အခန်း (၁၂၂၁)
Vol. 88 Ch. 1221
စကားပြောလိုက်သော လူအိုကြီးက အံ့အားသင့်သွားသည်။
သူက ဟန်မူယဲ့ကို သေချာကြည့်လိုက်ပြီး မျက်နှာထားလေးနက်လာသည်။
“အဘိုး၊ အဲဒီလူက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာလား။ ဒါမှမဟုတ် တကယ်ပဲ စွမ်းရည်ရှိတာလား”
မိန်းကလေးက နားမလည်နိုင်ဖြစ်နေပြီး တီးတိုးပြောသည်။
“သူက လက်တွေ့လုပ်ဆောင်ချက်ကို ဒီလိုပဲ ရွေးလိုက်တာလား”
လူအိုကြီးက ခေါင်းခါလိုက်ပြီး စကားမပြောပေ။
ရယ်ရွှမ်းနှင့် စုကျီက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး လှုပ်ရှားသည်။
တစ်ယောက်က နာရီကို ထုတ်ယူပြီး တစ်ယောက်က ဝိညာဉ်သတ္တုများကို ထုတ်ယူလိုက်သည်။
“စည်းကမ်းတွေအရ ခြောက်နာရီ အချိန်ရမယ်။ ချပ်ဝတ်နဲ့ ရုပ်သေးရုပ်ကို သန့်စင်ဖို့ ဝိညာဉ်သတ္တုတွေကို သုံးနိုင်တယ်”
“အသုံးပြုမယ့် ဝိညာဉ်သတ္တုတွေအားလုံးကို ကိုယ်တိုင် စီစဉ်ရမယ်”
“အနိုင်ရတဲ့လူက ရှုံးသွားတဲ့လူဆီကနေ ဝိညာဉ်သတ္တုတွေအားလုံးကို သိမ်းယူနိုင်တယ်”
ဟန်မူယဲ့က ထိုစည်းကမ်းများကို ကြားဖူးသည်။
ထို့ကြောင့် ရယ်ရွှမ်း၏အသံကို ကြားရသောအခါတွင် ခေါင်းညိတ်လိုက်သည်။
ရယ်ရွှမ်းနှင့် စုကျီက ချက်ချင်း အလုပ်လုပ်လိုက်ကြသည်။
သူတို့က မီးတောက်များကို ထုတ်ယူပြီး တူ၊ ပေတုံး၊ သံမဏိ၊ ပုံသွင်းကိရိယာ စသည်တို့ကို အသင့်ပြင်ထားသည်။ မျက်စိကျိန်းလောက်သော အစီအရင်လည်း ပေါ်ထွက်လာသည်။
ကြယ်စင်စုစကြဝဠာ၏ ပန်းပဲပညာသည် တခြားလောကများထက် အမှန်တကယ်ပင် အဆင့်မြင့်သည်။ ပန်းပဲပညာရှင်တစ်ဦးသည် အဆုံးမရှိသော ဖြစ်နိုင်ခြေများကို ဖန်တီးနိုင်သည်။
သူ့ရှေ့တွင်ရှိသော အဆင့်ငါးနှင့် အဆင့်ခြောက် ပန်းပဲပညာရှင်နှစ်ယောက်က ကိုယ်ပိုင်စွမ်းရည်ဖြင့် စိတ်ကူးမယဉ်နိုင်အောင် အားကောင်းသော ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို ဖန်တီးနိုင်ကြသည်။
သို့သော် ပြိုင်ပွဲအချိန်က ခြောက်နာရီသာဖြစ်သောကြောင့် သူတို့က ရိုးရှင်းသောနည်းလမ်းကိုသာ အသုံးပြုလိမ့်မည်။
“ဆရာရယ်ရွှမ်းက ချပ်ဝတ်ကို သန့်စင်နေတာပဲ။ အဆင့်ခြောက်ပန်းပဲပညာရှင်ဖြစ်တဲ့ ဆရာစုကျီကတော့ ရုပ်သေးရုပ်ကို ဖန်တီးနေတာ ဖြစ်လိမ့်မယ်”
