ဝက်များက သူတို့အပေါင်းအသင်းများကို အောက်သို့ဆွဲချသကဲ့သို့
Vol. 90 Ch. 1260
အခန်း (၁၂၆၀) ဝက်များက သူတို့အပေါင်းအသင်းများကို အောက်သို့ဆွဲချသကဲ့သို့
“နွားရိုင်းမိစ္ဆာနဲ့ မြေခွေးမိစ္ဆာ...”
ရန်ကျောက်ကဲ မျက်ခုံးတစ်ချက်ပင့်ရင်း တွေးလိုက်သည်။
နွားရိုင်းမိစ္ဆာ(၂)ယောက်၏ခန္ဓာကိုယ်နှင့် မျက်နှာထားက နွားများနှင့်အလွန်ဆင်တူသည်။ သူတို့က တန်ခိုးစွမ်းအားနှင့် အသိဉာဏ်များမြင့်မားလာပြီး လူသားအသွင် ပြောင်းလဲနိုင်ခြင်း ဖြစ်သည်။
မိန်းမပျိုနှစ်ယောက်ကတော့ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် အမူအရာကိုအခြေခံပြီး လူသားအသွင်ပြောင်းထားသော မြေခွေးမိစ္ဆာများဖြစ်ကြောင်း သိရှိနိုင်သည်။
မြေခွေးမိစ္ဆာများက နွားရိုင်းမိစ္ဆာများထက်ဆာလျှင် အသွင်ပြောင်းခြင်းတွင် ပိုမိုကောင်းမွန်သည်။
သူတို့က လူယောင်ဖန်ဆင်းရာတါင် အထူးနည်းလမ်းမရှိဘဲ လွယ်ကူစွာအသွင်ပြောင်းနိုင်သည်ဖြစ်ရာ သာမန်လူများနှင့် ခွဲခြားရန် ခက်ခဲလေသည်။
ရန်ကျောက်ကဲတို့နေထိုင်သည့် တာအိုစကြာဝဠာတွင် လူသားအဖြစ်ပြောင်းလဲနိုင်သောနတ်မိစ္ဆာ မရှိသလောက် နည်းပါးသည်။
သို့သော် မီးလျှံနဂါးကမ္ဘာသို့ ရောက်ရှိပြီးနောက် အခြားသောစကြာဝဠာတစ်ခုသို့ နတ်မိစ္ဆာမျိုးနွယ်များ ရောက်ရှိနေကြောင်း ရန်ကျောက်ကဲ သိရှိခဲ့ရသည်။
နတ်မိစ္ဆာများသည်လည်း သူတို့ရရှိသည့်သဲလွန်စများကို အခြေခံပြီး အဂ္ဂိရတ်ခန်းမကို ရှာဖွေနိုင်ခဲ့ကြသည်။
သမိုင်းကြောင်းအရဆိုလျှင် နတ်မိစ္ဆာမျိုးနွယ်များနှင့် ကောင်းကင်ဘုံနန်းတော်ကြားတွင် အမျက်အာဃာတများစွာ ရှိခဲ့ကြသည်။
တာအိုဝါဒသမိုင်းတစ်လျှောက်တွင် နတ်ဘုရားအဆင့်သို့ အောင်မြင်စွာတက်ရောက်နိုင်သော နတ်မိစ္ဆာမျိုးနွယ် တန်ခိုးစွမ်းအားရှင်များစွာ ရှိခဲ့သည်။
သို့ဖြစ်ရာ ကောင်းကင်ဘုံနန်းတော် ၊ အဂ္ဂိရတ်ခန်းမနှင့်ပတ်သက်ပြီး သဲလွန်စ သို့မဟုတ် ရတနာပစ္စည်းတစ်မျိုမျိုး ရရှိရန်မှာ သူတို့အတွက် ထူးခြာသည့်ကိစ္စတစ်ခုတော့ မဟုတ်ပေ။
နတ်မိစ္ဆာမျိုးနွယ်များ ယနေ့ကိစ္စတွင် ဝင်ရောက်စွက်ဖက်မည်ကို အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက ကြိုတင်သိရှိထားပြီးသားဖြစ်သလို ရန်ကျောက်ကဲကိုလည်း ကြိုတင်အကြောင်းကြားထားပြီးသား ဖြစ်သည်။
ထို့ကြောင့် ယခု ရန်သူများနှင့်တွေ့ရသည့်အခါ သူတို့က လုံးဝ အံ့သြခြင်း မရှိပေ။
