ရှေးဟောင်းနတ်မိစ္ဆာ
Vol. 90 Ch. 1263
အခန်း (၁၂၆၃) ရှေးဟောင်းနတ်မိစ္ဆာ
“အရင်တုန်းက ကောင်းကင်ဘုံနန်းတော်မှာ နေထိုင်ခဲ့တဲ့ သူတို့ရဲ့အဘိုးတဲ့...”
ရန်ကျောက်ကဲ မေးစေ့ကိုပွတ်သပ်ရင်း စတင်စဉ်းစားလိုက်သည်။
သူက နွားရိုင်းမိစ္ဆာ (၂)ယောက်ကိုတစ်လှည့် မြေခွေးမိစ္ဆာ (၂)ယောက်ကို ကြည့်လိုက်သည်။
“မင်းတို့တွေကိုကြည့်ရတာ ဇနီးမောင်နှံတွေမဟုတ်သလို ချစ်သူတွေလည်း ဟုတ်ဟန်မတူဘူး ၊ ဒါပေမဲ့ နွားရိုင်းမိစ္ဆာနဲ့ မြေခွေးမိစ္ဆာ ပေါင်းစည်းမှုက အရင်တုန်းက နာမည်ကျော်ကြားတဲ့ နတ်မိစ္ဆာတစ်ပါးကို သွားပြီး သတိရမိစေတယ်”
တိမ်လွှာဧကရာဇ်နှင့် ဟယ်မြန်၏မျက်ဝန်းများ တောက်ပသွားပြီး...
“ပင်းထျန်းတန်ခိုးရှင် ‘နွားရိုင်းမိစ္ဆာဘုရင်’...”
သူ့ကို နွားရိုင်းမိစ္ဆာဘုရင် သို့မဟုတ် မဟာစွမ်းအားရှင်နွားရိုင်းဘုရင် သို့မဟုတ် မဟာစွမ်းအားရှင် ဟုလည်း လူသိများသည်။
ထိုနွားရိုင်းမိစ္ဆာဘုရင်က သူ့ကိုယ်သူ ပင်းထျန်းတန်ခိုးရှင်ဟု ဘွဲ့အမည် ပေးထားလေသည်။
ယခုတော့ ဤနာမည်ဂုဏ်ပုဒ်က ဒဏ္ဍာရီထဲတွင် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။ လက်ရှိခေတ်တွင် လူအတော်များများက သူ၏တည်ရှိမှုကို မသိကြတော့ပေ။
သို့သော် ကောင်းကင်ဘုံနန်းတော် စာကြည့်တိုက်မှ စာအုပ်များစွာကို ဖတ်ရှုခဲ့ဖူးသော ရန်ကျောက်ကဲ ၊ စန့်ချင်အဆက်အနွယ်မှ ကျင့်ကြံသူများဖြစ်သော တိမ်လွှာဧကရာဇ်နှင့် ဟယ်မြန်တို့ကတော့ ဤနာမည်၏အဓိပ္ပါယ်ကို ကောင်းစွာ သိရှိကြသည်။
ပင်းထျန်းတန်ခိုးရှင် ‘နွားရိုင်းမိစ္ဆာဘုရင်’...။
သူက အသင်္ချေကမ္ဘာ၏ အစိတ်အပိုင်းတစ်ခုကို အုပ်စိုးခဲ့သော အရှင်သခင်များထဲမှတစ်ယောက်ဖြစ်ပြီး နတ်မိစ္ဆာမျိုးနွယ်များအပေါ် သြဇာကြီးမားသူလည်း ဖြစ်သည်။
သူ၏စွမ်းအားက အလုံးစုံပြီးပြည့်စုံပြီး ဂုဏ်သိက္ခာရှိသော ပုဂ္ဂိုလ်ဖြစ်သည်။
ဖမ်းဆီးခံရသည့်တိုင် နွားရိုင်းမိစ္ဆာ (၂)ယောက်က ခါးကိုမတ်မတ်ထားလျှက် မျက်နှာတွင်လည်း မာန်အပြည့်နှင့် ဖြစ်သည်။
