ပူးပေါင်းခြင်း
Vol. 90 Ch. 1265
အခန်း (၁၂၆၅) ပူးပေါင်းခြင်း
စုန်းဟွမ်မြင့်မားဧကရာဇ်က သမင်ဖြူနတ်မိစ္ဆာအကြောင်း သတင်းကြားသည့်အခါ နည်းငယ် အံ့အားသင့်သွားသည်။
ပြီးမှ သူက ပြန်လည်တည်ငြိမ်သွားပြီး...
“လောလောဆယ်တော့ ဒီရှေးဟောင်းနတ်မိစ္ဆာကြီး ထွက်မလာသေးဘူး ၊ သူ ဝင်မစွက်ခင် ငါတို့ဘက်က ပြဿနာတွေအားလုံးကို အမြန်ဆုံး ဖြေရှင်းထားသင့်တယ်”
စုန်းဟွမ်မြင့်မားဧကရာဇ် ရုတ်တရက်ပင် လေသံပြောင်းသွားပြီး အဂ္ဂိရတ်ခန်းမ၏ ခန်းမဝိညာဉ်အား စကားဆိုလိုက်သည်။
“မင်းက ကိုယ်ပိုင်အသိဉာဏ်ရထားပြီဆိုတော့ ငါတို့အားလုံးထက်ဆာရင် သက်ရှည်နတ်မင်းဘိုးဘိုးရဲ့ စီးတော်ဖြစ်တဲ့ သမင်ဖြူနတ်မိစ္ဆာအကြောင်း ပိုပြီးသိမှာပေါ့”
“ဒီနတ်မိစ္ဆာကြီးက မဟာကပ်ဘေးကြီးအတွင်းမှာ မသေခဲ့ဘူးဆိုရင် သူ့ရဲ့ကျင့်ကြံခြင်းက နှစ်ပေါင်းများစွာ ကြာနေပြီ ၊ အခုဆိုရင် ပိုပြီး ကြောက်စရာကောင်းနေလောက်ပြီ ၊ မင်းရဲ့ လက်ရှိအခြေအနေနဲ့ဆိုရင် မင်း သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး”
“ဒီတော့ မင်း ငါတို့နဲ့ပူးပေါင်းပြီး ဒီနတ်မိစ္ဆာကြီးကို အရင်တိုက်ခိုက်ပါလား ၊ ဘယ်လိုသဘောရလဲ”
အဂ္ဂိရတ်ခန်းမ၏ ခန်းမဝိညာဉ်က အေးစက်စွာဖြင့်...
“အပြောကောင်းတယ်...”
သူ စကားပြောနေစဉ်မှာပင် အဝေးတစ်နေရာလေထုဆီမှ တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာသည်။
ဤနေရာသို့ တစ်ယောက်ယောက်နီးကပ်လာသည်မှာ ထင်ရှားသည်။
ဟုတ်ပေ၏။ လူ (၂)ယောက် ရောက်ရှိလာခြင်းပင် ဖြစ်၏။
တစ်ယောက်က ကျောက်စိမ်းသရဖူဆောင်းထားပြီး အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသော ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်ဖြစ်သည်။
ထိုသူက ရန်ကျောက်ကဲနှင့် မဆုံဖြစ်သည်မှာကြာပြီဖြစ်သော ‘ရှောင်ကျန့်နတ်ဓားရှင်’ ‘လုန်ရွှယ်ကျီး’ ပင် ဖြစ်၏။
နောက်တစ်ယောက်ကတော့ ရန်ကျောက်ကဲ၏ဖခင် ‘ရန်တိ’ ဖြစ်သည်။
