← Chapters

ကုချင်တေးသွားကို ဓားသွားအဖြစ်ပြောင်းလဲ

Vol. 90 Ch. 1264

ကုချင်တေးသွားကို ဓားသွားအဖြစ်ပြောင်းလဲ

Vol. 90 Ch. 1264

အခန်း (၁၂၆၄) ကုချင်တေးသွားကို ဓားသွားအဖြစ်ပြောင်းလဲ

ဒါကိုမြင်တော့ အခြားနတ်မိစ္ဆာ (၃)ယောက် ထိတ်လန့်သွားပြီး သူတို့စိတ်ထဲ အေးခဲသွားသည့်ပမာ ခံစားလိုက်ရသည်။

အဂ္ဂိရတ်ခန်းမထဲသို့ ဝင်ရောက်လာသည့်ခရီးစဉ်တွင် သူတို့ဘက်မှ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်ဖြစ်သော သမင်ဖြူနတ်မိစ္ဆာရှိနေကြောင်း သိရှိသည့်တိုင် ရန်သူက အကြောက်အရွံ့မရှိ နွားရိုင်းမိစ္ဆာ’ကောင်းလင်’ ကို ခေါင်းဖြတ်သတ်ခဲ့သည်။

ကောင်းလင်ကိုသတ်ဖြတ်လိုက်ခြင်းက ကျန် (၃)ယောက်ကိုလည်း သတ်ဖြတ်ရန် ဝန်မလေးဟု ဆိုလိုခြင်းပင်။

မြေခွေးမိစ္ဆာအကြီးမက ကြေကွဲစွာ ရယ်မောရင်း...

“ကောင်းတယ် သိပ်ကောင်းတယ် ၊ မင်းတို့က ငါတို့ကို သတ်ရဲတယ်ဆိုတော့... ငါတို့အဘိုးနဲ့ပြိုင်ပြီး ဒီအဂ္ဂိရတ်ခန်းမကို တိုက်ခိုက်ယူချင်တယ်ဆိုတဲ့ သဘောပေါ့ ၊ မင်းတို့အားလုံး ကိုယ့်သေတွင်းကိုယ်တူးကြတာပဲ ၊ ငါတို့အဘိုးက မင်းတို့ကို မြေမြှုပ်ပစ်မှာသေချာတယ် ၊ ငါတို့ ညီအစ်မတွေ ငရဲသွားတဲ့လမ်းမှာ ရှင်တို့ကို ကြိုပြီးစောင့်နေမယ်”

တိမ်လွှာဧကရာဇ်က ခေါင်းခါယမ်းရင်း...

“စကားများလိုက်တာ...”

ထို့နောက် သူက ဓားချက် (၃)ချက်ထုတ်ဖော်ပြီး အနက်ရောင်နွားရိုင်းမိစ္ဆာနှင့် မြေခွေးမိစ္ဆာနှစ်ယောက်လုံးကို ထိုးခုတ်သတ်ဖြတ်ပစ်လိုက်သည်။

ရန်ကျောက်ကဲက...

“ထပ်ပြီး အချိန်နောက်ကျလို့မဖြစ်ဘူး ၊ ကျွန်တော်တို့ အမြန်သွားရအောင်”

သူတို့ (၃)ယောက် ဆေးပစ္စည်းသိုလှောင်ရုံသို့ ခရီးဆက်ခဲ့ကြသည်။

ခရီးဆက်နေရင်း ရန်ကျောက်ကဲက တိမ်လွှာဧကရာဇ်ကို အထူးသတိထားနေမိသည်။ တိမ်လွှာဧကရာဇ်က ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို လိုချင်နေသည် မဟုတ်ပါလား။

ထိုမီးပြင်းဖိုနှင့် နှိုင်းယှဉ်ပါက အဂ္ဂိရတ်ခန်းမအတွင်းရှိ အခြားသောရတနာပစ္စည်းများက သိသိသာသာပင် တန်ဖိုးလျော့ကျသွားမည်ပင်။

ပြီးတော့ ဒဏ္ဍာရီလာ သမင်ဖြူနတ်မိစ္ဆာနှင့် ခန်းမဝိညာဉ်၏ ဝင်ရောက်စွက်ဖက်မှုကလည်း ရှိနေသေးသည်။

