← Chapters

တိုက်ပွဲမရှိလျှင် နာကျင်မှုမရှိ

Vol. 90 Ch. 1261

တိုက်ပွဲမရှိလျှင် နာကျင်မှုမရှိ

Vol. 90 Ch. 1261

အခန်း (၁၂၆၁) တိုက်ပွဲမရှိလျှင် နာကျင်မှုမရှိ

မြေခွေးမိစ္ဆာနှစ်ကောင် ဟန်ဆောင်တုပထားသည့်မျက်နှာအမူအရာက ခန်းမဝိညာည် ကိုယ်ပိုင်အသိဉာဏ်ရသွားကြောင်း ကြားသိရသည့်အခါ သာမန်လူများ တုံ့ပြန်ကြမည့် အမူအရာပင် ဖြစ်သည်။

သို့သော် နွားရိုင်းနှစ်ကောင်က ဟန်မဆောင်ဘဲ မာန်တက်နေသည်ဖြစ်လေရာ သူတို့၏ဟန်ဆောင်မှုတွင် ချို့ယွင်းချက်ဖြစ်သွားပြီး ရန်ကျောက်ကဲတို့ဘက်မှ တစ်စုံတစ်ရာကို သိရှိသွားခဲ့သည်။

အမှန်တော့ အဂ္ဂိရတ်ခန်းမ၏ ခန်းမဝိညာဉ် ကိုယ်ပိုင်အသိဉာဏ်ရရှိထားပြီးဖြစ်ကြောင်း နတ်မိစ္ဆာများ သိရှိထားပြီး ဖြစ်ပေသည်။

သို့သော် ထိုသို့သိရှိသည်က ပြဿနာ မဟုတ်ပေ။

သူတို့သည်လည်း ခရမ်းရောင်ဝိညာဉ်ခန်းမသို့ ရောက်ရှိခဲ့ပြီး အခြေအနေကို သဘောပေါက်သွားခြင်း ဖြစ်နိုင်သလို အခြားသတင်းရင်းမြစ်များမှ သတင်းရခြင်းလည်း ဖြစ်နိုင်သည်။ သို့တည်းမဟုတ် ခန်းမဝိညာဉ်၏ တိုက်ခိုက်ခြင်းကို ခံရနိုင်ခြေပင် ရှိ၏။

သို့ပေသိ ထူးဆန်းသည်မှာ ရန်ကျောက်ကဲထံမှ ထိုသတင်းကြားသိသည့်တိုင် သူတို့က လုံးဝ စိုးရိမ်ပူပန်ဟန် မပြခဲ့ကြပေ။ ထိုအစား ရန်ကျောက်ကဲတို့အုပ်စုကိုပင် လှည့်စားရန် ကြိုးစားခဲ့သည်။

ဤသည်က သာမန်မဟုတ်သည့် အခြေအနေတစ်ခု ဖြစ်ပေသည်။

ရန်ကျောက်ကဲ၏ ပင်ကိုယ်သိစိတ်အရ သူမသိသော လျှို့ဝှက်ကိစ္စတစ်ခု ရှိနေပြီဖြစ်ကြောင်း နားလည်လိုက်သည်။

ထိုသို့ဆိုလျှင် သူတို့ရှေ့မှ နတ်မိစ္ဆာများကို တိုက်ခိုက်ဖမ်းဆီးပြီး သူတို့ကို မေးခွန်းထုတ်ခြင်းက ပိုမိုကောင်းမွန်ပေမည်။

တိမ်လွှာဧကရာဇ်ကလည်း ရန်ကျောက်ကဲကဲ့သို့ပင် တူညီစွာ ဆုံးဖြတ်လိုက်ဟန်ရှိသည်။

သူက လက်နှစ်ဖက်ကိုပင့်မြှောက်ပြီး တိုက်ခိုက်ရန်ဟန်ပြင်ရင်း...

“သူတို့က အမတနတ်မိစ္ဆာတွေပဲ ၊ စမ်းကြည့်ကြတာပေါ့...”