ကျုံးတွင်ရှိသော လူတစ်ယောက်က ပြောသည်။
ချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို ဖန်တီးရာတွင် အသုံးပြုသောနည်းလမ်းသည် မတူညီပေ။
ချပ်ဝတ်ကို ဖန်တီးမည့်လူက အရင်ဆုံး ရင်ဘတ်သံမဏိပြားကဲ့သို့ ကြီးမားသောအစိတ်အပိုင်းများကို သန့်စင်လေ့ရှိသည်။ ထို့နောက် တခြားအစိတ်အပိုင်းများနှင့် တွဲဆက်မည်။
ရုပ်သေးရုပ်ကတော့ အောက်ခံတည်ဆောက်ပုံကို အရင်ပြုလုပ်ရသည်။ နောက်မှ တခြားအစိတ်အပိုင်းများကို တပ်ဆင်သည်။
ချပ်ဝတ်နှင့်ရုပ်သေးရုပ်များသည် ခွန်အားတူညီသော်လည်း ကန့်သတ်ထားသောအချိန်တွင် ချပ်ဝတ်ကို သန့်စင်လျှင် ပိုမိုလွယ်ကူသည်။
စုကျီက အဆင့်ခြောက်ပန်းပဲပညာရှင် ဖြစ်သင့်သည်။ သူက ဤပြိုင်ပွဲတွင် ရုပ်သေးရုပ်ကို ဖန်တီးရန် ရွေးချယ်ခဲ့သည်။
သူက ယုံကြည်ချက်ရှိသည်။
“သူတို့က ဘယ်အဆင့်ကို ဖန်တီးမှာလဲမသိဘူး”
လူတစ်ယောက်က လည်ပင်းဆန့်ထားပြီး ပြောလိုက်သည်။
လူတိုင်းက သိချင်နေကြသည်။
သို့သော် မပြီးဆုံးသေးသော ချပ်ဝတ်နှင့် ရုပ်သေးရုပ်၏ အဆင့်ကို ခန့်မှန်းရန် ခက်ခဲသည်။
“သန့်စင်မီးတောက်၊ အလင်းသံမဏိ၊ ရွှေနက်နဲ့ ကြေးဖြူ။ ရယ်ရွှမ်းက အဆင့်နှစ်ချပ်ဝတ်ကို သန့်စင်နေတာပဲ”
လူအိုကြီး၏ဘေးတွင်ရှိသော မိန်းကလေးက ပန်းပဲပညာနှင့် ပတ်သတ်ပြီး အံ့အားသင့်စရာကောင်းစွာ သိနေခဲ့သည်။ သူမက မီးတောက်နှင့် ဝိညာဉ်သတ္တုများကို ကြည့်လိုက်ပြီး အကဲဖြတ်နိုင်သည်။
“ဟားဟား၊ ဆရာစုကတော့ အဆင့်သုံးရုပ်သေးရုပ်ကို ဖန်တီးနေတာပဲ”
လူအိုကြီးက ခပ်ဟဟရယ်လိုက်ပြီး ပြောသည်။
“ခြောက်နာရီအတွင်း အဆင့်သုံးရုပ်သေးရုပ်ကို ဖန်တီးတာက အဆင့်ခြောက်ပန်းပဲပညာရှင်ရဲ့ အကန့်အသတ်ပဲ”
အချိန်အကန့်အသတ် မရှိလျှင် အဆင့်ခြောက်ပန်းပဲပညာရှင်က အဆင့်ခြောက်ချပ်ဝတ်နှင့် ရုပ်သေးရုပ်ကို သေချာပေါက် ဖန်တီးနိုင်လိမ့်မည်။
သို့သော် အချိန်ကို ကန့်သတ်ထားသောကြောင့် အဆင့်သုံးကို သန့်စင်ရန်ပင် ခက်ခဲနေသည်။
“ဆရာဟန်က ဘာဖြစ်လို့ မလှုပ်ရှားသေးတာလဲ”
“သူက ဘယ်လိုချပ်ဝတ်နဲ့ ရုပ်သေးရုပ်မျိုးကို သန့်စင်မှာလဲ”
“သူက အရှုံးပေးဖို့ စဉ်းစားနေတာလား။ ပြိုင်တောင်မပြိုင်ရသေးဘူးလေ”
ကျုံးပေါ်တွင် လူတိုင်းက ဆွေးနွေးနေကြသည်။
