← Chapters

နွားရိုင်းမိစ္ဆာ

Vol. 90 Ch. 1259

နွားရိုင်းမိစ္ဆာ

Vol. 90 Ch. 1259

အခန်း (၁၂၅၉) နွားရိုင်းမိစ္ဆာ

ရန်ကျောက်ကဲက ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖို့ကို ယာဇ်ပလ္လင် (၅)ခုလုံးထက်သို့ တင်ပြီးသွားသည့်အခါ ရေခဲပမာအေးစက်သော အငွေ့အသက်က တစ်ဖန်ပြန်လည် ထွက်ပေါ်လာသည်။

ခဏကြာပြီးနောက် ထိုအငွေ့အသက်က ပျောက်ကွယ်သွားပြန်သည်။

ရက်စက်မှုနှင့်ပြတ်သားမှုများပြည့်နက်နေသော မျက်ဝန်းတစ်စုံသည်လည်း ရန်ကျောက်ကဲနှင့် အခြားသူများ၏စိတ်အာရုံအတွင်းမှ ပျောက်ကွယ်သွားသည်။

ယာဇ်ပလ္လင်များထက်မှ ထွက်ပေါ်လာသော ရှေးဟောင်းစာပိုဒ်များကို ဖတ်ရှုပြီးနောက် ဟယ်မြန်က သူ့စိတ်ကိုတည်ငြိမ်အောင် ကြိုးစားလိုက်ပြီး ရေရွတ်လိုက်သည်။

“ဒီ ခန်းမဝိညာဉ်က လူသားရုပ်ခန္ဓာတစ်ခုတည်ဆောက်ဖို့ အလုပ်များနေတာပဲ ၊ ကြည့်ရတာ သူလုပ်နေတဲ့အလုပ်က အတော်လေး တိုးတက်လာပြီထင်တယ် ၊ မကြာခင်အောင်မြင်သွားမှာ ကျွန်တော် စိုးရိမ်မိတယ်”

တိမ်လွှာဧကရာဇ်က...

“ဒါပေမဲ့ သူ့ရဲ့ပြင်ဆင်မှုက ပြီးပြည့်စုံခြင်း မရှိသေးဘူး ၊ အလျင်စလိုလုပ်မယ်ဆိုရင်တော့ အောင်မြင်ဖို့ မလွယ်ဘူး”

တိမ်လွှာဧကရာဇ်၏မျက်လုံးများက ခရမ်းရော်ဝိညာဉ်ခန်းမကို အကဲခတ်ကြည့်ရှုလိုက်သည်။

သူက ဆက်ပြောသည်။

“သူသာ မအောင်မြင်ဘူးဆိုရင် ဒီ ခရမ်းရောင်ဝိညာဉ်ခန်းမထဲကို ပြန်လာပြီး အဂ္ဂိရတ်ခန်းမရဲ့ အတွင်းပိုင်းစကြာဝဠာကို ပြန်ပြီးထိန်းချုပ်မှာပဲ”

ထိုသို့ဖြစ်လာလျှင် ခန်းမဝိညာဉ်အနေဖြင့် စိတ်အာရုံထွေပြားရန် မလိုအပ်တော့ပေ။

ခန်းမဝိညာဉ်က အဂ္ဂိရတ်ခန်းမတစ်ခုလုံးကို အာရုံစိုက်ထိန်းချုပ်သွားမည်ဆိုလျှင် ခန်းမအတွင်းသို့ ရောက်နေသူတိုင်းက အားနည်းချက် ရှိသွားမည် ဖြစ်သည်။

ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...

“အဲဒီအခြေအနေရောက်သွားလို့က လက်ရှိလူအင်အားနဲ့တောင် ခန်းမဝိညာဉ်ကို တားဆီးနိုင်မှာမဟုတ်ဘူး...”

တိမ်လွှာဧကရာဇ်က တည်ငြိမ်စွာဖြင့်...