တစ်ခဏအတွင်း ကြီးမားသော ဓားအစီအရင်ကြီးတစ်ခု လေထုထဲတွင် ဖြစ်တည်လာပြီး သွေးနီရောင်ဓားအလင်းတန်းက ကောင်းကင်တစ်ခွင်ဖုံးလွှမ်းသွားသည်။ ဓားအစီအရင်က မြေခွေမိစ္ဆာထုတ်လွှတ်လိုက်သည့် မွှေးရနံ့ထက်ပင် ပိုမိုကျယ်ပြန့်သည့် ဧရိယာကို ဖုံးလွှမ်းသွားသည်။

စတင်တိုက်ခိုက်ချိန်မှာပင် မည်သူက ပိုတော်ကြောင်း သက်သေပြနေပေပြီ။

တိမ်လွှာခွင်းဧကရာဇ်၏ ဓားအလင်းတန်းမြင့်တက်လာသည့်အခါ နတ်မိစ္ဆာ (၄)ယောက်လုံး အံ့အားသင့်သွားကြပြီး မျက်လုံးများက တည်ကြည်လေးနက်သွားကြသည်။

“ဒီ အစစ်အမှန်နတ်ဘုရားက သာမန်မဟုတ်ဘူး...”

ရန်ကျောက်ကဲတို့အုပ်စုကို မွှေးရနံ့ဖြင့် ထိန်းချုပ်လိုသည့် မြေခွေးမိစ္ဆာမိန်းမပျိုက တည်ကြည်လေးနက်သည့်လေသံဖြင့်...

“သူ့ကို ခဏထိန်းထားပြီး ဟို လူသားနတ်ဘုရားနှစ်ယောက်ကို အရင် ရှင်းပစ်ရမယ် ၊ ညီမလေး မင်းက တစ်ယောက်ကိုထိန်းထားလိုက် ၊ အများကြီးလုပ်စရာမလိုဘူး ၊ အမှားအယွင်းမရှိရင်ရပြီ ၊ ကောင်းလင်... ရှင်က တခြားတစ်ယောက်ကို မြန်မြန်နိုင်အောင်တိုက်လိုက်”

နတ်မိစ္ဆာ (၄)ယောက်အနက် (၃)ယောက်က အမတနတ်မိစ္ဆာများဖြစ်ပြီး အငယ်ဆုံး မြေခွေးမိစ္ဆာတစ်ယောက်သာလျှင် နတ်မိစ္ဆာဘုရင်အဆင့် ဖြစ်လေသည်။

သို့ဖြစ်ရာ နွားရိုင်းမိစ္ဆာနှစ်ယောက်က ရန်ကျောက်ကဲတို့အုပ်စုအား အရေးမထားသည်မှာ မဆန်းပေ။

သူတို့၏ အသိစိတ်တွင် ရန်သူများက လုံးဝ ခြိမ်းခြောက်မှုမရှိသော တည်ရှိမှုများ ဖြစ်ကြသည်။

ရန်ကျောက်ကဲတို့အုပ်စုအား အနိုင်မတိုက်နိုင်ဘဲ အဆိုးဆုံးအခြေအနေရောက်လျှင်တောင်မှ သူတို့အနေဖြင့် ထွက်ပြေးလွတ်မြောက်နိုင်ကြမည်ဟု တွက်ထားကြလေရာ သူတို့အတွက် ဆုံးရှုံးရန် အခွင့်အလမ်း မရှိပေ။

သို့သော် တိမ်လွှာခွင်းဧကရာဇ်က ဓားအစီအရင်တည်ဆောက်လိုက်သည်နှင့် လျှော့တွက်၍မရကြောင်း ချက်ချင်း သဘောပေါက်သွားကြသည်။

ကောင်းလင်ဟုခေါ်သော နွားရိုင်းမိစ္ဆာက နှာတစ်ချက်မှုတ်ရင်း...

