← Chapters

ထိုက်ရွှီးမူလနတ်ဘုရားအဆင့် ၊ မဟာတာအို၏စူးရှတေးသံ

Vol. 90 Ch. 1266

ထိုက်ရွှီးမူလနတ်ဘုရားအဆင့် ၊ မဟာတာအို၏စူးရှတေးသံ

Vol. 90 Ch. 1266

အခန်း (၁၂၆၆) ထိုက်ရွှီးမူလနတ်ဘုရားအဆင့် ၊ မဟာတာအို၏စူးရှတေးသံ

နတ်မိစ္ဆာမျိုးနွယ်များ၏ ကျင့်ကြံခြင်းက တာအိုကျင့်ကြံသူများနှင့်နှင့် အလွန်ဆင်တူသည်။

သမင်ဖြူအဘိုးအို သူ၏ မူလပုံစံကို ထုတ်ဖော်ပြပြီးနောက် စုန်းဟွမ်မြင့်မားဧကရာဇ်နှင့် အခြားသူများ ထိုအချက်ကို ယောင်ဝါးဝါး ခံစားလိုက်မိသည်။

သူ့အရှေ့မှ ရှေးဟောင်းနတ်မိစ္ဆာကြီးက အမတချီစွမ်းအား (၅)မျိုးကို သန့်စင်ထားပြီး ထိုအရာက ထိုက်ရွှီးမူလနတ်ဘုရား (ထျန်းကျွင်းနယ်ပယ်)၏ ချီစွမ်းအားငါးမျိုးစုစည်းခြင်းအဆင့် ဖြစ်သည်။

နတ်မိစ္ဆာမျိုးနွယ်များကတော့ ထိုအဆင့်ကို သူတော်စင်ငယ်ဟု ခေါ်ကြသည်။

သူတို့ကို စိတ်ပျက်လက်ပျက်ဖြစ်သွားစေသည့်အရာမှာ သမင်အိုကြီးလက်ထဲတွင်ကိုင်ထားသော ညှိုးခြောက်နေသည့် ကျိုင်းတံပင် ဖြစ်သည်။

ထိုကျိုင်းတံက နဂါးကျိုင်းတံဖြစ်ပြီး မဟာကပ်ဘေးကြီးမတိုင်ခင်က သက်ရှည်နတ်မင်းဘိုးဘိုး သွားလေရာ ယူဆောင်သွားလေ့ရှိသော ရတနာပစ္စည်းဖြစ်သည်။

ထိုပစ္စည်းက မှော်ဝင်ပစ္စည်းတစ်ခု မဟုတ်သလို အမတမှော်ဝင်ပစ္စည်းလည်း မဟုတ်ပေ။ သို့သော် ၎င်း၏အစွမ်းသတ္တိမှာ များစွာသော အမတမှော်ဝင်ပစ္စည်းများထက် သာလွန်လသည်။

ယခင်တစ်ချိန်က သမင်အိုကြီး လူ့ပြည်သို့ ခိုးဆင်းလာချိန်ကလည်း ဤရတနာပစ္စည်းကို ခိုးယူပြီး သူနှင့်အတူ ယူဆောင်လာခဲ့သည်။ ထို့နောက် သက်ရှည်နတ်မင်းဘိုးဘိုးက သူ့ကို ကောင်းကင်ဘုံနန်းတော်သို့ ပြန်ခေါ်သွားသည့်အခါ ထို ကျိုင်းတံကို ပြန်လည်ယူဆောင်သွားခဲ့သည်။

ယခု သမင်ဖြူနတ်မိစ္ဆာက မဟာကပ်ဘေးကြီးမှ လွတ်မြောက်ခဲ့သည်ဖြစ်ရာ နဂါးကျိုင်းတံသည်လည်း သူ့လက်ထဲရောက်ရှိနေသည်မှာ သဘာဝကျသည်။

စုန်းဟွမ်မြင့်မားဧကရာဇ် သက်ပြင်းတစ်ချက် ချလိုက်သည်။

သူ၏ကုချင်ကြိုးများက တုန်ခါနေပြီး ဓားချီစီးကြောင်းများက ခန်းမဝိညာဉ်ကို မတိုက်ခိုက်တော့ဘဲ သမင်ဖြူနတ်မိစ္ဆာထံသို့ မသိမသာ လွင့်ပျံသွားသည်။

သူက ခေါင်းတစ်ချက်ခါယမ်းရင်း...

