အခန်း (၁၂၂၂)
Vol. 88 Ch. 1222
ရုပ်သေးရုပ်၏ပုံရိပ်က အစစ်အမှန်ဖြစ်လာသည်။ အစိတ်အပိုင်းများက ရှစ်ပေမြင့်မားသော ရုပ်သေးရုပ်ကို ဖွဲ့စည်းလိုက်သည်။
အဆင့်ငါးရုပ်သေးရုပ်သည် ဟန်မူယဲ့အတွက် ခက်ခဲမှုမရှိပေ။
သို့သော် ယနေ့ပြိုင်ပွဲကြောင့် သူက ရုပ်သေးရုပ်စက်ရုံ တည်ထောင်ရန် စိတ်ဝင်စားသွားသည်။
မြို့ကြီးများ၏ ကုန်သည်အဖွဲ့သည် ကိုယ်ပိုင်စက်ရုံနှင့် ထုတ်ကုန်ပစ္စည်းများကို ပိုင်ဆိုင်ကြသည်။
သူက သောင်းချီသော ပန်းပဲပညာရှင်များကို စုစည်းထားလျှင် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို လျင်မြန်စွာ ထုတ်လုပ်နိုင်လိမ့်မည်။
‘ဘယ်အဆင့်မဆို ဖြစ်နိုင်မလား’
သူ့မှာ ဓာတ်စင်ငါးပါးမီးပြင်းဖို ရှိသည်။
ထိုမီးပြင်းဖိုကို အသုံးပြုပြီး အဓိကအစိတ်အပိုင်းများကို သန့်စင်နိုင်သည်။ တခြားအစိတ်အပိုင်းများကိုတော့ အဆင့်နိမ့်ပန်းပဲပညာရှင်များက စက်ရုံတွင် ပြုလုပ်ပေးလိမ့်မည်။
ဟန်မူယဲ့က မဟူရာချပ်ဝတ်ဂိုဏ်းကို သတိရသွားသည်။
နတ်ဘုရားလောက၏ မဟူရာချပ်ဝတ်ဂိုဏ်းသည် ထိုနည်းလမ်းဖြင့် ချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို ထုတ်လုပ်ခဲ့သည်။
သို့သော် သူတို့၏ နေရာဒေသက မှားယွင်းနေသည်။
နတ်ဘုရားလောကသည် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို အလွန်အမင်း မလိုအပ်ပေ။ ထို့ကြောင့် သူတို့၏ဂိုဏ်းက ကျပ်တည်းနေခဲ့သည်။
အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ဟန်မူယဲ့၏ ရှေ့တွင်ရှိသော ရုပ်သေးရုပ်က ပြီးပြည့်စုံလုနီးပါး ဖြစ်နေသည်။
ရယ်ရွှမ်းနှင့် စုကျီတို့ကတော့ နောက်တွင် ကျန်ရစ်ခဲ့သည်။
ရယ်ရွှမ်း၏မျက်နှာက ဖြူဖျော့နေသည်။ သူ့ရှေ့တွင်ရှိသော ချပ်ဝတ်က တစ်ဝက်ခန့်သာ ရှိသေးသည်။
သူ၏စိတ်က မတည်ငြိမ်နိုင်သောကြောင့် အစိတ်အပိုင်းများသည် မှားယွင်းသွားခဲ့သည်။
စုကျီကတော့ သူ့ထက် သာသည်။
သို့သော် သူက အဆင့်သုံးရုပ်သေးရုပ်ကို ဖန်တီးရန် ရွေးချယ်ခဲ့သည်။
ထို့ကြောင့် ထောင်ချီနေသော အစိတ်အပိုင်းများကို တပ်ဆင်ရဦးမည်။
အချိန်က အကန့်အသတ်ရှိသည်။ ထို့ကြောင့် သူက ရုန်းကန်နေရသည်။
