← Chapters

အခန်း (၁၂၂၃)

Vol. 88 Ch. 1223

အခန်း (၁၂၂၃)

Vol. 88 Ch. 1223

“စကြဝဠာတိုင်းမှာ ကိုယ်ပိုင်စည်းမျဉ်းတွေရှိတယ်”

ရွှေရောင်ငှက် တောင်ပံခတ်လိုက်ပြီး ပြောသည်။

“မူလကမ္ဘာရဲ့ သက်ရှိတွေက အရမ်းသန်မာခဲ့တယ်။ သူတို့က မြို့ကြီးတွေနဲ့ စက်ရုံတွေကို တစ်ချက်တည်း ဖျက်ဆီးပစ်နိုင်တယ်”

“ပြီးတော့ ကမ္ဘာဦးအဆင့် ချပ်ဝတ်နဲ့ ရုပ်သေးရုပ်တွေရဲ့ ကာကွယ်မှုမရှိရင် ကြယ်စင်စုစကြဝဠာရဲ့ အမွေအနှစ်က ဆက်ပြီး ထွန်းကားနေမှာမဟုတ်ဘူး”

‌ရွှေရောင်ငှက်၏စကားက အဓိကအချက်ကို ထောက်ပြနိုင်သည်။

ကြယ်စင်စုစကြဝဠာ၏ ကျွမ်းကျင်သူများက မူလစကြဝဠာတွင် အမွေအနှစ်ကို ချန်ထားခဲ့သည်။

သို့သော် သူတို့က အမှန်တကယ်အားကောင်းသော နည်းလမ်းများကို ချန်မထားခဲ့ပေ။ ကမ္ဘာဦးချပ်ဝတ်နှင့် ရုပ်သေးရုပ်များကိုလည်း အနည်းငယ်သာ ထားရစ်ခဲ့သည်။

ထိုနည်းလမ်းဖြင့် မူလစကြဝဠာကို လွှမ်းမိုးရန် မဖြစ်နိုင်ပေ။

အဆုံးတွင် သူတို့၏နည်းလမ်းကို လက်လွှတ်လိုက်ရသည်။

ဟန်မူယဲ့က သူတို့၏စကားကို နားလည်သည်။

ထို့နောက် သူက ဓာတ်စင်ငါးပါးမီးပြင်းဖိုကို ကြည့်သည်။

“ဘယ်လိုလဲ။ ဒီမှာ စက်ရုံထောင်နိုင်မလား”

မီးပြင်းဖိုက ခေါင်းညိတ်သည်။ လူအိုကြီး၏ မျက်နှာတွင် မျှော်လင့်စောင့်စားမှုနှင့် တွန့်ဆုတ်မှုများ ပေါ်လာသည်။

“ပြဿနာမရှိဘူး။ ဒါပေမဲ့ ငါက အလကား အလုပ်လုပ်မပေးနိုင် ....”

ဟန်မူယဲ့က မီးပြင်းဖိုကို ပြန်ခွဲထုတ်ရန် ပြင်လိုက်သည်။ လူအိုကြီးက လက်ကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်သည်။

“ကောင်းပြီ။ ကောင်းပြီ။ ငါလုပ်ပေးမယ်”

နှစ်ရက်အကြာတွင် သူတို့က နှင်းကျလွင်ပြင်သို့ ပြန်ရောက်လာသည်။

ကုန်သည်အဖွဲ့က ရပ်တန့်သွားသည်။

အဘယ်ကြောင့်ဆိုသော် သွေးနှင့်ချီကို ထုတ်လွှတ်နေသော ကျင့်ကြံသူတပ်ဖွဲ့သည် လမ်းပိတ်ထားသည်။

ဟယ်ရန်စွန်းက သတ်ဖြတ်လိုစိတ်ကို ဖော်ပြလိုက်သည်။

“ဟယ်ရန်စွန်း၊ သတ်သေလိုက်ပါ။ အဲဒါဆိုရင် ငါတို့က ဟယ်မိသားစုကို လွှတ်ပေးလိုက်မယ်။ ဆရာဟန်က အညံ့ခံမယ်ဆိုရင် ငါတို့က သူ့ကို ခက်ခဲအောင်မလုပ်ဘူး”