“ဒီနေရာကို မက်မောမနေကြနဲ့တော့ ၊ လွတ်အောင်သာ ပြေးကြတော့”

သမင်ဖြူနတ်မိစ္ဆာတစ်ယောက်တည်း၏ တန်ခိုးစွမ်းအားဖြင့်ပင် ခန်းမဝိညာဉ်အပါအဝင် အခြားသူအားလုံးကို အလွယ်တကူ တိုက်ခိုက်နိုင်စွမ်း ရှိသည်။

သို့သော် အဘိုးအိုက ခန်းမဝိညာဉ်နှင့် ပူးပေါင်းခဲ့သည်။

ခန်းမဝိညာဉ်က သူတို့ကိုမတိုက်ခိုက်ဘဲ သူ၏ ထုံးတမ်းအစီအရင်ပြီးဆုံးအောင် အာရုံစိုက်နေလျှင်တောင်မှ သူတို့အားလုံးအတွက် အခြေအနေ ဆိုးရွားနေဆဲဟု ဆိုနိုင်သည်။

သမင်ဖြူနတ်မိစ္ဆာနှင့် ရင်ဆိုင်ရန်အတွက် ကျန်းပုရွှီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

သူက ကိုယ်ကျိုးမကြည့်ဘဲ သမင်ဖြူနတ်မိစ္ဆာကို တိုက်ခိုက်ရန် ကြိုးစားလိုက်ခြင်းဖြစ်ပြီး သမင်ဖြူနတ်မိစ္ဆာကလည်း သူ့တစ်ယောက်တည်းကိုသာ ပစ်မှတ်ထားလျက် ရှိ၏။

အကြောင်းမှာ သူက ဤနေရာတွင် ရှိနေသူများထဲတွင် တစ်ဦးတည်းသော နက်ရှိုင်းနတ်ဘုရားတစ်ပါး ဖြစ်နေသည် မဟုတ်ပါလား။

အမတချီစွမ်းအား (၅)ခု ပေါင်းစည်းထားသည့်အဆင့်သို့ ရောက်ရှိနေသော သမင်ဖြူနတ်မိစ္ဆာအတွက် ကျန်ရှိသူများက မည်သည့်ခြိမ်း‌ခြောက်မှုမှ မရှိခဲ့ပေ။

သမင်နတ်မိစ္ဆာ ပြုံးလိုက်၏။

ထို့နောက် လက်တစ်ဖက်ဆန့်ထုတ်လိုက်ပြီး ကျန်းပုရွှီးကို လှမ်းဆွဲလိုက်သည်။

အဘိုးအိုက လက်ငါးချောင်းကို ဖြန့်ကားလိုက်သည်နှင့် ဒြပ်စင်ငါးပါးစွမ်းအားများ စတင်ပျံ့နှံ့လာပြီး ကမ္ဘာကြီး၏ အစိတ်အပိုင်းတစ်ခုက ကျန်းပုရွှီးအား ဖိနှိပ်ထားသည့်ပမာ ဖြစ်သည်။

မိစ္ဆာချီစွမ်းအားများ တဟုန်ထိုးမြင့်တက်လာပြီး သူ၏လက်ဝါးရိုက်ချက်က စန့်ချင်အဆက်အနွယ်၏ စက်ဝန်းသံသရာကောင်းကင်ကျမ်းစာနှင့် ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာတို့‌ ပေါင်းစပ်ထားခြင်းနှင့် ဆင်တူသည်။

တစ်ချိန်တုန်းက ကောင်းကင်ဘုံနန်းတော်မှ သက်ရှည်နတ်မင်းဘိုးဘိုးက ယွိချင်အဆက်အနွယ်တည်ထောင်သူ ‘ယွမ်စီထျန်းကျွင်း’ ၏ တပည့်တစ်ယောက် ဖြစ်သည်။