ဟန်မူယဲ့က ယခုအချိန်အထိ မလှုပ်ရှားသေးပေ။
သူက ပြိုင်ဘက်နှစ်ယောက်ကိုသာ စောင့်ကြည့်နေသည်။
“ကောင်လေး၊ ဘာကို သန့်စင်မှာလဲ ဆုံးဖြတ်ပြီးပြီလား”
ဟန်မူယဲ့က ရွှေရောင်ငှက်၏အသံကို ကြားလိုက်ရသည်။
“ဟုတ်တယ်။ ဘယ်လိုစီစဉ်ထားလဲ”
ခေးအော့ကလည်း သိချင်နေသည်။
သူတို့က ဟန်မူယဲ့ကို ယုံကြည်သည်။
သူက အနိုင်ယူမည့် နည်းလမ်းကိုသာ ရွေးချယ်ရန် လိုအပ်သည်။
‘သူက အဆင့်မြင့်ချပ်ဝတ်၊ ရုပ်သေးရုပ်နဲ့ သူတို့ကို အနိုင်ယူမှာလား။ ဒါမှမဟုတ် အဆင့်နိမ့်နဲ့ ပြန်ပြီး တိုက်ခိုက်မှာလား’
“ကျွန်တော်က ချပ်ဝတ်၊ ရုပ်သေးရုပ်တွေနဲ့ ပတ်သတ်ပြီး ဉာဏ်အလင်းတချို့ ရထားတယ်။ အဆင့်ငါးရုပ်သေးရုပ်ကို ဖန်တီးလိုက်မယ်”
ဟန်မူယဲ့က ဆုံးဖြတ်ထားသော မျက်နှာထားဖြင့် တီးတိုးပြောသည်။
အဆင့်ငါးရုပ်သေးရုပ်ကို ဖန်တီးချင်လျှင် အလွန်အားထုတ်ရသည်။
အဆင့်မြင့်ဝိညာဉ်သတ္တုများကို ပုံသွင်းရန် မလွယ်ပေ။
အဆင့်နိမ့်ချပ်ဝတ်နှင့် ရုပ်သေးရုပ်များသည် အစိတ်အပိုင်းနည်းပါးပြီး ဝိညာဉ်အင်းကွက်များ ထွင်းထုရာတွင်လည်း ရိုးရှင်းသည်။
သို့သော် အဆင့်မြင့်လာလျှင် အရည်အသွေးကောင်းသော ဝိညာဉ်သတ္တုကို လိုအပ်ပြီး အသေးစိတ်ကျသော အင်းကွက်များကို အသုံးပြုရသည်။
အဆင့်မြင့်ချပ်ဝတ်၊ ရုပ်သေးရုပ်ကို တည်ဆောက်ရန်အတွက် အချိန်ယူရသည်။
ထို့ကြောင့် လူအများက နှစ်ဆယ်ချီ၊ နှစ်ရာချီ အချိန်ယူပြီး အစိတ်အပိုင်းများကို အစားထိုး၍ ချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို ဖြည်းဖြည်းချင်း အဆင့်မြှင့်လေ့ရှိသည်။
ချပ်ဝတ် သို့မဟုတ် ရုပ်သေးရုပ်ကို တိုက်ရိုက် အစားထိုးလိုက်လျှင် ကုန်ကျစရိတ် အလွန်များသည်။
“ဘုန်း”
နောက်ဆုံးတွင် ဟန်မူယဲ့က မီးတောက်ကို ထုတ်လွှတ်လိုက်သည်။
ရွှေကျီးကန်းမီးတောက်နှင့် အံ့ဖွယ်ကောင်းကင်မီးတောက် မဟုတ်ပေ။ သာမန် ဝိညာဉ်မီးတောက်တစ်ခုသာ ဖြစ်သည်။
သို့သော် အဆင့်ငါးရုပ်သေးရုပ်ကို သန့်စင်ရန် လုံလောက်သည်။
ဟန်မူယဲ့အတွက် သာမန်မီးတောက်သည် တခြားလူများ၏ အမြင်တွင် အလွန်အားကောင်းသည်။
“အဲဒီမီးတောက်က အရမ်းတောက်ပနေတာပဲ”
“သူက ဘယ်လိုချပ်ဝတ်၊ ရုပ်သေးရုပ်မျိုးကို သန့်စင်မှာလဲ”
