← Chapters

လက်ရည်စမ်းပွဲ

Vol. 009 Ch. 848

လက်ရည်စမ်းပွဲ

Vol. 009 Ch. 848

ချင်ယွန် အဆောင်ရှေ့တွင် ကျောင်းတော်သား များစွာ လာရောက် စုစည်းနေကြသည်။

ထိုအထဲတွင် ရင်းနှီးသော မျက်နှာများကိုလည်း ရီဖူရှင်း သတိထားမိ၏။ ဥပမာ ပြည်နယ်ကိုးခု ညီလာခံ၏ထိပ်သီး ဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်သော ရီကုဟောင်လည်း ထိုလူအုပ်ထဲတွင် ရှိသည်။ ရီကုဟောင်ကား ရှီအဆင့်သို့ တက်လှမ်းပြီး ဖြစ်၏။

မရေမတွက်နိုင်သော တပည့်များက ကွင်းလယ်ကို ဗဟိုပြုကာ ပတ်ပတ်လည် ဝန်းရံလျက် ကြည့်နေကြသည်။ ရှေ့တွင် ထိုင်နေသူများမှာ ပြည်နယ်ကိုးခု ကျောင်းတော်မှ လူများအပြင် တော်ဝင်မြေသုံးခုမှ ဧည့်သည်များလည်း ဖြစ်ကြသည်။

ထိုအခိုက်တွင် လျူယွန်က ရုတ်တရက် ပြုံးလျက် ပြောသည်… “ဒီနေ့ ကျုပ်က မင်းတို့အားလုံးကို တော်ဝင်မြေသုံးခုက ဧည့်သည်တွေနဲ့ မိတ်ဆက်ပေးမယ်… ဒါက တော်ဝင်ကျဲ နန်းတော်ခေါင်းဆောင် ရီဖူရှင်းနဲ့ တော်ဝင် အကြီးအကဲတို့ပဲ… သူက ပြည်နယ်ကိုးခု ညီလာခံရဲ့နံပါတ်၁ ယူချင်းဖြစ်တယ်… ဒါက ကျောက်ပြည်ထောင်က ပြည်နယ်ကိုးခု ရှီအဆင့်ဝင် ကျောက်ဟောင်ပဲ… ဒါက ကျောက်ရာနဲ့ ကျောက်ယိုတို့ပဲ… သူတို့နှစ်ယောက်လုံးက ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်ရဲ့ သားတော်တွေပဲ… သူကတော့ ရှီဟွာတောင်ရှန့်ထိုရဲ့ တပည့်ဖြစ်တဲ့ လျူကျောင်းပဲ…”

လျူယွန်၏ ရိုးရှင်းသော မိတ်ဆက်မှု အပြီးတွင် ကျောင်းတော်သားများ အားလုံးက အရိုအသေ ပေးကြသည်။

“ဒီတစ်ခေါက် တော်ဝင်မြေသုံးခုက ယူချင်း၊ လျူကျောင်း၊ ကျောက်ရာနဲ့ ကျောက်ယိုတို့က ပြည်နယ်ကိုးခု ကျောင်းတော်မှာ ကာလတစ်ခုကြာ လေ့ကျင့်ကြလိမ့်မယ်… ဒါကြောင့် ကျုပ်က မင်းတို့အားလုံးကို ခေါ်လိုက်တာပဲ… နန်းတော်သခင်ရီ၊ လျူကျောင်း၊ ကျောက်ရာနဲ့ ကျောက်ယိုတို့ဆီက သင်ယူ လေ့လာနိုင်ဖို့ ဆိုတာ အရမ်းကို ရှားပါးတဲ့ အခွင့်အရေးပဲ…” လျူယွန်က ပြောသည်။