သူတို့နှစ်ဦးသည် ခန်းမ၏ အတွင်းစကြာဝဠာကို လှည့်ပတ်ရင်း တိုက်ဆိုင်စွာ ဆုံတွေ့ခဲ့ကြပုံရသည်။ ထို့နောက် အတူတူ စွန့်စားရန် ဆုံးဖြတ်ကြပြီး ဤနေရာသို့ ရောက်ရှိခဲ့ကြသည်။
သူတို့ကိုတွေ့သည့်အခါ ရန်ကျောက်ကဲတို့အုပ်စုက ချက်ချင်းပင် ရှေ့သို့ထွက်ကာ နှုတ်ဆက်စကားဆိုလိုက်ကြသည်။
အချင်းချင်းနှုတ်ဆက်ကြပြီးသည့်နောက် သူတို့ရရှိသည့် သတင်းအချက်အလက်များကို အမြန်ဆုံး ဖလှယ်လိုက်ကြသည်။
လက်ရှိအခြေအနေကိုကြားသိရသည့်အခါ ရန်တိရော လုန်ရွှယ်ကျီးပါ အံ့အားသင့်သွားကြသည်။
ခန်းမဝိညာဉ် ကိုယ်ပိုင်အသိဉာဏ်ရရှိခြင်းနှင့် နတ်မိစ္ဆာများ၏ ခေါင်းဆောင် မည်သူမည်ဝါဖြစ်ကြောင်း သိရှိရခြင်းက သူတို့ကို အမှန်တကယ် အံ့အားသင့်စေသည်ပင်။
လုန်ရွှယ်ကျီးက အေးဆေးစွာဖြင့်...
“ဒီ ခန်းမဝိညာဉ်က အန္တရယ်ရှိတယ်ဆိုရင်... အခု သူ ထုံးတမ်းအစီအရင်လုပ်နေတုန်းမှာ ငါတို့တွေ ခပ်မြန်မြန် ရှင်းထုတ်လိုက်ကြတာပေါ့”
သူက ဆက်ပြောသည်။
“အဲဒါဆိုရင် အချိန်ကျတာနဲ့ ငါတို့တွေ အဂ္ဂိရတ်ခန်းမရဲ့ နယ်မြေအားသာချက်ကိုယူပြီး သမင်ဖြူနတ်မိစ္ဆာကို ခုခံလို့ရတယ်”
တိမ်လွှာခွင်းဧကရာဇ်က...
“ငါလည်း ဒီလိုပဲလုပ်ချင်တယ် ၊ ဒါပေမဲ့ အချိန်တိုအတွင်း ငါတို့တွေ ပြန်မဆုတ်နိုင်ဘူးဆိုရင် ငါတို့ ဆုတ်ခွာမယ့်လမ်းကြောင်းကို နတ်မိစ္ဆာမျိုးနွယ်တွေက ပိတ်ဆို့လိုက်နိုင်တယ် ၊ ဒုတိယအချက်က... နတ်မိစ္ဆာမျိုးနွယ်တွေက ခန်းမဝိညာဉ်နဲ့သာ ပူးပေါင်းလိုက်မယ်ဆိုရင် ငါတို့တွေ အန္တရယ်အကြီးကြီးနဲ့ ရင်ဆိုင်ရလိမ့်မယ်”
လုန်ရွှယ်ကျီးက...
“သူတို့သာ တကယ်ပူးပေါင်းသွားမယ်ဆိုရင် အခု ငါတို့က အဂ္ဂိရတ်ခန်းမမှာပဲ ရှိနေတုန်းဆိုတော့ ငါတို့ ပြန်ထွက်ဖို့ အရမ်းနောက်ကျသွားလိမ့်မယ် ၊ ဒီတော့ အနိုင်တိုက်နိုင်ဖို့ အရာအားလုံး စတေးခံလိုက်မယ်ဆိုရင်ရော ၊ အားလုံး ငါတို့ရဲ့တိုက်ခိုက်မှုတွေကို အာရုံစူးစိုက်ပြီး အတူတူ ခန်းမဝိညာဉ်ကို တိုက်ခိုက်ကြမလား”
ရန်ကျောက်ကဲက ရေရွတ်လိုက်သည်။
“ကြိုးစားကြည့်တာပေါ့...”