အသံတစ်သံကို ကြားရသည်။

အဖြူရောင်ဝတ်စုံနှင့် ပုန်းအောင်းနေသောလူများသည် ကုန်သည်အဖွဲ့ကို ဝိုင်းရံထားလိုက်ကြသည်။

ခေါင်းဆောင်၏ အရှိန်အဝါသည် ပတ်ဝန်းကျင်တွင် ကျဆင်းနေသော နှင်းပွင့်များကို ပျောက်ကွယ်သွားစေသည်။

“ကျောက်မိသားစုရဲ့ ကျောက်ယုချင်”

“ထန်မိသားစုရဲ့ ထန်ကျစ်”

ဟယ်ရန်စွန်းက ဓားမော့နှစ်လက်ကို မြှောက်လိုက်ပြီး သတ်ဖြတ်လိုစိတ်ကို ဖော်ပြသည်။

“အဆင့်လေးနှစ်ယောက် ရောက်လာတယ်။ ငါ့ကို အထင်ကြီးနေကြတာပဲ”

ထိုလူနှစ်ယောက်သည် အဆင့်လေးချပ်ဝတ်သခင်နှင့် ရုပ်သေးသခင် ဖြစ်သည်။

ဘုရားမြို့မှ ကျောက်မိသားစု၏ အကြီးအကဲဖြစ်သော ကျောက်ယုချင်သည် အဆင့်လေးချပ်ဝတ်သခင် ဖြစ်သည်။

ထန်မိသားစု၏ ထန်ကျစ်ကတော့ ဘုရားမြို့တွင် နာမည်ကြီးသည်။ သူက အဆင့်လေး အထွတ်အထိပ်အဆင့် ရုပ်သေးရုပ်ကို ပိုင်ဆိုင်ထားပြီး နယ်မြေတစ်ခုလုံးကို လွှမ်းမိုးနိုင်သည်။

“ငါက သေရမယ်ဆိုရင်လည်း စိတ်အေးလက်အေး သေချင်တယ်”

ဟယ်ရန်စွန်းက သူတို့နှစ်ယောက်ကို ကြည့်လိုက်ပြီး မေးသည်။

“မင်းတို့က ဟယ်မိသားစုကို ဘာဖြစ်လို့ ရှင်းပစ်ချင်တာလဲ”

ဟယ်မိသားစုခေါင်းဆောင် ဟယ်ကျူး ပျောက်ကွယ်သွားသောအချိန်တွင် သူတို့က ဆက်တိုက် ဖိနှိပ်ခံခဲ့ရသည်။

ဟယ်ရန်စွန်းက တခြားလူများ၏ လှည့်ကွက်နှင့် ကိုယ်ပိုင်အစီအစဉ်ကြောင့် အများအပြား ဆုံးရှုံးသွားခဲ့သည်။

ယခင်က ဘုရားမြို့တွင် ကျဆင်းသွားသော မိသားစုကြီးများလည်း ရှိခဲ့သည်။ သို့သော် ဟယ်မိသားစုကဲ့သို့ ဘက်ပေါင်းစုံမှ ဖိနှိပ်မခံရပေ။

“ကောင်းပြီ။ ငါပြောပြမယ်”

ထန်ကျစ်က တည်ငြိမ်သောမျက်နှာထားဖြင့် ဟယ်ရန်စွန်းကို ကြည့်သည်။

“မင်းတို့မိသားစုက မယူသင့်တာကို ယူသွားခဲ့တယ်”

“ယုထောင်မြို့ပျက်ကို စူးစမ်းရှာဖွေနေတဲ့အချိန်မှာ မင်းအဖေ ဟယ်ကျူက ဟယ်မိသားစုအိမ်တော်‌ဟောင်းကနေ ရတနာတချို့ ရလာတယ်”