သို့သော် သူတို့ကို အသက်ရှင်လျက်ဖမ်းဆီးသူမှာ သိုင်းသူတော်စင်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း သိရသည့်အခါ အလွန်ရှက်သွားသလို စိတ်ပျက်လက်ပျက်လည်း ခံစားလိုက်ကြရသည်။
နွားရိုင်းမိစ္ဆာဘုရင်က စွမ်းအားအရာတွင် ကျော်ကြားသည့်အပြင် အနောက်သို့ခရီးသွားမှတ်တမ်းခေတ်ကာလတွင် ကျော်ကြားသည့် အခြားဇာတ်လမ်းများလည်း ရှိသေးသည်။
ဇာတ်လမ်းတစ်ခုမှာ နွားရိုင်းမိစ္ဆာဘုရင်၏သားတော် “သူငယ်နီ” ဖြစ်ပြီး နောက်ဇာတ်လမ်းတစ်ခုကတော့ နွားရိုင်းမိစ္ဆာဘုရင်၏ မိဖုရားနှင့် ကိုယ်လုပ်တော်ကြားမှ ဇာတ်လမ်းဖြစ်သည်။
သူ၏ မိဖုရားဖြစ်သောသံယပ်တောင်မင်းသမီးအကြောင်းကိုတော့ ပြောနေစရာမလို လူတိုင်းသိရှိကြသည်ပင်။
နွားရိုင်းမိစ္ဆာဘုရင်တွင် မိဖုရားအပြင် ကိုယ်လုပ်တော်တစ်ယောက်လည်း ရှိသေးသည်။ သူမ၏အမည်က ကြွေမျက်နှာမင်းသမီးဖြစ်ပြီး မိုးကြိုးတောင် ၊ ကောင်းကင်ဂူတွင် နေထိုင်သူ ဖြစ်သည်။
သူမက မြေခွေးမိစ္ဆာတစ်ယောက်လည်း ဖြစ်သည်။
ယခု နွားရိုင်းမိစ္ဆာနှင့် မြေခွေးမိစ္ဆာ ပူးပေါင်းလာသည်ကိုတွေ့သောအခါ ရန်ကျောက်ကဲတို့အုပ်စု ပထမဆုံး တွေးမိသည်မှာ နွားရိုင်းမိစ္ဆာဘုရင်နှင့် ကြွေမျက်နှာမင်းသမီးတို့၏ အဆက်အနွယ်များဖြစ်သည်ဆိုသောအချက်ပင် ဖြစ်၏။
ယခု နတ်မိစ္ဆာ (၄)ယောက်က နွားရိုင်းဘုရင်နှင့် ကြွေမျက်နှာမင်းသမီးတို့၏ သားမြေးများ မဟုတ်ကြပေ။ သို့သော် နွားရိုင်းဘုရင်နှင့် ကြွေမျက်နှာမင်းသမီးတို့စုံတွဲကြောင့် နွားရိုင်းမိစ္ဆာမျိုးနွယ်များနှင့် မြေခွေးမိစ္ဆာမျိုးနွယ်များက ရင်းနှီးကျွမ်းဝင်သူများ ဖြစ်လာကြသည်။
နတ်မိစ္ဆာမျိုးနွယ်များ တဖြည်းဖြည်းပျောက်ကွယ်လာချိန်တွင် ကျန်ရှိသည့်မျိုးနွယ်များက လိုအပ်သည့်အချိန်တွင် အချင်းချင်းကူညီပေးနိုင်ရန်အတွက် ပိုမိုရင်းနှီးလာကြသည်။
မျိုးနွယ်နှစ်ခု၏ ဘိုးဘေးများဆက်ဆံရေးက ခင်မင်မှုကို အတည်ပြုသည်ဖြစ်ရာ အချင်းချင်း ပူးပေါင်းလုပ်ဆောင်ရန် ပိုမိုလွယ်ကူပေသည်။
နောက်ပိုင်းကာလတစ်လျှောက်တွင် နွားရိုင်းမျိုးနွယ်များနှင့် မြေခွေးမိစ္ဆာကြား ဇနီးမောင်နှံပေါင်းဖက်မှုများ များစွာ ထွက်ပေါ်လာခဲ့သည်။
ရန်ကျောက်ကဲက မြေခွေးမိစ္ဆာ (၂)ယောက်ကို အကဲခတ်ရင်း...