ဟယ်မြန်နှင့် တိမ်လွှာဧကရာဇ်တို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
တာအိုစကြာဝဠာတွင် တစ်ဖန်ပြန်ပေါ်လာသော ဤနတ်မိစ္ဆာများအား မည်သို့ကိုင်တွယ်ရမည်ကိုတွေးတောရင်း သူတို့က တိတ်တဆိတ် စောင့်ကြည့်နေကြသည်။
သူတို့ကြားတွင် အခြားရန်ငြိုးရန်စများ မရှိကြပေ။ တစ်ယောက်နှင့်တစ်ယောက်တိုက်ခိုက်ခြင်းထက် ပူးပေါင်းလုပ်ဆောင်လျှင် ပိုမိုကောင်းမွန်နိုင်သည်။
ထို့ပြင် အဂ္ဂိရတ်ခန်းမထဲသို့ရောက်ရှိနေသည့် တန်ခိုးစွမ်းအားရှင်များအားလုံးတွင် ခန်းမဝိညာဉ်က အကြီးမားဆုံး အားသာချက်ရှိနေသူ ဖြစ်သည်။
သူက ကိုယ်ပိုင်ရုပ်ခန္ဓာတစ်ခု တည်ဆော်ကနေသဖြင့် အချိန်နှောင့်နှေးနေခြင်းသာ ဖြစ်၏။
ကိုယ်ပိုင်ရုပ်ခန္ဓာပြုလုပ်ခြင်း အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ အဂ္ဂိရတ်ခန်းမ၏ အဓိကထိန်းချုပ်မှုစွမ်းအားကို ခန်းမဝိညာဉ်က ပြန်လည် ရယူနိုင်ပေလိမ့်မည်။
ထို့ကြောင့် အခြားသူများ အတူပူးပေါင်းပြီး ခန်းမဝိညာဉ်ကို အရင်ဆုံးဖြုတ်ချခြင်းက ပိုမိုဆီလျော်ပေမည်။ ပြီးမှ ကျန်ရှိသူများ အချင်းချင်းဆက်လက်တိုက်ခိုက်ရပေမည်။
ခန်းမဝိညာဉ်မှလွဲပြီး ကျန်လူအားလုံးက အပြင်ဘက်မှ ဝင်ရောက်လာသူများ ဖြစ်ကြသည်။ ထို့ကြောင့် အပြင်လူများအားလုံးပေါင်းပြီး ခန်မဝိညာဉ်ကို အတူပူးပေါင်းတိုက်ခိုက်ရန် လိုအပ်သည်။ ပြီးမှသာ အဂ္ဂိရတ်ခန်းအတွင်းမှ ရတနာပစ္စည်းများအတွက် အချင်းချင်း ဆက်လက်တိုက်ခိုက်သင့်သည်။
ရန်ကျောက်ကဲနှင့် တိမ်လွှာဧကရာဇ်တို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ နှစ်ယောက်လုံးက အမြင်ချင်းတူညီသဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။
သို့သော် သူတို့စကားမပြောနိုင်ခင်မှာပင် နွားရိုင်းမိစ္ဆာတစ်ကောင်က စတင်အော်ဟစ်လိုက်၏။
“မင်းတို့တွေ... ကျုပ်တို့ကိုအမြန်ပြောစမ်း ၊ ဆေးသိုလှောင်ရုံထဲက နတ်ဆေးလုံးတွေနဲ့ ဝိညာဉ်ဆေးလုံးတွေကို မင်းတို့ခိုးသွားတာလား”
ထိုနွားရိုင်းမိစ္ဆာ၏အသံက မိုးခြိမ်းသံပမာ ဖြစ်သည်။
သူ့အသံက ပတ်ဝန်းကျင်စကြာဝဠာနှင့် ဗလာနယ်တစ်ခုလုံးကို တုန်ခါသွားစေပြီး နားစည်ထဲသို့ မိုးကြိုးပစ်ချလိုက်သည့်ပမာပင်။
ထိုစကားသံကိုကြားပြီးနောက် ရန်ကျောက်ကဲသည်ပင် ရုတ်တရက် စကားမပြောနိုင်ဖြစ်သွားရသည်။
ပြီးမှ သူက ကြိုးစားပြီးပြုံးလိုက်ရင်း...