ထိန်းချုပ်ရေးဗဟိုတွင်ရှိနေသော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လေ့လာမှုအရ အဂ္ဂိရတ်ခန်းမအတွင်း ဝင်ရောက်လာသော ပြင်ပမှ ကျင့်ကြံသူများအားလုံး နီးပါး အရိပ်များဖုံးလွှမ်းနေသည့်နေရာများတွင် ရောက်ရှိနေပြီဖြစ်ကြောင်း ရန်ကျောက်ကဲ သိရှိခဲ့သည်။
ဖခင်ဖြစ်သူ ရန်တိက သူနှင့်ဆုံတွေ့ခဲ့ပြီဖြစ်ပြီး အခြားသူများဖြစ်သည့် နျဲ့ကျင်းရှန် ၊ ယွီယဲ့နှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်တို့သည်လည်း ဤနေရာနှင့် သိပ်မဝေးသောနေရာတွင် ရောက်နေကြပြီ ဖြစ်သည်။
ထိုအကွာအဝေးဖြင့်ဆိုလျှင် ခန်းမဝိညာဉ် ‘ထျန်းစူး’ ကို တိုက်ခိုက်ရန်အတွက် အဖြေတစ်ခု ရှိကောင်းရှိလာနိုင်သည်။
သို့ဖြစ်ရာ တကယ့်ခြိမ်းခြောက်မှုက သမင်အိုကြီး ဖြစ်သည်။
လုန်ရွှယ်ကျီးက မည်သည့်စကားမှ မဆိုဘဲ ချက်ချင်းပင် ဓားအလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကာ စုန်းဟွမ်မြင့်မားဧကရာဇ် ‘ကျန်းပုရွှီး’ တိုက်ခိုက်နေရာအရပ်ဆီသို့ ပျံသန်းထွက်ခွာသွားသည်။
တိမ်လွှာဧကရာဇ်သည်လည်း အလားတူပင် ပြုလုပ်လိုက်သည်။
အဂ္ဂိရတ်ခန်းမ၏ ခန်းမဝိညာဉ်က အလွန်ပြင်းထန်သည်။
သို့သော် လူသားတစ်ယောက်ဖြစ်မလာခင်အချိန်ထိ သူ၏နားလည်နိုင်စွမ်းနက်နဲမှုက မရေမရာဖြစ်နေဆဲပင်။ သူ့အနေဖြင့် ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအဆင့်များကို ပိုင်းခြားသိမြင်ရန် ခက်ခဲသည်။
သို့ဖြစ်ရာ အစစ်အမှန်နတ်ဘုရားများဖြစ်သော ဧကရာဇ်များ၏ တိုက်ခိုက်မှုသည်ပင် သူ့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်သည်။
ထို့အတူ စုန်းဟွမ်မြင့်မားဧကရာဇ်၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲရလဒ်များက နတ်ဘုရားတံခါးကို ဖွင့်လှစ်နိုင်ခြင်း မရှိသေးသော ကျင့်ကြံသူများအပေါ် များစွာ သက်ရောက်မှု ရှိနိုင်သည်။
ထို့ကြောင့် ရန်ကျောက်ကဲ ၊ ရန်တိနှင့် ဟယ်မြန်တို့က နေရာမှာပင် ကျန်ရစ်ခဲ့ကြသည်။
စုန်းဟွမ်မြင့်မားဧကရာဇ်တို့အုပ်စု နောက်မဆုတ်တမ်း တိုက်ခိုက်ပြီးမှသာ သူတို့အနေဖြင့် မည်သို့ဆက်လက်လှုပ်ရှားမည်ကို စဉ်းစားရပေမည်။