“ဒါပေမဲ့... မင်တို့နှစ်ယောက်က ကြွေးမျက်နှာမြေခွေးမျိုးနွယ် မဟုတ်ဘူး ၊ မျက်နှာဖြူမြေခွေးမျိုးနွယ်တွေနဲ့ ပိုတူတယ်”
တိမ်လွှာခွင်းဧကရာဇ်က ရန်ကျောက်ကဲကိုကြည့်ရင်း...
“ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရားက နတ်မိစ္ဆာမျိုးနွယ်တွေနဲ့ပတ်သက်လို့လည်း အတော်လေး နားလည်မှု မြင့်မားပုံရတယ်”
ထို့နောက် သူ၏အကြည့်များက မြေခွေးမိစ္ဆာ (၂)ယောက်ဆီသို့ ကျရောက်သွားပြီး...
“အမှန်ပဲ... သူတို့က ကြွေမျက်နှာမြေခွေးမျိုးနွယ်တွေမဟုတ်ဘူး ၊ မျက်နှာဖြူမြေခွေးမျိုးနွယ်တွေပဲ ၊ ဒီတော့ ကောင်းကင်ဘုံနန်းတော်က သူတို့ရဲ့အဘိုးဆိုတာက....”
ရန်ကျောက်ကဲက လက်ခုပ်တစ်ချက်တီးလိုက်ရင်း...
“သက်ရှည်နတ်မင်းဘိုးဘိုးရဲ့ သမင်ဖြူ…”
သက်ရှည်နတ်မင်းဘိုးဘိုးဆိုသည်က လူသားများ၏သက်တမ်းကို ထိန်းချုပ်ရသည့် နတ်ဘုရား ဖြစ်သည်။
အချို့သော ဒဏ္ဍာရီများတွင် သူက တာအိုဝါဒ၏ ဧကရာဇ် (၄)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ‘တောင်ပိုင်းချန်စန်းဧကရာဇ်’ နှင့် အတူတူပင်ဖြစ်သည်ဟု ဆိုကြသည်။
သို့သော် ဤကမ္ဘာတွင်တော့ သူတို့နှစ်ယောက်က ကောင်းကင်ဘုံနန်းတော်မှ မတူညီသည့် ထိပ်တန်းတန်ခိုးစွမ်းအားရှင်များ ဖြစ်ကြသည်။
အနောက်သို့ခရီးသွားမှတ်တမ်း ခေတ်ကာလတွင် ဒဏ္ဍာရီမူကွဲများစွာက မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာခဲ့ကြသည် မဟုတ်ပါလား။
နွားရိုင်းမိစ္ဆာဘုရင်နှင့် ကြွေမျက်နှာမင်းသမီးအကြောင်း ဒဏ္ဍာရီအပြင် သက်ရှည်နတ်မင်းဘိုးဘိုး၏စီးတော်ဖြစ်သော သမင်ဖြူနှင့်ပတ်သက်သည့် ဒဏ္ဍာရီများလည်း ရှိသေးသည်။
ဒဏ္ဍာရီအရဆိုလျှင် သက်ရှည်နတ်မင်းဘိုးဘိုးနှင့် တုန်းဟွာတိကျွင်းတို့ စစ်တုရင်ကစားနေကြသည့်အချိန်တွင် သမင်ဖြူက အခွင့်အရေးယူပြီး သေမျိုးလူသားလောကမှ တိုင်းပြည်တစ်ခုဖြစ်သော ပိချိုးတိုင်းပြည်သို့ ဆင်းသက်သွားခဲ့သည်။