ထို့ကြောင့် သမင်ဖြူနတ်မိစ္ဆာ ဤသို့သော ထိပ်တန်းအဆင့် သိုင်းပညာရပ်များနှင့် ကျင့်စဉ်များအသုံးပြုနိုင်ခြင်းမှာ သက်ရှည်နတ်မင်းဘိုးဘိုးထံမှ သင်ယူခဲ့ခြင်း ဖြစ်သည်။

သက်ရှည်နတ်မင်းဘိုးဘိုးက ထိုပညာရပ်များကို နတ်မိစ္ဆာစွမ်းအားနှင့်ပေါင်းစပ်ပြီး သင့်တော်သည့်ကျင့်စဉ်လမ်းတစ်ခု သမင်ဖြူနတ်ဆိုးအတွက် လမ်းခင်းပေးနိုင်ခဲ့သည်။

ကျန်းပုရွှီး၏မျက်ဝန်းများ စူးရှတောက်ပလာသည်။

သူက ကုချင်ကြိုးများကို တီးခတ်လိုက်ရာ ကုချင်တေးသွားက လေထုထဲတွင် ပျံ့နှံ့သွားသည်။

ကုချင်တေးသွားက စနစ်တကျပင် နက်မှောင်သည့်ဓားအလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ ဗလာနယ်ကို ဖြတ်သန်းသွားသည်။

ထိုဓားအလင်းတန်းများက ထက်ရှသည့်ဓားပိုင်ကွန်တစ်ခုအဖြစ် ဖွဲ့စည်းသွားပြီး ရန်သူ၏လက်ဝါးရိုက်ချက်ကို ပိတ်ဆို့ထားလိုက်၏။

ထို့နောက် သူ၏ခန္ဓာကိုဘ်မှ အနီရောင်ဓားအလင်းတန်းတစ်ခု တောက်ပလာပြီး အခြားနေရာသို့ ဦးတည်ပြေးထွက်သွားတော့သည်။

သမင်ဖြူနတ်မိစ္ဆာက အနက်ရောင်ဓားပိုက်ကွန်ကို တားဆီးခြင်းမပြုဘဲ လက်ကိုဆန့်တန်းကာ ပိုက်ကွန်ကို သူ့ထံသို့ ဆွဲယူလိုက်သည်။

သူ၏လက်ဝါးရိုက်ချက် ကျဆင်းလာသည်နှင့် ရုတ်တရက် အသံတစ်သံ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

ထိုအသံက သမင်ဖြူနတ်ဆိုး စကားပြောလိုက်သည့်အသံ မဟုတ်ပေ။ သူ၏လက်ဝါးရိုက်ချက်နှင့်အတူ လိုက်ပါလာသည့် ပဲ့တင်ထပ်သံ ဖြစ်သည်။

ထိုအသံက ကောင်းကင်ဘုံမှ များပြားလှစွာသော နတ်ဘုရားများ အတူတကွ တေးသီချင်း သီဆိုလိုက်သည့်ပမာ ဖြစ်သည်။

အဂ္ဂိရတ်ခန်းမ၏ အတွင်းပိုင်းစကြာဝဠာဗလာနယ်ထဲတွင် အင်းသင်္ကေတများလင်းလက်လာပြီး အချင်းချင်းပေါင်းစပ်သွားကာ အလင်းစီးကြောင်းများအဖြစ် ရောယှက်သွားသည်။

အလင်းစီးကြောင်းများက တုန်ခါလာပြီး အထဲတွင်ပါရှိသည့် နတ်ဘုရားတေးသံက နားထောင်ရသည်မှာ အလွန်ပင် နားဝင်ပီယံရှိလှသလို လောက၏ အစိတ်အပိုင်းတစ်ခုအား ကျော်လွန်သွားသည့်ပမာ နက်ရှိုင်းမှုများနှင့် ပြည့်နက်နေသည်။