“ပြောရရင် ငါတို့မှာ အခု အရေးကြီးကိစ္စရှိနေတယ် ၊ မင်းတို့ အဲဒါကို သတိမထားမိဘူး မဟုတ်လား”
သူက ဆက်ပြောသည်။
“ဒီအဂ္ဂိရတ်ခန်းမရဲ့ ခန်းမဝိညာဉ်က ပျက်ဆီးမသွားသေးဘူး ၊ မပျက်ဆီးတဲ့အပြင် ကိုယ်ပိုင်အသိဉာဏ်တောင် ပိုင်ဆိုင်ထားပြီး သက်ရှိတစ်ယောက်လိုဖြစ်နေတယ် ၊ သူက အရမ်း အကြင်နာတရားကင်းမဲ့ပြီး ရက်စက်တယ်”
“ငါတို့အားလုံး အခု အဂ္ဂိရတ်ခန်းမထဲ ရောက်နေကြတာဆိုတော့ ခန်းမဝိညာဉ်က ငါတို့ကို ထိန်းချုပ်ချင်တယ်ဆိုရင် အရမ်းလွယ်တယ်”
“သူ့အတွက် ဒီနေရာကအရာအားလုံးက ရတနာပစ္စည်းတွေပဲ ၊ ငါတို့က ဖိတ်ခေါ်မထားဘဲ ရောက်လာတဲ့ ဧည့်သည်တွေလေ ၊ ဒီတော့ ငါတို့က သူ့ရဲ့ ရတနာပစ္စည်းတွေကို ခိုးယူလုယက်ဖို့ ကျူးကျော်လာတယ်ဆိုပြီး ငါတို့အားလုံးကို သတ်ပစ်ချင်နေမှာ သေချာတယ်”
“ငါတို့ကြားမှာ ဘာရန်ငြိုးမှ မရှိပါဘူး ၊ အားလုံးက ရတနာပစ္စည်းတွေလိုချင်လို့ ဒီကိုရောလာကြတာ ၊ ငါတို့ အရင်ဆုံး ပူးပေါင်းလုပ်ဆောင်ကြမယ် ၊ ခန်းမဝိညာဉ်ရဲ့ခြိမ်းခြောက်မှုကို ဖယ်ရှားပစ်မယ် ၊ ပြီးမှ ရတနာပစ္စည်းတွေခွဲဝေယူဖို့ ဖြည်းဖြည်းချင်း ဆွေးနွေးကြတာပေါ့”
ရန်ကျောက်ကဲစကားမဆုံးခင် အနက်ရောင်နွားရိုင်းမိစ္ဆာနှစ်ကောင်၏မျက်နှာထက်တွင် အထင်အမြင်သေးပြီး မထီမဲ့မြင်အမူအရာများ ထွက်ပေါ်လာသည်။
ဤသည်ကို ရန်ကျောက်ကဲက ချက်ချင်းပင် သတိထားလိုက်မိသည်။
“ဟမ်...”