တိမ်လွှာခွင့်ဧကရာဇ်က နှစ်ထောင်ပေါင်းများစွာ တိုက်ပွဲအတွေ့အကြုံများခဲ့သူ ဖြစ်သည်။ သူက အန္တရယ်အမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့သည်ဖြစ်ရာ အန္တရယ်ကိုကြောက်ရွံ့သဖြင့် ဆုံးဖြတ်ချက် ယိမ်းယိုင်သွားမည့်လူမျိုး မဟုတ်သည်မှာ သေချာသည်။

မည်သို့ပင်ဖြစ်စေ ရရှိလာမည့်အကျိုးအမြတ်က အန္တရယ်နှင့်ယှဉ်လျှင် များစွာကြီးလေသည်။ အန္တရယ်များပြီး အကျိုးအမြတ်က နည်းမည်ဆိုလျှင် တိမ်လွှာခွင်း ဧကရာဇ်အနေဖြင့် စွန့်စားရန် ဆန္ဒရှိမည် မဟုတ်ပေ။

တစ်နည်းဆိုရသော် အခြေအနေပေါ်မူတည်ပြီး သူ့အနေဖြင့် ရန်ကျောက်ကဲထံမှ ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖို့ကို လုယူရန် လွယ်ကူမည် ဖြစ်၏။

ဤသို့သောအခြေအနေအောက်တွင် ရန်ကျောက်ကဲအနေဖြင့် ထိုဆရာတပည့်နှစ်ယောက် ပြဿနာရှာမည်ကို သေချာပေါက် သတိထားနေရပေသည်။

မဟုတ်ပါက သူက အခြားတစ်ယောက်နှင့် တိုက်ခိုက်နေချိန်မှာ သူတို့က ရန်ကျောက်ကဲအပေါ် အခွင့်အရေးယူရန် ကြိုးစားကြပေလိမ့်မည်။

တိမ်လွှာဧကရာဇ်က လက်ဗလာဖြင့်ပြန်ရန် ဆန္ဒမရှိဟု ဆိုသည်။

သူသာ ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို ရယူနိုင်မည်ဆိုပါက လက်ဗလာဖြင့်ပြန်သည်ဟု ဆိုရတော့မည် မဟုတ်ပေ။

ယခု တိမ်လွှာဧကရာဇ်က နတ်မိစ္ဆာ (၄)ယောက်အား သတ်ဖြတ်လိုက်ပြီဖြစ်ရာ နတ်မိစ္ဆာများနှင့်ပူးပေါင်းရန် ဖြစ်နိုင်ခြေအားလုံး ဖြတ်တောက်ခံလိုက်ရပြီ ဖြစ်သည်။

သို့သော် ဤအချက်ကပင် ရန်ကျောက်ကဲကိုပိုပြီး သတိထားသွားစေသည်။

တိမ်လွှာဧကရာဇ်၏ဆုံးဖြတ်ချက်က မည်မျှပင် ရက်စက်ကြမ်းတမ်းပြီး ခိုင်မာစေကာမူ အခွင့်အရေးမရှိပါက ပြောင်းလဲသွားမည်ပင် ဖြစ်၏။ အခွင့်အရေးရှိနေသေးလျှင်တော့ သူက တစ်ချက်မတုံ့ဆိုင်းဘဲ ထိုသို့ပြုလုပ်ပေမည်။

ရန်ကျောက်ကဲအတွက်တော့ သူ အမှန်တကယ်လိုချင်သည့်အရာမှာ ဆေးသိုလှောင်ရုံမှ ဆေးလုံးများမဟုတ်သလို ဆေးပစ္စည်းသိုလှောင်ရုံမှ ဝိညာဉ်ဆေးဝါးများလည်း မဟုတ်ပေ။