“ဒါဖြင့် ငါတို့တွေ ခန်းမဝိညာဉ်ကို အမြန်ဆုံး ရှာရအောင်”

သူက ဆက်ပြောသည်။

“အချိန်မှာ ခန်းမဝိညာဉ်က ထုံးတမ်းအစီအရင် ပြုလုပ်နေမယ်ဆိုတော့ ရှားရှားပါးပါး အားအနည်းဆုံးအခြေအနေမှာ ရောက်နေနိုင်တယ်”

ခန်းမဝိညာဉ်၏တည်နေရာကို သိရှိပြီးမှ ထိုဝိညာဉ်ကို တားဆီးမည်လား ၊ ညှိနှိုင်းမည်လား ၊ ဖျက်ဆီးပစ်မည်လား အခြေအနေအပေါ် မူတည်ပြီး ဆုံးဖြတ်နိုင်သည်။

အကယ်၍ ခန်းမဝိညာဉ် ပျက်ဆီးမသွားပါက သို့မဟုတ် အညံ့ခံရန် မရွေးချယ်ပါက ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုရှိနေသည့်တိုင် အဂ္ဂိရတ်ခန်းမကို သန့်စင်ထိန်းချုပ်ရန်မှာ အားလုံးအတွက် ခက်ခဲနေမည် ဖြစ်သည်။

တိမ်လွှာဧကရာဇ်က သေခြင်းရှင်ခြင်းတိုက်ပွဲများစွာ ဆင်နွှဲခဲ့သူဖြစ်သည့် ဝါရင့်ကျင့်ကြံသူတစ်ယောက်ဖြစ်လေရာ ခန်းမဝိညာဉ်ကို ရှင်းပစ်လိုက်ခြင်းက အကောင်းဆုံးဖြစ်ကြောင်း နားလည်ထားသည်။

မဟုတ်ပါက ခန်းမဝိညာဉ်က အားသာချက်ရှိနေသဖြင့် အဂ္ဂိရတ်ခန်းမတစ်ခုလုံးကို ဖိနှိပ်ထားပေလိမ့်မည်။

အဂ္ဂိရတ်ခန်းမ၏ကိစ္စတွင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတစ်ခုလုံး၏ အကျိုးအမြတ်များ ပါဝင်နေသည်။

မီးလျှံထက်ယံအရှင်သခင် ဝင်ရောက်စွက်ဖက်နို်ငကြောင်း သိရှိပြီးသည့်နောက် ကောင်းရွှယ်ပေါ် ၊ လုန်ရွှယ်ကျီးနှင့် အခြားသူများက ဤကိစ္စကို တိမ်လွှာဧကရာဇ်အား ဖုံးကွယ်ထားခြင်း မရှိတော့ပေ။

ရန်ကျောက်ကဲနှင့်အခြားသူများကလည်း ဤသို့ရလဒ်ဖြစ်လာမည်ကို ခန့်မှန်းထားပြီးသားဖြစ်လေရာ စိတ်ထဲသိပ်မထားကြပေ။ မဟုတ်ပါက သူတို့သည်လည်း အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ ဆက်သွယ်မည် မဟုတ်ပေ။

တိမ်လွှာခွင်းဧကရာဇ်က မီးလျှံထက်ယံအရှင်သခင်နှင့် ခေတ်ပြိုင်ကျင့်ကြံသူတစ်ယောက်ဖြစ်လေရာ စောမင်ကျန့် မည်သို့သောလူစားဖြစ်ကြောင်း အတိအကျ သိရှိထားပြီးသားပင်။

သို့သော် စောမင်ကျန့် ဤနေရာသို့ ရောက်လာမည်လားဆိုသည်ကတော့ ကြိုတင်မှန်းဆမရနိုင်သော ကိစ္စတစ်ခု ဖြစ်၏။

လက်ရှိအချိန်တွင် အပြင်းထန်ဆုံးရန်သူမှာ အဂ္ဂိရတ်ခန်းမ၏ ခန်းမဝိညာဉ်ပင် ဖြစ်၏။

ရန်ကျောက်ကဲက သူ့ခန္ဓာကိုယ်ကို အသာပွတ်သပ်ရင်း...

