အခန်း (၁၂၂၀)
Vol. 88 Ch. 1220
ကျန်းမိသားစုက တပည့်များကို ပါးစပ်ပိတ်ထားရန် မှာကြားခဲ့သည်။
ကျန်းမိသားစုက မိုင်းတွင်းနှင့်ပတ်သတ်၍ ရှုမိသားစု၊ တုမိသားစုတို့နှင့် ဆက်သွယ်ရန် စီစဉ်ထားသည်။ ထို့ကြောင့် သူတို့၏ အဖြစ်ဆိုးကို ထုတ်မပြောချင်ပေ။
လူတိုင်းက အကျိုးအမြတ်ကို ရထားသောကြောင့် အားလုံးက လျှို့ဝှက်ချက်ကို အတူတကွ ဖုံးကွယ်ထားလိုက်ကြသည်။
ထို့ကြောင့် မိုင်းတွင်းနှင့်ပတ်သတ်ပြီး မေပယ်တောအုပ်မြို့တွင် ကောလဟာလများ ပေါ်ထွက်မလာခဲ့ပေ။
ဟယ်ရန်စွန်းနှင့် ဆရာဟန်၏ ခွန်အားကိုလည်း မည်သူမှ မသိကြပေ။
စွန်းပင်းက ဟန်မူယဲ့ဆီသို့ ရောက်လာသော အကြောင်းကိုလည်း မည်သူမှ မပြောကြပေ။
ဟန်မူယဲ့ကလည်း လိုက်ပြောနေမည်မဟုတ်ပေ။
စွန်းပင်း၏တပည့်ဖြစ်သော ရှုထျန်းယွမ်ကပင် ထိုအကြောင်းကို မသိခဲ့ပေ။
သူက သိနေလျှင် ဤနေရာသို့ ရောက်လာမည်မဟုတ်ပေ။
“ဒီသခင်လေးရဲ့စကားက အကြီးအကဲစွန်းပင်းနဲ့ စွန်းမိသားစု ဒါမှမဟုတ် ရှုမိသားစုကို ကိုယ်စားပြုနေတာလား”
ဟယ်ရန်စွန်းက တည်ငြိမ်သော မျက်နှာထားဖြင့် ကျယ်လောင်စွာ ပြောသည်။
ယခင်ကဆိုလျှင် သူက ရှုထျန်းယွမ်နှင့် ရင်ဆိုင်ရသည့်အတွက် နောက်ဆုတ်ရန် စဉ်းစားမိလိမ့်မည်။
သို့သော် ယခုအချိန်တွင် နောက်ဆုတ်ရန် မလိုတော့ပေ။
သူ၏ ကိုယ်ပိုင်ခွန်အား၊ အဆက်အသွယ်နှင့် ဆရာဟန်သည် သူ၏နောက်ခံ ဖြစ်လာသည်။
ရှုထျန်းယွမ်ကို ကြောက်နေရန် မလိုပေ။
သူ၏ ပြိုင်ဘက်က မေပယ်တောအုပ်မြို့၏ အသန်မာဆုံးလူငယ်တစ်ယောက် ဖြစ်လာခဲ့သည်။
ဟယ်ရန်စွန်း၏စကားကြောင့် ကျုံးတွင်ရှိသော လူများ၏ မျက်နှာထားက ပြောင်းလဲသွားသည်။
‘သူက သခင်လေးရှုရဲ့စကားကို ငြင်းဆန်ရဲတယ်လား’
‘ဒါက ရန်စနေတာပဲ’
“မောက်မာလိုက်တာ”
ရှုထျန်းယွမ်၏ ဘေးတွင်ရှိသော လူငယ်တစ်ယောက်က ဟိန်းဟောက်လိုက်ပြီး ခုန်ထွက်လာသည်။
သူက လေထုထဲတွင် ချပ်ဝတ်ကို အသက်သွင်းလိုက်သည်။
ချပ်ဝတ်က လူငယ်၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသည်။ လူငယ်က ဟယ်ရန်စွန်း၏ ဦးခေါင်းကို လှံဖြင့် ထိုးချလိုက်သည်။