ထို့နောက် သမင်ဖြူမိစ္ဆာက မျက်နှာဖြူမြေခွေးမိစ္ဆာနှင့် ပူးပေါင်းခဲ့သည်။ မြေခွေးမိစ္ဆာက သူ့ကိုယ်သူ အပြစ်ဆိုစရာမရှိအောင် ချောမောလှပသည့် မိန်းမပျိုတစ်ယောက်အဖြစ် ဖန်ဆင်းကာ သမင်ဖြူမိစ္ဆာက ဘုရင်ထံ ဆက်သခဲ့ပြီး ဘုရင့်ယောက္ခမရာထူးကိုယူကာ ပိချိုးတိုင်းပြည်တွင် နေထိုင်ခဲ့သည်။
အနောက်ဘက်သို့ ခရီးထွက်လာသည့် ထန်စန်းကျန့်ကိုယ်တော် ၊ မျောက်မင်းစွန်းဝူခုံးတို့ (၄)ယောက်က သမင်ဖြူနတ်မိစ္ဆာကို အနိုင်ယူခဲ့ပြီး သက်ရှည်နတ်မင်းဘိုးဘိုး ရောက်ရှိလာကာ သေလုမျောပါးဖြစ်နေသော သမင်ဖြူကို ကောင်းကင်ဘုံနန်းတော်သို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။
တိမ်လွှာဧကရာဇ်က ခေါင်းညိတ်လိုက်ပြီး...
“အဲဒါက သက်ရှည်နတ်မင်းဘိုးဘိုးရဲ့ သမင်ဖြူဆိုရင်တော့ နားလည်နိုင်ပါတယ်...”
သူက ဆက်ပြောသည်။
“မျက်နှာဖြူမြေခွေးမိစ္ဆာမျိုးနွယ်နဲ့ ကြွေမျက်နှာမြေခွေးမိစ္ဆာမျိုးနွယ်က ကွဲပြားမှုရှိပေမယ့် အားလုံးက မြေခွေးမိစ္ဆာမျိုးနွယ်တွေချည်းပါပဲ ၊ ဒီတော့ တခြားနတ်မိစ္ဆာမျိုးနွယ်တွေနဲ့ယှဉ်ရင် သူတို့က ပိုပြီးနီးစပ်ကြတယ်”
ရန်ကျောက်ကဲက...
“ကြည့်ရတာ မဟာကပ်ဘေးကြီးကာလအတွင်း သမင်ဖြူက ကောင်းကင်ဘုံနန်းတော်က လွတ်မြောက်သွားပြီး နတ်မိစ္ဆာမျိုးနွယ်တွေဆီ ပြန်ရောက်သွားပုံရတယ်”
သူက ဆက်ပြောသည်။
“အဲဒီလိုသာဆိုရင်တော့ သက်ရှည်နတ်မင်းဘိုးဘိုး ကံဆိုးစွာနဲ့ပဲ မဟာကပ်ဘေးကြီးအတွင်းမှာ သေဆုံးသွားပြီထင်တယ်...”
သက်ရှည်နတ်မင်းဘိုးဘိုးက လူသားတို့၏သက်တမ်းကို ထိန်းချုပ်သူဖြစ်ပြီး မိုးကောင်းကင်နှင့်အညီ အသက်ရှည်ခြင်းကို ပိုင်ဆိုင်သူ ဖြစ်သည်။
သို့သော် မဟာကပ်ဘေးကြီးကြောင့် ကျော်ကြားသော ကံကောင်းခြင်းကြယ်နတ်၏သက်တမ်းသည် သုညအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုအကြောင်းတွေးရင်း သူတို့ (၃)ယောက် တစ်စုံတစ်ခု ခံစားလိုက်ကြရသည်။
မြေခွေးမိစ္ဆာအငယ်မက နှာတစ်ချက်မှုတ်လိုက်ရင်း...