“သူတို့က ငါတို့ (၄)ယောက်ကို အနိုင်တိုက်ချင်တဲ့ပုံပဲ”

ထိုသို့ပြောလိုက်သော်လည်း သူက မြေခွေးမိစ္ဆာမိန်းမပျို၏စကားကို ငြင်းဆန်ခြင်း မရှိဘဲ ချက်ချင်းပင် ဟယ်မြန်ဆီသို့ ပြေးဝင်တိုက်ခိုက်လိုက်သည်။

ကျန်ရှိသော နွားရိုင်းမိစ္ဆာက ခပ်တိုးတိုး ဟိန်းဟောက်သံတစ်သံပြုလုပ်လိုက်ပြီး တိမ်လွှာခွင်းဧကရာဇ်ဆီသို့ ပြေးဝင်သွားသည်။

တစ်ချိန်တည်းမှာပင် မြေခွေးမိစ္ဆာအကြီးမကလည်း တိမ်လွှာခွင်းဧကရာဇ်အား ဝင်ရောက်တိုက်ခိုက်လိုက်သည်။

သူတို့က နှစ်ယောက်ပေါင်းအင်အားဖြင့် တိမ်လွှာခွင်းဧကရာဇ်ကို ထိန်းထားပြီး မြေခွေးမိစ္ဆာအငယ်မနှင့် ကောင်းလင်က ဟယ်မြန်နှင့် ရန်ကျောက်ကဲကို ဖမ်းဆီးပြီးမှ တိမ်လွှာဧကရာဇ်ကို အတူပူးပေါင်းတိုက်ခိုက်ရန် စီစဉ်ထားသည်။

မြေခွေးနတ်မိစ္ဆာအငယ်မက ရန်ကျောက်ကဲကို ပြုံးပြလိုက်သည်။

သူမက မည်သည့်လှုပ်ရှားမှုမှမလုပ်ဘဲ မြေခွေးမိစ္ဆာမာယာအတတ်ဖြင့် ရန်ကျောက်ကဲကို တားဆီးထားလိုခြင်း ဖြစ်သည်။ သို့မှသာ ကောင်းလင်နှင့်တိုက်ခိုက်နေသော ဟယ်မြန်ကို ရန်ကျောက်ကဲက သွားရောက်ကူညီနိုင်မည် မဟုတ်တော့ပေ။

သူတို့က လူသားနတ်ဘုရားများဖြစ်သည့် ဟယ်မြန်နှင့် ရန်ကျောက်ကဲကို အရှင်ဖမ်းဆီးရန် ရည်ရွယ်ခဲ့ကြသည်ဖြစ်ရာ တိမ်လွှာဧကရာဇ် လွတ်မြောက်သွားလျှင်တောင်မှ သူတို့က လက်ခံနိုင်ကြပေသည်။

ထို့ကြောင့် သူတို့က လူသားနတ်ဘုရားနှစ်ယောက်ကို သူတို့၏အမတမိစ္ဆာခန္ဓာဖြင့် ထိန်းသိမ်းထားပြီး တိမ်လွှာဧကရာဇ်ကို သူသေကိုယ်သေတိုက်ခိုက်ရန် စီစဉ်မထားခဲ့ကြပေ။

မြင်ကွင်းကိုကြည့်ရင်း ရန်ကျောက်ကဲ ရယ်ချင်သွားသည်။

“မင်းတို့တွေက အတွေးလွန်နေကြတာပဲ...”

သူက နေရာမှာတင် ရပ်နေပြီး ဝင်ရောက်တိုက်ခိုက်ခြင်း မရှိသေးပေ။

ဟယ်မြန်၏မျက်ဝန်းထဲတွင် သွေးနီရောင်အလင်းတန်းများ လက်ခနဲတောက်ပသွားပြီး နေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။

သူ ပြန်ပေါ်လာသည့်အခါ သူက နွားရိုင်းမိစ္ဆာ’ကောင်းလင်’ အနောက်ဘက်သို့ ရောက်ရှိနေပြီ ဖြစ်၏။