သူ၏ အမြန်နှုန်းက အံ့အားသင့်စရာကောင်းပြီး လှံထိပ်ဖျားသည် အလင်းရောင်ဖြင့် တောက်ပနေသည်။ အဆင့်နှစ် ချပ်ဝတ်သခင်တစ်ယောက် ဖြစ်သည်။
သူ၏ တိုက်ခိုက်မှုကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်လျှင် ဒုက္ခရောက်လိမ့်မည်။
တိုးဝင်လာသောလှံရှည်ကို မြင်ရသောအခါတွင် ဟယ်ရန်စွန်းက လက်မြှောက်ပြီး ဓားမော့တစ်လက်ကို ထုတ်ယူသည်။
သူက ချပ်ဝတ်ကို ထုတ်မသုံးခဲ့ပေ။ ထို့နောက် ပျံသန်းသွားပြီး လှံရှည်ကို ဓားမော့ဖြင့် ခုတ်ချသည်။
“ရွှပ်”
ဓားမော့က လှံရှည်ကို ထောင့်ဖြတ်အတိုင်း ထိတွေ့သည်။
တောက်ပသော မီးပွင့်များနှင့်အတူ နားအူလောက်သောအသံ ပေါ်ထွက်လာသည်။ ချီစွမ်းအင်နှင့် တောက်ပသော အလင်းရောင်သည် ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားသည်။
ဓားမော့က လှံရှည်ကို ပြုတ်ကျသွားစေသည်။
လက်ဗလာဖြစ်နေသော အနက်ရောင်ချပ်ဝတ်နှင့် ပုံရိပ်က နောက်ဆုတ်ပေးလိုက်ရပြီး ကြောင်အနေသောမျက်နှာထားဖြင့် ဟယ်ရန်စွန်းကို ကြည့်သည်။
အဆင့်နှစ်ချပ်ဝတ်သခင်ဖြစ်သော သူက တိုက်ကွက်တစ်ကွက်ကြောင့် လှံကို ဆုံးရှုံးလိုက်ရသည်။
‘ဒါက ဖြစ်နိုင်ရဲ့လား’
ကျုံးတွင်ရှိသော လူများက မျက်လုံးပြူးသွားသည်။
‘အဲဒီဟယ်ရန်စွန်းက အရမ်းသန်မာတာပဲ’
ရှုထျန်းယွမ်က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ သူက သွေးချီကို ထုတ်လွှတ်ပြီး ဆယ်ပေကြီးမားသော ဝံပုလွေတစ်ကောင်အဖြစ် ပြောင်းလဲသည်။
“မင်းက မောက်မာနေတာ မထူးဆန်းတော့ပါဘူး”
သူက နှာမှုတ်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။
ချပ်ဝတ်သည် သူ့ခန္ဓာကိုယ်တွင် ပေါ်လာသည်။ အလင်းစက်ကွင်းသုံးခုသည် သူ့ကို ရစ်ပတ်ထားသည်။ ထို့အပြင် မှိန်ဖျော့နေသော လေးခုမြောက် အလင်းစက်ကွင်းကိုလည်း မြင်ရသည်။
“အဆင့်လေးချပ်ဝတ်သခင်ပဲ”
ကျုံးဘေးတွင်ရှိနေသော တခြားကုန်သည်အဖွဲ့များက ထိတ်လန့်စွာ အသံပြုမိသည်။
ရှုထျန်းယွမ်က ချပ်ဝတ်ကို အသက်သွင်းလိုက်သောကြောင့် ဟယ်ရန်စွန်းက မောက်မာမနေဘဲ ကိုယ်ပိုင်ချပ်ဝတ်ကို ထုတ်သုံးသည်။