“သူ ဘယ်လောက်တော်တယ်ဆိုတာ ရှင်တို့သိကြရဲ့လား”
ရန်ကျောက်ကဲက...
“ဒီလို ရှေးဟောင်းနတ်မိစ္ဆာကြီး တံခါးပိတ်ကျင့်ကြံရာကထွက်လာတယ်ဆိုတော့... ကြည့်ရတာ မင်းတို့နတ်မိစ္ဆာမျိုးနွယ်တွေက လွန်ခဲ့တဲ့နှစ်ပိုင်းတစ်လျှောက် အပြောင်းအလဲတွေကို စောင့်ကြည့်နေပုံရတယ်”
သမင်ဖြူနတ်မိစ္ဆာက အဂ္ဂိရတ်ခန်းမသို့ရောက်လာသော နတ်မိးစ္ဆာမျိုးနွယ်အုပ်စု၏ ခေါင်းဆောင် ဖြစ်နိုင်သည်။ သူက ကောင်းကင်ဘုံနန်းတော်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူဖြစ်သဖြင့် အဂ္ဂိရတ်ခန်းမနှင့်ပတ်သက်သော သဲလွန်စများစွာ ရရှိထားပေမည်။
ရှေးယခင်အချိန်က သမင်ဖြူမိစ္ဆာနှင့် ပူးပေါင်းခဲ့သော မျက်နှာမဖြူမြေခွေးက ရိုက်နှက်ခံရပြီး သေဆုံးခဲ့ရသည်။ သို့သော် ထိုအချိန်မှစတင်ပြီး မျက်နှာဖြူမြေခွေးမျိုးနွယ်များက သမင်ဖြူမိစ္ဆာနှင့် ရင်းနှီးသူများ ဖြစ်လာကြသည်။
သို့ဖြစ်ရာ သမင်ဖြူမိစ္ဆာကို ‘အဘိုး’ ဟု ခေါ်ဆိုသည်မှာ အံ့သြစရာ မရှိတော့ပေ။
မျက်နှာဖြူမြေခွေးမိစ္ဆာမျိုးနွယ်နှင့် ကြွေမျက်နှာမြေခွေးမိစ္ဆာမျိုးနွယ်တို့က မောင်နှမများပမာ ဖြစ်ကြသည်။
အတိတ်ကိစ္စရပ်များကိုအကြောင်းပြုကာ ကြွေမျက်နှာမြေခွေးမိစ္ဆာမျိုးနွယ်များနှင့် နွားရိုင်းမိစ္ဆာတို့က အတော်လေး ရင်းနှီးခဲ့ကြသည်။ ကြွေးမျက်နှာမြေခွေးမိစ္ဆာမျိုးနွယ်များနှင့် ရင်းနှီးသည်ဖြစ်ရာ မျက်နှာဖြူမြေခွေးမိစ္ဆာမျိုးနွယ်များနှင့်လည်း နွားရိုင်းများက ရင်းနှီးမှုရှိသည်မှာ မဆန်းပေ။
ထို့ကြောင့် ယနေ့တွင် မျက်နှာဖြူမြေခွေးမျိုးနွယ်များက နွားရိုင်းမိစ္ဆာများကို အဖော်အဖြစ် ခေါ်ဆောင်လာကြခြင်းပင်။
အဂ္ဂိရတ်ခန်းမအတွင်းဝင်ရောက်လာသည့် သမင်ဖြူမိစ္ဆာ၏အုပ်စုတွင် ဤနတ်မိစ္ဆာ (၄)ယောက်တည်း မဟုတ်သည်မှာ ထင်ရှားသည်။
ရန်ကျောက်ကဲက...
