ်ဖြစ်ပြန်ပြီလား?!။

“သောက်ခွက်လာပြောင်နေတာလားကွာ!!" ဇော်ရီယန် အော်ဟစ်လိုက်သောအခါ ခီရီအဲလ် ထိတ်လန့်သွားပြီး သူ့ကိုယ်ပေါ်မှ အမြန်ဆင်းကာ လှစ်ခနဲထွက်ပြေးသွား၏။ သူမကို ဇော်ရီယန် ဒေါသထွက်နေတာဟု ထင်သွားပုံရသည်။ “နင့်ကို ပြောတာမဟုတ်ဘူး ခီရီ။ ငါ… ငါအိပ်မက်ဆိုးတွေမက်နေလို့”

သူမယုံကြည်နိုင်ပါ။ ထပ်ဖြစ်ပြန်ပြီလား။ ဘာလို့လဲ။ အရင်တစ်ခေါက် ဒီလိုပြန်နိုးလာတုန်းကတော့ သူမသေသေးမှန်း သိရသည့်အတွက် ဝမ်းသာမိပါသည်။ သို့သော်လည်း အခုတစ်ခေါက်ကျတော့ တဖြည်းဖြည်း ကြောက်ဖို့ကောင်းလာလေပြီ။ သူဘာလို့ ဒီလိုတွေဖြစ်နေရတာလဲ။

ထို့အပြင် သူ့ကံကြမ္မာကို ညည်းတွားနေစဉ် ခီရီအဲလ်က သန့်စင်ခန်းထဲဝင်ကာ တံခါးလော့ခ်ချလိုက်ပြန်ပါပြီ။

အကုန်လခွီးပဲဟေ့!!။

… … …

All Chapters