“ခန်းမဝိညာဉ်ရဲ့တည်နေရာကိုရှာပြီးမှ ကျွန်တော်တို့တွေ ဆုံးဖြတ်ကြတာပေါ့”

“ခန်းမဝိညာဉ်က ဆေးသိုလှောင်ရုံမှာမရှိသလို ပင်မထိန်းချုပ်ရေးဗဟို ‘ခရမ်းရောင်ဝိညာဉ်ခန်းမ’ မှာလည်း မရှိဘူး ၊ ဆိုတော့... သူ ထုံးတမ်းအစီအရင်ပြုလုပ်ဖို့အတွက် နေရာသိပ်တော့ မကျန်တော့ပါဘူး”

ခန်းမဝိညာဉ်က ခရမ်းရောင်ဝိညာဉ်ခန်းမမှ ထွက်ခွာသွားသောကြောင့် အဂ္ဂိရတ်ခန်းမအပေါ် သူ၏ထိန်းချုပ်မှု လျော့ကျသွားသည်ဖြစ်ရာ သူလုပ်ချင်ရာကို လုပ်နိုင်မည် မဟုတ်တော့ပေ။

သူက အဂ္ဂိရတ်ခန်းမတွင် ပေါ့ပေါ့ပါးပါး လှည့်လည်သွားလာနေခြင်းဖြစ်ပါက ထိန်းချုပ်ရေးဗဟိုတွင်ရှိနေသော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သေချာပေါက် သတိပြုမိမည် ဖြစ်သည်။

သူက ခန်းမဝိညာဉ်ဖြစ်သဖြင့် အပြင်မှဝင်လာသူများနှင့် ကွာခြားနေမည်မှာ သေချာသည်။ သူ၏ကိုယ်ပွားဖြစ်သော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ခန်းမဝိညာဉ်ကို ရှာတွေ့သည်နှင့် ရန်ကျောက်ကဲကလည်း သူ၏တည်နေရာကို ပိတ်ဆို့ထားနိုင်မည် ဖြစ်သည်။

သို့သော် ထိန်းချုပ်ရေးဗဟိုမှ တွေ့မြင်ရန်ခက်ခဲသည့် အရိပ်များဖုံးလွှမ်းနေသော နေရာအချို့ ရှိနေသည်။

သို့ဖြစ်ရာ ခန်းမဝိညာဉ် ရောက်နေနိုင်သည့်နေရာ (၂)ခုသာလျှင် ရှိသည်။

တစ်ခုမှာ ဗဟိုဆေးလုံးခန်းမဖြစ်ပြီး နောက်တစ်ခုမှာ ဆေးပစ္စည်းသိုလှောင်ရုံ ဖြစ်သည်။

“ကောင်ကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား... မင်းက ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို ပိုင်ဆိုင်ထားတယ် ၊ ပြီးတော့ ဒီနေရာကိုလည်း ငါတို့နှစ်ယောက်ထက်ပိုပြီး နားလည်နိုင်တယ် ၊ ဒီတော့ ငါတို့နှစ်ယောက် မင်းရဲ့ဆုံးဖြတ်ချက်အတိုင်း လိုက်နာပါ့မယ်”

ထိုစကားကိုကြားတော့ ရန်ကျောက်ကဲက ပြုံးလိုက်သည်ထင်ရသော်လည်း တကယ်တမ်း ပြုံးလိုက်ခြင်း မရှိပေ။

“ဒီအဘိုးကြီးက အရှက်လည်းမရှိဘူး”

ဟု စိတ်ထဲက တွေးလိုက်လေသည်။

သို့သော် သူက တစ်ဖက်လူ၏စကားကို ငြင်းပယ်ခြင်း မပြုခဲ့ပေ။ လက်ရှိအခြေအနေအရ သူ့ကိုကူညီမည့် ကင်းထောက် (၂)ယောက်ရှိနေသည်က ကောင်းသည့်အချက်ပင် မဟုတ်လား။

နှစ်ဖက်လုံး လိုအပ်သည်များကိုကူညီပြီး အကျိုးပြုပေးနိုင်ပေသည်။

“ဒီလိုဆိုမှတော့ အချိန်မဆွဲတော့ဘူး ၊ သွားကြရအောင်”

ရန်ကျောက်ကဲက ခေါင်းတစ်ချက်ညိတ်ပြီး ခရမ်းရောင်ဝိညာဉ်ခန်းမအတွင်းမှ အရင်ဆုံးထွက်ခွာသွားသည်။

ကြယ်စင်ရောင်များဖြာလင်းနေသည့် ကောင်းကင်ပြင်သို့ ပြန်လည်ရောက်ရှိလာသည့်အခါ ရန်ကျောက်ကဲက လမ်းကြောင်းများကို ထပ်မံပိုင်ခြားလိုက်သည်။