ဓားမော့နှက်လက်သည် သူ့လက်ထဲသို့ ရောက်လာသည်။
ရှုမိသားစု၏ နဂါးကြေးခွံဓားမော့များ ဖြစ်သည်။
ချပ်ဝတ်နှင့် ဟယ်ရန်စွန်းက မေပယ်တောအုပ်မြို့၏ နံပတ်တစ်လူငယ်၊ အဆင့်လေးချပ်ဝတ်သခင် ရှုထျန်းယွမ်ထက် မနိမ့်ကျပေ။
“အဟမ်း၊ သခင်လေးရှုက အကြီးအကဲစွန်းပင်းရဲ့ တပည့်ပဲ။ နာမည်မရှိတဲ့လူတစ်ယောက်နဲ့ တိုက်ခိုက်ဖို့ မလိုပါဘူး”
ထိုအချိန်တွင် ချီမင်ရှန်းက ရုတ်တရက် ပြောလိုက်သည်။
သူက ရှေ့တက်လာပြီး ကုန်သည်အဖွဲ့ကို မောက်မာစွာ ကြည့်သည်။
“ဆရာဟန်က အရမ်းတန်ဖိုးရှိတဲ့ အဆင့်ခြောက်ချပ်ဝတ်ကို ပြုလုပ်ခဲ့တယ်လို့ ပြောကြတယ်”
“ဒါပေမဲ့ ပန်းပဲပညာအစည်းအရုံးကို ဝင်ရောက်မထားဘူး။ ဆရာဟန်မှာ တကယ်ပဲ စွမ်းဆောင်ရည်ရှိတာလား။ ဒါမှမဟုတ် လိမ်ညာနေတာလား”
သူက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ဆက်ပြောသည်။
“ဆရာဟန်က မေပယ်တောအုပ်မြို့ရဲ့ ချပ်ဝတ်နဲ့ရုပ်သေးရုပ်တွေကို ပြုပြင်ပေးချင်တယ်လို့ ကြားခဲ့တယ်။ ဒါပေမဲ့ ပြုပြင်ထားတဲ့အရာကို မမြင်ခဲ့ရဘူး”
အမှန်ပင်ဖြစ်သည်။
ဟန်မူယဲ့က ကျန်းမိသားစုမှတစ်ဆင့် ရောက်လာသော အဆင့်လေးနှင့် အဆင့်ငါး ချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို ပြုပြင်ပေးခဲ့သည်။ ထို့အပြင် စွန်းပင်း၏ အဆင့်ခုနစ် ချပ်ဝတ်ကိုလည်း ပြုပြင်ပေးသည်။
ထိုအချက်ကို အပြင်လူများက မသိနိုင်ပေ။
ချီမင်ရှန်းကလည်း ထိုပစ္စည်းများကို မြင်နိုင်မည်မဟုတ်ပေ။
“ဒါက ဘာပြောချင်တာလဲ”
ဟယ်ရန်စွန်းက နှာမှုတ်လိုက်ပြီး ဓားမော့ဖြင့် ချီမင်ရှန်းကို ချိန်ထားသည်။
“မင်းကိုယ်တိုင်က စွမ်းဆောင်ရည်မရှိလို့ ရှုံးနိမ့်သွားခဲ့တာလေ။ ဘာလာပြောနေတာလဲ”
“မီးတောက်ချပ်ဝတ်ကိုတောင် ပေးလိုက်ရသေးတယ်မဟုတ်လား”
လူတိုင်းက ဟယ်ရန်စွန်း၏အသံကို ကြားလိုက်ရသည်။
ချီမင်ရှန်းက ချပ်ဝတ်တစ်ခုကို ဆုံးရှုံးလိုက်ရသောကြောင့် မကျေမနပ်ဖြစ်နေပြီး သူတို့ကို လမ်းပိတ်ထားခြင်း ဖြစ်သည်။