“ဟုတ်ကဲ့…” သူတို့အားလုံးက ခေါင်းညိတ်ကြသည်။ ရီဖူရှင်းက ပြန်ပြောသည်… “ပြည်နယ်ကိုးခု ကျောင်းတော်မှာ ပါရမီရှင်တွေနဲ့ အကောင်းဆုံးသော ဆရာတွေ ရှိနေတယ် ... ကျွန်တော်တို့ ကိုယ်တိုင်က ကျင့်ကြံခြင်းနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို လာရှာဖွေကြတယ်… ကျွန်တော်တို့က ဘယ်လိုလုပ် တခြားလူတွေကို သင်ကြား ပေးနိုင်ပါ့မလဲ… အချင်းချင်း ပညာ ဖလှယ်တယ်ဆိုတဲ့ စကားက ပိုသင့်တော်ပါတယ်… ”

“နန်းတော်သခင်ရီက အရမ်းကြီး နှိမ့်ချဖို့ မလိုပါဘူး… ခင်ဗျားက ပြည်နယ်ကိုးခု ညီလာခံမှာ တစ်ကြိမ်ပဲ​ တိုက်ခိုက်ခဲ့တယ် ဆိုပေမဲ့ တော်ဝင်စစ်ပွဲမှာ နန်းတော်သခင်ရီရဲ့ စွမ်းဆောင်ရည်က ပြည်နယ်ကိုးခုလုံးကို ကျော်ကြား စေပါတယ်… နန်းတော်သခင်ရီထက် တန်ခိုးအဆင့်မြင့်တဲ့ သူတွေတောင်မှ နန်းတော်သခင်ရီလောက် ကျင့်ကြံခြင်းမှာ နက်ရှိုင်းတဲ့ သိနားလည်မှုမျိုး ရှိမယ်မထင်ဘူး…” လျူယွန်က ပြောသည်။

ပြည်နယ်ကိုးခု ကျောင်းတော်ကား အလွန် တိတ်ဆိတ်နေသည်။ လျူယွန်က သူတို့အား ထပ်ကြည့်ကာ ပြောသည်… “ဒီနေ့ တော်ဝင်မြေသုံးခုက ထက်မြက်တဲ့လူတွေ အများကြီး ရောက်လာကြတယ်… ဘာလို့ တိတ်ဆိတ် နေကြတာလဲ… တကယ်လို့ မင်းတို့က ကျင့်ကြံခြင်းနဲ့ ပတ်သက်လို့ သိချင်တာရှိရင် မြန်မြန်သာ မေးကြ…”

“ကောင်းပါပြီ...” ကျောင်းတော်သားများက ခေါင်းညိတ် ကြသည်။

ထိုအခိုက်တွင် လူငယ်တစ်ယောက်က ထရပ်ကာ ပြောသည်… “ကျွန်တော်က ပြည်နယ်ကိုးခု ကျောင်းတော်တပည့် မူချန်းပါ…”

တော်ဝင်မြေသုံးခုမှ လူများက သူ့အား လှမ်းကြည့်ကြသည်။ မူချန်းကား ယဉ်ကျေး သိမ်မွေ့ကာ ချောမောခန့်ညားပြီး စာပေသမားပုံစံ ပေါက်နေသည်။

“နန်းတော်သခင်ရီက အသက်ငယ်ငယ်နဲ့ တော်ဝင်မြေ ခေါင်းဆောင် ဖြစ်လာတယ်… လျူကျောင်းက ရှီဟွာတောင် ရှန့်ထိုရဲ့ တပည့်ပဲ…. ကျုပ်က ခင်ဗျားတို့ နှစ်ယောက်ကို မေးခွန်း နည်းနည်း မေးချင်ပါတယ်… ကျုပ်တို့က ဘာလို့ ကျင့်ကြံတာလဲ…” မူချန်းက မေးသည်။ သူက ရီဖူရှင်းနှင့် လျူကျောင်းကို တိုက်ရိုက် မေးခွန်းထုတ်သည်။

အားလုံး၏အကြည့်က သူတို့နှစ်ယောက်ထံကို ရောက်လာသည်တွင် လျူကျောင်းက ပြုံးလျက် ပြောသည်… “နန်းတော်သခင်ရီ… ခင်ဗျား အရင်ဆုံး ဖြေလိုက်ပါလား…”