ထို့နောက် တိမ်လွှာဧကရာဇ်က မည်သည့်စကားမှမဆိုဘဲ ရန်ကျောက်ကဲညွှန်ပြသည့် လမ်းကြောင်းအတိုင်း ရှေ့ဆုံးမှ အရင်ထွက်ခွာသွားသည်။

ပထမဆုံး ရန်ကျောက်ကဲ ရွေးချယ်လိုက်သည့်နေရာက ‘ဗဟိုဆေးလုံးခန်းမ’ ဖြစ်၏။

ဆေးပစ္စည်းသိုလှောင်ရုံတွင် များပြားလှစွာသော ရတနာပစ္စည်းများ ၊ ဝိညာဉ်မြက်များနှင့် ဝိညာဉ်ဆေးဝါးများ များစွာရှိသည်။ ထိုပစ္စည်းများကို ယူဆောင်နိုင်ခြင်း မရှိတော့သည်မှာ နှမျောစရာပင်။

သို့သော် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ခန်းမဝိညာဉ်က ဗဟိုဆေးလုံးခန်းမတွင် ရှိနေနိုင်ခြေ ပိုမိုများပြားသည်။

ထိုနေရာက ဆေးလုံးများသန့်စင်ရန်အသင့်တော်ဆုံးနေရာဖြစ်ပြီး အဂ္ဂိရတ်ခန်းမအတွင်းမှ ဆေးလုံးသန့်စင်သည့်နည်းလမ်းများစွာ မှတ်တမ်းတင်ထားသည့် နေရာလည်း ဖြစ်သည်။

ယခုအချိန်တွင် အရေးကြီးဆုံးအချက်မှာ အဂ္ဂိရတ်ခန်းမ၏ ခန်းမဝိညာဉ်ကို အမြန်ဆုံး ရှာဖွေရန် ဖြစ်သည်။

မဟုတ်ပါက သူ သတိမထားမိခင်မှာပင် ခန်းမဝိညာဉ်က ခြေတစ်လှမ်းသာသွားမည်ဖြစ်လေရာ ရန်ကျောက်ကဲမှာ သူ ရယူထားသော ရတနာပစ္စည်းများကိုပင် အဂ္ဂိရတ်ခန်းမအပြင်ဘက်သို့ ယူဆောင်ပြီး အသက်ရှင်လျက် ပြန်ထွက်သွားနိုင်မည် မဟုတ်တော့ပေ။

ထို့ပြင် ပြင်ပမှဝင်ရောက်လာသူအချို့မှာလည်း အဂ္ဂိရတ်ခန်းမ၏ အဓိကနေရာများကို ချဉ်းကပ်လာကြောင်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှတစ်ဆင့် ရန်ကျောက်ကဲ သိရှိနေရသည်။

ထိုသူများထဲမှအချို့က မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ စောင့်ကြည့်မှုမှ ကင်းလွတ်နေသည့် အရိပ်များဖုံးလွှမ်းနေသော ဧရိယာအတွင်းသို့ ဝင်ရောက်လာကြကြောင်းလည်း သိရှိရသည်။

အဂ္ဂိရတ်ခန်းမအတွင်း ဝင်ရောက်လာသူများ ပိုမိုများပြားလာသည်နှင့်အမျှ အခြေအနေက ပိုမိုရှုပ်ထွေးလာမည် ဖြစ်သလို ရန်ကျောက်ကဲသည်လည်း မရေရာမှုများနှင့် ပိုမိုရင်ဆိုင်ရပေမည်။

သို့သော် ထိုသို့ဖြစ်လာခြင်းက အကျိုးအပြစ် ဒွန်တွဲနေသည့်ကိစ္စ ဖြစ်သည်။ အပြင်လောကမှ လူပေါင်းများစွာ အဂ္ဂိရတ်ခန်းမအတွင်း ဝင်ရောက်လာလေ အခြေအနေက ပိုမိုတင်းမာလာပြီး ခန်းမဝိညာဉ်အတွက် ပိုပြီး ဒုက္ခရောက်လေ ဖြစ်ပေလိမ့်မည်။