ကောင်းလင်ကလည်း ထိုအချက်ကို ချက်ချင်း သတိပြုလိုက်မိသည်။ သူ၏ခန္ဓာကိုယ်က ကြီးမားလေးလံပုံရသော်လည်း လှုပ်ရှားမှုကတော့ လျှပ်စီးပမာ လျှင်မြန်လွန်းပြီး သူ၏လက်သီးနှစ်လုံးက ဟယ်မြန်ထံသို့ ဝင်ရောက်သွားသည်။

သို့သော် မည်သည့်အရာကိုမှ ထိုးနှက်မိခြင်း မရှိပေ။

ဟယ်မြန်က သူ့နောက်ကျောဘက်သို့ရောက်ရှိနေပြီး ဓားဖြင့်ခုတ်ပိုင်းချလိုက်သည်။

နွားရိုင်းမိစ္ဆာက အထင်အမြင်သေးစွာဖြင့်ပင် ဟယ်မြန်၏တိုက်ခိုက်မှုကို မရှောင်တိမ်းဘဲ ခံယူလိုက်သည်။

သူက...

“မင်းက စန့်ချင်အဆက်အနွယ်ဆိုပေမယ့် နတ်ဘုရားခန္ဓာ မရသေးမချင်း ငါ့ရဲ့ ကြေးအရေခွံနဲ့ သံမဏိအရိုးတွေကို ထိခိုက်အောင်လုပ်နိုင်မယ် မထင်နဲ့ ၊ သေမျိုးလူသားအဆင့်နဲ့ နတ်ဘုရားအဆင့် ဘယ်လောက်ကွာခြားတယ်ဆိုတာ မင်းသိပါတယ်နော်”

ထို့နောက် သူက လက်ကိုလှန်လိုက်ပြီး ဟယ်မြန်ကို ဖမ်းချုပ်ရန် ကြိုးစားလိုက်သည်။ သို့သော် သွေးနီရောင်ဓားအလင်းတန်းများက ဟယ်မြန်၏ဓားသွားထိပ်တွင် တောက်ပလာသည်။

သွေးနီရောင်ဓားအလင်းတန်းအလွှာများက နေရာတိုင်းသို့ပျံ့နှံ့သွားပြီး လျှင်မြန်စွာပင် ဓားအစီအရင်တစ်ခုဖြစ်တည်လာကာ နွားရိုင်းမိစ္ဆာ’ကောင်းလင်’ ကို ဝိုင်းပတ်ထားလိုက်သည်။

ဤသို့တိုက်ခိုက်ခြင်းက ကောင်းလင်ကို ထိခိုက်နိုင်မည်မဟုတ်သော်လည်း ဓားအစီအရင်က ကောင်းလင်ကို အဝေးသို့ လွင့်ထွက်သွားစေလေသည်။

နွားရိုင်းကြီး ခဏမျှ မင်သက်သွားသည်။

ထို့နောက်မှာတော့ သူက ချက်ချင်းပင် ဒေါသချောင်းချောင်းထွက်လာပြီး ကြုံးဝါးသံနှင့်အတူ လေထုကိုဖြတ်ကျော်ကာ ဟယ်မြန်ရှိရာသို့ အပြေးအလွှား ပြန်လည် ရောက်ရှိလာသည်။

သို့သော် ဟယ်မြန်၏ခန္ဓာကိုယ်က ရိပ်ခနဲလှုပ်ရှားသွားပြီး နတ်မိစ္ဆာဘုရင်အဆင့်ရှသော မြေခွေမိစ္ဆာအငယ်မဆီသို့ ချက်ချင်း ရောက်ရှိသွားသည်။

မည်မျှသန်မာသည် ၊ မည်မျှအားနည်းသည်ဆိုခြင်းမှာ သိုင်းပညာပြိုင်ကြည့်မှ သိရှိနိုင်မည့်အရာ ဖြစ်၏။

ဟယ်မြန်က ရန်ကျောက်ကဲကို ရှုံးနိမ့်သွားသဖြင့် အရှုံးတရားကို ခံစားနေရသည့်တိုင် သူက “ကောင်းကင်ကိုးထပ်သခင်” ဆိုသော ဂုဏ်သတင်းကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။

