မင်းရဲ့အသားကအရသာရှိမယ့်ပုံပဲ
Vol. 90 Ch. 1262
အခန်း (၁၂၆၂) မင်းရဲ့အသားကအရသာရှိမယ့်ပုံပဲ
အနက်ရောင်နွားရိုင်းကြီးက ကြေးနီပုံးကြီးတစ်လုံးပမာ ကြီးမားသော မျက်လုံးကြီးများကို ပြူကျယ်လိုက်ပြီး နှာခေါင်းမှ လေများမှုတ်ထုတ်လိုက်သည်။
သို့သော် စောစောက သူ့အဖော်ဖြစ်သော မြေခွေးမိစ္ဆာပြောသည့်စကား မှန်ကန်ကြောင်း ချက်ချင်းပင် လက်ခံလိုက်မိသည်။
မထင်မှတ်စွာပင် သူ့အရှေ့မှရန်သူများက စွမ်းအားပြင်းထန်လွန်းသည်။ ဤအတိုင်း ဆက်သွားမည်ဆိုလျှင် သူတို့အားလုံး တစ်ယောက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ကောင်းလင် ဒေါသတကြီး ကြုံးဝါးသံပြုရင်း နောက်သို့ ခုန်ဆုတ်လိုက်သည်။
ရုတ်တရက် သူ့လက်ထဲတွင် သံတုတ်တစ်ချောင်း ပေါ်လာသည်။ မူလက ဟယ်မြန်ကိုတိုက်ခိုက်ရန် ဤသံတုတ်ကိုအသုံးပြုမည်ဟု စိတ်ကူးထားသော်လည်း ယခုတော့ ထိုသို့လုပ်ဆောင်ရန် မဖြစ်နိုင်တော့ပေ။
မိုးကောင်းကင်ကိုပင် ထောက်ပံ့ထားနိုင်ပုံရသော အဆိုပါ သံမဏိတုတ်ရှည်က နွားရိုင်းကြီး၏လက်ထဲတွင် လှည့်ပတ်နေသည်။
ကမ္ဘာမြေတစ်ခုလုံးအား ဖျက်ဆီးနိုင်စွမ်းရှိသော ရောင်ဝါနှင့်အတူ သံတုတ်၏ရိုက်ချက်က သူ၏လမ်းကြောင်းကိုပိတ်ဆို့နေသော သွေးနီရောင်ဓားအလင်းတန်းများဆီသို့ ကျရောက်သွားသည်။
ထိုအချိန်...
နွားရိုင်းမိစ္ဆာ ‘ကောင်းလင်’ ၏ရှေ့တွင် လူရိပ်တစ်ခု ပေါ်လာလေသည်။
အခြားသူမဟုတ် ၊ စောစောက ဘာမှမလုပ်ဘဲ မတ်တတ်ရပ်ကြည့်နေသော ‘ရန်ကျောက်ကဲ’ ပင် ဖြစ်၏။
လက်ရှိတွင် နွားရိုင်းမိစ္ဆာ’ကောင်းလင်’ ၏စိတ်ထဲ အတော်လေး ဖိအားများနေသည်ဖြစ်ရာ အရမ်းမာနမကြီးဝံ့တော့သလို ရန်ကျောက်ကဲကိုလည်း လျှော့မတွက်ရဲတော့ပေ။
သူ့စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်သန်းသွားသည်။
“ဒီလောက် မြန်တဲ့အရှိန်အဟုန်... ဒီ မြန်နှုန်းတစ်ခုတည်းနဲ့တင် ဒီလူငယ်က ရိုးရှင်းတဲ့လူတစ်ယောက် မဖြစ်နိုင်ဘူး”
အတွေးနှင့်အတူ ကောင်းလင်က ချက်ချင်းပင် သူ၏သံတုတ်ကို အောက်ဘက်သို့ ရိုက်ချလိုက်သည်။
သူက သူ၏ခွန်အားကို အပြည့်အဝ အသုံးချသည်သာမက ကန့်သတ်ချက်ထက်ကျော်လွန်သော ခွန်အားကိုပါ အသုံးချလိုက်ခြင်း ဖြစ်သည်။
မြင်ကွင်းကိုကြည့်ရင်း ရန်ကျောက်ကဲ ပြုံးလိုက်သည်။ သူက လက်တစ်ဖက်ကို ပင့်မြှောက်လိုက်ပြီး ကောင်းလင်၏ သံတုတ်ကို ရင်ဆိုင်လိုက်၏။