တခြားလူများက စပ်စုချင်သော မျက်နှာထားဖြင့် စောင့်ကြည့်နေကြသည်။
‘ချီမင်ရှန်းကို အနိုင်ယူလိုက်တာက ဘယ်သူများလဲ’
“တာအိုရောင်းရင်း၊ ငါရှုံးသွားတာ အမှန်ပါပဲ”
ချီမင်ရှန်းက မငြင်းပေ။ သူက တစ်ဖက်သို့လှည့်ပြီး နောက်တွင်ရှိသော လူအိုကြီးနှစ်ယောက်ကို ကြည့်သည်။
“ငါက ဆရာဟန်ရဲ့ နည်းစနစ်တွေနဲ့ မရင်းနှီးဘူး။ ဒါပေမဲ့ မီးတောက်ချပ်ဝတ်နဲ့တော့ ရင်းနှီးတယ်”
သူ့စကားကြောင့် လူအိုကြီးနှစ်ယောက်၏ မျက်နှာထားက အနည်းငယ် ပြောင်းလဲသွားသည်။
သူတို့နှစ်ယောက်က ရှေ့တက်လာသည်။
“ငါက မေပယ်တောအုပ်မြို့ ပန်းပဲပညာအစည်းအရုံးရဲ့ အကြီးအကဲ ရယ်ရွှမ်ပဲ”
ဘယ်ဘက်တွင်ရှိသော လူအိုကြီးက စကားပြောလိုက်ပြီး လက်မြှောက်သည်။
“အဆင့်ငါးပန်းပဲပညာရှင်ပဲ”
တစ်ဖက်တွင်ရှိသော လူအိုကြီးက ခြောက်ကပ်စွာ ပြောသည်။
“အဆင့်ခြောက်ပန်းပဲပညာရှင် စုကျီ”
အဆင့်ငါးနှင့် အဆင့်ခြောက် ပန်းပဲပညာရှင် ....
ပန်းပဲပညာရှင်များသည် ရုပ်သေးသခင်၊ ချပ်ဝတ်သခင်များကဲ့သို့ မသန်မာသော်လည်း သူတို့က အဆင့်ငါးနှင့် အဆင့်ခြောက် ပစ္စည်းများကို ပြုပြင်နိုင်လိမ့်မည်။
ထိုလူများသည် ကိုယ်ပိုင်နောက်ခံနှင့် အဆက်အသွယ်ကို ပိုင်ဆိုင်ထားသည်။
အရေးအကြီးဆုံးအနေဖြင့် သူတို့က ကြွယ်ဝမှုအနည်းငယ်ကို စိတ်ဝင်စားနေမည်မဟုတ်ပေ။
လှည်းထဲတွင် ဟန်မူယဲ့က မတ်တပ်ရပ်လိုက်ပြီး အပြင်ဘက်သို့ ထွက်လာသည်။
“တွေ့ရတာ ဝမ်းသာပါတယ်”
ဟန်မူယဲ့က လူအိုကြီးနှစ်ယောက်ကို နှုတ်ဆက်လိုက်သည်။
ထို့နောက် ချီမင်ရှန်းကို အပြုံးတစ်ခုနှင့်အတူ လှည့်ကြည့်ပြီး ပြောသည်။
“ငါ့ကို ပစ္စည်းကောင်းတွေ ပေးချင်နေတာလား”
ထိုစကားကြောင့် ချီမင်ရှန်း၏မျက်နှာက မှောင်မည်းသွားသည်။
ဘေးတွင်ရပ်နေသော ရယ်ရွှမ်းက ခေါင်းခါလိုက်ပြီး ပြောသည်။
“တာအိုရောင်းရင်းဟန်၊ မင်းက အပြင်လူတစ်ယောက်အနေနဲ့ မေပယ်တောအုပ်မြို့က ပန်းပဲပညာအစည်းအရုံးရဲ့ ခွင့်ပြုချက်ကို မယူဘဲ ချပ်ဝတ်နဲ့ ရုပ်သေးရုပ်တွေကို ပြုပြင်ပေးခဲ့တယ်”
“ဒါက စည်းကမ်းကို ချိုးဖောက်နေတယ်”
စည်းကမ်း ....