မန္တန်နှင့် ဝိညာဉ်သတ္တုကြောင့် ဖြစ်ပေါ်လာသော မီးအိမ်များသည် ပတ်ဝန်းကျင်ကို နေ့အချိန်သဖွယ် အလင်းပေးထားသည်။
ရာချီနေသော လူများသည် တိုက်ပွဲကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြသည်။
ဟန်မူယဲ့၏ နည်းလမ်းက လွှမ်းမိုးနိုင်သည်။
“ဆရာဟန်က ဘယ်ကနေ ရောက်လာတာလဲ”
“သူ့နည်းစနစ်တွေက မှော်ဆန်တယ်”
လူတိုင်းက သိချင်နေကြသည်။
သို့သော် အဖြေက ရိုးရှင်းသည်။
ဆရာဟန်က မြို့ကြီးတစ်မြို့မှ ရောက်လာသည်။
ထိုမြို့က မည်သည့်နေရာတွင် ရှိနေသနည်း။
လေဟာနယ်ထဲတွင် ရှိနေသည်။
ဆရာဟန်က မြို့ကြီးတွင် လေ့ကျင့်ခဲ့သောကြောင့် မြို့ကြီးများတွင်ရှိသော ပန်းပဲပညာရှင်များကသာ သူနှင့် ယှဉ်နိုင်လိမ့်မည်။
ထိုပညာရှင်မျိုးသည် မြို့ငယ်များတွင် ဆရာသခင်အဆင့် ဖြစ်သည်။
သူတို့က ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို ဖန်တီးနိုင်သောကြောင့် နေရာအနှံ့သို့ လျှောက်သွားနိုင်သည်။
မရေမတွက်နိုင်သော မြို့များသည် ထိုလူမျိုးကို ဂုဏ်သရေရှိဧည့်သည်အဖြစ် ဆက်ဆံကြသည်။
“မြို့ကြီးတွေရဲ့ ပန်းပဲပညာရှင်တွေက နယ်ပယ်တစ်ခုမှာ ထူးချွန်ကြတယ်”
“ဒီဆရာဟန်က အစိတ်အပိုင်းတွေ ထုတ်လုပ်တဲ့အပိုင်းကို ကြီးကြပ်ပေးတာပဲ ဖြစ်လိမ့်မယ်”
လူတစ်ယောက်က ရှင်းပြလိုက်သည်။
ထိုသို့ဆိုလျှင် ဆရာဟန်က ဤနေရာသို့ အဘယ်ကြောင့် ရောက်လာသနည်း။
ဖြစ်နိုင်ခြေ နှစ်ခုရှိသည်။
ပထမတစ်ခုသည် သူ၏ ကိုယ်ပိုင်အကြောင်းပြချက်ကြောင့် ရောက်လာခြင်းဖြစ်သည်။
မိသားစု၊ မိတ်ဆွေ သို့မဟုတ် ကိုယ်ရေးကိုယ်တာကိစ္စရပ်များ ဖြစ်နိုင်သည်။
ဒုတိယအချက်သည် နောက်ကွယ်တွင်ရှိသော အဖွဲ့အစည်းက စေလွှတ်လိုက်ခြင်း ဖြစ်သည်။
သူတို့က ရုပ်သေးရုပ်၏ ပုံစံအသစ်ကို ဖန်တီးထားသော်လည်း အစပိုင်းဖြစ်သောကြောင့် ရောင်းအားနည်းနေသည်။
ထို့ကြောင့် ဆရာဟန်က ရုပ်သေးရုပ်ကို ကြော်ငြာရန် ဤနေရာသို့ ရောက်လာခြင်း ဖြစ်လိမ့်မည်။
ဈေးဆိုင်၏ ဝန်ထမ်းတစ်ယောက်နှင့် ဆင်တူသည်။
သို့သော် ဆရာဟန်က ဆိုင်ဝန်ထမ်းထက် အဆင့်မြင့်သည်။
“ဝီ”
ထိုအချိန်တွင် တုန်ခါသံ ပေါ်ထွက်လာသည်။ ဟန်မူယဲ့၏ ဝိညာဉ်သတ္တုများဆီမှ မဟုတ်ဘဲ ရုပ်သေးရုပ်ဆီမှ ဖြစ်သည်။ ရုပ်သေးရုပ်က လှုပ်ရှားခဲ့သည်။
