← Chapters

ရူးမိုက်ခြင်း

Vol. 90 Ch. 1258

ရူးမိုက်ခြင်း

Vol. 90 Ch. 1258

အခန်း (၁၂၅၈) ရူးမိုက်ခြင်း

အဂ္ဂိရတ်ခန်းမ၏ ခန်းမဝိညာဉ်၏ အတွေးရည်ရွယ်ချက်များမှ စာလုံးများအဖြစ်သို့ပြောင်းလဲသွားသည်များမှာ အတိတ်က ဖြစ်ပျက်သမျှကို ပြောဆိုနေသည့်အလား ဖြစ်သည်။

ထိုစာပိုဒ်များကိုဖတ်ရှုပြီးနောက် ရန်ကျောက်ကဲအတွေးများ ရှုပ်ပွသွားသည်။ သူ့စိတ်ထဲတွင် နက်နဲစွာ ဖုံးကွယ်ထားသော အမှတ်ရစရာများ ပြန်လည်ထွက်ပေါ်လာသည်။

သူက အရင်ဘဝ ဤကမ္ဘာသို့ ရောက်ရှိလာသည့်အချိန်မှာပင် ကိုယ်ပိုင်အသိဉာဏ်ရှိနေခဲ့သည်။

အမှန်တော့ သူက မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်ရှိ သိုင်းကျမ်းစာကြည့်တိုက်ဖြစ်သော ‘ယွမ်ဟန်ခန်းမ’ ၏ ခန်းမဝိညာဉ်ပင်ဖြစ်သည် မဟုတ်ပါလား။

သိုင်းကျမ်းစာကြည့်တိုက်တွင် ကောင်းကင်ဘုံနန်းတော်မှစုစည်းထားသည့် မရေမတွက်နိုင်သော သိုင်းကျမ်းစာအုပ်များကို တွေ့ရှိခဲ့သည်။ သူက ဝိညာဉ်ဖြစ်နေသည့်အတွက် စာဖတ်ရာတွင် အလွန်လျင်မြန်သည်။

ကျမ်းစာများကို အပြည့်အဝနားလည်ရန် အရင်ဆုံးမကြိုးစားဘဲ အားလုံးကို မှတ်ဉာဏ်ထဲတွင် မှတ်သားထားရသည်မှာ အလွန်အဆင်ပြေလှသည်။

ထို့ကြောင့် သူက သိုင်းကျမ်းများနှင့် ကျင့်စဉ်များကို ဖတ်ရှုပြီးသည့်နောက် လူသားများနှင့်သက်ဆိုင်သည့် အချက်အလက်များစွာကို စတင်ဖတ်ရှုခဲ့သည်။

သူက လူသားများအကြောင်း အချက်အလက်များကို ဖတ်ရှုပြီးနောက် လူသားတစ်ယောက်၏ ရုပ်ခန္ဓာဖွဲ့စည်းပုံ ကားချပ်များကို လေ့လာသည်။

နောက်ပိုင်းမှာတော့ သူက ရှေးဟောင်းပစ္စည်းများ ၊ အဂ္ဂိရတ်နှင့် ဆေးလုံးဖော်စပ်နည်းများ ရေးသားထားသော စာအုပ်များကိုလည်း လက်လွှတ်မခံဘဲ ဖတ်ရှုခဲ့သည်။

သူက စာအုပ်များကို ဖတ်ရှုနေရင်း လူအများကိုလည်း လေ့လာနေခဲ့သည်။

မိုးကောင်းကင်ခုံရုံးတွင် လှည့်လည်သွားလာ ပျံသန်းနေကြသည့် အမတမျိုးနွယ် နတ်ဘုရားများစွာကို သူ တွေ့မြင်ခဲ့ရသည်ဖြစ်ရာ နတ်ဘုရားများ၏ ကျင့်ကြံပုံများကိုလည်း လေ့လာခဲ့သည်။

ထိုနတ်ဘုရားများတွင် တစ်ထိုင်တည်းဖြင့် အောင်မြင်သွားသူများရှိသလို နှစ်ပေါင်းများစွာ သံသယများဖြင့် ပိတ်မိနေသူများလည်း ရှိ၏။