ကောင်းလင်က ရန်ကျောက်ကဲကို လျှော့မတွက်ဝံ့သော်လည်း အလွန်အမင်း ဒေါသထွက်သွားသည်။
“ငါက သူ့ကိုလျှော့မတွက်တာတောင် သူက ငါ့ကို လျှော့တွက်နေတာလား”
နွားရိုင်းမိစ္ဆာတစ်ယောက်အနေဖြင့် သူ့ဘဝတွင် ဂုဏ်အယူဆုံးက စွမ်းအားကြီးမားခြင်းနှင့် ခံနိုင်ရည်ရှိခြင်း ဖြစ်သည်။ သူ၏ ကြေးအရေခွံနှင့် သံမဏိအရိုးများနှင့်ယှဉ်လျှင် အခြားသူများက အားနည်းသွားစမြဲ ဖြစ်သည်။
အထူးသဖြင့် ယခု ကောင်းလင်လက်ထဲတွင် သံမဏိတုတ် ရှိနေသည်။
ထိုပစ္စည်းက နတ်သံမဏိသွေးကြောကို အသုံးပြုပြီး သန့်စင်ထားသော ရတနာပစ္စည်းဖြစ်လေရာ အလွန်တရာ လေးလံလွန်းလှသည်။
နတ်ဘုရားစွမ်းအားနှင့် သံတုတ်တို့ပေါင်းစပ်ပြီး အရိုက်ခံရပါက ကောင်းလင်လိုလူမျိုးပင်လျှင် အရိုးများ ကျိုးကျေသွားနိုင်သည်။
နွားရိုင်းမိစ္ဆာ ‘ကောင်းလင်’ က...
“ဒီလောက် မန်တက်နေရင်တော့ မင်းထိုက်နဲ့မင်းကံပဲ...”
သံတုတ်ဖြတ်သန်းသွားရာနေရာတိုင်းတွင် ဗလာနယ်က အပိုင်းပိုင်းအက်ကွဲသွားသည်။ ဗလာနယ်က အလွန်အမင်း ပုံပျက်သွားပြီး ပြန်လည်ကောင်းမွန်လာရင်ပင် အလွန် အချိန်ကြာခဲ့သည်။
သံတုတ်၏အောက်ဘက် မည်သည့်အရာနှင့်မှ ထိတွေ့မှုမရှိသောနေရာတွင် လှိုင်းများပြင်းထန်လာပြီး ဗလာနယ်က အားအရှိန်အဟုန်ဖြင့် အက်ကွဲသွားကာ ၊ အက်ကွဲကြောင်းများက ကျယ်ပြန့်စွာ ထင်ဟပ်လာသည်။
သို့သော် တုန်ခါနေသော စွမ်းအားလှိုင်းလုံးများက သတ်မှတ်ထားသည့်အကွာအဝေးတစ်ခုသို့ရောက်သည့်အခါ သဏ္ဌန်မဲ့အရာဝတ္ထုတစ်ခုက ပိတ်ဆို့ထားသည့်အလား ချက်ချင်းပင် ရပ်တန့်သွားသည်။
စွမ်းအားက သိသိသာသာထွက်ပေါ်လာခြင်းမရှိတော့ အရာအားလုံးက ဗလာနယ်အတွင်းမှ သေးငယ်သည့်ဧရိယာထဲတွင် ဖိသိပ်ထားသည့်ပမာ ဖြစ်သည်။ စွမ်းအားများက ပိုမိုစုစည်းလာပြီး ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလာသည်။
ရန်ကျောက်ကဲမျက်လုံးရှေ့မှ ကမ္ဘာကြီးတစ်ခုလုံး အေးခဲသွားသည့်ပမာ ခံစားလိုက်ရသည်။ အရာအားလုံးက ရပ်တန့်သွားပြီး မလှုပ်မရှား ဖြစ်သွားသည်။
ကမ္ဘာလောကကြီး၏ အစိတ်အပိုင်းတစ်ခုက ရန်သူ၏သံတုတ်အောက်တွင် ပုံစံပြောင်းလဲသွားသည့်အလား ထင်မှတ်ရသည်။
နွားရိုင်းမိစ္ဆာ ‘ကောင်းလင်’ ၏ တိုက်ခိုက်မှုစွမ်းအားက အလွန်တရာ ပြင်းထန်လွန်းလှသည်။