ထိုပစ္စည်းများကို လမ်းတစ်လျှောက် သူ ရယူလာခဲ့ပြီးပြီ ဖြစ်သည်။

သူ တကယ်လိုချင်သည်က ‘အဂ္ဂိရတ်ခန်းမ’ တစ်ခုလုံး ဖြစ်သည်။

သူသာ အဂ္ဂိရတ်ခန်းမကို ရရှိမည်ဆိုပါက သူ ရပ်တန့်ထားသည့် အစီအစဉ်များ အမှန်တကယ် ဖြစ်လာနိုင်ခြေ ရှိသည်။ သူတို့ (၃)ယောက် မည်သည့်စကားမှ မဆိုဘဲ အဂ္ဂိရတ်ခန်းမအတွင်းရှိ စကြာဝဠာကို လျင်မြန်စွာ ဖြတ်ကျော်သွားကြသည်။

သူတို့ ဆေးပစ္စည်းသိုလှောင်ရုံ ပတ်ဝန်းကျင်သို့ တဖြည်းဖြည်း နီးကပ်လာသည့်အခါ ရုတ်တရက် အလွန်သာယာသော ကုချင်တီးခတ်သံ လေထုထဲတွင် ပျံ့လွင့်လာသည်ကို ကြားလိုက်ရသည်။

သို့သော် ကုချင်တေးသွားက အလွှာများဖြစ်တည်လာပြီး အလွှာများက လှိုင်းလုံးများ ဖြစ်တည်လာသည်။ လှိုင်းလုံးများရောက်ရှိသည့်နေရာတိုင်းတွင် လေထုက ချိုင့်ဝင်သွားပြီး မရှိမှုအဖြစ်သို့ ပြောင်းလဲသွားသည်။

ထက်ရှသည့်ဓားဝိညာဉ်က ကွေ့ဝိုက်နေသည့်လှိုင်းလုံးများထက်မှ ဖြထွက်နေပြီး သူတို့၏ ခြေဖဝါးများကို ထိုးဖောက်နေသည့်ပမာ ခံစားရသည်။

ရန်ကျောက်ကဲနှင့် ဟယ်မြန်တို့ မျက်မှောင်ကျုံ့လိုက်ကြသည်။

စူးရှထက်မြက်သည့် ဓားသွားပမာ ကုချင်တေးသွားကြောင့် ဖြစ်ပေါ်လာသည့် ခြိမ်းခြောက်မှုဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ခံစားနိုင်ကြသည်။

အခြားသော သိုင်းကျင့်ကြံသူများနှင့် နှိုင်းယှဉ်ပါက ပိုမိုသာလွန်သည့် သူတို့ (၂)ယောက်၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရကို ထို ကုချင်တေးသွား၏ ထက်ရှမှုက အရေးမစိုက်ဟန် ရှိသည်။

သူတို့၏ ကိုယ်ပိုင်ကာကွယ်ရေး အစီအရင်များသည်လည်း ဘာမှမဟုတ်သည့်ပမာပင် ဖြစ်သည်။

“သေမျိုးလူသားတွေကြောင့် အနှောက်အယှက်မဖြစ်နိုင်တဲ့ ငြိမ်သက်ခြင်းအဆင့်ရှိတဲ့ နက်ရှိုင်းနတ်ဘုရားတစ်ပါးပဲ...”

ရန်ကျောက်ကဲ မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်သည်။

“ဒီလိုပြင်းထန်ပြီး ရက်စက်လွန်းတဲ့ဓားဝိညာဉ်... စန့်ချင်အဆက်အနွယ်ရဲ့ဓားသိုင်းပဲ... ကုချင်တီးခတ်တာ ကျွမ်းကျင်တယ် ၊ ကုချင်တွေးသွားကတစ်ဆင့် ဓားသိုင်းကို အသုံးပြုတယ်”

သူက တိမ်လွှာဧကရာဇ်နှင့် ဟယ်မြန်ကို လှည့်ကြည့်လိုက်ပြီး...

“အဲဒီလူက စုန်းဟွမ်မြင့်မားဧကရာဇ် မဟုတ်လား...”