နတ်ဘုရားများ အုပ်စုဖွဲ့ပြီး ကျမ်းစာများနှင့် ကျင့်စဉ်များအကြောင်း ဆွေးနွေးပြောဆိုကြသည်ကိုလည်း သူ တွေ့မြင်ခဲ့သည်ပင်။

နတ်ဘုရားများပင်ဖြစ်လင့်ကစား အချင်းချင်း မကောင်းကြံစည်ရန် စီစဉ်နေသော စက်ဆုပ်ဖွယ်အမှုများကိုလည်း သူ တွေ့မြင်ဖူးသည်။

သို့ပေသိ ကိစ္စရပ်များစွာကို မျက်မြင်ကိုယ်တွေ့ သိရှိရသည့်တိုင် ခန်းမဝိညာဉ်ဘဝဖြင့်နေထိုင်ရသည်မှာ အလွန်ပျင်းရိငြီးငွေ့စရာကောင်းပြီး စိတ်ကျေနပ်စရာ တစ်ခုမှ မရှိခဲ့ပေ။

ယခု ကိုယ်ပိုင်အသိဉာဏ်ရရှိသွားသည့် အဂ္ဂိရတ်ခန်းမ၏ ခန်းမဝိညာဉ် ခံစားရသကဲ့သို့ပင် ရန်ကျောက်ကဲသည်လည်း လွတ်မြောက်ရန်နည်းလမ်းမရှိဘဲ ခန်းမထဲတွင် ပိတ်မိနေကြောင်း သဘောပေါက်ခဲ့သည်ပင်။

ထိုအချိန်တွင် ရန်ကျောက်ကဲမှာ လှောင်အိမ်ထဲတွင် ပိတ်မိနေသည့်ပမာ ခံစားခဲ့ရသည်။

သူ့အနေဖြင့် စာအုပ်များဖတ်ရှုပြီး လူအများကိုလေ့လာနေရုံမှလွဲပြီး ဘာမှတတ်နိုင်ခြင်း မရှိခဲ့ပေ။

ထို့ပြင် အသိဉာဏ်ရှိနေသော သူ၏ထူးခြားမှုကို အခြားသူများ သိရှိသွားမည်စိုးသောကြောင့် သတိထားပြီး နေခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်ရှိ အဆောက်အဦများမှ ခန်းမဝိညာဉ်များအားလုံးထဲတွင် သူတစ်ယောက်တည်း ထူးခြားနေခြင်းဖြစ်သည် မဟုတ်ပါလား။

အမှန်တော့ သူက သာမန်ခန်းမဝိညာဉ်တစ်ခုမှ ကိုယ်ပိုင်အသိဉာဏ်ဖြစ်တည်လာခြင်း မဟုတ်ပေ။ ထိုအစား သူက ခန်းမဝိညာဉ်အဖြစ် သိုင်းကျမ်းစာကြည့်တိုက်သို့ အခြားနေရာမှ ရောက်ရှိလာသော သက်ရှိလူသားတစ်ယောက်၏ ဝိညာဉ်သာ ဖြစ်သည်။

စာကြည့်တိုက်မှုးတစ်ယောက်ဖြစ်ရသည်မှာ မည်မျှကောင်းမွန်ကြောင်း သူ့ကိုယ်သူ အမြဲတစေ ရယ်သွမ်းသွေး ပြောဆိုနေတတ်သော်လည်း သူက လူသားတစ်ယောက် မဟုတ်တော့ပေ။

ထိုခံစားချက်က ရန်ကျောက်ကဲ၏စိတ်စဉ်ကို အများကြီး ရှုပ်ထွေးစေသည်။

အဂ္ဂိရတ်ခန်းမ၏ ခန်းမဝိညာဉ်ကတော့ ခန်းမဝိညာဉ်တစ်ခုမှ ကိုယ်ပိုင်အသိဉာဏ်ရရှိလာခြင်းဖြစ်ပြီး ထိုသူကလည်း သူ၏ကံကြမ္မာကို ဤအတိုင်းလက်ခံရန် ဆန္ဒမရှိခဲ့ပေ။

