အခန်း (၁၂၂၇)
Vol. 88 Ch. 1227
အဆင့်လေးပန်းပဲပညာရှင် ဖြစ်လာလျှင် မိသားစုကြီးများကြားတွင် ကောင်းမွန်စွာ နေနိုင်လိမ့်မည်။
ထိုအဆင့်ကို ပန်းပဲဆရာတစ်ယောက်အဖြစ် ယူဆနိုင်သည်။
ထိုနာမည်က အဆင့်အတန်းကိုလည်း ဖော်ပြသည်။
ဟန်မူယဲ့က စကားပြောလိုက်သောအခါ စင်မြင့်တွင်ရှိသော ဒိုင်သုံးယောက်၏ပုံရိပ်က ပျောက်ကွယ်သွားသည်။
အစည်းအရုံး၏ ပန်းပဲပညာရှင်များက လျင်မြန်စွာရောက်လာပြီး ဝိညာဉ်သတ္တုကို နေရာချပေးလိုက်သည်။
“သူက အဆင့်လေးအတွက် စမ်းသပ်ခံတော့မှာလား”
“ရှားပါးလိုက်တာ။ ငါတို့မြို့မှာ တစ်နှစ်အတွင်း အဆင့်လေးတွေပေါ်ထွက်လာတာ သိပ်မရှိဘူး”
“မင်းတို့အားလုံး ထွက်သွားလို့ရပြီ”
“အဆင့်လေးစမ်းသပ်မှုကို တခြားလူတွေ ကြည့်ခွင့်မရှိဘူး”
အကြီးအကဲများက ပြောလိုက်သည်။ အဆင့်လေးနှင့် အဆင့်ငါး ပန်းပဲပညာရှင်များကသာ စောင့်ကြည့်နိုင်သည်။
အဆင့်သုံးနှင့်အောက်တွင်ရှိသော ပန်းပဲပညာရှင်များက ခေါင်းငုံ့ထားပြီး ထွက်သွားကြသည်။
သူတို့က စောင့်ကြည့်ချင်သော်လည်း ကျွမ်းကျင်မှု မလုံလောက်သောကြောင့် အခွင့်အရေးမရှိပေ။
သို့သော် ကွာခြားချက်ကြီးမားနေလျှင် စောင့်ကြည့်နေသော်လည်း အကျိုးအမြတ်ကို ရမည်မဟုတ်ပေ။
သူတို့၏ စိတ်ကိုသာ အနှောင့်အယှက်ဖြစ်စေလိမ့်မည်။
“လူအိုကြီးစွန်းလား။ သူက ခင်ဗျားရဲ့ မျိုးဆက်သစ်လား”
အဆင့်ငါးတံဆိပ်ပြားနှင့် လူအိုကြီးတစ်ယောက် ရောက်လာပြီး အကြီးအကဲစွန်းကို ကြည့်လိုက်သည်။
အကြီးအကဲစွန်းက တုံ့ဆိုင်းနေပြီး ခေါင်းခါလိုက်သည်။
“ငါက သူ့ကို သိမ်းသွင်းဖို့ စဉ်းစားနေတာ။ အခုတော့ မဖြစ်နိုင်တော့ဘူးထင်တယ်”
အဆင့်လေးနှင့် အဆင့်ငါးသည် သိပ်မကွာပေ။ အကယ်၍ ထိုလူက အဆင့်လေးပန်းပဲပညာရှင် ဖြစ်သွားလျှင် အကြီးအကဲစွန်းက အများအပြား သင်ကြားပေးနိုင်မည်မဟုတ်ပေ။
လူအိုကြီးက ခေါင်းညိတ်လိုက်ပြီး ဟန်မူယဲ့ကို လှည့်ကြည့်သည်။
စင်မြင့်ပေါ်တွင် ပုံရိပ်ယောင်ငါးခု ပေါ်လာသည်။ သူတို့က ထိုင်ခုံကိုးခုတွင် ငါးခုကို နေရာယူထားသည်။