တစ်ချိန်တည်းမှာပင် သူတို့ (၃)ယောက်လုံးက ကြယ်တာရာချီစွမ်းအားအနှစ်သာရကို အပြင်သို့ဖြန့်ကျက်ပြီး ပတ်ဝန်းကျင်ကို သတိထားနေကြသည်။
ခန်းမဝိညာဉ်နှင့် အဓိကတိုက်ခိုက်သူက ကျန်းပုရွှီး ဖြစ်လေသည်။
သို့သော် လုန်ရွှယ်ကျီးနှင့် တိမ်လွှာခွင်းဧကရာဇ်တို့ တိုက်ပွဲအတွင်း ဝင်ရောက်လာသည်နှင့် ခန်းမဝိညာဉ် ပို၍ပင် ဖိအားများ ခံစားလာရသည်။
သူတို့နှစ်ယောက်ကလည်း သာမန် အစစ်အမှန်နတ်ဘုရားများ မဟုတ်ကြပေ။
ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကို စောင့်ကြည့်ရင်း အဂ္ဂိရတ်ခန်းမ၏ ခန်းမဝိညာဉ်အခြေအနေကို အာရုံခံကြည့်ရန် ကြိုးစားနေသည်။
ခန်းမဝိညာဉ်၏ ထုံးတမ်းအစီအရင်ကလည်း စတင်နေပြီ ဖြစ်သည်။
ဤသို့သောအခြေအနေတွင် လုန်ရွှယ်ကျီးတို့အုပ်စု ခန်းမဝိညာဉ်ကို ဝင်ရောက်တိုက်ခိုက်ခြင်းက ထုံးတမ်းအစီအရင် ပျက်ဆီးသွားနိုင်ခြေ အလွန်မြင့်မားသည်။
ထို့သို့ဆိုလျှင်တော့ ခန်းမဝိညာဉ်နှင့်ပတ်သက်ပြီး ခုခံနိုင်စွမ်းက ဘာမှရှိမည် မဟုတ်ပေ။
တွေးရင်းမှာပင် တစ်စုံတစ်ခုမူမှန်သည်ကို ရန်ကျောက်ကဲ ယောင်ဝါးဝါး အာရုံခံလိုက်မိသည်။
သူတို့ကြားမှတိုက်ပွဲက အလွန်တရာချောမွေ့နေပြီး ပြီးဆုံးခါနီးအချိန်တွင် ရုတ်တရက် ဆေးပစ္စည်းသိုလှောင်ရုံ စကြာဝဠာအမှောင်ထုထဲတွင် တောက်ပသည့်အလင်းတန်းများ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
ကြီးမားသည့်နေမင်းကြီးတစ်စင်း ဖြည်းညင်းစွာမြင့်တက်လာပြီး ရန်ကျောက်ကဲတို့အုပ်စုအနားသို့ တဖြည်းဖြည်းချဉ်းကပ်လာသည်။
ထိုနေမင်းကြီး၏အပြင်ဘက်တွင် နေပျောက်ပမာထင်မှတ်ရသည့် အရိပ် (၃)ခု ရှိသည်။
ထိုအရိပ် (၃)ခုက လုန်ရွှယ်ကျီးတို့ (၃)ယောက်ပင် ဖြစ်၏။
ရန်ကျောက်ကဲနှင့် ရင်းနှီးပြီးသားဖြစ်သော လုန်ရွှယ်ကျီး ၊ တိမ်လွှာခွင်းဧကရာဇ်နှင့်အတူ ချောမောခန့်ညားသည့် သက်လတ်ပိုင်းလူရွယ်တစ်ယောက်ကို တွေ့ရသည်။
ထိုလူရွယ်က လေထုထဲတွင် ကြာပန်းပုံသဏ္ဌန်ထိုင်နေပြီး သူ၏ဒူးခေါင်းများထက်တွင် ကုချင်တစ်လက် တင်ထားသည်။