သူ့ထက် ‘အရင်လူ’ ဖြစ်သော ရန်ကျောက်ကဲသည်လည်း ချွင်းချက် မဟုတ်ခဲ့ပေ။

အထူးသဖြင့် ထိုအချိန်က ရန်ကျောက်ကဲမှာ စိတ်ရှုပ်ထွေးမှုများနှင့် ကြောက်ရွံ့မှုများကို ခံစားနေခဲ့ရသည်ပင်။

“ငါ ဘာလို့ ဒီလိုပုံစံမျိုး ဖြစ်လာရတာလဲ”

ဟု သူတွေးခဲ့သည်။

မိုးကောင်းကင်ခုံရုံးမှ ကျင့်ကြံသူများတွင် မတူညီသော ကျင့်ကြံခြင်းစွမ်းအားများရှိကြပြီး သိုင်းကျမ်းစာကြည့်တိုက်ကို အချိန်တိုင်း ဝင်ထွက်သွားလာနေကြသည်။

“မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်ကို အုပ်ချုပ်သည့် ထိပ်ပိုင်းအဆင့်တွင် စိုးစံနေကြသော ဒဏ္ဍာရီလာနတ်ဘုရားများက သိုင်းကျမ်းစာကြည့်တိုက်၏ ခန်းမဝိညာဉ် တစ်စုံတစ်ခု လွဲမှားနေသည်ကို မရိပ်မိကြဘူးလား...”

“သိုင်းကျမ်းစာကြည့်တိုက်မှ ခန်းမဝိညာဉ်သည် သာမန်ခန်းမဝိညာဉ်မဟုတ်ဘဲ လူသားတစ်ယောက်၏ ဝိညာဉ်ဖြစ်သည်ကို မည်သူမှ မသိရှိကြဘူးလား...”

“ထိုသို့ဖြစ်ရသည်မှာ သူတို့က သူကိုသတိမထားမိတာလား ၊ ဒါမှမဟုတ် မသိဟန်ဆောင်နေခဲ့တာလား...”

“သူတို့သိသွားခဲ့ရင် ငါဘယ်လိုဖြေရှင်းမလဲ...”

“ဒီအကြောင်းကို ဘယ်သူမှမသိဘူးဆိုလျှင် ဘယ်သူက သူ့ကို ဖုံးကွယ်ပေးထားတာလဲ ၊ သူ့ကို ယခုလိုပုံစံဖြစ်လာအောင် ပြုလုပ်လိုက်သူက ဖုံးကွယ်ပေးထားတာလား”

ရန်ကျောက်ကဲနှလုံးသားထဲတွင် မေးခွန်းပေါင်းများစွာ ရှိနေခဲ့သည်။

သို့သော် အချိန်များစွာ ကြာမြင့်လာပြီးသည့်နောက် အရာအားလုံးက ပုံမှန်အတိုင်းပင် ရှိနေခဲ့ပြီး သိုင်းကျမ်းစာကြည့်တိုက်မှ လျှို့ဝှက်ချက်ကို မည်သူမှ သိရှိခဲ့ကြခြင်း မရှိပေ။

ရန်ကျောက်ကဲ၏စိတ်သည်လည်း တဖြည်းဖြည်းတည်ငြိမ်လာပြီး နောက်ဆုံးတွင် သူက တိုက်ခိုက်ဖောက်ထွက်ရန် ဆုံးဖြတ်လိုက်သည်။

သူ၏အရင်ဘဝက ဘာပဲဖြစ်ခဲ့ပါစေ လက်ရှိဘဝမှာတော့ သူက ဒီအတိုင်း သည်းခံစောင့်ဆိုင်းနေရန် ဆန္ဒမရှိပေ။

သူ့အပေါ် အန္တရယ်ကျရောက်မည်ထက်ဆာလျှင် ရန်ကျောက်ကဲက အမှန်တရားကိုသာ ပိုပြီး သိရှိချင်သည်။

သိုင်းကျမ်းစာကြည့်တိုက်ထဲတွင် အရင်ဘဝက ဖတ်ရှုခဲ့သည့်စာအုပ်များကြောင့် လက်ရှိဘဝတွင် သိုင်းပညာအခြေခံအုတ်မြစ် ခိုင်ခံ့စွာ ရရှိခဲ့သည်။