အဆင့်တစ်မှ အဆင့်သုံးအထိ ဒိုင်သုံးယောက်က ကြီးကြပ်ပေးရသည်။ သို့သော် အဆင့်လေးတွင် ဒိုင်ငါးယောက် ဖြစ်သွားသည်။ ဒိုင်လူကြီးများ ဆင်းသက်လာပြီး ဝိညာဉ်သတ္တုများကလည်း အသင့်ဖြစ်နေသည်။
ဟန်မူယဲ့က လက်မြှောက်ပြီး ဝိညာဉ်မီးတောက်ကို အသက်သွင်းသည်။
အဆင့်လေးစမ်းသပ်မှုသည် သူ့အတွက် အရေးမပါပေ။
“သူက အဆင့်လေးကို ဒီအတိုင်းပဲ စတင်လိုက်တာလား”
“ယုံကြည်ချက်ရှိနေတာထင်တယ်။ သူက ဝိညာဉ်သတ္တုတွေရဲ့ ဂုဏ်သတ္တိကိုရော နားလည်ရဲ့လား”
“သူက လုပ်နိုင်မှာလား။ ငါက ဆက်ပြီး စောင့်ကြည့်ချင်သေးတယ်။ ဒါပေမဲ့ အခြေအနေမကောင်းလောက်ဘူး”
အဆင့်လေးပန်းပဲပညာရှင်များက တီးတိုးပြောနေကြသည်။ အဆင့်ငါးပန်းပဲပညာရှင် သုံးယောက်ကသာ လေးနက်သောမျက်နှာထားဖြင့် ရှိနေသည်။
ကျွမ်းကျင်သူတစ်ယောက်က စတင်လှုပ်ရှားလိုက်လျှင် အဖြေကို ချက်ချင်းသိနိုင်သည်။
ဟန်မူယဲ့၏ တိကျသော ထိန်းချုပ်မှုအောက်တွင် ဝိညာဉ်သတ္တုများက အရည်ပျော်သွားကြသည်။
အစိတ်အပိုင်းများအားလုံးသည် ချက်ချင်းဆိုသလိုပင် ပုံစံပေါ်လာသည်။
ချို့ယွင်းနေသောအစိတ်အပိုင်းများ မရှိပေ။
သူက အတင်းအကျပ် အာရုံစိုက်မထားပဲ ပေါ့ပါးစွာ ရှိနေသည်။
ထို့ကြောင့် စောင့်ကြည့်နေသူများက သက်တောင့်သက်သာ ဖြစ်သွားသည်။
ဟန်မူယဲ့၏ လုပ်ဆောင်ချက်များက ပျင်းစရာမကောင်းပဲ စိတ်ဝင်စားစရာကောင်းသည်။
ဟန်မူယဲ့က ဝိညာဉ်အင်းကွက်များကို ထည့်သွင်းသည်။ ထိုအင်းကွက်များက အသက်ဝင်နေသည်ဟု ထင်ရသည်။
သူက လက်မြှောက်ပြီး အစိတ်အပိုင်းများကို ပုံသွင်းသည်။ အစိတ်အပိုင်းများက တုန်ခါနေပြီး ညင်သာသောအသံကို ထုတ်ပေးသည်။
တစ်နာရီအကြာတွင် သူက ရုပ်သေးရုပ်တစ်ဝက်ကို ဖန်တီးနိုင်ခဲ့သည်။
အဆင့်လေးအတွက် စမ်းသပ်မှုသည် ရုပ်သေးရုပ်တစ်ဝက် ဖြစ်သည်။
ခုခံနိုင်သော ချပ်ဝတ်အပိုင်းအစများ မရှိပေ။ လှုပ်ရှားနိုင်သော ခန္ဓာကိုယ်အစိတ်အပိုင်းများသာ ပါဝင်သည်။
ထို့ကြောင့် ရုပ်သေးရုပ်၏ တည်ဆောက်ပုံကို ရှင်းလင်းစွာ မြင်နိုင်ခဲ့သည်။
“တိကျတယ်။ အသေးစိတ်ကျတယ်။ လက်ရာမြောက်တယ်”