ရီဖူရှင်းက မူချန်းကို ကြည့်ကာ ပြောသည်… “ကျုပ် ငယ်တုန်းက မိသားစု အကြီးအကဲတွေက ကျုပ်ဟာ နတ်ဘုရားတို့ရဲ့ ရွေးချယ်ခြင်း ခံရသူဖြစ်ပြီးတော့ ထူးခြား ဆန်းကြယ်တယ်လို့ ပြောကြတယ်… ဒါကြောင့် ကျုပ်က ကမ္ဘာကြီးကို ပြောင်းလဲ နိုင်မယ့်လူလို့ ယုံကြည်ခဲ့တယ်… ခင်ဗျားတို့ကော အဲဒီလို ကြုံဖူးလား…”

အားလုံးက ပြုံးလိုက်ကြသည်။ ငယ်ရွယ်စဉ်က သူတို့ အတော်များများ ထိုသို့ ကြုံဆုံခဲ့ဖူး ကြပေ၏။

“ကျုပ် အသက်ကြီးလာခဲ့တဲ့အခါ သိလာရတယ်…” ရီဖူရှင်းက ပြုံးလျက် ပြောသည်… “ကျုပ် မိသားစု အကြီးအကဲက တကယ်ပဲ မှန်တယ်…”

ရီဖူရှင်း၏ ဟာသနှောသော အသံကို လူအများအပြားက ကြားသည်တွင် စတင်၍ ရယ်မောကြသည်။

“အားလုံးက သူတို့ဘဝမှာ အမျိုးမျိုးသော အတွေ့အကြုံကို ခံစားရမှာပဲ… ကျုပ်လည်း အတူတူပဲ... ခင်ဗျားဘဝ အလှည့်အပြောင်းတိုင်းမှာ အခက်အခဲ အတားအဆီးတွေ ရှိမယ်… စိန်ခေါ်မှုတွေ ရှိမယ်… ကျုပ်လုပ်နိုင်တာက အတတ်နိုင်ဆုံး ကြိုးစားဖို့ပဲ…” ရီဖူရှင်းက ပြန်ပြောသည်… “ကျုပ်က ဘာလို့ လေ့ကျင့်လဲ ဆိုတာလဲတော့ မသိဘူး… ကျုပ်အခု ဘာလို့လေ့ကျင့်လဲ ဆိုတာတော့သိတယ်… အဲဒါက ကျောက်ပြည်ထောင်ကို တိုက်ခိုက်နှိမ်နင်းပြီး ပြည်နယ်ကိုးခုထဲမှာ မြေရိုင်းပြည်နယ်ကို တိုးတက် ထွန်းကားစေဖို့ပဲ… နန်းတော်သခင် နေရာကို ဆက်ခံကတည်းက ဒီစိန်ခေါ်မှုက ကျုပ်ဆီကို ရောက်လာတာပဲ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်တွင် နားထောင်သူများ၏ စိတ်ကို ထူးခြားသော ခံစားချက်များ ဖြစ်ပေါ်စေကာ အလိုအလျောက် လေးစားလာခဲ့ကြရသည်။

ကျောက်ပြည်ထောင်မှ လူများက သူ့ဘေးနားတွင် ထိုင်နေသော်လည်း သူကား သူ၏ တာဝန်ဝတ္တရားကို ထုတ်ဖော် ပြောကြားရာတွင် တုံ့ဆိုင်းနေခြင်းပင် မရှိခဲ့ပေ။

“ဒါကြောင့် ကျင့်ကြံခြင်း ဆိုတာကလည်း လက်ရှိအချိန်ကို အကောင်းဆုံး အသုံးချဖို့ပါပဲ…” ရီဖူရှင်းက ပြန်ပြောသည်။

မူချန်းက ရီဖူရှင်းကို အနည်းငယ် ဦးညွှတ်ကာ ပြောသည်… “နန်းတော်သခင်ရီရဲ့ အဖြေအတွက် ကျေးဇူးပါ…”