“သမင်ဖြူမိစ္ဆာက ထျန်းပင်းတန်ခိုးရှင် ‘နွားရိုင်းမိစ္ဆာဘုရင်’ မဟုတ်ပေမယ့် သူက ရှေးဟောင်းနတ်မိစ္ဆာတစ်ပါးတော့ ဖြစ်နေတုန်းပဲ”
ရန်ကျောက်ကဲတို့အုပ်စု တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
နတ်မိစ္ဆာမျိုးနွယ်များ ယုံကြည်မှုအပြည့်ရှိနေရသည့်အကြောင်းရင်းကို သူတို့ ရှာတွေ့သွားပြီ ဖြစ်သည်။
ခေတ်တိုင်းတွင် ကြီးမားသည့်အဖြစ်အပျက်များ ဖြစ်ပွားခဲ့ကြသည်ဖြစ်ရာ ‘နတ်ဘုရားများအုပ်စိုးသောခေတ်’ ကို ရှေးဟောင်းခေတ်ဟု ခေါ်ဆိုသည်။
ထို့နောက်မှာတော့ အနောက်သို့ ခရီးသွားမှတ်တမ်းခေတ်ကာလကို အလယ်ခေတ်ဟောင်းဟု သတ်မှတ်ကြသည်။
ထို့နောက်မှာတော့ စကြာမုနိဗုဒ္ဓထွက်ပေါ်လာပြီး ခေတ်သစ်တစ်ခု စတင်ခဲ့သည်။
ယခု ရန်ကျောက်ကဲတို့က ထိုခေတ်သစ်တွင် နေထိုင်ခြင်း ဖြစ်သည်။
သို့သော် မဟာကပ်ဘေးကြီးဖြစ်ပွားပြီးနောက် မိုးမြေပျက်ဆီးလုနီးပါးဖြစ်သွားလေရာ လူတိုင်းက မဟာကပ်ဘေးကြီးကို အပိုင်းအခြားအဖြစ် မှတ်ယူခဲ့ကြသည်။
မဟာကပ်ဘေးကြီးမတိုင်ခင်ကာလကို ခေတ်သစ်အကြိုကာလဟုသတ်မှတ်ပြီး မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက်ပိုင်းခေတ်ကို ခေတ်သစ်နှောင်းပိုင်းကာလဟု ခေါ်ဆိုကြသည်။
ထိုသမင်ဖြူက အမှန်တကယ်ပင် သက်ရှည်နတ်မင်းဘိုးဘိုး၏ စီးတော် ‘သမင်ဖြူ’ ဖြစ်သည်ဆိုပါက သာမန်ရှေးဟောင်းနတ်မိစ္ဆာတစ်ယောက် မဟုတ်ပေ။ အလယ်ခေတ်ဟောင်းကတည်းက စတင်ရှင်သန်ခဲ့သည့် ရှေးဟောင်းနတ်မိစ္ဆာတစ်ပါးအဖြစ် သတ်မှတ်နိုင်သည်။
သို့သော် သိုင်းကျင့်ကြံသူတစ်ယောက်၏ တန်ခိုးစွမ်းအား အနိမ့်အမြင့်မှာ သက်တမ်းရှည်ခြင်းနှင့် မသက်ဆိုင်လှပေ။
အနောက်သို့ခရီးသွားမှတ်တမ်း ခေတ်ကာလတွင် ဤ သမင်ဖြူက သိပ်ပြီး အသုံးမကျလှပေ။ သို့ပေသိ တန်ခိုးစွမ်းအားဆိုသည်က သိုင်းပြိုင်မကြည့်ဘဲ မည်သူတော်သည်လဲ သိနိုင်မည် မဟုတ်ပေ။
ကောင်းကင်ဘုံနန်းတော်မှ သက်ရှည်နတ်မင်းဘိုးဘိုး၏ စီးတော်သမင်ဖြူက တောထဲမှ ကြုံရာခေါ်မွေးထားသည့် သမင်ဖြူတစ်ကောင် မဟုတ်ပေ။