သို့သော် အလွန်တရာ ချောမောလှပသော မိန်းမပျိုနှစ်ဘောက်ကတော့ ရန်ကျောက်ကဲ၏စကားကို အလေးအနက် နားထောင်နေဟန် ရှိသည်။ ထို့နောက် သူတို့မျက်နှာထက်တွင် အတည်ပြုချက်တစ်ခု ထွက်ပေါ်လာသည်။
သို့သော် မိန်းမပျိုများက နွားရိုင်းမိစ္ဆာနှစ်ကောင်ကို အသံပို့လွှတ်စနစ်ဖြင့် တစ်စုံတစ်ခု ပြောဆိုနေကြောင်း ရန်ကျောက်ကဲ ရှင်းရှင်းလင်းလင်း အာရုံခံမိသည်။
မည်သည့်စကားပြောဆိုနေကြောင်း အတိအကျမသိရှိသော်လည်း မြေခွေးမိစ္ဆာများက နွားရိုင်းမိစ္ဆာများကို တစ်ခုခု သတိပေးနေပုံရသည်။
နွားရိုင်းမိစ္ဆာနှစ်ကောင်က တစ်ခုခုပြောချင်ဟန်ရှိသော်လည်း မိန်းကလေးနှစ်ယောက်ထံမှ အသံပို့လွှတ်လာသည့်စကားကိုကြားပြီးသည့်နောက် သူတို့မျက်နှာထက်တွင် စိတ်ရှုပ်ထွေးသည့်အမူအရာများ ထွက်ပေါ်လာသည်။
ထို့နောက် သူတို့က စကားပြောလိုစိတ်ကိုမျိုသိပ်လိုက်ပြီး အခြားဘက်သို့လှည့်လိုက်ကြသည်။
မိန်းမပျိုတစ်ယောက်က အလွန်စွဲမက်ဖွယ်ကောင်းအောင် ပြုံးပြလိုက်ပြီး...
“တာအိုရောင်းရင်းပြောတာ နည်းနည်းတော့ ယုံရခက်တယ် ၊ ကောင်းကင်ဘုံနန်းတော်က အဆောက်အဦတွေမှာ ကိုယ်ပိုင်ခန်းမဝိညာဉ်တွေရှိကြတာ ကျွန်မတို့ သိပါတယ် ၊ ဒါပေမဲ့ ကိုယ်ပိုင်အသိဉာဏ်ရှိတဲ့ ခန်းမဝိညာဉ်ဆိုတာ တစ်ခါမှ မကြားဖူးဘူး”
“ဆိုတော့... ဒီလိုစကားမျိုးပြောတာ တာအိုရောင်းရင်းတို့မှာ သက်သေရှိလို့လား”
ထို့နောက် သူမက နှုတ်ခမ်းကို လက်ဖြင့်အသာအုပ်ရင်း ချစ်စဖွယ် ရယ်မောလိုက်သည်။
“ဒါနဲ့ ... တာအိုရောင်းရင်းတို့ (၃)ယောက်က ဘယ်သူတွေများလဲ”
သူမက အလွန်တရာချောမောလှပသော်လည်း ရန်ကျောက်ကဲကတော့ တစ်ချက်လေးပင် စိတ်လှုပ်ရှားခြင်း မရှိပေ။ သူက မျက်ဝန်းများကို ကျဉ်းမြောင်းရင် ထိုမိန်းမပျိုကို အကဲခတ်လိုက်သည်။
တိမ်လွှာခွင်းဧကရာဇ်နှင့် ဟယ်မြန်တို့သည်လည်း တည်ငြိမ်စွာပင် ရှိကြသည်။
ဤသည်က မြေခွေးမိစ္ဆာက သူတို့ကို ပရောပရည်လုပ်နေခြင်းသာပင်။
ထို့နောက် သူမမျက်ဝန်းများထဲတွင် ပဟေဠိများနှင့် အံ့အားသင့်မှုများထွက်ပေါ်လာပြီး ခေါင်းငုံ့လျှက် သူမကိုယ်သူမ ပြန်ကြည့်လိုက်သည်။
“ကျွန်မစကားထဲ ဘာမှားတာပါလို့ ရှင်တို့ (၃)ယောက်က ဒီလိုကြီး ကြည့်နေရတာလဲ”
သူမက ဆက်ပြောသည်။
“ကျွန်မက တာအိုရောင်းရင်းတို့ပြောတာကို မယုံလို့မဟုတ်ပါဘူး ၊ တကယ် မယုံနိုင်စရာကြီးဖြစ်နေလို့ မေးကြည့်မိတာပါ”
သူမဘေးနားမှ မိန်းမပျိုက သူတို့ကို မျက်လုံးပြူးကာကြည့်လိုက်ပြီး ခါးထောက်လိုက်သည်။
သူမက ရန်ကျောက်ကဲကို မကျေမနပ်ဖြင့်ကြည့်ရင်း...