ထန်ကျစ်က ကြမ်းတမ်းသောမျက်နှာထားဖြင့် ပြောလိုက်သည်။

“မြို့ပျက်ကနေ ရလာတဲ့ ရတနာတွေအားလုံးကို ဘုရားမြို့ရဲ့ မိသားစုကြီးတွေက ခွဲယူကြမယ်လို့ ငါတို့က သဘောတူထားခဲ့တယ်။ ဒါပေမဲ့ ဟယ်ကျူက ဟယ်မိသားစုအိမ်တော်ဟောင်းကနေ ရလာတဲ့ရတနာတွေကို ဖွက်ထားခဲ့တယ်”

“အဲဒါကြောင့်မဟုတ်ရင် ဒုတိယအကြိမ် ယုထောင်မြို့ပျက်ကို သွားခဲ့တဲ့အချိန်မှာ ငါတို့က သူ့ကို တိုက်ခိုက်မှာမဟုတ်ဘူး”

ဟယ်ရန်စွန်း၏ မျက်လုံးများက နီရဲသွားသည်။

သူ့ဖခင်၏ ပျောက်ဆုံးမှုသည် ဘုရားမြို့မှ မိသားစုကြီးများနှင့် သက်ဆိုင်နေသည်။

လှည်းထဲတွင်ရှိနေသော ဟန်မူယဲ့က ခေါင်းခါလိုက်သည်။

ဟယ်ရန်စွန်းတွင် ပျက်စီးနေသော အဆင့်ကိုးချပ်ဝတ် ရှိနေသည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။

ဟယ်သခင်မ ပေးအပ်ခဲ့သော သံမဏိအပိုင်းအစသည်လည်း ကမ္ဘာဦးရုပ်သေးရုပ်မှ ဖြစ်သည်။

ထိုရတနာများအားလုံးကို ဟယ်ကျူက ယုထောင်မြို့ပျက်မှ ပြန်ယူလာခဲ့သည်။

သို့သော် ဟယ်မိသားစုက ထိုရတနာများ၏တန်ဖိုးကို နားမလည်ဘဲ သာမန်ချပ်ဝတ်နှင့် ရုပ်သေးရုပ်များဟု ထင်နေခဲ့သည်။

ထိုရတနာများ၏တန်ဖိုးကို မိသားစုဝင်များ သိသွားလျှင် အန္တရာယ်ကျရောက်လာနိုင်သည်။ သို့မဟုတ် ဟယ်ကျူကိုယ်တိုင်ကပင် ထိုပစ္စည်းများ၏တန်ဖိုးကို မသေချာခြင်း ဖြစ်လိမ့်မည်။ ထို့ကြောင့် သူက ပျောက်ကွယ်သွားသောအချိန်အထိ ထုတ်မပြောခဲ့ပေ။

ဘုရားမြို့၏ မိသားစုကြီးများက ဟယ်ကျူကို မကျေမနပ် ဖြစ်နေပြီး မြို့ပျက်အား ရှာဖွေရာတွင် ပျောက်ကွယ်သွားအောင် တိုက်ခိုက်ခဲ့ကြသည်။ သူတို့က ဟယ်မိသားစုကို ဖိနှိပ်ပြီး ရတနာများကို ရှာဖွေရန် ကြိုးစားခဲ့သည်။

သို့သော် သူတို့က ရှေ့တွင်မြင်နေရသော ရတနာကိုပင် မမှတ်မိသောကြောင့် အချိန်ဖြုန်းနေရုံသာ ဖြစ်သည်။

“ကောင်းတယ်။ ကောင်းတယ်”

ဟယ်ရန်စွန်းက သတ်ဖြတ်လိုစိတ်ကို မထိန်းချုပ်နိုင်တော့ပေ။ သူက ခေါင်းမော့ပြီး အော်ဟစ်လိုက်သည်။

“ငါက ဘုရားမြို့ရဲ့ မိသားစုကြီးတွေကို အလွတ်ပေးမှာမဟုတ်ဘူး”

သူက ဓားမော့ဖြင့် ရှေ့သို့ ညွှန်ပြလိုက်ပြီး ခုန်ထွက်လာသည်။

“မင်းတို့နဲ့အရင် စလိုက်တာပေါ့”