ကနဦးအသံပြီးဆုံးသွားသည်နှင့် စူးရှသောတေးသွားက နောက်မှလိုက်ပါလာသည်။ ထို့နောက် စူးရှသောအသံက တဖြည်းဖြည်း တိုးလျသွားသည်။

တေးသွားက တိုးလျသွားသော်လည်း ပိုမိုနက်ရှိုင်းလာကာ နားလည်ရလည်း ခက်ခဲလာသည်။

“ဂီတသံသာယာလေ အသံတိုးလေ ၊ ပန်းချီကောင်းလေ ဝေးကွာခြင်းနှင့် အစစ်အမှန်လျော့နည်းလေ” ဆိုသည့်စကားအတိုင်း ဖြစ်သည်။

ထိုအသံ ထွက်ပေါ်လာသည်နှင့် နက်ရှိုင်းနတ်ဘုရားတစ်ပါးအဆင့်ရှိသော စုန်းဟွမ်မြင့်မားဧကရာဇ်မှလွဲပြီး အခြားသူများမှာ သူတို့၏ဝိညာဉ်တွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားသည့်ပမာ ခံစားလိုက်ကြရသည်။

သူတို့အားလုံး ‘မသိမှု’ ထဲသို့ တဖြည်းဖြည်းနစ်မြုပ်သွားသည်ဟု ခံစားလာရသည်။

တွေးတောစရာမရှိ ၊ ဆင်ခြင်စရာမရှိ ၊ လွမ်းဆွတ်စရာလည်းမရှိသလို အမှတ်ရစရာလည်းမရှိ...။

အားလုံးက ဗလာကျင်းသွားပြီး သူတို့၏ခန္ဓာကိုယ်တစ်ခုလုံး မဟာတာအို၏ တေးသွားက သန့်စင်ပစ်နေသည့်ပမာ ခံစားကြရသည်။

ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်ထဲမှ ‘ပြိုင်ဘက်ကင်းအဆုံးမဲ့’ တန်ခိုးစွမ်းအားထွက်ပေါ်လာပြီး သူ၏စိတ်ဝိညာဉ်နှင့်အတွေးများကို ပိုပြီး သက်သောင့်သက်သာ ရှိနေစေသည်။ သို့တိုင် သူ၏လည်ပတ်နေသောစိတ်အစဉ်က ဖိနှိပ်ခံနေရဆဲပင်။

သူက မည်သည့်လှုပ်ရှားမှုမှ မလုပ်သလို မည်သည့်အမူအရာမှလည်း မပြသခဲ့ပေ။

အခြေအနေကို တိတ်ဆိတ်စွာပင် စောင့်ကြည့်လေ့လာနေသည်။

ဖခင်ဖြစ်သူ ရန်တိ၏ဦးခေါင်းထက်တွင် ထိုက်ယိဟွာတိမ်တိုက်ထွက်ပေါ်လာသည်ကို သူတွေ့မြင်ရသည်။ ထိုတိမ်တိုက်က လည်ပတ်လိုက် ၊ ဝေ့ဝဲသွားလိုက် ၊ ရပ်နားသွားလိုက်ဖြင့် အဆက်မပြတ် ပြောင်းလဲနေသည်။

ရန်ကျောက်ကဲနှင့် ရန်တိ၏ အခြေအနေက အနည်းငယ်ပိုမိုကောင်းမွန်သော်လည်း လုန်ရွှယ်ကျီးနှင့် ဟယ်မြန်ကတော့ အတော်လေး အခြေအနေဆိုးနေသည်ပင်။

သူတို့နှစ်ယော်ကထက်ဆာလျှင် တိမ်လွှာခွင်းဧကရာဇ်က အနည်းငယ် အခြေအနေ ပိုကောင်းသည်။

သို့သော် ဤသို့သောအခြေအနေတွင် သူ၏စိတ်အစဉ်က ကြည့်လင်လာလိုက် ရှုပ်ထွေးသွားလိုက်ဖြင့် အဆက်မပြတ် လှည့်ပတ်လျက် ရှိ၏။

“မဟာတာအိုရဲ့ စူးရှတေးသံ...”