ရန်ကျောက်ကဲက စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကိုအသုံးပြုပြီး နွားရိုင်းမိစ္ဆာတစ်ယောက်တည်းကို တိုက်ခိုက်ရသည်ကပင် ဖယောင်းနေခြည်ဧကရာဇ်နှင့် အမတခုံရုံးမှ ဟန်လေဧကရီ ‘ရွမ့်မင်ယန်’ တို့အုပ်စုကို တိုက်ခိုက်ရသည့်ပမာ ဖြစ်သည်။
“ထင်ထားတဲ့အတိုင်းပဲ... နတ်မိစ္ဆာတွေက စွမ်းအားအရာမှာ အတော်ပြင်းထန်တာပဲ”
ရန်ကျောက်ကဲ ခေါင်းတစ်ချက်ညိတ်ရင်း ချီးကျူးလိုက်၏။
သူက လက်တစ်ဖက်ပင့်မြှောက်လိုက်ပြီး လက်သီးဖြင့် ထိုးနှက်ချလိုက်သည်။ ရန်ကျောက်ကဲက ကောင်းလင်၏ သံတုတ်ကို လက်ဗလာဖြင့်ပင် ရင်ဆိုင်လိုက်လေသည်။
ထိုက်ယီလက်သီးသိုင်းဝိညာဉ် သိပ်သည်းသွားပြီး ခံစစ်အစီအရင်တစ်ခုအဖြစ် ပြောင်းလဲသွားကာ သံတုတ်မှထွက်ပေါ်လာသည့် ပြင်းထန်သော သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ချေဖျက်ပစ်လိုက်သည်။
ထိုက်ကျိယင်ယန်လက်ဝါးသိုင်း၏ စွမ်းအားက ကျယ်ပြန့်လာပြီး ကြီးမားသော သက်ရောက်မှုတွန်းအားက အောက်ဘက်သို့ ဆွဲငင်သွားသည်။
စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကတော့ တိုက်ရိုက်ပင် အထက်ဆီးမှ ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်က ပေါ့ပါးသည့်တိုင် နက်ရှိုင်းသောသိုင်းပညာရပ်များစွာ ပါဝင်သည်။ သူက သံတုတ်ကို အေးအေးဆေးဆေးပင် ရပ်တန့်လိုက်ပြီး ရှေ့တိုးမလာစေရန် အားစိုက်ထုတ်လိုက်သည်။
မိုးမြေကို ပြိုပျက်သွားစေလောက်အောင် စွမ်းအားကြီးမားသော သံတုတ်မှာ ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်နှင့်ထိတွေ့သည်နှင့် အေးခဲသွားပြီး ထပ်မံရွေ့လျားနိုင်ခြင်း မရှိတော့ပေ။
သံတုတ်နှင့် ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်ကြားတွင် ဖိနှိပ်ထားသည့်စွမ်းအားက ချက်ချင်းပင် ဗလာနယ်ကို အက်ကွဲသွားစေပြီး သူက ရန်သူ့လက်အတွင်းမှ သံတုတ်ကို ပြန်ရုန်းမထွက်နိုင်အောင် ဖမ်းဆုပ်ထားလိုက်သည်။
မိုးနှင့်မြေကို ပြောင်းပြန်လှန်နိုင်သော စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်၏ တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။
ရန်ကျောက်ကဲက ရန်သူ၏ သံတုတ်အား အပေါ်ဆီးမှ ပိတ်ဆို့လိုက်ခြင်းမှာ ပထမပိုင်းတစ်ဝက် လုပ်ဆောင်ချက်မျှသာ ဖြစ်သည်။ ဒုတိယတစ်ဝက်လုပ်ဆောင်ချက်က မိုးမြေကို မှောက်လှန်လိုက်ခြင်း ဖြစ်၏။