သို့သော် ရန်ကျောက်ကဲက သူ့ကိုယ်သူ ဘာဖြစ်မှန်းမသိဘဲ ယခုကဲ့သို့ ဖြစ်ပျက်သွားသည်ကို သဘောမကျခဲ့ပေ။

“သိတာများလေ မြန်မြန်သေလေ” နှင့် “ဘာမှမသိဘဲ သေဆုံးသွားရမည်” ဆိုသည့် ဖြစ်ရပ်နှစ်ခုကြား ရွေးချယ်ခိုင်းမည်ဆိုလျှင် ရန်ကျောက်ကဲက “သိတာများလေး မြန်မြန်သေလေ” လမ်းစဉ်ကိုသာ ရွေးချယ်ချင်သူ ဖြစ်၏။

နောက်ဆုံးတွင် ရန်ကျောက်ကဲက ဒဏ္ဍာရီဆန်သော ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များ၏ တုံ့ပြန်မှုကို သိရှိရန် ကြိုးစားခဲ့သည်။

သူက လူသားဘဝ ပြန်လည်ရရှိရန်အတွက် သူ၏စိတ်ဆန္ဒအတိုင်း အရူးအမူး ကြိုးစားခဲ့သည်။

ဤသည်ကို ရူးမိုက်ခြင်းဟုဆိုနိုင်ပြီး သူက လူသားရုပ်ခန္ဓာတစ်ခု ပြုလုပ်ရန် ကြိုစားခဲ့ခြင်း ဖြစ်လေသည်။

မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်ရှိ သိုင်းကျမ်းစာကြည့်တိုက်တွင် သိမ်းဆည်းထားသော စာအုပ်များက သေမျိုးလူသားလောကတွင် အသုံးပြုသည့် စာရွက်များမဟုတ်ပေ။ ထိုအရာများအားလုံးက ရတနာပစ္စည်းများ ဖြစ်ကြသည်။

အချို့သော သိုင်းကျမ်းပညာရပ်များကို စာကြည့်တိုက်တွင် မှတ်တမ်းတင်ထားခြင်း မရှိသေးသော်လည်း မှတ်တမ်းတင်ရန် လျာထားသည့် မူကြမ်းများအဖြစ် ရှိနေခဲ့သည်။ ထိုအရာများက အနာဂတ်တွင် အသုံးဝင်လာမည့်အရာများ ဖြစ်သည်။

သိုင်းကျမ်းစာကြည့်တိုက်၏ ခန်းမဝိညာဉ်အနေဖြင့် ရန်ကျောက်ကဲအတွက် ထိုပညာရပ်များအားလုံးကို သိမ်းဆည်းထားရန် မခဲယင်းပေ။ သို့သော် သူ့အတွက် အသိပညာများကို နားလည်ရန် ပိုပြီးအချိန်ယူရန် လိုအပ်သည်။

သူက အလျင်လိုခြင်းမရှိဘဲ လူသားခန္ဓာကိုယ်ဖွဲ့စည်းပုံကိုနားလည်ရန် အတန်ကြာအောင် အချိန်ယူလေ့လာခဲ့သည်။

သိုင်းကျမ်းစာကြည့်တိုက်သို့ ကျင့်ကြံသူတစ်ယောက် ရောက်လာပြီး စာပေများဖတ်ရှုသည့်အခါ များသောအားဖြင့် ထိုသူများက နေရာတွင်ပင် တစ်ထိုင်တည်းကျင့်ကြံသွားလေ့ရှိကြသည်။ ထိုအခွင့်အရေးကို အသုံးချပြီး ရန်ကျောက်ကဲက လူသားများ၏ ရုပ်ခန္ဓာကို ဖြည်းညင်းစွာ လေ့လာနေခဲ့သည်။

သူက ယခု အဂ္ဂိရတ်ခန်းမ၏ ခန်းမဝိညာဉ်ခဲ့သို့ ကြမ်းတမ်းစွာ တိုက်ရိုက်ကိုင်တွယ်ခြင်းမျိုး မပြုလုပ်ခဲ့ပေ။