ရန်ကျောက်ကဲ သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။

ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရား။

ငြိမ်သက်ခြင်းအဆင့်ရှိသောနက်ရှိုင်းနတ်ဘုရား။

ထိုက်ရွှီးမူလနတ်ဘုရား (ထျန်းကျွင်းနယ်ပယ်)။

ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ကို တာ့ရွှီးမူလနတ်ဘုရားအဆင့်ဟုလည်း လူသိများသည်။

ထိုအဆင့်အား ကျင့်ကြံသူများအားလုံးကို ကိုယ်စားပြုသည့်အဆင့်ဟု မှတ်ယူနိုင်ပြီး ထိုအဆင့်ရောက်ရှိသူများက တာအိုတရားမည်မျှကျယ်ဝန်းသည်ကို နားလည်ပြီး ငြိမ်သက်ခြင်းအဆင့်တွင် အမြဲတမ်း တည်ရှိနေကြသည်။

သူတို့က ကမ္ဘာလောက၏ အခြေခံဖြစ်ပြီး ဘဝဖန်ဆင်းခြင်းတရားကိုပင် ကျော်လွန်သူများ ဖြစ်ကြသည်။

သူတို့၏ခန္ဓာကိုယ်ထဲတွင် အမတချီစွမ်းအား (၅)ခု ညီညွတ်စွာပေါင်းစပ်နေကြပြီး ထိုအချက်ကြောင့်ပင် မဟာတာအို၏ နက်နဲမှုများနှင့် ချိတ်ဆက်ထိတွေ့နိုင်ကြသည်။

ကျင့်ကြံသူတစ်ယောက် ထိုအဆင့်သို့ရောက်အောင် ကျင့်ကြံနိုင်မည်ဆိုလျှင် “သိုင်းကျင့်ကြံသူ” ဟု မခေါ်ဆိုနိုင်တော့ဘဲ “တာအိုကျင့်ကြံသူ” ဟု ခေါ်ဆိုရမည် ဖြစ်၏။

ထိုက်ရွှီးမူလနတ်ဘုရားအချင်းချင်း တိုက်ခိုက်ကြသည့်အခါ ‘မဟာတာအို၏စူးရှတေးသံ” က အထင်ရှားဆုံး လက္ခဏာ ဖြစ်သည်။

ထိုစူးရှတေးသံက အလွန်တရာဆန်းကြယ်ပြီး နားလည်ရခက်သော နက်ရှိုင်းသည့်အဓိပ္ပါယ်များနှင့် ပြည့်နက်နေသည်။

စူးရှတေးသံထွက်ပေါ်လာသည့်အခါ နတ်ဘုရားတံခါးကို ဖွင့်လှစ်ထားပြီးဖြစ်သော ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရားည်များသပင် ဖိနှိပ်ခံရပြီး ခံစားချက်ကင်းမဲ့သော အခြေအနေသို့ ကျရောက်သွားပေမည်။

သာမန်အခြေအနေတွင် ‘မဟာတာအို၏စူးရှတေးသံ’ က သိုင်းကျင့်ကြံသူများအပေါ် ဆိုးရွားသည့်သက်ရောက်မှု မရှိပေ။

သိုင်းပညာ၏ နက်နဲသော ထိုးထွင်းသိမြင်မှုကိုပင် ရရှိရန် ကူညီပေးနိုင်သည်ဖြစ်ရာ ကျင့်ကြံသူတိုင်း မဟာတာအို၏တေးသံကို ကြားသိလိုကြပေသည်။

သို့သော် တိုက်ပွဲတစ်ခု အခြေအနေအောက်တွင် ရောက်ရှိနေသည့်အချိန်မျိုးတွင် သိုင်းကျင့်ကြံသူများအနေဖြင့် ‘မဟာတာအို၏စူးရှတေးသံ’ တိုက်ခိုက်မှုကို မည်သည့်နည်းနှင့်မှ ခုခံနိုင်မည် မဟုတ်ပေ။