“ကျွန်မတို့အရင်က တစ်ယောက်နဲ့တစ်ယောက် မဆုံဖူးပါဘူးနော် ၊ သိလည်းမသိကြဘူး ၊ ဒီတော့ ညီမလေး သံသယဝင်တာ ဘာများဆန်းလို့လဲ ၊ ရှင်တို့က ကျွန်မတို့နဲ့အတူတူ ပူးပေါင်းချင်တယ်ဆိုပြီး မျက်နှာတွေက ဒီလိုပုံစံတွေဖြစ်နေတာ ဘာကိုဆိုလိုတာလဲ”
မိန်းကလေးက ရန်တွေ့လိုက်သော်လည်း သူမက အလွန်တရာ ချောမောလှပနေဆဲဖြစ်သည်။
မိန်းမပျိုနှစ်ယောက်က တစ်ယောက်တစ်မျိုးလှပကြပြီး မတူညီသည့်အလှတရားများဖြင့် ဖြာလင်းတောက်ပလျက် ရှိကြသည်။
သို့သော် ရန်ကျောက်ကဲတို့အုပ်စုကတော့ တည်ငြိမ်စွာပင် မတ်တတ်ရပ်နေခဲသည်။
ရန်ကျောက်ကဲက...
“မင်းတို့နှစ်ယောက်လုံးက အပြစ်ဆိုစရာမရှိအောင် ချောမောလှပလွန်းကြပါတယ် ၊ ဘယ်သူမဆို မင်းတို့ကို ယုံကြည်မိကြမှာပါပဲ”
စိတ်ထဲမှာတော့ ရန်ကျောက်ကဲက သူတို့နှစ်ယောက်ကိုကြည့်ရင်း ရယ်ချင်စိတ် ဖြစ်သွားမိသည်။
သူက ဆက်ပြောသည်။
“စိတ်မကောင်းစရာက... မင်းတို့နဲ့အတူပါလာတဲ့နှစ်ယောက်က မင်းတို့ပြောနေတာတွေက လိမ်ညာနေတယ်ဆိုတာ ပြနေတယ် ၊ မင်းတို့ (၄)ယောက် ဒီလိုပုံစံနဲ့ ဒီလိုမျိုးရပ်နေတာ ဘယ်သူမဆို ထူးဆန်းတယ်လို့ ခံစားကြရမှာပဲလေ”
မြေခွေးမိစ္ဆာမိန်းမပျိုနှစ်ယောက်မှာ မျက်နှာတစ်ချက်မပျက် နဂိုပုံစံအတိုင်း ထိန်းသိမ်းထားကြသည့်တိုင် စိတ်ထဲမှ သက်ပြင်းချလိုက်မိကြသည်။
ဝက်များက သူတို့အပေါင်းအသင်းများကို အောက်သို့ဆွဲချသကဲ့သို့ နွားများသည်လည်း ထိုနည်းလည်းကောင်းပင် လုပ်ဆောင်မည် ဖြစ်သည်။
(အရည်အချင်းမရှိသူများက အရည်အချင်းရှိသူများကိုပင် ဆွဲချသဖြင့် ဒုက္ခရောက်ရသည်ဆိုသော အဓိပ္ပါယ် __ ဘာသာပြန်သူ)
နွားရိုင်းမိစ္ဆာနှစ်ကောင်က ခေါင်းကိုတစ်ဖက်သို့လှည့်ထားသည်ကို မျက်လုံးထောင့်မှကြည့်ရုံဖြင့်ပင် ပူးပေါင်းလုပ်ဆောင်လိုစိတ်မရှိကြောင်း သိရှိနိုင်ကြသည်။ ဤသည်က သူတို့အုပ်စု၏ အားနည်းချက် ဖြစ်လာလေ၏။
တိမ်လွှာခွင်းဧကရာဇ်က တည်ငြိမ်စွာဖြင့်...