အချိန်အတန်ကြာ ကြိုးပမ်းအားထုတ်မှုအပြီးတွင် ရန်ကျောက်ကဲ အောင်မြင်မှု ရရှိခဲ့သည်။

သိုင်းကျမ်းစာကြည့်တိုက်ထဲတွင် လူတစ်ယောက် လေထဲမှ ဘွားကနဲ ထွက်ပေါ်လာတော့သည်။

သိုင်းကျမ်းစာကြည့်တိုက်၏ ခန်းမဝိညာဉ်ဖြစ်သော ရန်ကျောက်ကဲအနေဖြင့် သူ ပြုလုပ်ထားသည့် လူသားရုပ်ခန္ဓာတည်ရှိမှုကို ဖုံးကွယ်ထားရန် အလွန်လွယ်ကူသည်။

သို့ပေသိ သိုင်းကျမ်းစာကြည့်တိုက်သို့ လာရောက်ကြသော နတ်ဘုရားများစွာရှိလေရာ ပုံမှန်မဟုတ်သည့်ကိစ္စတစ်ခု စာကြည့်တိုက်ထဲတွင် ဖြစ်ပျက်နေကြောင်း မည်သူမှမရိပ်မိဘူးဆိုသည်မှာ မဖြစ်နိုင်သည့်ကိစ္စပင်။

သို့သော် အဆုံးသတ်မှာတော့ မည်သူကမှ မည်သည့်အရာကိုမှ ရိပ်မိကြဟန် မရှိပေ။

“ဘယ်သူမှ မသိတာတော့ မဖြစ်နိုင်ဘူး ၊ ငါ့အကြောင်း သိတဲ့သူ နည်းနည်းပါးပါးတော့ ရှိမှာပဲ ၊ ဒါပေမဲ့ တခြားသူတွေမသိအောင် ဖုံးကွယ်ပေးထားတာပဲဖြစ်မယ်”

ရန်ကျောက်ကဲ ထိုသို့ပင် တွေးတောခဲ့သည်။

“ဒီလိုမှမဟုတ်ရင်လည်း အားလုံးသိနေကြတာ ဖြစ်နိုင်တယ် ၊ ဒါပေမဲ့ အချင်းချင်း လက်ဝါးချင်းရိုက်ပြီး မသိချာင်ယောင်ဆောင်နေကြတာ ဖြစ်နိုင်တယ်”

ထိုမှတစ်ဆင့် ရန်ကျောက်ကဲစိတ်ထဲ အတွေးတစ်ခု ဝင်လာသည်။

သူ သိုင်းကျမ်းစာကြည့်တိုက်တွင် ခန်းမဝိညာဉ်ဖြစ်လာသည်မှာ တိုက်ဆိုင်မှုတစ်ခု မဟုတ်ပေ။

သို့သော် သူက သူ့ကို ယခုကဲ့သို့ဖြစ်စေရန် ပြုလုပ်ခဲ့သူကို စုံစမ်းရန် သို့မဟုတ် စိန်ခေါ်ရန် မကြိုးစားခဲ့ပေ။ ထိုအစား သူက ခဏမျှ တိတ်ဆိတ်ပြီး အခြေအနေ စောင့်ဆိုင်းနေခဲ့သည်။

အရာအားလုံးက ပုံမှန်အတိုင်းဆက်လက်လည်ပတ်နေကြောင်း သေချာတော့မှ သူက သူပြုလုပ်ထားသော လူသားရုပ်ခန္ဓာကို နားလည်မှုရရှိရန် စတင်ကြိုးစားခဲ့သည်။

ရန်ကျောက်ကဲက သူပြုလုပ်ထားသည့်ရုပ်ခန္ဓာအတွင်းသို့ မျက်စိစုံမှိတ် ခြေစုံပစ်ဝင်ရောက်သွားခြင်း မရှိပေ။ ထိုအစားသူက သူ၏ စိတ်ဝိညာဉ်အပိုင်းအစကိုခွဲထုတ်ပြီး ထိုရုပ်ခန္ဓာနှင့် ဖြည်းဖြည်းချင်းပေါင်းစပ်ရန် ကြိုးစားခဲ့သည်။

သူ ပြုလုပ်ထားသည့် ရုပ်ခန္ဓာက ချို့ယွင်းချက်များစွာ ရှိသည်။ သိုင်းကျင့်ကြံရာတွင် တိုးတက်မှုနှေးကွေးပြီး အဆင့်တက်ရာတွင်လည်း အကန့်အသတ် ရှိသည်။