စောင့်ကြည့်နေသောလူများက ပြောလိုက်ကြပြန်သည်။
ဟန်မူယဲ့က သူတို့ကို အချိန်ကြာမြင့်စွာ စောင့်နေရအောင် မလုပ်ခဲ့ပေ။ သူက မီးတောက်ကို ဒါဇင်ချီ၍ ခွဲထုတ်လိုက်သည်။
ဝိညာဉ်သတ္တု အပိုင်းအစများသည် မီးတောက်များထဲတွင် လောင်ကျွမ်းနေသည်။
‘ဒါဇင်ချီတဲ့ ဝိညာဉ်သတ္တုတွေကို တစ်ပြိုင်နက် ထိန်းချုပ်နေတာလား’
ထိုမြင်ကွင်းကြောင့် လူတိုင်းက ပင့်သက်ရှိုက်လိုက်ကြသည်။
စုကျီနှင့် ရယ်ရွှမ်းကလည်း အံ့အားသင့်သွားသည်။
“ဒါက .... မြို့ကြီးတစ်မြို့ရဲ့ ပန်းပဲပညာနည်းလမ်းပဲ”
လူအိုကြီး၏ဘေးတွင် ရှိနေသော မိန်းကလေးက တီးတိုးပြောသည်။
မြို့ကြီးတစ်မြို့ ....
ဘုရားမြို့ သို့မဟုတ် မေပယ်တောအုပ်မြို့ထက် အဆပေါင်းများစွာ ပိုမိုအားကောင်းသည်။
မိန်းကလေးပြောလိုက်သော မြို့ကြီးသည် သန်းထောင်ချီသောလူများ နေထိုင်သည့် အစစ်အမှန်မြို့ကြီးများကို ဆိုလိုသည်။
မြို့တိုင်းသည် ကျင့်ကြံခြင်းလောက အသေးစားတစ်ခုနှင့် ဆင်တူသည်။
ထိုမြို့များသည် ကြယ်တစ်စင်းသဖွယ် တောက်ပသည်။
သူတော်စင်အဆင့် ကျွမ်းကျင်သူအများအပြားသည် မြို့ကြီးများတွင် ရှိနေပြီး နတ်ဘုရားအဆင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကိုပင် ပိုင်ဆိုင်လိမ့်မည်။
သို့သော် ထိုမြို့များသည် လေဟာနယ်ထဲတွင် ပြန့်ကျဲနေသည်။
ဟန်မူယဲ့က ချပ်ဝတ်နှင့် ရုပ်သေးရုပ်များ၏ မှတ်ဉာဏ်မှတစ်ဆင့် လေဟာနယ်ထဲတွင်ရှိသော မြို့ကြီးများကို မြင်ခဲ့သည်။ ထို့အပြင် မူလစကြဝဠာသို့ ရောက်လာသော ကျန်းယွီလင်း၏ ဓားတွင်လည်း ထိုမှတ်ဉာဏ်များ ပါဝင်သည်။
နတ်ဘုရားသားရဲများ၏ ဧရာမခန္ဓာကိုယ်သည် ကုန်းမြေအဖြစ် ပြောင်းလဲသွားပြီး ထိုမြို့များကို ထောက်ပံ့ပေးထားသည်။
ထိုမြို့တွင်ရှိသော လူများက စုပေါင်း၍ ကမ္ဘာဦးချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို ထိန်းချုပ်ကြသည်။ မထိန်းချုပ်နိုင်သော ချပ်ဝတ်နှင့် ရုပ်သေးရုပ်များသည် သိုလှောင်ရုံထဲတွင် ဖုန်တက်နေကြသည်။
အပြင်လူများက ထိုမြို့ကြီးများသို့ မဝင်ရောက်နိုင်ပေ။ အထူးဖိတ်စာနှင့် သက်သေတချို့ကို လိုအပ်သည်။
ထို့ကြောင့် ဟန်မူယဲ့က ဘုရားမြို့တွင် နေခဲ့သည်။