ရွှေနက်ရောင်သန်းနေသော မူလကျောက်တုံးကို ရုပ်သေးရုပ်၏ ဗဟိုချက်ထဲသို့ ထည့်လိုက်သည်။ ရှစ်ပေမြင့်မားသော အနက်ရောင်ရုပ်သေးရုပ်က မျက်လုံးဖွင့်လိုက်ပြီး လက်ထဲတွင်ရှိသော ဓားကို ဆုပ်ကိုင်သည်။
ဓားသည် အသံပေးလိုက်ပြီး စွမ်းအင်ကို ထုတ်လွှတ်သည်။
“ရွှပ်”
ဓားချက်သည် ပြင်းထန်စွာ ကျဆင်းလာသည်။
ဓားချက်ကြောင့် ကောင်းကင်နှင့်မြေကြီးသည် ထိုးခွဲခံလိုက်ရပြီး ပတ်ဝန်းကျင်တွင် အက်ကွဲကြောင်းများ ပေါ်လာသည်။
အဆင့်ငါးရုပ်သေးရုပ်သည် ကောင်းကင်နှင့်မြေကြီးကို ထိုးခွဲနိုင်သည်။
လူတိုင်းက ထိုရုပ်သေးရုပ်၏ခွန်အားကို သံသယမရှိတော့ပေ။
ရယ်ရွှမ်း၏လက်ထဲတွင်ရှိသော အစိတ်အပိုင်းတစ်ခုက ပျက်စီးသွားသည်။
သူ့ရှေ့တွင် တစ်ဝက်သာ သန့်စင်ထားသော ချပ်ဝတ်တစ်ခု ရှိနေသည်။
တစ်ဖက်တွင် စုကျီက လက်ထဲတွင်ရှိသော အစိတ်အပိုင်းများကို ဒေါသတကြီး ပစ်ချလိုက်သည်။
သူ့ရှေ့တွင်ရှိသော ရုပ်သေးရုပ်က ပုံစံပေါ်နေသည်။
“ငါရှုံးသွားပြီ”
စုကျီက ခေါင်းခါလိုက်ပြီး မျှော်လင့်ချက်မဲ့နေသော်လည်း စိတ်သက်သာသွားသည်။
အဆင့်ခြောက် ပန်းပဲပညာရှင်တစ်ယောက်အနေဖြင့် ထိုစကားများကိုပြောရန် မလွယ်ပေ။
သို့သော် အရှုံးပေးလိုက်သောကြောင့် စိတ်အေးသွားသည်။
တစ်ဖက်လူက ရုပ်သေးရုပ်ကို စတင်သန့်စင်လိုက်သောအချိန်တွင် သူတို့က အပြတ်အသတ် ကျန်ရစ်ခဲ့ကြောင်း လူတိုင်းက နားလည်နေခဲ့သည်။
သူတို့က အားနည်းသောကြောင့် မဟုတ်ပေ။ တစ်ဖက်လူက အလွန်သန်မာသောကြောင့် ဖြစ်သည်။
မြို့ကြီးများတွင် ထုပ်လုပ်ရေးတချို့ကြောင့် လိုအပ်သော အထောက်အထားမှလွဲ၍ တခြားလူများက စာရင်းသွင်းရန် မလုပ်ကြဟု ကြားဖူးသည်။
အဘယ်ကြောင့်ဆိုသော် သူတို့၏အမြင်တွင် ပညာရှင်တံဆိပ်ပြားက အတုအယောင်ဖြစ်သည်။ သူတို့၏ ကျွမ်းကျင်မှုကသာ စစ်မှန်သည်။
မြို့ငယ်များ၏ ပန်းပဲပညာရှင်များသည် အဆင့်မြင့်တံဆိပ်ပြားဖြင့် မြို့ကြီးများဆီသို့ သွားရောက်ခဲ့သော်လည်း ကောင်းမွန်စွာ ကြိုဆိုမခံရပေ။ သူတို့က အဓိကစက်ရုံများ၏ လုပ်ငန်းသို့ပင် မဝင်ရောက်နိုင်ပေ။
အဘယ်ကြောင့်ဆိုသော် သူတို့ကို မလိုအပ်ပေ။
ရယ်ရွှမ်းက စကားမပြောပေ။ သို့သော် သူက အရှုံးပေးပြီး လက်ထဲတွင်ရှိသော ချပ်ဝတ်အစိတ်အပိုင်းကို ချလိုက်သည်။
“ခလွမ် ....”