သူက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ အထူးချွန်ဆုံး လူငယ်မျိုးဆက်များထဲမှ တစ်ယောက် ဖြစ်သည်။

တူညီသည့်ကျင့်ကြံခြင်းအဆင့်တွင် သူနှင့်ယှဉ်နိုင်သူ များစွာ မရှိပေ။ ကျင့်ကြံခြင်းအဆင့် တူညီသည့်တိုင် ကောင်းကင်ဘုံမှ မျက်နှာသာပေးခံရသူများသာလျှင် သူ့ကို ယှဉ်ပြိုင်နိုင်မည် ဖြစ်၏။

မြေခွေးမိစ္ဆာအငယ်မ ချက်ချင်း မျက်နှာပျက်သွားပြီး နောက်ဆုတ်လိုက်သည်။

သူမ၏တာဝန်က ဟယ်မြန်ကို မကူညီနိုင်ရန် ရန်ကျောက်ကဲကို တားဆီးထားရမည် ဖြစ်သည်။

သို့သော် ရန်သူက ဤမျှ တန်ခိုးစွမ်းအားပြင်းထန်လိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့မိပေ။ ဤသို့သောအခြေအနေတွင် အန္တရာယ်ရှိသူမှာ သူမသာလျှင် ဖြစ်နေခဲ့သည်။

မြေးခွေးမိစ္ဆာမိန်းမပျို၏ မျက်ဝန်းများ စိုစွတ်လာသည်။

မျက်ရည်များရစ်သိုင်းလာခြင်းမဟုတ်သော်လည်း သူမမျက်ဝန်းထဲတွင် ကြောက်ရွံ့မှုနှင့် အသနားခံသည့် အမူအရာများ ထွက်ပေါ်လာသည်။

ထိုမျက်နှာက မျက်ရည်များဖြင့်ပြည့်နေသည့် မျက်နှာထက်ပင် နှလုံးသားကို ပိုပြီး ထိခိုက်စေသည်။ မြင်ရသူတိုင်း ထိန်းမနိုင်သိမ်းမရ ကရုဏာသက်မိမည်သာပင်။

ဟယ်မြန်၏နှလုံးသားထဲတွင် သနားကြင်နာမှုများ းထွက်ပေါ်လာပြီး သူ၏ဓားသွားမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ လျော့ပါးသွားသည်။

ချက်ချင်းပင် တစ်ခုခုလွဲနေပြီဖြစ်ကြောင်း သူ ခံစားလိုက်ရပြီး မျက်ဝန်းများလက်ခနဲတောက်ပသွားကာ အစိမ်းရောင်ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

တာအိုတရားကိုပင်ဖျက်ဆီးပစ်နိုင်စွမ်းရှိသော နတ်ဘုရားသုတ်သင်ဓားဝိညာဉ် ထွက်ပေါ်လာခြင်းဖြစ်ပြီး ဟယ်မြန်၏စိတ်များ ချက်ချင်းပင် ကြည်လင်ရှင်းလင်းသွားသည်။

သူ၏ဓားချက်များက အရင်အတိုင်း ပြန်လည်ပြင်းထန်လာကာ အကြင်နာတရားကင်းမဲ့သွားသည်။

ရန်သူ၏အခြေအနေကို တွေ့မြင်လိုက်သည့်အခါ မြေခွေးမိစ္ဆာအငယ်မမှာ ရင်ထဲတွင် ခါးသက်သွားသလို ခံစားလိုက်ရသည်။

ဟယ်မြန်၏ဓားဝိညာဉ်ကြောင့် သူမ ထိတ်လန့်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှားနိုင်ခြင်းမရှိတော့ဘဲ တောင့်တင်းသွားသည်။

သူမ ရှောင်တိမ်းလိုက်ချင်သော်လည်း တစ်ကိုယ်လုံး လှုပ်ရှားမရဘဲ သစ်သားတုံးတစ်တုံးပမာ ငြိမ်သက်နေသည်။