ဓားမော့အလင်းက ဆင်းသက်လာသည်။ ထို့အပြင် သူ၏ ရုပ်သေးရုပ်ကလည်း ပြေးထွက်လာခဲ့သည်။

ဓားမော့အလင်း လေးခုသည် ပိုက်ကွန်တစ်ခုသဖွယ် သွယ်ယှက်နေသည်။

ဟယ်ရန်စွန်းက မေပယ်တောအုပ်မြို့၏ အဆင့်ငါးကျွမ်းကျင်သူဖြစ်သော ရှုစီလင်းနှင့် တိုက်ခိုက်ခဲ့ပြီး ယုံကြည်ချက် ခိုင်မာလာသည်။

သူက ရှုစီလင်းကို ဆယ်ကွက်အတွင်း ဖိနှိပ်နိုင်သောကြောင့် အဆင့်လေးနှစ်ယောက်ကို တိုက်ခိုက်ရန် ယုံကြည်ချက်ရှိသည်။

ဓားမော့အလင်း ကျဆင်းလာသောအခါ ထန်ကျစ်နှင့် ကျောက်ယုချင်တို့၏ မျက်နှာထားက ပြောင်းလဲသွားသည်။

ယခင်တစ်ကြိမ်တွင် သူတို့၏ ခြုံခိုတိုက်ခိုက်မှုက ကျရှုံးပြီး ဟယ်ရန်စွန်းက မေပယ်တောအုပ်မြို့သို့ လုံခြုံစွာ ရောက်သွားသည်။ ထို့ကြောင့် ဤတစ်ကြိမ်တွင် အဆင့်လေးဖြစ်သော သူတို့နှစ်ယောက်က ဝင်ပါလာခဲ့သည်။

သူတို့၏ခွန်အားက တခြားမြို့များတွင် အရေးမပါသော်လည်း မေပယ်တောအုပ်မြို့တွင် ထိပ်တန်းအဆင့် ကျွမ်းကျင်သူများထက် တစ်ဆင့်သာနိမ့်သည်။

ဘုရားမြို့တွင် အသန်မာဆုံးလူက အဆင့်ငါးသာ ဖြစ်သည်။

ယခင်က အဆင့်ငါးချပ်ဝတ်သခင်ဖြစ်သော ဟယ်ကျူက ဘုရားမြို့ကို လွှမ်းမိုးထားခဲ့သည်။ ဟယ်မိသားစုက ဂုဏ်ကျက်သရေနှင့် ပြည့်စုံခဲ့သည်။

ယနေ့တွင် ဟယ်ရန်စွန်းကို လာရောက်တိုက်ခိုက်‌သော အဆင့်လေးနှစ်ယောက်က အမှန်တကယ် စိတ်မပါပေ။

သူတို့က ပညာသင်အဆင့် ဟယ်ရန်စွန်းနှင့် တိုက်ခိုက်ရန် မလိုအပ်ဟု ထင်နေသည်။

သူတို့၏အချိန်ကို ဖြုန်းတီးနေခြင်းသာဖြစ်သည်။

သို့သော် ယခုအချိန်တွင် ဟယ်ရန်စွန်းက လှုပ်ရှားလိုက်ပြီး ထက်မြိသော ဓားမော့အလင်းနှင့် သတ်ဖြတ်လိုစိတ်ကို ဖော်ပြသည်။ သူက ရုပ်သေးရုပ်ကိုလည်း အသုံးပြုထားပြီး သူတို့ထက် အားမနည်းပေ။

သူတို့ထက်ပင် သန်မာနိုင်သည်။

‘ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’

သူတို့က အံ့အားသင့်နေရန် အချိန်မရှိဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် ချပ်ဝတ်နှင့် ရုပ်သေးရုပ်ကို ဆင့်ခေါ်သည်။

ကိုးပေအရပ်မြင့်သော အစိမ်းပုပ်ရောင်ရုပ်သေးရုပ်နှင့် ရွှေရောင်သန်းနေသော ချပ်ဝတ်တစ်ခုသည် ဟယ်ရန်စွန်း၏ ဓားမော့ကို ခုခံလိုက်သည်။