အကြီးအကဲစွန်း၏ ဘေးတွင်ရှိသော အကြီးအကဲက ရေရွတ်လိုက်သည်။
သူက ကျေနပ်နေပုံပေါ်သည်။
အဆင့်လေးပန်းပဲပညာရှင်များက တစ်ခုမှလွတ်မသွားအောင် ဟန်မူယဲ့၏ ရုပ်သေးရုပ်ကို သေချာလိုက်ကြည့်နေကြသည်။
ဟန်မူယဲ့၏ အချောသတ်လိုက်သော အစိတ်အပိုင်းတိုင်းသည် ပြစ်ချက်ကင်းနေသည်။
‘အဲဒီလိုအစိတ်အပိုင်းတွေနဲ့ ဖန်တီးထားတဲ့ ရုပ်သေးရုပ်က အရမ်းသွက်လက်နေမှာပဲ’
ဟန်မူယဲ့က နောက်သို့ ခြေတစ်လှမ်းဆုတ်ပြီး တပ်ဆင်ထားသောရုပ်သေးရုပ်ကို စားပွဲပေါ်တွင် ချန်ထားခဲ့သည်။
“ငါက ထိန်းချုပ်လိုက်မယ်”
အကြီးအကဲစွန်းက ရှေ့တက်လာပြီး စိတ်အားထက်သန်နေသော ပန်းပဲပညာရှင်များကို နောက်ဆုတ်သွားစေသည်။
ထိုရုပ်သေးရုပ်တွင် ဗဟိုချက်မရှိပေ။ လူတစ်ယောက်က ကိုယ်ပိုင်ခွန်အားဖြင့် လှုပ်ရှားလာအောင် ထိန်းချုပ်ပေးရမည်။
အကြီးအကဲစွန်းက ဟန်မူယဲ့၏ ကျွမ်းကျင်မှုကို စိတ်ဝင်စားပြီး တန်ဖိုးထားသောကြောင့် ရုပ်သေးရုပ်ကို ထိန်းချုပ်ရန် ရှေ့ထွက်လာခဲ့သည်။
ထိုသို့မဟုတ်လျှင် အဆင့်ငါးပန်းပဲပညာရှင်က ရုပ်သေးရုပ်ကို ထိန်းချုပ်ပေးမည်မဟုတ်ပေ။
တခြားလူများက သူနှင့် မယှဉ်ပြိုင်ကြပေ။ သူတို့အားလုံးက ရုပ်သေးရုပ်ကို စိုက်ကြည့်နေသည်။
အကြီးအကဲစွန်းက စင်မြင့်ပေါ်သို့ ရောက်သွားပြီး ပုံရိပ်ယောင်ငါးခုကို ဦးညွတ်သည်။ ထို့နောက် လက်ဆန့်ထုတ်ပြီး ရုပ်သေးရုပ်၏ခန္ဓာကိုယ်ကို ဖိချသည်။
“ကလစ်”
ရုပ်သေးရုပ်၏ အစိတ်အပိုင်းများ လှုပ်ရှားသွားသောအသံကို ကြားနိုင်သည်။ ရုပ်သေးရုပ်က မတ်တပ်ရပ်လိုက်သည်။
ထို့နောက် စင်မြင့်ပေါ်တွင် ခုန်ပေါက်ပြီး ခြေလက်များကို ဝှေ့ယမ်းနေခဲ့သည်။
ရုပ်သေးရုပ်၏ လှုပ်ရှားမှုများသည် နှောင့်နှေးခြင်းမရှိဘဲ ချောမွေ့နေသည်။
လူသားတစ်ယောက်၏ ခန္ဓာကိုယ်ကဲ့သို့ ထင်ရသည်။
“ဒီလိုရုပ်သေးရုပ်မျိုးကို တစ်နာရီအတွင်း ပြုလုပ်နိုင်တယ်ဆိုတော့ အဲဒီလူက သေချာပေါက် အဆင့်လေးကို ကျော်လွန်နေလိမ့်မယ်”
အဆင့်လေးတံဆိပ်ပြားနှင့် သက်လတ်ပိုင်းအရွယ်လူက လက်သီးဆုပ်လိုက်ပြီး ညင်သာစွာပြောသည်။