ကုချင်ကြိုးများက တုန်ခါနေပြီး သဏ္ဌန်မဲ့ဓားချီစွမ်းအားများ မိုးမြေတစ်ခွင် ကခုန်နေကြသည်။ ထိုချီစွမ်းအားများက တောက်ပသည့်နေမင်းကြီးကို ဆန့်ကျင်ခုတ်ဖြတ်လျက် ရှိကြသည်။
ထိုဓားသိုင်းက စုန်းဟွမ်မြင့်မားဧကရာဇ် ‘ကျန်းပုရွှီး’ ၏ အမည်ကို ကမ္ဘာတစ်ဝှမ်းလူသိများစေသည့် စန့်ချင်အဆက်အနွယ်၏ ကြိုးခုနစ်သွယ်ဓားသိုင်း ဖြစ်သည်။
သူက တိုက်ပွဲ၏အဓိကတိုက်ခိုက်သူဖြစ်ပြီး လုန်ရွှယ်ကျီးနှင့် တိမ်လွှာဧကရာဇ်တို့က ဘေးနားမှ သူ့ကို ကူညီနေကြသည်။
စန့်ချင်အဆက်အနွယ် ဓားသိုင်းကျင့်ကြံသူ (၃)ယောက် ပြင်းထန်စွာ တိုက်ခိုက်လျှက် ရှိကြသည်။ သူတို့တိုက်ခိုက်မှုက ကောင်းကင်ကိုဖြတ်ပြီး မိုးနှင့်မြေကို ဖျက်ဆီးပစ်နိုင်လောက်သည်အထိ ပြင်းထန်လွန်းသည်။
ဓားသွား၏ ကြီးမားသော ရက်စက်ကြမ်းကြုတ်မှုက စကြာဝဠာဗလာနယ်တစ်ခုလုံးကို ပျက်သုဉ်းတစ်စပြင်နယ်မြေအဖြစ် ပြောင်းလဲသွားစေသည်။
တောက်ပသောနေမင်းကြီးမှ အလင်းတန်းများဖြာလင်းနေပြီး ထိုအလင်းတန်းများက အဆက်မပြတ် မှေးမှိန်သွားလိုက် တောက်ပလာလိုက် ဖြစ်နေသည်။
ထိုအလင်းတန်းများအလယ်တွင် လူတစ်ယောက်၏ပုံရိပ် ထွက်ပေါ်လာသည်။
ထိုပုံရိပ်နှင့်အတူ မွှေးရနံ့တစ်ခုကိုပါ ယူဆောင်လာလေသည်။ မွှေးရနံ့က ပြင်းထန်လွန်းခြင်း မရှိသော်လည်း လေထုထဲတွင် အချိန်အတန်ကြာ တည်ရှိနေပြီး ပျောက်ကွယ်သွားခြင်း မရှိပေ။
နှစ်ဖက်တိုက်ပွဲက ဗလာနယ်ကို တုန်ခါသွားစေပြီး စကြာဝဠာကို ပုံပျက်သွားစေသည့်တိုင် မွှေးရနံ့ကတော့ လှည့်ပတ်နေဆဲ ဖြစ်သည်။ ပြီးတော့ ထိုရနံ့က လူသားများကို ဆွဲဆောင်နိုင်စွမ်း ရှိနေလေသည်။
ထိုပုံရိပ်ကိုမြင်သည်နှင့် ဘာဖြစ်ကြောင်း ရန်ကျောက်ကဲ ချက်ချင်းသိလိုက်သည်။
‘ထင်တဲ့အတိုင်းပဲ... သူက ဆေးပစ္စည်းသိုလှောင်ရုံထဲမှာ သိမ်းဆည်းထားတဲ့ ဝိညာဉ်မြက်တွေ ၊ ဝိညာဉ်ဆေးလုံးတွေနဲ့ နတ်ဆေးလုံးတွေကို တခြားအဖိုးတန်ပစ္စည်းတွေနဲ့ပေါင်းစပ်ပြီး လူသားရုပ်ခန္ဓာတစ်ခုဖြစ်လာအောင် ပြုလုပ်နေတာပဲ”
အတွေးနှင့်အတူ ရန်ကျောက်ကဲမျက်တန်းများ လက်ခနဲ တောက်ပသွားသည်။
“ဒါပေမဲ့ တစ်ခုခု မူမမှန်သလိုပဲ...”