ရုပ်သေးရုပ်က မြူခိုးတိမ်တိုက်ကို သစ်ပင်တစ်ပင်အဖြစ် ပြောင်းလဲသည်။ သစ်ပင်၏ သစ်ကိုင်းများသည် လျင်မြန်စွာ ကြီးထွားလာပြီး ဓားမော့အလင်းကို တားဆီးသည်။

တစ်ဖက်တွင် ချပ်ဝတ်သခင်က ဓားတစ်လက်ကိုင်ထားပြီး ဟယ်ရန်စွန်းဆီသို့ ပြေးဝင်လာသည်။

ဓားရှည်သည် ဟယ်ရန်စွန်း၏ဓားမော့နှင့် လျင်မြန်စွာ ထိတွေ့သွားသည်။

“ခလွမ် .... ခလွမ် ....”

လက်နက်များ ထိတွေ့သံသည် လေထုထဲတွင် ပျံ့နှံ့သွားသည်။

သစ်ပင်ကြီး၏ သစ်ကိုင်းများက ဓားမော့အလင်းများကို ဆက်တိုက်တားဆီးပြီး အားနည်းသွားအောင် လုပ်နေသည်။

“သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံက လိုအပ်နေသေးတယ်။ ရုပ်သေးရုပ်ကို ထိန်းချုပ်တဲ့နည်းလမ်းကလည်း ရိုးရှင်းတယ်။ မဟုတ်ရင် သူက အဲဒီနှစ်ယောက်လုံးကို တစ်ခါတည်း ဖိနှိပ်ထားနိုင်လိမ့်မယ်”

ရွှေရောင်ငှက်က ပြောလိုက်သည်။

“သူက ချပ်ဝတ်နဲ့ ရုပ်သေးရုပ်ကို တစ်ပြိုင်နက် အသက်သွင်းထားတယ်။ မူလကျောက်တုံးရဲ့ ကုန်ကျမှုက များပြားတယ်။ ရုပ်သေးရုပ်က နာရီဝက်ပဲ တိုက်ခိုက်နိုင်လိမ့်မယ်”

ခေးအော့ကလည်း တိုက်ပွဲကို စောင့်ကြည့်နေသည်။

အကယ်၍ ဟယ်ရန်စွန်းက ဆယ့်ငါးမိနစ်အတွင်း ရန်သူနှစ်ယောက်ကို အနိုင်မရလျှင် ရှုံးနိမ့်သွားနိုင်သည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး စကားမပြောပေ။

ထိုတိုက်ပွဲသည် သူ့အတွက် အရေးမပါပေ။

ဟယ်ရန်စွန်းက အနိုင်ရသွားလျှင် ပါရမီကို ဖော်ပြနိုင်လိမ့်မည်။

“ဘန်း”

ဟယ်ရန်စွန်း၏ ရုပ်သေးရုပ်က ရှေ့တွင် ဦးဆောင်၍ တိုက်ခိုက်နေပြီး ဓားမော့ဖြင့် ခုတ်ချသည်။

ထို့နောက် ဟယ်ရန်စွန်းက ရုပ်သေးရုပ်၏ဘေးသို့ ရောက်လာပြီး ပူးပေါင်းတိုက်ခိုက်သည်။

ပေသုံးဆယ်အကွာတွင်ရှိသော ထန်ကျစ်က ရုပ်သေးရုပ်ကို ထိန်းချုပ်ပြီး ဓားမော့အလင်းများကို ကာကွယ်နေသည်။