ထိုသို့ပြုလုပ်လိုက်ခြင်းက ရန်သူရှိနေသည့် ပတ်ဝန်းကျင်မိုးမြေတစ်ခုလုံးကို မှောက်လှန်ပစ်လိုက်ခြင်းနှင့် ညီမျှသည်။
ရန်ကျောက်ကဲက နွားရိုင်းမိစ္ဆာ’ကောင်းလင်’ ၏ ပေါက်ကွဲထွက်သွားသည့်စွမ်းအားကို ချေဖျက်လိုက်သည့်အခါ နွားရိုင်းကြီးမှာ ခန္ဓာကိုယ်တစ်ခုလုံး ပင်ပန်းနွမ်းနယ်သွားသည့်ပမာ ခံစားလိုက်ရသည်။
သူ့လက်ထဲမှသံတုတ် တုံ့ဆိုင်းသွားပြီး လက်ထဲတွင် မြဲမြံစွာ မကိုင်ဆောင်နိုင်လုနီးပါး ဖြစ်သွားသည်။
ရန်ကျောက်ကဲနှင့် ထိမိသည်နှင့် ဘယ်သောအခါမှ မပျက်ဆီးနိုင်သော နတ်တောင်တစ်တောင်ကို ထိမိသည့်အလား ခံစားလိုက်ရ၏။
တိုက်ခိုက်ပြီးသည်နှင့် ရန်သူက ဘာမှမဖြစ်သည့်တိုင် သူ၏လက်နှစ်ဖက်က ထုံကျင်လျှက် ရှိသည်။
ပွင့်ပွင့်လင်းလင်းပြောရလျှင် နှစ်တစ်ထောင် ရှေးဟောင်းချောက်ကမ်းပါးကြီး သို့မဟုတ် နှစ်တစ်သောင်းနတ်တောင်ကြီးသည်ပင်လျှင် ဤသံတုတ်ဖြင့် တိုက်ခိုက်ခံရပါက ပြိုပျက်သွားနိုင်သည်။
သို့သော် ရန်ကျောက်ကဲကတော့ မတုန်လှုပ်သည့်အပြင် ကြီးမားသောစွမ်းအားကြီးတစ်ခု သူ့ထံမှ ထွက်ပေါ်လာလေရာ ကောင်းလင်မှာ သူ၏ခန္ဓာကိုယ် ပြောင်းပြန်လန်သွားတော့မတတ် ခံစားလိုက်ရသည်။
သူ့ခန္ဓာကိုယ် ပြောင်းပြန်လန်မသွားဘူးဆိုလျှင် သံတုတ်ကို စွန့်လွှတ်ရမည် ဖြစ်သည်။
ထို့ကြောင့် ကောင်းလင် ထိတ်လန့်သွားရသည်။
“သူက တကယ်ပဲ လူသားနတ်ဘုရားတစ်ယောက်လား ၊ အစစ်အမှန်နတ်ဘုရားတောင် မဖြစ်သေးဘူး သူ့ရဲ့ တန်ခိုးစွမ်းအားက ပြင်းထန်လိုက်တာ ၊ ငါတောင် သူ့ကို မဖိနှိပ်နိုင်ဘူး”
တစ်ချိန်တည်းမှာပင် နွားရိုင်းမိစ္ဆာ၏ဒေါသက မြင့်တက်လာပြီး သံတုတ်ကို ဘယ်တော့မှ လက်မလွှတ်ရန်ဆုံးဖြတ်လိုက်ပြီး သူ၏ရုပ်ခန္ဓာစွမ်းအားကို အမြင့်ဆုံးအဆင့်သို့ မြှင့်တင်လိုက်သည်။
သူက စိတ်လိုက်မာန်ပါဖြင့် သံတုတ်ကို ဆုပ်ကိုင်ထားပြီး ရန်ကျောက်ကဲကို ခုခံရန် စွမ်းအားတစ်ခု ထုတ်ဖော်လိုက်သည်။
သူတို့နှစ်ယောက်က လေထုထဲတွင် မတ်တတ်ရပ်နေကြပြီး မတိုးသာမဆုတ်သာအနေအထား ဖြစ်နေသည်။
နွားရိုင်းမိစ္ဆာ၏ခန္ဓာကိုယ်က ကြီးမားပြီး ရန်ကျောက်ကဲ၏ခန္ဓာကိုယ်က သေးငယ်သည့်တိုင် သူတို့နှစ်ယောက်ကြား တန်ခိုးစွမ်းအားကွာဟမှုက အလွန်ကြီးမားလေသည်။
အဂ္ဂိရတ်ခန်းမ စကြာဝဠာထဲတွင် ရုပ်ခန္ဓာစွမ်းအားတိုက်ပွဲတစ်ခု စတင်ဖြစ်ပွားခဲ့သည်။