သို့သော် ဤပြုလုပ်ထားသည့် ရုပ်ခန္ဓာက ရန်ကျောက်ကဲ၏ စမ်းသပ်မှုတစ်ခုသာ ဖြစ်သည်။ အနည်းဆုံးတော့ သူ့အနေဖြင့် ကောင်းကင်ဘုံနန်းတော် ၊ သိုင်းကျမ်းစာကြည့်တိုက်မှ သူသင်ယူထားသည့်အရာများကို စမ်းသပ်ရန် အခွင့်အရေးရခဲ့ခြင်းပင် ဖြစ်၏။

ဤသည်မှာ ကောင်းကင်ဘုံနန်းတော်တွင် ရန်ကျောက်ကဲအတွက် ရှားပါးသော ပျော်စရာအချိန်များထဲမှတစ်ခု ဖြစ်ခဲ့သည်။

သိုင်းကျမ်းစာကြည့်တိုက်သို့ ရောက်ရှိလာသူများ မသိရှိအောင် သူပြုလုပ်ထားသည့် ရုပ်ခန္ဓာကို ဖုံးကွယ်ရသည်မှာလည်း ပျော်စရာကစားနည်းတစ်ခု ဖြစ်လာခဲ့သည်။

သို့တိုင် ရန်ကျောက်ကဲက သူ့စိတ်ထဲမှ လျှို့ဝှက်ဆန်းကျယ်မှုများနှင့် ပဟေဠိများကို လုံးဝ လျစ်လျူရှု မေ့ပျောက်ထားခြင်းမျိုး မရှိပေ။

သူက ပိုမိုကောင်းမွန်သည့် နိဂုံးချုပ်ကို ရရှိချင်သည်ဖြစ်ရာ ခဏမျှ သည်းခံနေခဲ့ခြင်းသာ ဖြစ်၏။

ကံမကောင်းသည်မှာ ရန်ကျောက်ကဲ မျှော်လင့်ထားသည်ကို ကျော်လွန်ပြီး မဟာကပ်ဘေးကြီး ရောက်ရှိလာခဲ့သည်။ မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်သာမက အသင်္ချေကမ္ဘာကြီးတစ်ခုလုံး အက်ကွဲပျက်သုဉ်းသွားခဲ့ရသည်။

ရန်ကျောက်ကဲမှာလည်း ကပ်ဘေးကြီးအတွင်းပါရှိသွားပြီး သူ သတိပြန်လာချိန်တွင် အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ရန်ကျောက်ကဲအဖြစ် ရောက်ရှိနေခဲ့ပေပြီ။

ယခု မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော အဂ္ဂိရတ်ခန်းမသို့ ရောက်ရှိလာနေပြီး အရင်ဘဝက အဖြစ်အပျက်များအားလုံး သူ့စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ပြန်လည်မြင်ယောင်လာသည်။

ရန်ကျောက်ကဲစိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်းရေးထွင်းထားသည့် ထိုမှတ်ဉာဏ်များကို ဘယ်သောအခါမှ မေ့ပျောက်နိုင်မည် မဟုတ်ပေ။

အဂ္ဂိရတ်ခန်းမ၏ ခန်းမဝိညာဉ်က ကိုယ်ပိုင်အသိဉာဏ်ရရှိနေသည်ကို တွေ့ရှိရသည့်အခါ ရန်ကျောက်ကဲ သက်ပြင်းတစ်ချက်ချလိုက်သည်။

“တကယ်တော့ မင်းနဲ့ငါက မတူပါဘူးကွာ...”