ချပ်ဝတ်သခင် ကျောက်ယုချင်ကတော့ ဓားရှည်ဖြင့် ဆက်လက်တိုက်ခိုက်နေသည်။

သူတို့၏ ပထမအကြိမ်တိုက်ခိုက်မှုသည် သရေကျသွားသည်။

ထိုဖြစ်ရပ်သည် အဆင့်လေးကျွမ်းကျင်သူ နှစ်ယောက်ကို အရှက်ရစေသည်။

သူတို့က လူငယ်လေးတစ်ယောက်ကိုပင် မဖိနှိပ်နိုင်ပေ။

ကျောက်ယုချင်က အော်ဟစ်လိုက်ပြီး ဟယ်ရန်စွန်းဆီသို့ ပြေးဝင်လာသည်။

သို့သော် ဟယ်ရန်စွန်း၏ လှုပ်ရှားမှုက ပိုမိုလျင်မြန်လာသည်။

သူ၏ တိုက်ခိုက်နိုင်စွမ်းနှင့် ချပ်ဝတ်စွမ်းရည်သည် အမြုန်နှုန်းကို အသားပေးသည်။

ယခုအချိန်တွင် သူက ချပ်ဝတ်၏ အကူအညီဖြင့် လေပြေလေညင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူ၏ ဓားမော့နှစ်လက်က လေထုကို ထိုးခွဲလိုက်သည်။

တစ်ဖက်တွင် ရုပ်သေးရုပ်ကလည်း ပိုမိုလျင်မြန်လာပြီး ဓားမော့အလင်းများနှင့်အတူ ပျောက်ကွယ်သွားသည်။

သူတို့က အားသာချက်ဖြစ်သော အမြန်နှုန်းကို အသုံးချခဲ့သည်။

ဟယ်ရန်စွန်း၏ နားလည်နိုင်စွမ်းက အမှန်တကယ်ပင် မဆိုးပေ။

သူနှင့် ရုပ်သေးရုပ်က လေပြင်းအဖြစ် ပြောင်းလဲပြီး ကျောက်ယုချင်ကို တစ်ပြိုင်နက် တိုက်ခိုက်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ကျောက်ယုချင်က အရေးနိမ့်သွားသည်။

ဘေးတွင်ရှိနေသော ထန်ကျစ်က အံ့အားသင့်သွားပြီး ရုပ်သေးရုပ်ကို လျင်မြန်စွာထိန်းချုပ်၍ ကူညီပေးသည်။

သစ်ပင်၏ သစ်ကိုင်းများက ယိမ်းထိုးလာပြီး ဟယ်ရန်စွန်းကို ရိုက်ထုတ်ရန် ကြိုးစားသည်။

သို့သော် သစ်ပင်က ခုခံနိုင်စွမ်း ကောင်းမွန်သော်လည်း တိုက်ခိုက်နိုင်စွမ်း အားနည်းနေသည်။

ဟယ်ရန်စွန်းနှင့် ရုပ်သေးရုပ်က ကျောက်ယုချင်ကို တစ်လှည့်စီ တိုက်ခိုက်နေပြီး ထန်ကျစ်၏ ရုပ်သေးရုပ်က သူတို့ကို အမီလိုက်ရန် ကြိုးစားနေသည်။

ထိုမြင်ကွင်းက အနည်းငယ် ရယ်စရာကောင်းသည်။

“မင်းက ဒီလောက်သန်မာမယ်လို့ ငါမယုံဘူး”

ကျောက်ယုချင်က ဓားမော့ဖြင့် အခုတ်ခံလိုက်ရသောကြောင့် လွင့်ထွက်သွားသောအချိန်တွင် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

“မင်းက ချပ်ဝတ်နဲ့ ရုပ်သေးရုပ်ကို တစ်ပြိုင်နက် ထိန်းချုပ်ထားရတယ်။ ဘယ်လောက်အထိ တောင့်ခံနိုင်မလဲ ကြည့်ရအောင်”

“ငါတို့က အချိန်ဆွဲထားနိုင်ရင် မင်းက သေသွားမှာပဲ”

ကျောက်ယုချင်က ဒေါသထွက်နေပြီး ခုခံမှုကိုသာ အာရုံစိုက်ထားလိုက်သည်။

ဟယ်ရန်စွန်းက သူ့ကို ဂရုမစိုက်ပေ။

သူ၏ ဓားမော့များက အမြန်ဆုံးဖြစ်သည်။

သူ၏ ရုပ်သေးရုပ်က ပိုမိုလျင်မြန်သည်။

All Chapters