သူက မြို့ကြီးသို့ ဝင်ရောက်ရန်အတွက် ခိုင်လုံသော အထောက်အထားကို လိုအပ်သည်။
ထိုမြို့များသို့ ရောက်သွားလျှင် သူက ကမ္ဘာဦးချပ်ဝတ်၊ ကမ္ဘာဦးရုပ်သေးရုပ်များနှင့် ထိတွေ့နိုင်လိမ့်မည်။
သူက စကြဝဠာအဆင့် ချပ်ဝတ်နှင့် ရုပ်သေးရုပ်များကိုလည်း မြင်ချင်သည်။
မိန်းကလေး၏စကားကြောင့် ဟန်မူယဲ့က အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
မြို့ကြီးတစ်မြို့၏ ပန်းပဲနည်းစနစ်ကို သတိထားသောလူက ရှားပါးသည်။
သူအသုံးပြုနေသော နည်းစနစ်သည် မြို့ကြီးတစ်မြို့၏ နည်းစနစ်ပင် ဖြစ်သည်။
သူက အစိတ်အပိုင်းများကို ခွဲထုတ်ပြီး တစ်ပြိုင်နက် သန့်စင်ခဲ့သည်။
ထိုမြို့များတွင် သောင်းချီသော အဆင့်နိမ့်ပန်းပဲပညာရှင်များက အစိတ်အပိုင်းများကို သန့်စင်ကြသည်။ ထို့နောက် တပ်ဆင်ရန် တခြားလူများဆီသို့ လွှဲပေးသည်။
ထို့ကြောင့် သူတို့က လုံလောက်သော ဝိညာဉ်သတ္တုကို ရရှိထားလျှင် ချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို လျင်မြန်စွာ ဖန်တီးနိုင်ကြသည်။
မြို့ကြီးတစ်မြို့၏ ပန်းပဲပညာရှင်များက မြို့ငယ်၏ ပန်းပဲပညာရှင်ထက် အဆင့်နိမ့်နေလျှင်ပင် ချပ်ဝတ်နှင့် ရုပ်သေးရုပ်၏ အစိတ်အပိုင်းများကို မျက်လုံးမှိတ်ထားပြီး လျင်မြန်စွာ သန့်စင်နိုင်သည်။
“ဝီ”
ဟန်မူယဲ့၏ ရှေ့တွင်ရှိသော မီးတောက်များက တုန်ခါသွားသည်။
ဝိညာဉ်သတ္တုတစ်ခုက ဖြည်းဖြည်းချင်း အရည်ပျော်လာသည်။
သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး ချီစွမ်းအင်ဖြင့် ဝိညာဉ်သတ္တုကို ဆွဲထုတ်သည်။ ထို့နောက် ဒုတိယမြောက် ဝိညာဉ်သတ္တုတစ်ခုကို ဆက်လက်သန့်စင်လိုက်သည်။
သူဆွဲထုတ်လိုက်သော ဝိညာဉ်သတ္တုသည် လေထုထဲတွင် ပုံစံပြောင်းသွားခဲ့သည်။
ဟန်မူယဲ့၏လက်က လျင်မြန်စွာရွေ့လျားနေပြီး သတ္တုအစိတ်အပိုင်းတွင် ဝိညာဉ်အင်းကွက်ကို တစ်ခါတည်း ထည့်သွင်းသည်။
သူဆွဲထုတ်လိုက်သော အစိတ်အပိုင်းများက ပြန့်ကျဲမသွားဘဲ ရုပ်သေးရုပ်၏ ပုံစံအတိုင်း နေရာယူလိုက်ကြသည်။
သူက မည်သည့်အရာကိုမှ ဖုံးကွယ်မထားခဲ့ပေ။
ရုပ်သေးရုပ်၏ပုံစံကွက်က တည်ရှိနေသောကြောင့် ပန်းပဲပညာရှင် မဟုတ်လျှင်ပင် အစိတ်အပိုင်းများကို တပ်ဆင်နိုင်လိမ့်မည်။