သူက အပြာရောင်ခရီးရှည်အရှင်သခင် (၇)ပါးတွင် အပါအဝင်ဖြစ်ပြီး ရွှမ်ဟွမ်ဧကရီ ‘ကောင်းချင်းရွှမ်’ နှင့် တိမ်လွှာခွင်းဧကရာဇ်တို့နှင့် မျိုးဆက်အတူတူပင် ဖြစ်သည်။

သူက ကုချင်တီးခတ်ခြင်းတွင် ကျွမ်းကျင်ပြီး ကုချင်တေးသွားကိုဓားသွားပမာ အသုံးပြုနိုင်ခြင်းကြောင့် လူသိများသူ ဖြစ်သည်။

“ပုရွှီး” ဆိုသည်မှာ “ပုံရိပ်ယောင်ခြေလှမ်း” ဟု အဓိပ္ပါယ်ရပြီး တကယ်တော့ တာအိုကျင့်ကြံသူများ ယာဇ်ပလ္လင်ထက်တွင် ရွတ်ဆိုလေ့ရှိသော ကဗျာတစ်ပုဒ်ကို ဆိုလိုခြင်း ဖြစ်သည်။

ဒဏ္ဍာရီများအရဆိုလျှင် ထိုကဗျာသံစဉ်ကို နတ်မျိုးနွယ်များ သံပြိုင်ရွတ်ဆိုသည့်အခါ အမှန်တကယ်ပင် ပုံရိပ်ယောင်ခြေလှမ်းများပမာ ထင်မှတ်ရသည်ဟု ဆိုသည်။ ထို့ကြောင့် ထိုသံစဉ်ကို “ပုံရိပ်ယောင်ခြေလှမ်းသံစဉ်” ဟု ခေါ်ဆိုကြသည်။

စုန်းဟွမ်မြင့်မားဧကရာဇ် ၊ ရွှမ်ဟွမ်ဧကရီ ‘ကောင်းချင်းရွှမ်’ နှင့် ဓားဧကရီ ‘တိချင်းလျန်’ တို့အားလုံးက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ တည်ထောင်သူဆရာဘွားဘွား ‘နွယ်ပင်ဧကရီ’ ၏ တပည့်များ ဖြစ်ကြသည်။

သူ၏အမည်ရင်းက ‘ကျန်းချင်း‌ချောင်’ ဖြစ်သည်။

ကောင်းချင်းရွှမ်နှင့် တိချင်းလျန်တို့ကဲ့သို့ပင် သူတို့နှစ်ယောက်လုံး၏နာမည်များအလယ်တွင် ‘ချင်း’ ဆိုသည့် အလယ်စာလုံး ပါရှိလေသည်။

နောက်ပိုင်း သူက ကုချင်တီးခတ်ရာတွင် ကျွမ်းကျင်သည့်အတွက် သူ့ကို ‘ပုံရိပ်ယောင်ခြေလှမ်းနတ်ဘုရား’ ဟု ခေါ်ဆိုခဲ့ကြသည်။

သူ၏ ကုချင်တီးခတ်မှုစွမ်းရည်က မဟာကပ်ဘေးကြီးနောက်ပိုင်းတွင် အတော်ဆုံးများထဲမှ တစ်ယောက်ဖြစ်၏။

နောက်ဆုံးမှာတော့ ‘ပုံရိပ်ယောင်ခြေလှမ်းနတ်ဘုရား’ ဆိုသောအမည်ကိုအစွဲပြုကာ ‘ကျန်းပုရွှီး’ ဟု သူ့ကိုခေါ်ဆိုကြပြီး မူရင်းနာမည်ကို သိရှိသူ နည်းပါးသွားကြသည်။

နောက်ပိုင်း သူ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ထွက်ခွာလာသည့်အခါ နာမည်ရင်းကို လုံးဝ အသုံးမပြုတော့ပေ။ ကမ္ဘာပေါ်မှလူတိုင်းက သူ့ကို ‘ကျန်းပုရွှီး’ ဟုသာ ခေါ်ဆိုကြတော့သည်။

“အမှန်ပဲ ၊ အဲဒါ တာအိုရောင်းရင်း’ကျန်း’ ပဲ”

တိမ်လွှာခွင်းဧကရာဇ်က ခေါင်းညိတ်ရင်း ရန်ကျောက်ကဲ မေးခွန်းကို အဖြေပေးလိုက်သည်။ သူ၏မျက်နှာအမူအရာကတော့ တည်ငြိမ်နေဆဲဖြစ်ပြီး မည်သည့်ခံစားချက်အပြောင်းအလဲကိုမှ တွေ့မြင်ရခြင်း မရှိပေ။

ဟယ်မြန်က တိုးလျှသည့်အသံဖြင့်...