မြေခွေးမိစ္ဆာအငယ်မ၏ မျက်ဝန်းများ ပတ်ဝန်းကျင်သို့ လှည့်ပတ်သွားသည်။ သူမအဖော်က သူမကို ကယ်တင်နိုင်လိမ့်မည်ဟုသာ မျှော်လင့်နိုင်ခဲ့သည်။

ထိုအချိန် ကောင်းလင်ဆိုသော နွားရိုင်းနတ်ဆိုးက အဝေးမှ ဤနေရာသို့ အပြေးရောက်လာသည်။

မြေခွေးမိစ္ဆာအငယ်မမှာ သူမ၏အစ်မဖြစ်သူနှင့် နွားရိုင်းမိစ္ဆာအပေါ်တွင်သာ မျှော်လင့်ချက် ထားနိုင်ခဲ့သည်။

ထိုအချိန် လေထုထဲတွင် ပျံ့ကျဲသွားသည့် သွေးစက်များကို သူမ တွေ့လိုက်ရလေသည်။

ထိုသွေးစက်များမှာ တိမ်လွှာဧကရာဇ်နှင့် တိုက်ခိုက်နေသည့် နွားရိုင်းမိစ္ဆာထံမှ ထွက်ပေါ်လာသည့် သွေးစက်များ ဖြစ်ပေသည်။

အစိမ်းရောင်ဓားဝိညာဉ် ၊ သွေးနီရောင်ဓားဝိညာဉ်နှင့် အနက်ရောင်ဓားဝိညာဉ်များက ဗလာနယ်ထဲတွင် တစ်သားတည်းပေါင်းစပ်ပြီး ပြည့်နက်သွားကြသည်။

ဓားဝိညာည်များက တိမ်လွှာဧကရာဇ်နှင့်တိုက်ခိုက်နေသော နွားရိုင်းမိစ္ဆာ၏ ကြီးမားသည့် လက်နှစ်ဖေက်ကို ဖြတ်တောက်ပစ်လိုက်ရာ လက်နှစ်ဖက်မှာ ကောင်းကင်ထက်သို့ ပျံတက်သွားတော့သည်။

နွားရိုင်းမိစ္ဆာမှာ ပြင်းထန်သည့်နာကျင်မှုကို ခံစားရပြီး လူးလှိမ့်သွားသည်။ ထို့နောက် ဒေါသတကြီး ကြုံးဝါးလိုက်ပြီး မူလအသွင်အပြင်ဖြစ်သော အနက်ရောင်နွားရိုင်းတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

သို့သော် သူ၏ရှေ့ခြေထောက်ခွာများ ရှိမနေတော့ပေ။

နာကျင်မှုကြောင့် သူ့မျက်လုံးများပင် နီရဲလာပြီး သူက ခေါင်းကိုအောက်သို့ညွှတ်ကာ နောက်ခြေထောက်များကိုအသုံးပြုလျှက် ခုန်လိုက်ပြီး တိမ်လွှာဧကရာဇ်ကို ဦးချိုဖြင့် ထိုးနှက်လိုက်သည်။

ယခု အနက်ရောင်နွားရိုင်းကြီးမှာ ရန်သူကို အနိုင်ယူမည်ဟု မာန်တက်နေသည့်စိတ် ပျောက်ကွယ်သွားပြီဖြစ်ပြီး ဒေါသနှင့် အကြောက်တရားကို ခံစားနေရသည်။

သို့ပေသိ ဒေါသနှင့် အကြောက်တရားက ကြီးမားသောစွမ်းအားကို ပေးစွမ်းကာ သူသေကိုယ်သေတိုက်ကွက်ကို ထုတ်ဖော်လိုက်ခြင်း ဖြစ်၏။

နွားရိုင်းဦးချိုဖြင့် ထိုးနှက်မိပါက အစစ်အမှန်နတ်ဘုရားတစ်ပါး၏ ခန္ဓာကိုယ်သည်ပင် အပေါက်နှစ်ပေါက် ပွင့်ထွက်သွားနိုင်ပေသည်။