လျူယွန်ကလည်း စိတ်ထဲမှ ကျိတ်၍ ချီးကျူးရသည်။ ရီဖူရှင်းကား အသက်ငယ်ငယ်ဖြင့် တော်ဝင်မြေ ခေါင်းဆောင် ဖြစ်နေသည့်တိုင် ခေါင်းဆောင် တစ်ယောက်နှင့် ထိုက်တန်သော ဉာဏ်ပညာ ရင့်သန်မှုကို ပိုင်ဆိုင်၏။

ထိုအခိုက်တွက် လူအုပ်က လျူကျောင်းဘက်ကို လှည့်ကာ ကြည့်သည်တွင် လျူကျောင်းက ပြောသည်… “ကျုပ်တို့ အားလုံး ဘာလို့ တောင်ပေါ်ကို တက်ကြတာလဲ… တောင်ခြေမှာ လက်လျှော့ သွားတဲ့လူတွေ အများကြီးပဲ… အချို့က လမ်းမှာ လက်လျှော့ကြတယ်… ကျုပ်ကတော့ တောင်ထိပ်ပေါ်ကို တက်ပြီး အပေါ်စီးက မြင်ကွင်းကို ကြည့်ချင်တယ်…”

လျူကျောင်းတွင် ရီဖူရှင်းနှင့် လုံးလုံးမှ မသက်ဆိုင် ကွဲပြား ခြားနားသော အမြင်ကို ပိုင်ဆိုင်ပေသည်။

“အဖြေအတွက် ကျေးဇူးတင်ပါတယ်…” မူချန်းက ပြုံးလျက် ခေါင်းညိတ်သည်။ သူက ရီဖူရှင်း၏ အဖြေကို သဘောကျသည်မှာ ထင်ရှား၏။

“ကျုပ်က နန်းတော်သခင်ရီကို မေးချင်ပါတယ်… အားနည်းတဲ့ တန်ခိုးရှင်နဲ့ အားကောင်းတဲ့ တန်ခိုးရှင်အကြား ဘာတွေ ကွာခြားတာလဲ…” စူရန်က ရီဖူရှင်းကို ကြည့်သည်။ သူက ထရပ်ခြင်းမရှိဘဲ မူလနေရာတွင်ပင် ထိုင်နေသည်။

“ပါရမီ…” ရီဖူရှင်းက ပြန်ပြောသည်။

“ပါရမီက အားလုံးကို ဆုံးဖြတ်တယ်လို့ ဘာလို့ နန်းတော်သခင်ရီက ထင်တာလဲ…” စူးရန်က မေးသည်… “အဲဒီလိုဆိုရင် ကြိုးစား အားထုတ်မှုနဲ့ စိတ်နေ သဘောထားတွေက အရေးမပါတော့ ဘူးလား…”

“နန်းတော်သခင်ရီ ပြောသလိုဆို တန်ခိုးရှင် တစ်ယောက်ရဲ့ ကျင့်ကြံမှုကို မွေးကတည်းက ဆုံးဖြတ် ထားပြီးသားပေါ့…” စူးရန်၏ဘေးမှ တစ်ယောက်က ရီဖူရှင်းအား မေးသည်။ ပြည်နယ်ကိုးခု ကျောင်းတော်၏ တပည့်များစွာကလည်း ရီဖူရှင်းကို ကြည့်နေကြသည်။

ကျင့်ကြံခြင်း လောကတွင် ပါရမီကား ကြိုတင် ဆုံးဖြတ်ထားခြင်း ဖြစ်သည့်တိုင် အများစုမှာ အားထုတ်ခြင်းနှင့် စိတ်နှလုံးခိုင်မာမှုတို့ကို ပိုမို ယုံကြည် ကြပေသည်။