သူ စဉ်းစားနေစဉ်မှာပင် ရန်ကျောက်ကဲ၏ပတ်ဝန်းကျင်တွင် အလွန်ကြောက်စရာကောင်းသော ရောင်ဝါတစ်ခု ထွက်ပေါ်လာကြောင်း အာရုံခံလိုက်မိသည်။
အဝေးမှ ထွက်ပေါ်လာခြင်းမဟုတ်ဘဲ ထိုရောင်ဝါက အနီးအနားမှာပင် ရှိနေပြီး မြေကြီးထဲမှ ရုတ်တရက် ထွက်ပေါ်လာသည့်ပမာ ဖြစ်သည်။
အနီးအနားတွင် အမြဲရှိနေသည့် ရောင်ဝါတစ်ခုဖြစ်သော်လည်း မည်သည့်အရိပ်အရောင်မှ မတွေ့ရသည့်ပမာ ဖြစ်၏။
ထိတ်လန့်စရာကောင်းသည့်ရောင်ဝါက နေရာတွင်ရှိနေသော လူသားအားလုံး၏ ခန္ဓာကိုယ်များကို လှုပ်ရှားမရအောင်ရပ်တန့်သွားစေပြီး သူတို့၏စိတ်ဝိညာဉ်များသည်လည်း တုန်လှုပ်သွားကြရသည်။
စုန်းဟွမ်မြင့်မားဧကရာဇ် ‘ကျန်းပုရွှီး’ က အနည်းငယ် အခြေအနေကောင်းသော်လည်း လုန်ရွှယ်ကျီး ၊ တိမ်လွှာခွင်းဧကရာဇ်နှင့် အခြားသူများအားလုံး တစ်စုံတစ်ခုက ခန္ဓာကိုယ်များအား ဖိနှိပ်ထားသည့်ပမာ ခံစားကြရသည်။
သူတို့အားလုံး တစ်စုံတစ်ခု တွေးမိလိုက်ကြပြီး ချက်ချင်းပင် ခေါင်းမော့ကြည့်လိုက်ကြသည်။
ထိုအခါ....
ဗလာနယ်ထဲတွင် အဘိုးအိုတစ်ဦးမတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။
အဝါရောင်ခေါင်းပေါင်းပေါင်းထားပြီး ရှည်လျားသည့်ဝတ်ရုံကို ခြုံလွှမ်းထားသည်။ သူ၏မျက်နှာက အလွန်တရာ ချောမောခန့်ညားပြီး ဆံနွယ်ရှည်များက လေထဲတွင် လွင့်ပျံလျှက် ရှိ၏။
သူ့လက်ထဲတွင် ညှိုးနွမ်းခြောက်သွေ့နေသော ‘နဂါးကျိုင်းတံ’ ကို ကိုင်တောင်ထားပြီး သူက နေရာတွင်ရှိနေသူတိုင်းကို တစ်ချက်ဝေ့ကြည့်ရင်း အေးဆေးစွာ ပြုံးလိုက်သည်။
အဘိုးအိုက ပေါ့ပါးစွာဖြင့်...
“နတ်ဘုရားတံခါးကို ဖွင့်လှစ်နိုင်တဲ့သူတွေ ဒီကိုရောက်နေတာပဲ ၊ ဟုတ်လား...”
အဂ္ဂိရတ်ခန်းမ၏ ခန်းမဝိညာဉ်က အေးစက်သောလေသံဖြင့်...
“အမှန်ပါပဲ... တခြားနေရာရောက်နေတဲ့ အမတမှော်ဝင်လက်နက်တစ်ခုကလွဲရင် နတ်ဘုရားတံခါးကို ဖွင့်လှစ်ထားတဲ့သူတွေအားလုံး ဒီနေရာမှာ ရောက်နေပါတယ်”
အဘိုးအိုက ရယ်မောလိုက်ရင်း...