“ပြီးတော့ မင်းတို့နှစ်ယောက်လုံးက အသံပို့လွှတ်စနစ်နဲ့ လျှို့ဝှက်စကားပြောနေကြတာလေ ၊ ငါက အသက်ကြီးပြီဆိုပေမယ့် မျက်လုံးတော့ မကန်းသေးပါဘူး”
နွားရိုင်းမိစ္ဆာတစ်ကောင်က စိတ်မရှည်စွာဖြင့်...
“အဓိပ္ပါယ်မရှိတဲ့စကားတွေ ပြောမနေပါနဲ့လို အစကတည်းက ပြောသားပဲ ၊ အရင်ဆုံး သူတို့ကို တိုက်ကြရအောင်”
သူ့နံဘေးမှ မြေခွေးမိစ္ဆာက သက်ပြင်းတစ်ချက်ချရင်း...
“အခုတော့ ကျွန်မတို့ဟန်ဆောင်တာ ပေါ်သွားပြီဆိုတော့ တိုက်ရတော့မှာပေါ့”
စကားဆုံးသွားသည်နှင့် သူမ၏ခန္ဓာကိုယ်မှ မွှေးရနံ့များလွင့်ပျံလာပြီး ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားကာ နတ်မိစ္ဆာများရှိနေသည့်စကြာဝဠာဘက်ခြမ်းတစ်ခုလုံး မွှေးရနံ့များဖြင့် လွှမ်းခြုံသွားသည်။
ထိုအချိန် အလွန်တရာချောမောလှပသော အခြားမြေခွေးမိစ္ဆာမိန်းမပျိုက ရန်ကျောက်ကဲတို့အုပ်စု သွားရန်လမ်းကို ပိတ်ဆို့ရန် ဟန်ပြင်လိုက်သည်။
သူမက မကျေမနပ်လေသံဖြင့်...
“ရှင်တို့နှစ်ယောက်က အတော်တုံးတဲ့နွားရိုင်းတွေပဲ ၊ သူတို့ ဘယ်လောက်စွမ်းအားကြီးတယ်ဆိုတာ ရှင်တို့ သိလို့လား ၊ ဒါမှမဟုတ် သူတို့ ဘယ်လိုပညာရပ်မျိုးတွေ ကျင့်ကြံထားတယ်ဆိုတာရော သိလို့လား ၊ သူတို့ ကျွန်မတို့ကိုမနိုင်ဘူးဆိုရင်တောင် ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ ၊ ဒါဆို သူတို့ကို ဘယ်လိုပြန်ရှာမလဲ ၊ သူတို့ကိုလှည့်စားပြီး ကိုယ့်အကွက်ထဲဝင်အောင် သိမ်းသွင်းတာက အကောင်းဆုံးမဟုတ်ဘူးလား”
နွားရိုင်းမိစ္ဆာက အော်ဟစ်လိုက်သည်။
“အစစ်အမှန်နတ်ဘုရားတစ်ပါးနဲ့ လူသားနတ်ဘုရားနှစ်ပါးလေ... သူတို့ကို မနိုင်စရာ ဘာရှိလို့လဲ ၊ မင်းက အလကားသက်သက် သတ္တိကြောင်နေတာပဲ ၊ အသုံးကိုမကျဘူး”
ပြောပြီးသည်နှင့် နွားရိုင်းမိစ္ဆာနှစ်ကောင်က ရန်ကျောက်ကဲတို့အုပ်စုထံသို့ဦးတည်ဝင်ရောက်လာကြသည်။
ရန်ကျောက်ကဲနှင့် တိမ်လွှာဧကရာဇ်တို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။
“ကြည့်ရတာ ကျွန်တော်တို့သတိမထားမိတဲ့ ကိစ္စတစ်ခုခု ဖြစ်သွားတဲ့ပုံပဲ ၊ ကျွန်တော်တို့ သူတို့ကို အရှင်ဖမ်းရတော့မယ်ထင်တယ်”