“ကျုပ်က ကျွန်းစုမြို့လေး တစ်မြို့မှာ ကြီးပြင်း လာခဲ့တယ်… အဲဒီမှာ မှော်ထိန်းချုပ်သူတွေက ပါရမီရှင်တွေဖြစ်ပြီး အလားအလာ ကောင်းတွေ ပိုင်ဆိုင်ကြတယ်… အဲဒီမြို့မှာ လူတွေ အများကြီးက ကြိုးကြိုးစားစား လေ့ကျင့်ကြတယ်… အချို့လူတွေရဲ့ စိတ်နှလုံး ခိုင်မာမှုက အရမ်း မြင့်မားပြီးတော့ သူတို့မှာ မိခင်မြေကို ကာကွယ်ပေးဖို့ အသက်ကို ရင်းရဲတဲ့အထိ ဆန္ဒရှိကြတယ်… ဒါပေမဲ့ ပြည်နယ်ကိုးခု ကျောင်းတော်မှာ လေ့ကျင့်နေတာ ခင်ဗျားတို့ ဖြစ်နေပြီး ဘာလို့ သူတို့ မဟုတ်ရတာလဲ…” ရီဖူရှင်း လူအုပ်ကို မေးသည်။ ပြည်နယ်ကိုးခုတွင် သက်စောင့်ဝိညာဉ် မပိုင်ဆိုင်သူများမှာ မြင့်မားသော အောင်မြင်မှုများ ရရှိရန် မလွယ်ကူပေ။

“ဒါပေမဲ့ ပါရမီက အရာအားလုံးကို ဆုံးဖြတ်တယ်လို့ ကျုပ်မပြောဘူး… ပါရမီက တန်ခိုးရှင် တစ်ယောက်ရဲ့ ခြေလှမ်း စတင်ရာကို ဆုံးဖြတ်တယ်… ပြီးတော့မှ ကြိုးစား အားထုတ်မှုနဲ့ စိတ်နှလုံး ခိုင်မာရင့်သန်မှုက ခရီး ဘယ်လောက် သွားနိုင်သလဲကို ဆက်ပြီးတော့ ဆုံးဖြတ်တယ်… ပါရမီမြင့်တဲ့ လူတွေက ပါရမီနိမ့်တဲ့ လူတွေလောက် အားထုတ်စရာ မလိုတာကတော့ သိသာ ထင်ရှားတယ်… ဒါပေမဲ့ စိတ်နှလုံး ခိုင်မာ ရင့်သန်တဲ့ လူတွေကလည်း အမြင့်ဆုံး နေရာကို ရောက်နိုင်တာပဲ…” ရီဖူရှင်းက ဖြည်းညင်းစွာ ပြောသည်။

ရီဖူရှင်း၏စကားကို သံသယဝင်ခဲ့သူများ အားလုံး တိတ်ဆိတ် သွားကြသည်။

မြင့်မားသော တန်ခိုးအဆင့် ရှိသူများပင် တိတ်တဆိတ် သဘောတူကြရသည်။ ကျင့်ကြံခြင်းနှင့် ပတ်သက်၍ ရီဖူရှင်း၏နားလည် သဘောပေါက်မှုက အမှန် နက်ရှိုင်းပေသည်။

ပါရမီကား ခြေလှမ်းအစ တစ်ခုဆိုလျှင် စိတ်နှလုံး ခိုင်မာရင့်သန်မှုက သူ၏ အောင်မြင်မှုမည်မျှ အထိ ရောက်မည်ကို ဆုံးဖြတ်ပေသည်။

“လောကဓာတ်တွေအကြား ကွာဟချက် ရှိလား…” စူးရန်က မေးသည်။

“မှန်တယ်… အချို့သော ရှားပါးလောကဓာတ်တွေက လောကဓာတ်တွေ ပေါင်းစပ်ပြီး ဖြစ်တည် လာတာပဲ… ဒါကြောင့် သူတို့တွေက အားကောင်းကြတယ်… ဒါပေမဲ့လည်း ဒါက အသုံးချသူ အပေါ်မှာ မူတည် နေတာပါပဲ…” ရီဖူရှင်းက ပြောသည်တွင် လူအများအပြားက သဘောတူကြသည်။