“ငါထင်ထားတာထက် ပိုနည်းတာပဲ”
ရန်ကျောက်ကဲက အဘိုးအိုးကို သေသေချာချာ အကဲခတ်လေ့လာနေသည်။
ထို့နောက် ရန်ကျောက်ကဲ၏ဦးနှောက် နက်ရှိုင်းရာနေရာတွင် မြှုပ်နှံထားသော မှတ်ဉာဏ်မြင်ကွင်းများ စတင်ထွက်ပေါ်လာသည်။
ထိုအဘိုးအိုမှာ သက်ရှည်နတ်မင်းဘိုးဘိုး၏ စီးတော် ‘သမင်ဖြူ’ ဖြစ်ကြောင်း ရန်ကျောက်ကဲ မှတ်မိလိုက်သည်။
မဟာကပ်ဘေးကြီးမတိုင်ခင်က ဤသမင်ဖြူက သက်ရှည်နတ်မင်းဘိုးဘိုးကို အဖော်ပြုပြီး ကောင်းကင်ဘုံနန်းတော် သိုင်းကျမ်းစာကြည့်တိုက်သို့ လာရောက်ခဲ့ဖူးသည်။
သူက သမင်ဖြူအသွင်ဖြင့်ရှိနေသော်လည်း အချိန်တိုအတွင်း လူသားအဖြစ်သို့ ပြောင်းလဲနိုင်စွမ်းရှိသည်။
သက်ရှည်နတ်မင်းဘိုးဘိုး၏ လမ်းညွှန်သင်ပြပေးမှုဖြင့် သူက သိုင်းကျမ်းစာကြည့်တိုက်မှ ထိပ်တန်းသိုင်းပညာရပ်များကို သုတေသနပြုခွင့် ရရှိခဲ့သည်။
ထို့ကြောင့် ရန်ကျောက်ကဲက အဘိုးအို မည်သူမည်ဝါဖြစ်ကြောင်း မှတ်မိနေခဲ့သည်ပင်။
ရန်တိ ၊ တိမ်လွှာခွင်းဧကရာဇ်နှင့် အခြားသူများကတော့ ရှေးဟောင်းကျမ်းစာများထဲတွင်ပါရှိသည့် မျတ်တမ်းများနှင့် ဒဏ္ဍာရီထဲတွင်ဖော်ပြထားသည့် သူ၏ပုံသဏ္ဌန်ကိုအခြေခံပြီး ဤအဘိုးအို မည်သူဖြစ်ကြောင်း ခန့်မှန်းခဲ့ကြသည်။
လက်ရှိတွင် လူတိုင်း၏အာရုံစိုက်မှုက အဘိုးအို၏လက်ထဲမှ နဂါးကျိုင်းတံထက်တွင် ရှိမနေပေ။
ကျိုင်းတံက အံ့သြဖွယ်ရာပစ္စည်းတစ်ခု မဟုတ်သောကြောင့် မဟုတ်ပေ။
သူတို့ရှေ့တွင်ရှိနေသော သမင်အိုကြီး၏ခန္ဓာကိုယ်တစ်ခုလုံးမှ အေးစက်သည့်ရောင်ဝါများထွက်ပေါ်နေပြီး ထိုအအေးဓာတ်များက သူတို့အားလုံး၏ခန္ဓာကိုယ်များကို လွှမ်းခြုံဖြတ်ကျော်သွားသောကြောင့်ဖြစ်သည်။
စုန်းဟွမ်မြင့်မားဧကရာဇ်မျက်မှောင်ကျုံ့လိုက်သည်။
သူက သမင်ဖြူနတ်မိစ္ဆာကို စူးစိုက်ကြည့်ရင်း နှုတ်ခမ်းများလှုပ်ရှားသွား၏။
“ထျန်းကျွင်းအဆင့်....”