ထိုအချိန်တွင် ရယ်ရွှမ်းနှင့်စုကျီအပါအဝင် လူတိုင်းက ထိတ်လန့်သွားသည်။
“ဒီလိုနည်းလမ်းမျိုးကို တစ်ခါမှ မကြားဖူးဘူး”
“ဒီနည်းလမ်းက ထူးခြားတယ်”
“ရုပ်သေးရုပ်ကို အလွယ်တကူ တပ်ဆင်နိုင်တယ်”
ဟန်မူယဲ့၏ နည်းလမ်းက ထူးခြားသည့်အပြင် ရုပ်သေးရုပ်များနှင့် အလွန်ရင်းနှီးကြောင်း မြင်နိုင်သည်။
သူက ရုပ်သေးရုပ်၏ အစိတ်အပိုင်းများအားလုံးကို သေချာသိနေသောကြောင့် တိုက်ရိုက် အသုံးပြုနိုင်သည်။
ထိုသို့ဖြစ်လာရန် ခက်ခဲသည်။
ရုပ်သေးရုပ်သည် ထောင်ချီသော အစိတ်အပိုင်းများကို သယ်ဆောင်ထားသည်။ တစ်ခုချင်းစီကို အမှားအယွင်းမရှိဘဲ တပ်ဆင်ရမည်။
‘သူက သာမန်ပန်းပဲဆရာတစ်ယောက် မဖြစ်နိုင်ဘူး’
“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ချီမင်ရှန်းက ခြေလက်များ အေးစက်သွားပြီး ဟန်မူယဲ့သန့်စင်နေသော ရုပ်သေးရုပ်ကို စိုက်ကြည့်သည်။
‘ဘယ်လိုပန်းပဲပညာရှင်က အဲဒီလိုမျိုး လုပ်နိုင်မှာလဲ’
သူ့ဘေးတွင်ရှိသော ရှုထျန်းယွမ်၏ မျက်နှာထားကလည်း ပြောင်းလဲသွားပြီး ဖြူဖျော့နေသည်။
‘ငါက ရန်မစသင့်တဲ့လူကို ရန်စမိပြီလား’
စုကျီက အံကြိတ်ထားပြီး ခေါင်းငုံ့၍ အစိတ်အပိုင်းများကို လျင်မြန်စွာ သန့်စင်နေသည်။ ထို့နောက် သူက အချောသပ်ပြီး တပ်ဆင်လိုက်သည်။
သူက ဟန်မူယဲ့ကို မကြည့်မှသာ စိတ်ငြိမ်နိုင်လိမ့်မည်။
သူ့ဘေးတွင်ရှိသော ရယ်ရွှမ်းကလည်း ချွေးပြန်နေသည်။ သူက ဆက်လက်လှုပ်ရှားနေသော်လည်း အမှားပါလာသည်။
မကြာခဏဆိုသလိုပင် သူက ဟန်မူယဲ့ကို ခေါင်းမော့ကြည့်လေ့ရှိသည်။
ဟန်မူယဲ့၏ ရှေ့တွင်ရှိသော ရုပ်သေးပုံရိပ်တွင် အစိတ်အပိုင်းများ ပိုများလာသည်။
‘ငါတို့က ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ’
“အဲဒါက အဆင့်ငါးရုပ်သေးရုပ်ပဲ ....”
လူတစ်ယောက်က ရေရွတ်လိုက်သည်။
အဆင့်ငါးရုပ်သေးရုပ်ကို ခြောက်နာရီအတွင်း သန့်စင်မည်။
‘အဲဒါကို ဘယ်လိုပန်းပဲပညာရှင်မျိုးက လုပ်နိုင်မှာလဲ’
‘အဆင့်ခုနစ်လား’
‘အဆင့်ရှစ်လား’
‘ဒါမှမဟုတ် အဆင့်ကိုးလား’
သူတို့က မတွေးရဲတော့ပေ။
“ဝီ”
ဟန်မူယဲ့၏ ရှေ့တွင်ရှိသော မီးတောက်များက မကြာခဏ တုန်ခါလာသည်။
သူ၏ လှုပ်ရှားမှုများကလည်း ပိုမိုသွက်လက်လာခဲ့သည်။