ပန်းပဲပညာရှင်များက စည်းကမ်းလိုက်နာရမည်။
ရိုးရှင်းစွာ ပြောရလျှင် ပန်းပဲပညာရှင်များအားလုံးက စီးပွားရေးလုပ်ရန် စုစည်းပြီး အကျိုးအမြတ်ကို အတူတကွ ရှာဖွေရမည်။
အပြင်လူများကတော့ ဖယ်ကျဉ်ခံရမည်။
ချီမင်ရှန်းက ပန်းပဲပညာအစည်းအရုံး၏ စည်းကမ်းကို အသုံးပြုပြီး ရယ်ရွှမ်းနှင့် စုကျီကို ဖိတ်ခေါ်နိုင်ခဲ့သည်။
ချီမင်ရှန်း၏ချပ်ဝတ်ကို အပြင်လူတစ်ယောက်က ယူသွားလျှင် ပန်းပဲပညာအစည်းအရုံးက အကောင်းဆုံးကြိုးစားပြီး ပြန်ယူပေးလိမ့်မည်။
“စည်းကမ်းချိုးဖောက်တာလား”
ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ လူအိုကြီးနှစ်ယောက်ကို ကြည့်သည်။
‘စည်းကမ်းချိုးဖောက်လိုက်ရင်လည်း အဆင်ပြေတာပဲ’
‘အခု နောက်ထပ် လောင်းကြေးတိုက်ပွဲကို ယှဉ်ပြိုင်ရတော့မှာလား’
“အကြီးအကဲနှစ်ယောက်က ပန်းပဲဆရာချီရဲ့ ဂုဏ်သတင်းကို ပြန်ယူပေးဖို့ ရောက်လာတာဖြစ်မယ်”
ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး ပေါ့ပါးစွာပြောသည်။
“ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ”
သူ၏ စိန်ခေါ်နေသော သဘောထားကို ထင်ရှားစွာ မြင်နိုင်သည်။
ထိုစကားကို မည်သူက သည်းခံနိုင်မည်နည်း။
စုကျီနှင့် ရယ်ရွှမ်းက တစ်ယောက်ကိုတစ်ယောက် နားလည်မှုရှိစွာ ကြည့်သည်။
ဆရာဟန်က မေပယ်တောအုပ်မြို့၏ ပန်းပဲပညာအစည်းအရုံးကို စော်ကားပြောဆိုသည်ဟု ချီမင်ရှန်းက ပြောခဲ့သောအချိန်တွင် သူတို့က မယုံခဲ့ပေ။
ယခု ယုံသွားသည်။
“ကောင်းပြီ။ ဆရာဟန်က အရမ်းပွင့်လင်းနေတာဆိုတော့ ကွေ့ပတ်ပြီး ပြောမနေတော့ဘူး”
“ဒီနေ့မှာ ယှဉ်ပြိုင်ကြမယ်။ မင်းက ငါတို့ကို အနိုင်ရသွားရင် မေပယ်တောအုပ်မြို့ရဲ့ ပန်းပဲပညာအစည်းအရုံးက မင်းကို အချိန်မရွေး ကြိုဆိုနေမယ်”
“ဒါပေမဲ့ မင်းရှုံးသွားရင်တော့ မင်းနဲ့ ဟယ်မိသားစုက မေပယ်တောအုပ်မြို့ကို မလာရတော့ဘူး”
ရယ်ရွှမ်းက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ကျယ်လောင်စွာပြောသည်။
ထို့နောက် သူက ပတ်ဝန်းကျင်တွင်ရှိသော လူအုပ်ကို ဦးညွတ်သည်။
“ဒီနေ့မှာ လူတိုင်းက မျက်မြင်သက်သေ ဖြစ်လာလိမ့်မယ်”
ပန်းပဲပညာရှင်များ၏ ယှဉ်ပြိုင်မှုသည် စိတ်လှုပ်ရှားစရာ ကောင်းသည်။ အထူးသဖြင့် အဆင့်မြင့် ပန်းပဲပညာရှင်များအတွက် ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်တွင်ရှိနေသော လူများက စုဝေးလာသည်။