ရန်ကျောက်ကဲက ထိန်းချုပ်ရေးဗဟိုမှ လမ်းကြောင်းအတိုင်းအားကိုးပြီး အမှောင်ရိပ်များဖုံးလွှမ်းနေသည့် ဧရိယာတဝိုက်သို့ ရောက်ရှိလာသည်။ သူက အမှောင်ရိပ်များဖုံးလွှမ်းနေသောနေရာသို့ ဦးတည်သည့် လမ်းကြောင်းများနှင့် တည်နေရာကို သေချာစွာ မှတ်သားလိုက်သည်။

နောက်ဆုံးမှာတော့ ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖို၏လမ်းပြမှုဖြင့် ခရီးစဉ်အောင်မြင်သွားခဲ့သည်။

ဆေးသိုလှောင်ရုံနှင့် ခရမ်းရောင်ဝိညာဉ်ခန်းမ တည်နေရာကို ရှာဖွေနိုင်သကဲ့သို့ပင် ယခုတစ်ကြိမ်တွင်လည်း ရန်ကျောက်ကဲက ‘ဗဟိုဆေးလုံးခန်းမ’ ၏ တည်နေရာကို ရှာဖွေနိုင်ခဲ့ပေသည်။

သို့သော် ထိုနေရာတွင် ခန်းမဝိညာဉ် ရှိမနေခဲ့ပေ။

ရန်ကျောက်ကဲက သူ၏ဆုံးဖြတ်ချက်မှားယွင်းသွားသောကြောင့် စိတ်ပျက်မသွားခဲ့ပေ။

ထိုအစား သူက စိတ်အေးလက်အေးပင် စဉ်းစားသုံးသပ်လိုက်သည်။

“ခန်းမဝိညာဉ်က ငါထင်ထားတာထက်ပိုပြီး စိတ်ပူပန်နေပုံရတယ်”

ကြည့်ရသည်မှာ ခန်းမဝိညာဉ်က ခရမ်းရောင်ဝိညာဉ်ခန်းမမှထွက်ခွာပြီးနောက် ဆေးလုံးအမြောက်အမြားရယူရန် ဆေးသိုလှောင်ရုံသို့သွားခဲ့သည်။ ထို့နောက် ဝိညာဉ်မြက်များနှင့် ဝိညာဉ်ဆေးပစ္စည်းများ သွားရောက်ယူဆောင်ရန် ဆေးပစ္စည်းသိုလှောင်ရုံသို့ ဆက်လက်ထွက်ခွာ သွားလိမ့်မည်။

ထို့နောက် ဗဟိုဆေးလုံးခန်းမသို့ ရောက်မလာတော့ဘဲ ဆေးပစ္စည်းသိုလှောင်ရုံမှာပင် ထုံးတမ်းအစီအရင်ပြုလုပ်ရန် အလောတကြီး ပြင်ဆင်ခဲ့ခြင်း ဖြစ်နိုင်သည်။

“ကြည့်ရတာ... သူက ခရမ်းရောင်ဝိညာဉ်ခန်းမကနေ အချိန်အကြာကြီး ထွက်သွားလို့ မရဘူးထင်တယ် ၊ အဲဒီနေရာက ထွက်လာတာ သူ့အတွက် ကြီးမားတဲ့ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်လာနိုင်တယ်”

တွေးတောပြီးသည်နှင့် ရန်ကျောက်ကဲက တခြားနေရာများသို့ လျှောက်မသွားတော့ဘဲ တိမ်လွှာဧကရာဇ်နှင့် ဟယ်မြန်ကို ချက်ချင်းပင် ဆေးပစ္စည်းသိုလှောင်ရုံသို့သွားရောက်ရန် လမ်းညွှန်ပေးလိုက်သည်။

သို့သော် သူတို့ ဗဟိုဆေးလုံးခန်းမမှ ထွက်ခွာလိုက်သည်နှင့် သူတို့အရှေ့ မှောင်မိုက်သောစကြာဝဠာထဲတွင် ရုတ်တရက် အလင်းတန်းများတောက်ပလာသည်ကို တွေ့လိုက်ရသည်။

အထိုအလင်းတန်းများက ရန်ကျောက်ကဲတို့အုပ်စုအနားသို့ရောက်သည့်အခါ လူရိပ်များအဖြစ်ပြောင်းလဲသွားပြီး သူတို့လမ်းကြောင်းကို ပိတ်ဆို့ထားလိုက်ကြသည်။