သူက အဆင့်လေးဖြစ်သော်လည်း ထိုသို့ သွက်လက်သော ရုပ်သေးရုပ်မျိုးကို မပြုလုပ်နိုင်ပေ။
အချိန်အကန့်အသတ် မရှိလျှင်ပင် လုပ်နိုင်မည်မဟုတ်ပေ။
“အဆင့်မြင့်၊ အဆင့်မြင့်၊ အဆင့်မြင့်”
နောက်တစ်ကြိမ် အဆင့်မြင့်ရလိုက်သည်။
ဤတစ်ကြိမ်တွင် ဒိုင်ငါးယောက်လုံးက အဆင့်မြင့်ပေးခဲ့သည်။
အကြီးအကဲစွန်းက ရုပ်သေးရုပ်ကို စားပွဲပေါ်တွင် ပြန်ထားလိုက်ပြီး ဟန်မူယဲ့ကို လှည့်ကြည့်သည်။ သူက ပြုံးပြပြီး ခေါင်းညိတ်၍ စင်ပေါ်မှ ဆင်းသွားသည်။
ဟန်မူယဲ့က လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ ပြန်လည်နှုတ်ဆက်လိုက်ပြီး ရှေ့တွင်ရှိသော ရုပ်သေးရုပ်ဆီသို့ လျှောက်သွားသည်။
“စမ်းသပ်မှုကို ဆက်လုပ်ပါမယ်”
သူက အဆင့်ငါးအထိ သွားတော့မည်။
စင်မြင့်အောက်တွင်ရှိသော ပန်းပဲပညာရှင်များက ထိတ်လန့်သွားပြီး ကျေနပ်နေကြသည်။
သူတို့က ဟန်မူယဲ့၏ စွမ်းရည်ကြောင့် ထိတ်လန့်နေပြီး ထိုပါရမီရှင်က ဤနေရာတွင် စာရင်းသွင်းလိုက်သောကြောင့် ကျေနပ်မိသည်။
အကယ်၍ ဟန်မူယဲ့က အဆင့်ငါးကို အောင်မြင်သွားလျှင် ဘုရားမြို့၏ ပန်းပဲပညာရှင်အစည်းအရုံးက ဆူပွက်သွားလိမ့်မည်။
“မင်းတို့အားလုံး ထွက်သွားကြတော့”
အကြီးအကဲစွန်းက ဘေးတွင်ရှိသော လူအိုကြီးကို အချက်ပြလိုက်ပြီး တီးတိုးပြောသည်။
“ငါက ဆရာမာကို မျက်မြင်သက်သေအဖြစ် ဆင့်ခေါ်ထားတယ်”
ဆရာမာက ဘုရားမြို့ ပန်းပဲပညာရှင်အစည်းအရုံး၏ မဟာအကြီးအကဲသုံးယောက်ထဲမှ တစ်ယောက်ဖြစ်သော အဆင့်ခြောက်ပန်းပဲဆရာ မာနဉ်ယွမ် ဖြစ်သည်။
အကယ်၍ အဆင့်ငါးပန်းပဲဆရာတစ်ယောက် ပေါ်ထွက်လာလျှင် အစည်းအရုံးတစ်ခုလုံးက ဂုဏ်ပြုပေးသင့်သည်။
အဆင့်ငါးပန်းပဲပညာရှင်တိုင်းသည် ဘုရားမြို့၏ ပန်းပဲပညာရှင်အစည်းအရုံးကို အားကောင်းလာစေသည်။
ဟန်မူယဲ့၏ရှေ့တွင် ဝိညာဉ်သတ္တုများကို နေရာချပြီးသောအခါ ဆံပင်ဖြူပြီး အရပ်ရှည်သော လူအိုကြီးတစ်ယောက်က စင်မြင့်ဆီသို့ လျင်မြန်စွာ ရောက်လာခဲ့သည်။
ပန်းပဲပညာရှင်လေးယောက်သည် လူအိုကြီး၏နောက်တွင် ရှိနေသည်။
“ဆရာမာ”
အကြီးအကဲစွန်းနှင့် တခြားလူများက အလျင်စလို ဦးညွတ်လိုက်ကြသည်။