လောကဓာတ်များအကြား ကွာဟချက်များ ရှိသော်လည်း အသုံးချသူ အပေါ်တွင်သာ မူတည်ပေသည်။

“နန်းတောသခင်ရီက အာကာသ လောကဓာတ်ကို လေ့ကျင့်တယ်လို့ ကြားတယ်… ကျုပ်ကလည်း ထွင်းဖောက်ခြင်း လောကဓာတ်ကို လေ့ကျင့်တယ်… နန်းတော်သခင်ရီက ဘယ်လောက ဓာတ်အား ကောင်းတယ်လို့ ထင်ပါသလဲ…” သူ၏အသံကို ကြားသည်တွင် အားလုံးက အံ့အားသင့် သွားကြသည်။

စူးရန်ကား စီးချင်းထိုးရန် မေးနေခြင်း ဖြစ်သည်။

“သူတို့က ရိုးရိုး သာမန်မဟုတ်တဲ့ လောကဓာတ်တွေ ဖြစ်ပြီးတော့ အချင်းချင်း အားနည်းချက်ကို ထောက်နိုင်တယ်… ဒါက အသုံးချသူအပေါ် မူတည်တယ်…” ရီဖူရှင်းက ပြန်ပြောသည်။

“နန်းတော်သခင်ရီက ဘယ်သူပိုပြီး အားကောင်းတယ် ထင်လဲ…” စူရန်က ထပ်မေးသည်။ သူ၏ ရည်ရွယ်ချက်ကား သိသာနေပြီ ဖြစ်သည်။

ပြည်နယ်ကိုးခု ကျောင်းတော်မှ လူများကား ပုံမှန်အားဖြင့် ရီဖူရှင်းနှင့် လက်ရည်စမ်း လိုကြပေသည်။

စူးရန်ကား ပြည်နယ်ကိုးခု ကျောင်းတော်တွင် အလွန် နာမည်ကျော်ကြားသူ ဖြစ်ကာ ထူးခြား ထက်မြက်သော တိုက်ခိုက်ရေး စွမ်းရည်ကို ပိုင်ဆိုင်၏။

“ခင်ဗျားက ဘယ်လို ထင်လို့လဲ…” ရီဖူရှင်းက ပြုံးလျက် မေးသည်။

စူးရန်က ပြုံးလျက် ပြန်ပြောသည်… “ကျုပ်လို့ပဲ ထင်တယ်…”

“ဒါဆိုလည်း ဘာလို့ မေးနေသေးတာလဲ…” ရီဖူရှင်းက ပြောသည်။

စူးရန်က ခေါင်းညိတ်ကာ ထရပ်ပြီး ရှေ့မှ​ မြေကွက်လပ်ထဲကို လျှောက်လာ၏။ ထို့နောက် သူက ရီဖူရှင်းကို ဦးညွှတ်ကာ ပြောသည်… “ပြည်နယ်ကိုးခု ကျောင်းတော်ရဲ့တပည့်၊ အလယ်အလတ် ရှီအဆင့်ရှိတဲ့ စူးရန်က နန်းတော်သခင်ရီကို စိန်ခေါ်ချင်ပါတယ်…”

အားလုံးက သိပ်မအံ့ဩ ကြတော့ပေ။ စူးရန်၏ ရည်ရွယ်ချက်ကား ထင်ရှားပြီး ဖြစ်သည်။

အားလုံးက ပိုမို၍ စိတ်လှုပ်ရှား လာကြသည်။ တစ်ယောက်ကား ပြညနယ်ကိုးခု ကျောင်းတော်၏ နာမည်ကျော်ဖြစ်ကာ နောက်တစ်ယောက်ကား ပြည်နယ်ကိုးခုလုံးတွင် လျှမ်းလျှမ်းတောက် နာမည်ကျော်ကြားသူ ဖြစ်သည်။ သူတို့အားလုံးက သည်တိုက်ပွဲကို အလွန်အမင်း စိတ်ဝင်စားကြ၏။

***

All Chapters