“ဆရာ... စုန်းဟွမ်မြင့်မားဧကရာဇ်က တစ်ယောက်ယောက်နဲ့ တိုက်ခိုက်နေတဲ့ပုံပဲ...”

တိမ်လွှာဧကရာဇ်က မျက်ဝန်းများ ကျဉ်းမြောင်းလိုက်ရင်း...

“တာအိုရောင်းရင်း’ကျန်း’ လည်း အဂ္ဂိရတ်ခန်းမထဲ ရောက်နေတယ်ဆိုတော့... အဂ္ဂိရတ်ခန်းမရဲ့ ခန်းမဝိညာဉ်နဲ့ တိုက်ခိုက်နေတာ ဖြစ်ရမယ်”

သူက ဆက်ပြောသည်။

“ငါတို့ သတိထားဖို့လိုတယ် ၊ သမင်ဖြူနတ်မိစ္ဆာက ဘယ်ရောက်နေမှန်း မသိရသေးဘူး”

“အဂ္ဂိရတ်ခန်းမရဲ့ ခန်းမဝိညာဉ်က လူသားခန္ဓာထဲကို ကူးပြောင်းဖို့အတွက် ထုံးတမ်းအစီအရင် ပြုလုပ်နေတော့ သိသိသာသာ အားနည်းနေတယ် ၊ လောလောဆယ်မှာတော့ သမင်ဖြူနတ်မိစ္ဆာက ခန်းမဝိညာဉ်ထက်ပိုပြီး ခြိမ်းခြောက်မှု ပိုများတယ်”

ဟယ်မြန် လျှင်မြန်စွာ ခေါင်းညိတ်ပြလိုက်သည်။

ရန်ကျောက်ကဲ အဝေးတစ်နေရာ ဗလာနယ်ထဲဆီသို့ လှမ်းကြည့်ရင်း အတွေးထဲ နစ်မျောသွားသည်။

ထို့နောက် သူတို့အားလုံး ကုချင်တေးသွား၏သက်ရောက်မှုကိုရှောင်တိမ်းရန် နောက်သို့ ပြန်ဆုတ်လိုက်ကြသည်။ တိမ်လွှာဧကရာဇ်က ကုချင်တေးသွားကို ကြောက်ရွံ့ခြင်းမရှိသည့်တိုင် အနားသို့မသွားလိုပေ။

သို့သော် ထိုခဏတွင် ကုချင်တေးသွားက ရုတ်တရက် ငြိမ်သက်သွားပြီး ပျော်ရွှင်သည့်အသံတစ်သံ ထွက်ပေါ်လာသည်။

“မင်းက တာအိုရောင်းရင်း တိမ်လွှာခွင်းလား”

တိမ်လွှာဧကရာဇ်က အေးဆေးစွာပင် ပြန်လည်နှုတ်ဆက်လိုက်သည်။

“တာအိုရောင်းရင်း’ကျန်း’ မတွေ့တာကြာပြီ ၊ ကျန်းမာရဲ့နော...”

“နေကောင်းတယ်လို့တော့ မဆိုနိုင်ဘူး”

တစ်ဖက်လူက ရိုးရှင်းစွာပင် ပြန်ပြောသည်။

“ဒဏ္ဍာရီလာ ကောင်းကင်ဘုံနန်းတော်ရဲ့ ဆေးလုံးခန်းမ မပျက်စီးသေးဘူးလို့ လုံးဝ ထင်မထားခဲ့ဘူး ၊ ခန်းမဝိညာဉ်က ကိုယ်ပိုင်အသိဉာဏ်ရရှိနေမယ်လို့ ပိုလို့တောင် မျှော်လင့်မထားခဲ့ဘူး”

သူက ဆက်ပြောသည်။

“အဲဒီခန်းမဝိညာဉ်မှာ ဒဏ်ရာဟောင်းတွေရှိနေပေမယ့် ငါတောင် အနိုင်ရဖို့ ယုံကြည်မှုမရှိဘူး ၊ ဒါပေမဲ့ သူက ထုံးတမ်းအစီအရင်တစ်ခု ပြုလုပ်နေလို့ ရန်သူကို သိပ်ပြီးအာရုံမစိုက်နိုင်ဘူး ၊ ဒီတော့ အခွင့်အရေးတစ်ခု ရတာပေါ့ ၊ ဒါပေမဲ့ အချိန်မီပါ့မလား မပြောနိုင်ဘူး”