“ဟန်မူယဲ့၊ မြို့ထဲမှာ နာမည်ရလာခါစဖြစ်တဲ့ ဆရာဟန်က ဟယ်မိသားစုနဲ့ ပူးပေါင်းထားတယ်”
မာနဉ်ယွမ်က ဟန်မူယဲ့၏အကြောင်းကို ကြိုသိနေပြီး ညင်သာစွာပြောလိုက်သည်။
‘ဆရာဟန်လား’
‘ဟယ်မိသားစုကို ပြန်လည်တိုးတက်လာအောင် ကူညီပြီး သခင်လေးဟယ်ကို မြို့ထဲမှာ ပြိုင်ဘက်ကင်းမျိုးဆက်သစ်ဖြစ်လာအောင် ထောက်ပံ့ပေးလိုက်တဲ့လူလား’
အဆင့်ငါးပန်းပဲပညာရှင်များက ခေါင်းညိတ်လိုက်ကြသည်။
ဟန်မူယဲ့က အဆင့်ငါးအထိ ရောက်လာသည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။
“သူက ဘယ်လောက်ကျွမ်းကျင်လဲ ကြည့်ရအောင်”
မာနဉ်ယွမ်က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ဟန်မူယဲ့၏ရှေ့တွင်ရှိသော မီးတောက်ကို ကြည့်လိုက်သည်။
မီးတောက်ဆယ်ခုသည် ဟန်မူယဲ့၏ရှေ့တွင် အမျိုးမျိုးသော ဝိညာဉ်သတ္တုများကို အရည်ဖျော်နေသည်။
တောက်ပသော ရုပ်သေးရုပ်အစိတ်အပိုင်းများသည် မီးတောက်ထဲမှ ပေါ်ထွက်လာသည်။
အဆင့်လေးအတွက် စမ်းသပ်မှုတွင် ရုပ်သေးရုပ်၏ ခန္ဓာကိုယ်ကို တည်ဆောက်ရသည်။
အဆင့်ငါးတွင် ထိုခန္ဓာကိုယ်အတွက် ချပ်ဝတ်အစိတ်အပိုင်းများကို သန့်စင်ရသည်။
ထိုချပ်ဝတ်သည် ချပ်ဝတ်သခင်များ၏ ချပ်ဝတ်နှင့် မတူပေ။ ရုပ်သေးရုပ်၏ ခုခံမှုနှင့် ခွန်အားအတွက် ဖြစ်သည်။
ထိုအဆင့်တွင် ရုပ်သေးရုပ်၏ ခွန်အားနှင့် ပတ်သတ်သော ပန်းပဲပညာရှင်၏ ဗဟုသုတကို စစ်ဆေးသည်။ ထို့အပြင် ချပ်ဝတ်သန့်စင်ခြင်းနှင့် ပတ်သတ်၍လည်း သိနိုင်သည်။
ရုပ်သေးရုပ်အတွက် ချပ်ဝတ်ကို သန့်စင်ပေးနိုင်လျှင် ချပ်ဝတ်သခင်အတွက်လည်း ချပ်ဝတ်ကို သန့်စင်နိုင်လိမ့်မည်။
ထိုချပ်ဝတ်၏ ခုခံမှုနှင့် တိုက်ခိုက်မှုသည် အနည်းဆုံး အဆင့်ငါးသို့ ရောက်နေရမည်။
“ဝီ”
တုန်ခါသံနှင့်အတူ ဟန်မူယဲ့၏ ရှေ့တွင်ရှိသော အပိုင်းအစများက ပေါင်းစပ်သွားပြီး ရုပ်သေးရုပ်အတွက် ချပ်ဝတ်တစ်ခု ဖြစ်လာသည်။
“ကောင်းလိုက်တဲ့ချပ်ဝတ်ပဲ။ အကြည့်တစ်ချက်နဲ့ အဆင့်ငါးဆိုတာကို ပြောနိုင်တယ်”
မာနဉ်ယွမ်က ဘေးတွင်ရှိသော ပန်းပဲပညာရှင်ကို ကြည့်လိုက်ပြီး ပြောသည်။