ရန်ကျောက်ကဲကတော့ မဟာကပ်ဘေးကြီးမတိုင်ခင်ကတည်းက ထိုသမင်ဖြူ၏တန်ခိုးစွမ်းအားက ထူးခြားသည်ဟု သိရှိထားသည်။ သူ၏တန်ခိုးစွမ်းအားက ကောင်းကင်ဘုံနန်းတော်မှ အချို့သောနတ်ဘုရားများစွာထက်ပင် အားကောင်းသေးသည်။
ယခင်အချိန်က ထိုသမင်ဖြူ သေမျိုးလူသားလောကသို့ ဆင်းသက်လာသည့်အခါ သူက သက်ရှည်နတ်မင်းဘိုးဘိုး၏ ‘နဂါးကျိုင်းတံ’ ကို ခိုးယူသွားသည့်အချက် ထည့်မပြောရသေးပေ။
ယခုလည်း ထို ကျိုင်းတံသာ သူ့လက်ထဲရောက်နေပါက ရလဒ်ကို စိတ်ကူး၍ပင် မရနိုင်ပေ။
ခန်းမဝိညာဉ်ကို ထည့်မတွက်ဘဲ ဤ အဂ္ဂိရတ်ခန်းမအတွင်း ရောက်ရှိနေကြသော ကျင့်ကြံသူများအားလုံး ပူးပေါင်းတိုက်မည်ဆိုလျှင်တောင်မှ ထိုသမင်ဖြူမိစ္ဆာကို အနိုင်ယူနိုင်မည်မဟုတ်ဟု ပြောလျှင် ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။
ရန်ကျောက်ကဲက တိမ်လွှာဧကရာဇ်နှင့် ဟယ်မြန်ကိုလှမ်းကြည့်ရင်း...
“ဒီ သမင်အိုကြီးက အဂ္ဂိရတ်ခန်းမရဲ့ ခန်းမဝိညာဉ်ကို ကြောက်ပုံမရဘူး ၊ အခု ခန်းမဝိညာဉ်ကလည်း ထုံးတမ်းအစီအရင်ကို အလျင်စလိုလုပ်နေတယ်ဆိုတော့ အသက်အန္တရယ်ရှိနေတာ အမှန်ပဲ ၊ လက်ရှိမှာ ခန်းမဝိညာဉ်က အားနည်းတဲ့အနေအထားရောက်နေတယ် ၊ ဒါက သမင်အိုကြီးအတွက် အခွင့်အရေးဖြစ်သွားနိုင်တယ်”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ ဒါက ကျွန်တော်တို့အတွက်လည်း အခွင့်အရေးတစ်ခု ဖြစ်သွားနိုင်တယ် ၊ ပြီးတော့ သမင်ဖြူနတ်မိစ္ဆာနဲ့ ခန်းမဝိညာဉ်ပူးပေါင်းသွားဖို့လည်း အလားအလာများတယ်”
တိမ်လွှာခွင်းဧကရာဇ်က...
“ငါလည်း ဒီကိုရောက်လာပြီဆိုမှတော့ လက်ဗလာနဲ့မပြန်ချင်ဘူး...”
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“ဒါဖြင့် အချိန်ကို အကျိုးရှိရှိ အသုံးပြုကြတာပေါ့”
ထို့နောက် သူက နွားရိုင်းမိစ္ဆာ’ကောင်းလင်’ ကို တိမ်လွှာဧကရာဇ်၏ဘေးသို့ ခြေထောက်ဖြင့် ကန်ချလိုက်သည်။
တိမ်လွှာဧကရာဇ်က သူ၏ဓားကို ပင့်မြှောက်လိုက်ပြီး အောက်သို့ ခုတ်ပိုင်းချလိုက်လေသည်။
ကောင်းလင်မှာ မျက်လုံးပြူးသွားပြီး အသံတစ်ချက်မပြုနိုင်ခင်မှာပင် သူ၏ကြီးမားသောဦးခေါင်းကြီးက တိခနဲ ပြတ်တောက်သွားလေတော့၏။