စုန်းဟွမ်မြင့်မားဧကရာဇ်၏စကားဆုံးသွားသည်နှင့် ရေခဲပမာ အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။

“သူခိုးအုပ်စု... ငါ အားနည်းနေတာကို အခွင့်ကောင်းယူနေကြတယ်ပေါ့လေ ၊ အိပ်မက်မက်နေလိုက်...”

အသံက အေးစက်လွန်းသဖြင့် အားလုံး၏စိတ်နှလုံးကိုပင် တုန်လှုပ်သွားစေသည်။

ထိုသံက သတ္တုဆန်လွန်းပြီး ရေခဲပမာအေးစက်သလို ဒေါသနှင့် အမုန်းတရားများလည်း ပြည့်နက်နေသည်။

ရန်ကျောက်ကဲနှင့် အခြားသူများက ခန်းမဝိညာဉ်က သက်ရှိတစ်ယောက်ပမာ စကားပြောသည်ကိုကြားသည့်အခါ ထူးဆန်းသည့်ခံစားချက်တစ်ခု ခံစားလိုက်ကြရသည်။

စုန်းဟွမ်မြင့်မားဧကရာဇ်က အဂ္ဂိရတ်ခန်းမ၏ ခန်းမဝိညာဉ်ကို အရေးမစိုက်ပေ။

သူက စကားဆက်ပြောလိုက်သည်။

“တာအိုရောင်းရင်း တိမ်လွှာခွင်း... မင်း ငါ့ကို ကူညီပေးနိုင်မလား ၊ ငါတို့ကြားမှာ ဘယ်လိုပဲ သဘောထားကွဲလွဲမှုတွေရှိပါစေ အခုချိန်မှာတော့ ပူးပေါင်းလုပ်ဆောင်သင့်တယ်ထင်တယ် ၊ နောက်ပိုင်းမှာ အဂ္ဂိရတ်ခန်းမထဲက ရတနာပစ္စည်းတွေက ငါတို့ စန့်ချင်အဆက်အနွယ်တွေနဲ့ စန်းချင်း (၃)ပါးအဆက်အနွယ်တွေပဲ ပိုင်ဆိုင်ရမယ့်အရာတွေ ဖြစ်တယ်”

“ကြည့်ရတာ မင်းလည်း နဂိုကတည်းက ဒီကိစ္စတွေကို သိထားပြီးသား မဟုတ်လား”

တိမ်လွှာခွင်းဧကရာဇ်က မည်သည့်အရာမှ ဖုံးကွယ်မထားခဲ့ပေ။

“ဒီတစ်ခေါက် နတ်မိစ္ဆာမျိုးနွယ်တွေရဲ့ ခေါင်းဆောင်က အတော်လေး ထူးခြားတယ်”

သူက ဆက်ပြောသည်။

“သူက မဟာကပ်ဘေးကြီးမတိုင်ခင် ကောင်းကင်ဘုံနန်းတော်က သက်ရှည်နတ်မင်းဘိုးဘိုးရဲ့ စီးတော် ‘သမင်ဖြူ’ ပဲ ၊ သူက ရှေးဟောင်းနတ်မိစ္ဆာတစ်ယောက်ဖြစ်တဲ့အတွက် စွမ်းအားကြီးပြီး ခံနိုင်ရည်မြင့်မားတယ် ၊ ပြီးတော့ ဒီအဂ္ဂိရတ်ခန်းအကြောင်းကိုလည်း အတော်လေးနားလည်တယ်”

ထိုစကားကြားတော့ စုန်းဟွမ်မြင့်မားဧကရာဇ် အနည်းငယ် အံ့အားသင့်သွားပြီး...

“အိုး... ဒီလို ရှေးဟောင်းနတ်မိစ္ဆာတစ်ပါးက ကိုယ်တိုင်ကိုယ်ကျ ဒီကိုရောက်လာတာလား”

All Chapters