အနီးအနားတွင်ရှိသော နာရီက ညင်သာစွာ အသံပေးသည်။
ခြောက်နာရီ ကုန်ဆုံးသွားသည်။
“ဆရာဟန်၊ ကျွန်တော်တို့ ရှုံးသွားပါပြီ။ ကျွန်တော်တို့ကို အမိန့်ပေးပြီး ဝိညာဉ်သတ္တုတွေကို စိတ်ကြိုက် ယူနိုင်ပါတယ်”
စုကျီက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ဂုဏ်သိက္ခာကို နည်းနည်းတော့ ထောက်ထားပေးပါအုံး”
သူတို့က ရှုံးနိမ့်သွားပြီး ဟန်မူယဲ့၏ အမိန့်ကို နာခံရတော့မည်။
ဂုဏ်သိက္ခာကို ထည့်ပြောရသော အကြောင်းအရင်းသည် တစ်ခါတလေတွင် အနိုင်ရသူက ရှုံးနိမ့်သူ့ကို အဝတ်ချွတ်ပစ်တတ်သည်။
အဘယ်ကြောင့်ဆိုသော် ရှုံးနိမ့်သူ၏ အဝတ်အစားကလည်း ဝိညာဉ်သတ္တုဖြင့် ပြုလုပ်ထားသောကြောင့် ဖြစ်သည်။
လူတိုင်းက ထိုမြင်ကွင်းကို စောင့်ကြည့်နေကြသည်။
ဤပြိုင်ပွဲတွင် တစ်ဖက်က ရုပ်သေးရုပ်နှင့် ချပ်ဝတ်ကို မဖန်တီးနိုင်ဘဲ ရှုံးနိမ့်သွားသည်။
သို့သော် ကြည့်ကောင်းသည်။
သူတို့က အဆင့်ငါးရုပ်သေးရုပ်၏ ဖန်တီးမှုကို သေချာမြင်လိုက်ရသောကြောင့် စိတ်လှုပ်ရှားနေကြသည်။
မြို့ကြီး၏ ပန်းပဲပညာရှင်က အဆင့်ငါးနှင့် အဆင့်ခြောက် ပန်းပဲပညာရှင်နှစ်ဦးကို အနိုင်ယူခဲ့သည်။
စောင့်ကြည့်နေသော လူများက အစစ်အမှန်ကျွမ်းကျင်မှုကို မြင်ခဲ့ရသည်။
“ငါက ဘုရားမြို့အတွက် ပန်းပဲပညာရှင်တချို့ လိုအပ်နေတယ်”
ဟန်မူယဲ့က ရုပ်သေးရုပ်ကို အမိန့်ပေးလိုက်သည်။ ရုပ်သေးရုပ်က ရှေ့တက်လာပြီး ဓားဖြင့် ကစားနေသည်။
သူ့အသံကို ပတ်ဝန်းကျင်တွင်ရှိသော လူတိုင်းက ကြားနိုင်သည်။
“မင်းတို့က ငါ့အတွက် အလုပ်လုပ်ပေးနိုင်ရင် ....”