သူက ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို ယူလိုက်ပြီး အနောက်မြောက်အရပ်ရှိ ယာဇ်ပလ္လင်ထက်သို့တင်လိုက်သည်။

အလင်းတန်းများနှင့်အရိပ်များ ပြောင်းလဲသွားပြီး အဂ္ဂိရတ်ခန်းမ၏ ခန်းမဝိညာဉ်ချန်ထားခဲ့သော စတုတ္ထမြောက် အတွေးအငွေ့အသက်များက စကားလုံးများအဖြစ် ပေါင်းစပ်သွားခဲ့သည်။

“ပထမအသုတ်မှာ (၆)ယောက်ကိုပဲ ဖမ်းဆီးနိုင်ခဲ့တယ် ၊ အရေအတွက်နည်းတယ်ဆိုပေမယ့် ဒီအတိုင်း ဆက်ပြီးဖမ်းဆီးသွားမယ်ဆိုရင် ငါ တစ်ချိန်ချိန်မှာ အောင်မြင်မှာပဲ ၊ လူသားသဘာဝဖြစ်တဲ့ ‘လောဘ’ ကို အသုံးချပြီး ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို ငါးစာအဖြစ်အသုံးချလိုက်ရင် ငါ လူတွေအများကြီး ဖမ်းဆီးနိုင်လိမ့်မယ် ၊ ဒါပေမဲ့ မင်းက ငါ့ရဲ့အစီအစဉ်တွေအားလုံးကို ဖျက်ဆီးပစ်လိုက်တယ် ၊ ဒီရန်ငြိုးကြောင့် မင်းနဲ့ငါ တစ်မိုးအောက်မှာ အတူယှဉ်တွဲနေထိုင်ဖို့ မဖြစ်နိုင်ဘူး ၊ မင်းကိုမုန်းတယ် ၊ မင်းကိုမုန်းတယ် ၊ မင်းကိုမုန်းတယ်”

ထိုစာကြောင်းများကိုဖတ်ရင်း ရန်ကျောက်ကဲမျက်နှာ မဲ့ရွဲ့သွားသည်။

တိမ်လွှာဧကရာဇ်နှင့် ဟယ်မြန်တို့ကတော့ ရယ်ရမလား ငိုရမလား ဖြစ်သွားပြီး ရန်ကျောက်ကဲအား ပြိုင်တူလှည့်ကြည့်လိုက်ကြသည်။

ဤသည်မှာ ခန်းမဝိညာဉ်ချန်ထားခဲ့သော စတုတ္ထစာပိုဒ် ဖြစ်၏။

အလယ်ဗဟိုမှ ယာဇ်ပလ္လင်ထက်တွင်ရှိသော ပဉ္စမစာပိုဒ် ရှိနေခဲ့သည်။

ပဉ္စမစာပိုဒ်တွင်...

“ငါသာ အောင်မြင်လို့ကတော့ ငါ့မီးပြင်းဖိုကိုခိုးပြီး ငါ့အကြံအစည်တွေကို ပျက်အောင်လုပ်တဲ့ အဲဒီကောင်ကို သတ်ပစ်ဦးမယ်”

ဆိုသော စာကြောင်းလည်း ပါရှိနေခဲ့သည် မဟုတ်ပါလား။

တိမ်လွှာဧကရာဇ်တို့ ဆရာတပည့်နှစ်ယောက်စကားမပြောနိုင်ဖြစ်နေသည်ကိုကြည့်ရင်း ရန်ကျောက်ကဲက စကားဆိုလိုက်သည်။

“ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုရဲ့ လမ်းညွှန်မှုနဲ့ အဂ္ဂိရတ်ခန်းမထဲမှာ ကျွန်တော်တို့တွေ အောင်မြင်စွာ လှည့်လည်သွားလာနိုင်တယ် ၊ ပြီးတော့ ကျွန်တော်တို့ရဲ့ လျှို့ဝှက်သိုင်းပညာတွေကိုအသုံးပြုပြီး အမှန်တရားကို ဖော်ထုတ်ဖို့လိုတယ် ၊ ဒါပေမဲ့ ကျွန်တော်တို့က ခန်းမဝိညာဉ်ကို စော်ကားမော်ကားလုပ်ထားမိတော့... သူကတော့ ကျွန်တော်တို့ကို ဒုက္ခပေးမှာပဲ ၊ ဘယ်အရာမဆို တစ်ခုကိုရဖို့ တစ်ခုကိုဆုံးရှုံးရမှာပဲလေ ၊ ဒါက လောလောဆယ် ကျွန်တော်တို့အားလုံးရဲ့ အလုံးစုံအခြေအနေပဲ”

All Chapters