သို့သော် ရယ်စရာကောင်းသည်မှာ ရန်ကျောက်ကဲ၏သေးငယ်သောခန္ဓာကိုယ်က မလှုပ်မယှက် ငြိမ်သက်နေပြီး နွားရိုင်မိစ္ဆာကြီး၏ ကြီးမားသောခန္ဓာကိုယ်က မသိမသာ တုန်ခါနေခြင်း ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ တုန်ခါနေခြင်းက ပိုမိုထင်ရှားလာသည်။
နွားရိုင်းမိစ္ဆာကြီး၏ မျက်နှာနှင့်လည်ပင်းက နီရဲနေပြီး အတင်းအကြပ် တွန်းလှန်ရန် ကြိုးစားနေသည်။
သူ့တွင် အမတမိစ္ဆာနတ်ဘုရားဆိုသည့် အရိပ်အယောင်တွင်မရှိတော့ဘဲ နပန်းသတ်ပွဲတွင် ဖိနှိပ်ခံနေရသူတစ်ယောက်ပမာ ဖြစ်သည်။
စိတ်ပျက်လက်ပျက်ဖြစ်နေသည့်ကြားမှ သူ့ကို ပြောင်းပြန်လှန်ပစ်ရန် ကြိုးစားနေသော ရန်သူ၏လက်ဝါးရိုက်ချက်ကိုထိန်းထားရန် အသည်းအသန် ရုန်းကန်နေရသည်။
သို့သော် တဖြည်းဖြည်း အရှုံးဆီသို့သာ ဦးတည်သွားလေသည်။
ရန်ကျောက်ကဲက “အရမ်းမဲ့သံတုတ်” ကို ကိုင်ထားပြီး ပြုံးလိုက်ရင်း...
“မဆိုးပါဘူး... ကြာကြာတော့ ခံနိုင်ရည်ရှိသားပဲ”
သူက ဆက်ပြောလိုက်သည်။
“ကောင်းတယ် သိပ်ကောင်းတယ် ၊ မင်းအသားက နူးညံ့မယ့်ပုံပဲ ၊ မင်းကြည့်ရတာ အရသာရှိနိုင်တယ်”
ထိုစကားကြားသည်နှင့် ကောင်းလင်မှာ မျက်လုံးထဲမှမျက်ဆံများ ကျွတ်ထွက်လုမတတ် မျက်လုံးများ ပြူးကျယ်သွားသည်။
ရန်ကျောက်ကဲက ရယ်မောရင်း ခေါင်းခါယမ်းလိုက်သည်။
သံတုတ်ကိုင်ထားသည့် သူ့လက်မှ များပြားလှစွာသော ကြီးကျယ်ခမ်းနားသည့် တန်ခိုးစွမ်းအားများ အဆုံးမသတ်နိုင်သည့်ပမာ အဆက်မပြတ် ထွက်ပေါ်နေသည်။
နောက်ဆုံးတော့ ကောင်းလင် ဆက်မထိန်းနိုင်တော့ပေ။
သူက သံတုတ်ကိုမလွှတ်ချင်သည်ဖြစ်ရာ အဆုံးသတ်မှာတော့ ရန်ကျောက်ကဲ၏စွမ်းအားကြောင့် သူ၏ခန္ဓာကိုယ် ပြောင်းပြန်လန်ထွက်သွားပြီး လေထဲသို့ လွင့်ထွက်သွားတော့သည်။
ထိုခဏတွင် ကောင်းလင်မှာ ဗလာနယ် အရပ်မျက်နှာအသီးသီးမှ ဖိနှိပ်မှုကို ခံစားလိုက်ရပြီး လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။
သူက မိုးခြိမ်းသံပမာ ကျယ်လောင်သည့် ကြုံးဝါးသံတစ်သံ ပြုလုပ်လိုက်ပြီး မူလအသွင်သို့ ပြောင်းလဲလိုက်သည်။
သို့သော် သူ ခေါင်းမမော့နိုင်ခင်မှာပင် ရန်ကျောက်ကဲ၏ အခြားလက်တစ်ဖက်က နွားရိုင်းကြီး၏ဦးခေါင်းကို ဖိနှိပ်ထားလိုက်သည်။
နွားကရေမသောက်လျှင် ခေါင်းကိုဖိနှိပ်ပြီး သောက်ခိုင်းရမည်သာပင်။