နှစ်ဖက်လုံး တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း အနည်းငယ် အံ့အားသင့်သွားကြဟန်ရှိသည်။ ထို့နောက် ချက်ချင်းပင် ပြန်ပြီးသတိဝင်လာကြ၏။

ရန်ကျောက်ကဲ ၊ တိမ်လွှာဧကရာဇ်နှင့် ဟယ်မြန်တို့၏မျက်ဝန်းများတွင် အလင်းတန်းများ တောက်ပသွားသည်။

သူတို့ရှေ့တွင် ရှိနေသူများက မိန်းကလေး(၂)ယောက် ယောကျ်ားလေး (၂)ယောက် ဖြစ်သည်။

မိန်းကလေး (၂)ယောက်ကတော့ မည်သည့်ထူးခြားချက်မှမရှိပေ။ သူတို့က အလွန်တရာ ကျက်သရေနှင့်ပြည့်စုံပြီး ချောမောလှပသည်ဖြစ်ရာ ရှားရှားပါးပါး အလှလေးများဟု ဆိုနိုင်သည်။

စမ်းချောင်းလေးများစီးဆင်းနေသည့်ပမာ အလွန်ပြေပြစ်ပြီး ကျက်သရေရှိလှသည်။

သို့သော် သူတို့ဘေးမှ ယောကျ်ား (၂)ယောက်ကတော့ အသားအရေ နီစပ်စပ်နှင့် ဖြစ်သည်။

သူတို့က ရွှေခမောက်များဆောင်းထားပြီး ကြေးနီသံချပ်ကာများကို ဝတ်ဆင်ထားကာ လည်ရှည်သားရေဖိနပ်များ စီးထားလျက် ခါးတွင် ခြင်္သေ့သုံးကောင်ခါးပတ်များ ပတ်ထားကြသည်။

သူတို့၏အရပ်များက အလွန်မြင့်မားပြီး သက်သောင့်သက်သာမတ်တတ်ရပ်နေသည်ကပင် သေးငယ်သည့် မျှော်စင်နှစ်ခု ထောင်မတ်ထားသည့်အလား ထင်မှတ်ရသည်။

ခေါင်းမော့ကြည့်လိုက်တော့ သူတို့၏မျက်လုံးကြီးများက အလွန်ကြီးမားပြူကျယ်နေပြီး မျက်ခုံးမွှေးအစုံက အနီရောင်သမ်းနေကာ ကြီးမားသောပါးစပ်ကြီးနှင့် ကြေးဝါရောင်သွားများ ရှိနေသည်။

ဘယ်လိုပဲကြည့်ကြည့် သူတို့က လူသားအသွင်ခံယူထားသော နွားရိုင်းနတ်မိစ္ဆာ(၂)ကောင်ဖြစ်သည်မှာ သိသာနေသည်။ လူသားအသွင်ယူထားသည့်တိုင် သူတို့ခန္ဓာကိုယ်တွင် နွားရိုင်းလက္ခဏာများ ရှိနေသေးသည် မဟုတ်ပါလား။

နွားရိုင်းနတ်မိစ္ဆာများ၏ သွေးစွမ်းအားနှင့် ရောင်ဝါများက မြက်ခင်းပြင်တွင် မြက်စားနေသော သာမန်နွားရိုင်းများနှင့် လုံးဝ တူညီခြင်း မရှိပေ။

နွားရိုင်းနှစ်ကောင်ဘေးနားမှ မိန်းမပျိုနှစ်ယောက်ကတော့ အလွန်တရာ သွေးသွယ်လှပသူများ ဖြစ်ကြသည်။ သူတို့တွင် နတ်မိစ္ဆာက လူယောင်ဖန်ဆင်းထားသည့် အရိပ်အယောင်များ လုံးဝမရှိပေ။

မိန်းမပျိုများကိုကြည့်ပြီး ရန်ကျောက်ကဲတို့အုပ်စု စိတ်ထဲတွင် သံသယများ မြင့်တက်လာကြသည်။

အသေးစိတ်အကဲခတ်ပြီးသည့်နောက် ထိုမိန်းမပျိုများထံမှ လူသားများ၏ရောင်ဝါနှင့် တူညီခြင်းမရှိသော နတ်မိစ္ဆာအငွေ့အသက်များစိမ့်ထွက်နေကြောင်း ယောင်ဝါးဝါး အာရုံခံမိလိုက်ကြလေသည်။

All Chapters