ဟန်မူယဲ့က ပြုံးလိုက်ပြီး ယုံကြည်ချက်ရှိစွာ ပြောသည်။
“မင်းတို့ရဲ့ အောင်မြင်မှုက အဆင့်ငါး၊ အဆင့်ခြောက်မှာ ရပ်နေမှာမဟုတ်ဘူး”
သူက ရှေ့တွင်ရှိသော ပန်းပဲပညာရှင်နှစ်ယောက်ကို ကြည့်လိုက်ပြီး ပေါ့ပါးစွာ ပြောသည်။
“ဒီမှာရှိတဲ့ ပန်းပဲနည်းစနစ်က ခေတ်နောက်ကျနေတယ်”
ထိုစကားသည် မြို့ကြီးတစ်မြို့မှ အဆင့်မြင့်ပန်းပဲပညာရှင်တစ်ယောက်၏ အနေအထားကို အပြည့်အဝ ဖော်ပြနေသည်။
ဟန်မူယဲ့၏စကားကို မည်သူမှ သံသယမဝင်ကြပေ။
သူက ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။
“ကျွန်တော်က ကိစ္စတချို့ကို ဖြေရှင်းဖို့ လိုပါသေးတယ်”
စုကျီက ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“တစ်လကြာရင် ဘုရားမြို့ကို လာခဲ့ပါမယ်”
ရယ်ရွှမ်းကလည်း ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ကျွန်တော်လည်း တစ်လကြာရင် လာခဲ့ပါမယ်”
သူတို့က အရှုံးပေးရန် ဆန္ဒရှိသည်။
အကယ်၍ စုကျီနှင့် ရယ်ရွှမ်းက အရှုံးကို လက်မခံခဲ့လျှင် ဂုဏ်သတင်း ထိခိုက်သွားလိမ့်မည်။ တခြားလူများက သူတို့ကို လေးစားတော့မည်မဟုတ်ပေ။
ထို့ကြောင့် ပွင့်ပွင့်လင်းလင်း လက်ခံလိုက်လျှင် ပိုကောင်းသည်။
အဆင့်ငါးနှင့် အဆင့်ခြောက် ပန်းပဲပညာရှင်များသည် နေရာတိုင်းတွင် ကောင်းမွန်စွာ ဆက်ဆံခံရသည်။
ဟန်မူယဲ့က ရယ်လိုက်ပြီး ရုပ်သေးရုပ်ကိုသိမ်း၍ လှည်းဆီသို့ ပြန်လျှောက်သွားသည်။
ဟယ်ရန်စွန်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ထို့နောက် သူက မရပ်တန့်ဘဲ ကုန်သည်အဖွဲ့ကို ဦးဆောင်၍ ညအမှောင်ထဲတွင် ခရီးနှင်သွားသည်။
သူတို့က ထိုနေရာတွင် အနားယူခဲ့လျှင် တခြားလူများ၏ စုံစမ်းမေးမြန်းမှုကြောင့် ကောင်းမွန်စွာ အိပ်စက်နိုင်မည်မဟုတ်ပေ။
တောအုပ်ထဲတွင် အနားယူလျှင် ပိုကောင်းသည်။
“ဘုရားမြို့”
ကျုံးတွင် လူအိုကြီးက ရေရွတ်လိုက်သည်။ သူက ဘေးတွင်ရှိသော မိန်းကလေးကို လှည့်ကြည့်ပြီး ပြောသည်။
“ရှောင်ယု၊ အဘိုးတို့လည်း ဘုရားမြို့ကို သွားကြမလား”
မိန်းကလေးက စိတ်အားထက်သန်စွာ ခေါင်းညိတ်သည်။