“ပန်းပဲပညာရှင်တွေရဲ့ တိုက်ပွဲမှာ စကားပြောနဲ့ လက်တွေ့ဆောင်ရွက်ချက်ဆိုပြီး ရှိတယ်။ သူတို့က ဘယ်လိုပြိုင်ကြမှာလဲမသိဘူး”
ဆံပင်ဖြူနေသော လူအိုကြီးတစ်ယောက်က ခပ်ဟဟရယ်သည်။
“အဘိုး၊ အဲဒါက ဘာပြောတာလဲ”
လူအိုကြီး၏နောက်တွင်ရှိသော မိန်းကလေးက မေးလိုက်သည်။
“စကားပြောပြိုင်ပွဲမှာ လူတစ်ယောက်က ပစ္စည်းတစ်ခုကို ထုတ်ပေးလိမ့်မယ်။ တစ်ဖက်လူက အဲဒီပစ္စည်းကို ဖြုတ်ပြီး ပြန်တပ်လိမ့်မယ်”
လူအိုကြီးက အသိဉာဏ်ပြည့်ဝနေသော မျက်လုံးများဖြင့် ရှေ့သို့ ကြည့်လိုက်ပြီး ပြောသည်။
“လက်တွေ့ဆောင်ရွက်ချက်မှာတော့ ချပ်ဝတ် ဒါမှမဟုတ် ရုပ်သေးကို သန့်စင်ပြီး တစ်ခါတည်း တိုက်ခိုက်ကြလိမ့်မယ်”
လူအိုကြီး၏အသံက ကျယ်လောင်သည်။
ပတ်ဝန်းကျင်တွင်ရှိသော လူများက ပိုမို စိတ်ဝင်စားလာသည်။
ပန်းပဲပညာရှင်များက မည်သို့ ယှဉ်ပြိုင်မည်နည်း။
“ဟားဟား၊ အရင်တစ်ခေါက်မှာ ကျွန်တော်က ဆရာဟန်နဲ့ နှုတ်ရေးနဲ့ ယှဉ်ပြိုင်ခဲ့တယ်။ နောက်ဆုံးမှာတော့ မီးတောက်ချပ်ဝတ်ကို ဆုံးရှုံးလိုက်ရတယ်”
ချီမင်ရှန်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ရယ်ရွှမ်းနှင့် စုကျီကို ကြည့်သည်။ သူက ပြုံးလိုက်ပြီး ပြောသည်။
“ဒီတစ်ကြိမ်မှာတော့ လက်တွေ့လုပ်ဆောင်ချက်ကို ရွေးချယ်ဖို့ အကြံပေးချင်တယ်”
ထို့နောက် သူက ရပ်တန့်လိုက်ပြီး ရန်စလိုသောလေသံဖြင့် ပြောသည်။
“တကယ်လို့ ဆရာဟန်က ယုံကြည်ချက်မရှိရင် နှုတ်ရေးနဲ့ယှဉ်ပြိုင်ဖို့ပဲ ရွေးနိုင်တယ်။ အနိုင်အရှုံးက ကိစ္စမရှိပါဘူး”
ထိုစကားများသည် သိပ်မကောင်းပေ။
ပန်းပဲပညာရှင်များ၏ ပြိုင်ပွဲသည် ရုပ်သေးသခင်၊ ချပ်ဝတ်သခင်များ၏ လောင်းကြေးတိုက်ပွဲကဲ့သို့ အရေးမကြီးသော်လည်း တန်ဖိုးတစ်ခု ပါဝင်နေသောကြောင့် ရှုံးနိမ့်သွားလျှင် မျက်နှာပျက်ရလိမ့်မည်။
ပန်းပဲပညာရှင်က နာမည်ပျက်သွားလျှင် မည်သူက ပြုပြင်ရန်အတွက် လာရောက်တော့မည်နည်း။
ဟန်မူယဲ့က လူအိုကြီးနှစ်ယောက်ကို ကြည့်လိုက်သည်။ သူက တည်ငြိမ်သောမျက်နှာထားဖြင့် ညင်သာစွာပြောသည်။
“လက်တွေ့လုပ်ဆောင်ချက်ကိုပဲ ရွေးလိုက်တာပေါ့”
ပတ်ဝန်းကျင်တွင်ရှိသော လူများက ပျော်ရွှင်သွားသည်။
သူတို့က ပြိုင်ပွဲကို စောင့်ကြည့်ရုံသာဖြစ်သည်။ ပြိုင်ပွဲက ပြင်းထန်လျှင် ပိုကောင်းသည်။