နက်ရှိုင်းနတ်ဘုရားတစ်ပါးဖြစ်သော စုန်းဟွမ်မြင့်မားဧကရာဇ် ‘ကျန်းပုရွှီး’ သည် သမင်ဖြူနတ်မစ္ဆာ၏ ‘မဟာတာအို၏စူးရှတေးသံ” ကြောင့် ဖိနှိပ်ခြင်း မခံခဲ့ရပေ။

သို့သော် စူးရှတေးသံ ပဲ့တင်ထပ်ထွက်ပေါ်လာသည့်အခါ သူ၏ ကုချင်တွေးသွားက မှေးမှိန်သွားပြီး အရေးမပါသည့်အရာ ဖြစ်လာသည်။

သမင်ဖြူနတ်မိစ္ဆာက လက်ဗလာဖြင့်ပင် အနက်ရောင်ဓားသွားပိုက်ကွန်ကို အပိုင်းပိုင်းဆုတ်ဖြဲပစ်လိုက်သည်။

အနက်ရောင်ဓားပိုက်ကွန်ကို စုတ်ဖြဲလိုက်ပြီးနောက် သူ၏လက်ဖဝါးက အောက်သို့ဆက်လက်ဆင်းသက်လာပြီး ကျန်းပုရွှီးကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။

ကျန်းပုရွှီးက လက်ဆယ်ချောင်းဖြင့် ကုချင်ကို လျှင်မြန်စွာ တီးခတ်လိုက်ရာ သွေးနီရောင် ၊ အဖြူရောင် ၊ အစိမ်းရောင် ၊ အနက်ရောင် ဓားအလင်းတန်းများ လေထုထဲတွင် လွင့်ပျံသွားကြသည်။

အရောင်အမျိုးမျိုးရှိသော ဓားအလင်းတန်းများက တစ်ခုနှင့်တစ်ခုပေါင်းစပ်သွားပြီး အုပ်စု နှစ်ခု ၊ သုံးခုအဖြစ် ပေါင်းစည်းသွားသည်။

ထိုဓားအလင်းတန်းများက အဆက်မပြတ်ပြောင်းလဲနေကြပြီး တစ်ခုနှင်တစ်ခု ဖြတ်သန်းသွားကြကာ ပတ်ဝန်းကျင်တစ်ခွင်တွင် ကခုန်လှုပ်ရှားနေကြသည်။

သူတို့က စိတ်ဝိညာဉ်ကိုပင် စူးရှစွာထိုးဖောက်သွားမည့်ပမာ ထင်မှတ်ရပြီး ကုချင်တွေးသွားက ပိုမိုကျယ်လောင်စွာ ထွက်ပေါ်လာသည်။

သမင်ဖြူနတ်မိစ္ဆာ၏ လက်ဝါးရိုက်ချက်ကြောင့် ထွက်ပေါ်လာသော မဟာတာအို၏စူးရှတေးသံနှင့် မနှိုင်းယှဉ်နိုင်သည့်တိုင် ကုချင်တီးခတ်သံက ပျောက်ကွယ်သွားခြင်း မရှိခဲ့ပေ။

ကုချင်တေးသွားက အချိန်အတန်ကြာအောင် တည်ရှိနေပြီး ရန်သူ၏ မဟာတာအိုစူးရှတေးသံကြောင့် ရှုပ်ထွေးသွားခြင်း မရှိခဲ့ပေ။

သမင်ဖြူနတ်မိစ္ဆာ ဆက်လက်တိုက်ခိုက်နေစဉ် တောက်ပသောနေမင်းကြီးက မှောင်မိုက်နေသော ဗလာနယ်ထဲတွင် ဖြည်းညင်းစွာ ပြန်လည်ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် သူ့ကိုစူးစိုက်ကြည့်နေသော အေးစက်သည့်မျက်ဝန်းတစ်စုံကို ရန်ကျောက်ကဲ အာရုံခံလိုက်မိသည်။