သို့သော် တိမ်လွှာခွင်းဧကရာဇ်က နေရာမှာပင် ရပ်နေပြီး နွားရိုင်းကြီး၏ သူသေကိုယ်သေတိုက်ကွက်ကို ရှောင်တိမ်းရန် မရည်ရွယ်ခဲ့ပေ။

စန့်ချင်အဆက်အနွယ် ဓားသိုင်းကျင့်ကြံသူများ၏ မာနတရားနှင့် ထက်မြက်မှုတို့ သူ့ထံမှ ထွက်ပေါ်လာသည်။

သူက နေရာတွင်ရပ်နေပြီး လုံးဝရှောင်တိမ်းခြင်းမရှိဘဲ လက်ကိုတစ်ချက်ဝေ့ယမ်းလိုက်သည်နှင့် သူ့လက်ထဲမှ ဓားအလင်းတန်းက နွားရိုင်းဦးချိုများဆီသို့ ဝင်ရောက်သွားသည်။

ကြောက်မက်ဖွယ်ရာ ဓားအလင်းတန်းက နွားရိုင်းဦးချိုနှစ်ချောင်းကို ဖြတ်တောက်ပစ်လိုက်သည်။

ထို့နောက် သူ၏ ကျန်ရှိသောလက်တစ်ဖက်ဖြင့် နွားရိုင်းကြီး၏ ဦးခေါင်းအား ဖိနှိပ်ထားလိုက်သည်။

အရူးပမာပြေးလွှားနေသော နွားရိုင်းကြီး ချက်ချင်း ရပ်တန့်သွားပြီး လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။

တိမ်လွှာဧကရာဇ်၏လက်တစ်ဖက်က နွားရိုင်းမိစ္ဆာကြီး၏လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး အခြားလက်တစ်ဖက်က ဓားအလင်းတန်းများ တောက်ပလာသည်။

ထိုဓားအလင်းတန်းက အမတနတ်မိစ္ဆာအဆင့်ရှိသော မြေခွေးမိစ္ဆာအကြီးမဆီသို့ ဝင်ရောက်သွားသည်။

စကြာဝဠာတစ်ခုလုံးအားလွှမ်းခြုံထားသော မွှေးရနံ့က ချက်ချင်းပင် ပျံ့လွင့်ထွက်ပေါ်လာသည်။

တိမ်လွှာဧကရာဇ်ထံမှ တစ်ခုနှင့်တစ်ခု ယှက်နွယ်နေသော အနက်ရောင်ဓားအလင်းတန်းများထွက်ပေါ်လာပြီး ပိုက်ကွန်တစ်ခုပမာ ပြောင်းလဲသွားကာ မြေခွေးမိစ္ဆာကို ပိုက်ကွန်ထဲ အကျဉ်းချထားလိုက်သည်။

ထိုတိုက်ကွက်ကိုမြင်တော့ အမတနတ်မိစ္ဆာအဆင့်ရှိသော မြေခွေးနတ်မိစ္ဆာ အကြီးအကျယ် မျက်နှာပျက်သွားသည်။

သူမက ဟယ်မြန်နှင့်တိုက်ခိုက်နေသည့် နွားရိုင်းမိစ္ဆာကို လှမ်းကြည့်ရင်း...

“ကောင်းလင်... ရှင် လွတ်အောင်ပြေးတော့...”

မြေခွေးနတ်မိစ္ဆာအငယ်မကို ကယ်တင်ရန်အတွက် အဝေးမှပြေးလာနေသော ကောင်းလင်မှာ အဖြစ်အပျက်များကို မျက်မြင်ကြုံတွေ့ပြီးနောက် မျက်လုံးအစုံ ပြူးကျယ်ပြီး ခလုတ်တိုက်လဲကျလုမတတ် ဖြစ်သွားရသည်။

မြေခွေးမိစ္ဆာအကြီးမက...

“တစ်ယောက်လွတ်သွားရင် မဆိုးဘူးလို့ပြောရမယ်”

သူမက ဆက်ပြောသည်။

“မဟုတ်ရင် ဒီအခြေအနေကို ပြန်သတင်းပို့တဲ့သူ ရှိမှာ မဟုတ်ဘူး”

All Chapters