(ရန်သူကို အလျှော့ပေးလာစေရန် အတင်းအကျပ်စေခိုင်းခြင်းကိုဆိုလိုသည့် တရုတ်စားပုံ _ ဘာသာပြန်သူ)
ရန်ကျောက်ကဲ၏လက်ဝါးဖြင့် ဖိနှိပ်ခံရသည့်အခါ နွားရိုင်းကြီးမှာ ခွာများကို ရုန်းကန်နေသော်လည်း လုံးဝလှုပ်ရှားနိုင်ခြင်းမရှိသလို ခေါင်းမော့နိုင်ခြင်းလည်း မရှိတော့ပေ။
ရန်ကျောက်ကဲက သူ့လက်ထဲရောက်နေပြီဖြစ်သော ‘အရမ်းမဲ့သံတုတ်’ ကို ချိန်ဆလိုက်ပြီး စိတ်ဝင်တစားဖြင့် ပြောလိုက်သည်။
“အမတမှော်ဝင်ပစ္စည်းတစ်ခုပြုလုပ်ဖို့ အတော်လေးသင့်တော်တဲ့သတ္တုပစ္စည်းပဲ”
အခြားဘက်တွင်တော့ ဒဿမအဆင့် မိစ္ဆာဘုရင်ဖြစ်သည့် မြေခွေးမိစ္ဆာအငယ်မမှာ ဟယ်မြန်၏ ထိန်းသိမ်းထားခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။
မြေခွေးမိစ္ဆာအကြီးမမှလည်း သူမ၏အမြီးကို တိမ်လွှာဧကရာဇ်က ဓားဖြင့်ထိုးဖောက်ထားခြင်းခံထားရပြီး ဗလာနယ်ထဲတွင် တန်းလန်းချိတ်ဆွဲခံထားရလေသည်။
ဗလာနယ်ထဲတွင် မည်သည့်အရာမှ ရှိမနေသော်လည်း သဏ္ဌန်မဲ့နံရံတစ်ခုတွင် မြေခွေးမိစ္ဆာအကြီးမ၏ အမြီးက ချိတ်ဆွဲခံထားရပြီး မူလအသွင်ပြန်လည်ပြောင်းလဲနေပြီ ဖြစ်သည်။
အမတနတ်မိစ္ဆာ (၃)ယောက်နှင့် နတ်မိစ္ဆာဘုရင် (၁)ယောက်တို့ ချက်ချင်းပင် ဖမ်းဆီးခံလိုက်ရပြီ ဖြစ်သည်။
နွားရိုင်းနှစ်ကောင်က မာန်မချသေးသော်လည်း မြေခွေးမိစ္ဆာနှစ်ကောင်ကတော့ အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။
သူတို့က ရန်ကျောက်ကဲတို့အုပ်စု မေးမြန်းသောမေးခွန်းများကို အမှန်အတိုင်း ဖြေဆိုခဲ့ကြသည်။
သူတို့မျှော်လင့်ထားသည့်အတိုင်းပင် ဤနတ်မိစ္ဆာများက အဂ္ဂိရတ်ခန်းမ၏ ခန်းမဝိညာဉ် ကိုယ်ပိုင်အသိဉာဏ်ပိုင်ဆိုင်ထားကြောင်း သိရှိပြီးသား ဖြစ်သည်။
ဟုတ်ပေ၏။
ထိုကိစ္စကို နတ်မိစ္ဆာများ ကြိုတင်သိရှိခဲ့ကြသည် မဟုတ်ပေ။ အဂ္ဂိရတ်ခန်းမအတွင်း ဝင်ရောက်လာပြီးမှ သိရှိခဲ့ကြခြင်း ဖြစ်သည်။
မြေခွေးမိစ္ဆာအငယ်မက တင်းမာသည့်မျက်နှာထားဖြင့်...
“ငါတို့အဘိုးသာရှိရင် အဂ္ဂိရတ်ခန်းမရဲ့ ခန်းမဝိညာဉ်ကို ကြောက်စရာမရှိဘူး”
သူမက ဆက်ပြောသည်။
“ငါတို့အဘိုးက မဟာကပ်ဘေးကြီးမတိုင်ခင်က ကောင်းကင်ဘုံနန်းတော်မှာ နေထိုင်ခဲ့တဲ့သူပဲ ၊ သူက အဂ္ဂိရတ်ခန်းမရဲ့ ခန်းမဝိညာဉ်နဲ့ ကျွမ်းဝင်တယ်လို့ ပြောလို့ရတယ် ၊ ဒါကြောင့် ဒီ အဂ္ဂိရတ်ခန်းမထဲမှာဆိုရင် ငါတို့က ပိုင်ရှင်တစ်ပိုင်းလို့တောင် သတ်မှတ်လို့ရတယ်”