“ချန်ရွှင်း၊ မင်းစမ်းကြည့်လိုက်ပါ့လား”
ချန်ရွှင်းဟုခေါ်သော ပန်းပဲပညာရှင်က စင်မြင့်ပေါ်သို့ တက်သွားပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ ဟန်မူယဲ့ကို နှုတ်ဆက်သည်။ ထို့နောက် ဓားရှည်တစ်လက်ကို ထုတ်ယူသည်။
“ဘုန်း”
ဓားရှည်က ကျဆင်းလာသည်။ ချပ်ဝတ်၏ ရွှေအလင်းက သွယ်ယှက်နေပြီး ဓားချက်ကို ခုခံလိုက်သည်။
ချန်ရွှင်းက အံ့အားသင့်နေသော မျက်နှာထားဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်ပေးရသည်။
ထိုချပ်ဝတ်၏ ခုခံနိုင်စွမ်းသည် သူထင်ထားသည်ထက် ကျော်လွန်နေသည်။
“အဆင့်မြင့်”
ဟန်မူယဲ့က အောင်မြင်သွားပြန်သည်။
သူက အဆင့်ငါးပန်းပဲပညာရှင် ဖြစ်လာသည်။
“ဂုဏ်ပြုပါတယ်ဆရာဟန်”
ချန်ရွှင်းက ဟန်မူယဲ့ကို နှုတ်ဆက်လိုက်ပြီး အောက်ဆင်းသွားသည်။
စင်မြင့်အောက်တွင်ရှိသော တခြားပန်းပဲပညာရှင်များက ဟန်မူယဲ့ကို လက်ပြလိုက်ကြသည်။
ဟန်မူယဲ့က သူတို့ကို ခေါင်းညိတ်ပြပြီး မာနဉ်ယွမ်ကို ကြည့်သည်။
“ငါတို့မြို့မှာ နောက်ထပ် အဆင့်ငါးပန်းပဲပညာရှင်တစ်ယောက် ရှိလာပြီပဲ”
မာနဉ်ယွမ်က ပြုံးလိုက်ပြီး ပြောသည်။
“စမ်းသပ်မှုပြီးသွားရင် ဆရာဟန်အတွက် ဂုဏ်ပြုပွဲကျင်းပပေးမယ်”
သို့သော် ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ညင်သာစွာ ပြောသည်။
“စမ်းသပ်မှုကို ဆက်လုပ်လိုက်ပါအုံးမယ်”
“စမ်းသပ်မှုကို ဆက်လုပ်မှာလား”
သူက အဆင့်ငါးအပြီး အဆင့်ခြောက်ကိုတက်ရန် ကြိုးစားနေသည်။
အကယ်၍ အောင်မြင်သွားလျှင် ဘုရားမြို့မှ ပန်းပဲပညာရှင်အစည်းအရုံး၏ လေးယောက်မြောက် မဟာအကြီးအကဲ ဖြစ်လာလိမ့်မည်။
ဘုရားမြို့သည် ချောင်ကျပြီး လူဦးရေနည်းပါးသည်။ အစစ်အမှန်ပါရမီရှင်နှင့် စွမ်းဆောင်ရည်ရှိသော လူများသည် ဤနေရာတွင် အချိန်ကြာမြင့်စွာ မနေကြပေ။
ဘုရားမြို့တွင် အသန်မာဆုံးကျင့်ကြံသူများက အဆင့်ငါးချပ်ဝတ်သခင်နှင့် ရုပ်သေးသခင်များ ဖြစ်ကြသည်။ ထို့ကြောင့် အဆင့်ခြောက် ပန်းပဲပညာရှင်များအတွက် စီးပွားရေးမကောင်းပေ။