ထိုအကြည့်များထဲတွင် အမုန်းတရားနှင့် သတ်ဖြတ်လိုသောအငွေ့အသက်များက ပြင်းထန်လွန်းလေရာ ခန်းမဝိညာဉ်က သူ့ကိုတိုက်ခိုက်ရန်အတွက် ထုံးတမ်းအစီအရင်ကိုပင် ရပ်တန့်ပစ်တော့မည်လားဟု ရန်ကျောက်ကဲ တွေးလိုက်မိ၏။

သို့သော် အဆုံးသတ်မှာတော့ ခန်းမဝိညာဉ်က တိုက်ခိုက်ခြင်း မပြုခဲ့ပေ။

သမင်ဖြူနတ်မိစ္ဆာက ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် တောက်ပသည့်နေမင်းကြီးကိုလှမ်းကြည့်ရင်း သူ့မျက်ဝန်းများက လက်ခနဲ တောက်ပသွားသည်။

သို့သော် သူ့အရှေ့မှ ကျန်းပုရွှီးကို ပြန်ကြည့်လိုက်မိသည့်အခါ တုန်လှုပ်သည့်ခံစားချက် ခံစားလိုက်ရသည်။ သူ့အဆင့်ဖြင့် ကျန်းပုရွှီးကို အနိုင်မယူနိုင်သေးသဖြင့် အနည်းငယ် ရှက်ရွံ့သလိုလည်း ခံစားလိုက်ရသည်။

ကျန်းပုရွှီးကို အပြစ်ပေးလိုစိတ်ဖြင့် တိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ် သမင်ဖြူနတ်မိစ္ဆာ၏ နားရွက်များ ရုတ်တရက် လှုပ်ခတ်သွားသည်။

ထို့နောက် ခေါင်းမော့ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။

တစ်စုံတစ်ခု အာရုံခံလိုက်မိသည့်ပမာ သမင်ဖြူနတ်မိစ္ဆာက မှိန်ဖျော့လိုက် တောက်ပလိုက်ဖြစ်နေသည့် နေမင်းကြီးကို စူးစိုက်ကြည့်ရင်း ဒေါသတကြီးဖြင့် အော်ဟစ်မေးမြန်းလိုက်သည်။

“အဲဒါ ဘယ်သူလဲ”

အဂ္ဂိရတ်ခန်းမ၏ ခန်းမဝိညာဉ်က အေးစက်စွာ အေးစက်စွာဖြင့်...

“ရန်သူလေ...”

ယခု အဂ္ဂိရတ်ခန်းမအတွင်းသို့ အုပ်စုတစ်စု ဝင်ရောက်လာကြောင်း  ထိန်းချုပ်ရေးဗဟိုတွင်ရှိနေသည့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှတစ်ဆင့် ရန်ကျောက်ကဲ သိရှိလိုက်သည်။

ထိုအုပ်စုက တစ်ယောက်တည်းမဟုတ်ပေ။

သို့သော် သူတို့ထဲမှတစ်ယောက်က လျှပ်စီးလက်သည့်ပမာ လျှင်မြန်လွန်းသည်။

အချိန်တိုလေးအတွင်းမှာပင် သူက ဗလာနယ်အလွှာများကို ဖြတ်ကျော်ပြီး အနက်ရောင်အရိပ်များ ဖုံးလွှမ်းနေသည့် ပင်မထိန်းချုပ်ရေးဗဟို ဧရိယာသို့ ဝင်ရောက်လာသည်။

အဂ္ဂိရတ်ခန်းမ၏ ရှုပ်ထွေးသော စကြာဝဠာနေရာက သူ့အတွက်တော့ ဘာမှဟုတ်ပုံမပေါ်ပေ။

သူ ဝင်ရောက်လာသည်နှင့် အရိပ်များလွှမ်းခြုံထားသည့် ခရမ်းရောင်ဝိညာဉ်ခန်းမ ၊ ဆေးသိုလှောင်ရုံ အစရှိသော ပင်မဗဟိုထိန်းချုပ်ရေးဧရိယာကို လွှမ်းခြုံထားသည့်အရိပ်များအားလုံး ပျောက်ကွယ်သွားသည်။

All Chapters