လှည်းထဲတွင် ဟန်မူယဲ့၏ အသစ်ပြုလုပ်ထားသော ရုပ်သေးရုပ်က လဲလျောင်းနေသည်။
ရွှေရောင်ငှက်က တောင်ပံခတ်လိုက်ပြီး ရုပ်သေးရုပ်ကို စစ်ဆေးကြည့်နေသည်။
ခေးအော့၏ ပုတီးစေ့ကလည်း လေထုထဲတွင် လည်ပတ်နေသည်။
ဓာတ်စင်ငါးပါးမီးပြင်းဖိုမှ ဖြစ်ပေါ်လာသော လူအိုကြီးသည် ငြင်သာစွာ လွင့်မျောနေပြီး ရုပ်သေးရုပ်ကို အကဲဖြတ်လိုက်သည်။
“ဒီရုပ်သေးရုပ်ရဲ့ နည်းစနစ်က မဟူရာချပ်ဝတ်ဂိုဏ်းနဲ့ ဆင်တူတယ်”
“ဒီနည်းလမ်းနဲ့ဆိုရင် မဟူရာချပ်ဝတ်ဂိုဏ်းက စက်ရုံတစ်ခုကို တည်ဆောက်နိုင်တယ်။ နတ်ဘုရားလောကရဲ့ အရှင်သခင်တောင် ဖြစ်လာနိုင်တယ်”
ဓာတ်စင်ငါးပါးမီးပြင်းဖိုက စိတ်အားထက်သန်စွာ ပြောသည်။
ကောင်းကင်စက်ဝန်းနတ်ဘုရားကမ္ဘာ၏ အသန်မာဆုံးဂိုဏ်းများသည် တာအိုဂိုဏ်းများ ဖြစ်ကြသည်။ ချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို ကျွမ်းကျင်စွာ သန့်စင်နိုင်သော မဟူရာချပ်ဝတ်ဂိုဏ်းသည် မွဲတေနေပြီး နောက်ဆုံးတွင် ဟန်မူယဲ့၏လက်ထဲသို့ ရောက်လာခဲ့သည်။
“မဖြစ်နိုင်ပါဘူး”
ခေးအော့က ပြောလိုက်ပြီး ပုတီစေ့မှတစ်ဆင့် လူအိုကြီးတစ်ယောက်၏ ပုံရိပ်ကို ထုတ်လွှတ်သည်။
“မဟူရာချပ်ဝတ်ဂိုဏ်းရဲ့ ဘိုးဘေးတွေက အဲဒီလိုနည်းလမ်းမျိုးကို ပိုင်ဆိုင်ခဲ့တယ်”
“သူတို့က ကောင်းကင်ပြောင်းလဲခြင်းစံအိမ်ကို တည်ဆောက်ပြီး နေရာတိုင်းမှာ အရောင်းအဝယ်လုပ်နိုင်ခဲ့တယ်”
“ဒါပေမဲ့ ဘာဖြစ်သွားခဲ့လဲ”
ခေးအော့က ခေါင်းခါလိုက်ပြီး ညင်သာစွာပြောသည်။
“သူတို့က တခြားလူတွေမြင်ထားတဲ့ အရာတွေကို စွန့်လွှတ်ပြီး ကောင်းကင်စက်ဝန်းစစ်မြေပြင်ကို ဆုတ်ခွာသွားဖို့ပဲ တတ်နိုင်ခဲ့တယ်”
ကောင်းကင်ပြောင်းလဲခြင်းစံအိမ်နှင့် ဟန်မူယဲ့၏ အံ့ဖွယ်ကိုးပါးဓားစံအိမ်သည် ကမ္ဘာများကြားတွင် ကူးသန်းရောင်းဝယ်နိုင်ရန် ဖြစ်သည်။
ကောင်းကင်ပြောင်းလဲခြင်းစံအိမ်၏ နောက်ကွယ်တွင် မဟူရာချပ်ဝတ်ဂိုဏ်း၏ ဘိုးဘေးများ ရှိနေပြီး ဓားစံအိမ်၏ နောက်ကွယ်တွင် အင်မော်တယ်ဘုရင်ထုံထျန်း၏ အင်အားစု ရှိနေသည်။
သို့သော် အဆုံးတွင် ထိုအင်အားစုနှစ်ခုလုံးက စံအိမ်များကို မထိန်းချုပ်နိုင်ခဲ့ကြပေ။