← Chapters

အခန်း (၁၂၂၈)

Vol. 88 Ch. 1228

အခန်း (၁၂၂၈)

Vol. 88 Ch. 1228

သူတို့က ဤနေရာတွင် မဟာအကြီးအကဲများဖြစ်ပြီး ဘုရားမြို့၏ ပန်းပဲပညာရှင်အစည်းအရုံးနှင့် ပတ်သတ်၍ စည်းကမ်းသတ်မှတ်နိုင်သည့်အပြင် လွှမ်းမိုးနိုင်စွမ်း ကြီးမားသည်။

သို့သော် သူတို့အတွက် စီးပွားရေးအခွင့်အလမ်း သိပ်မရှိပေ။ တိုးတက်လာရန်လည်း ခက်ခဲသည်။ ထို့ကြောင့် တိုးတက်ချင်သောလူများက ဘုရားမြို့တွင် မနေကြပေ။

အဆင့်မတက်နိုင်သော မာနဉ်ယွမ်ကဲ့သို့ လူများကသာ ဘုရားမြို့တွင် အနားယူရန် ရွေးချယ်ကြသည်။

ဟန်မူယဲ့က စမ်းသပ်မှုကို ဆက်လုပ်မည်ဖြစ်ကြောင်း ပြောလိုက်သောအခါ စင်မြင့်အောက်တွင်ရှိသော လူများ၏မျက်နှာထားက ပြောင်းလဲသွားသည်။

မာနဉ်ယွမ်က စိုးရိမ်ပြီး ပျော်ရွှင်နေမိသည်။

တခြားလူများက အံ့အားသင့်ပြီး နားမလည်နိုင်ဖြစ်နေသည်။ သို့သော် သူတို့၏ မျက်လုံးထဲတွင် မျှော်လင့်စောင့်စားမှုကို မြင်ရသည်။

“ကောင်းပြီ၊ ကောင်းပြီ”

မာနဉ်ယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ပြောသည်။

“အဆင့်ခြောက်အတွက် လိုအပ်တဲ့ ဝိညာဉ်သတ္တုတွေက ရှားပါးပြီး အဖိုးတန်တယ်။ အချိန်ပိုကြာလိမ့်မယ်။ ကျေးဇူးပြုပြီး စောင့်ပေးပါအုံး ဆရာဟန်”

အဆင့်ခြောက်စမ်းသပ်မှုအတွက် အဖိုးတန်ပြီး ရှားပါးသော ဝိညာဉ်သတ္တုများကို လိုအပ်သည်။ ဟန်မူယဲ့က အလျင်မလိုပေ။ သူက စင်မြင့်ပေါ်တွင် ဝိညာဉ်သတ္တုများရောက်လာမည့်အချိန်ကို စောင့်နေသည်။

အဆင့်ငါးပန်းပဲပညာရှင်များက စမ်းသပ်မှုကို ဆက်မကြည့်နိုင်သောကြောင့် ဟန်မူယဲ့ကို နှုတ်ဆက်ပြီး ထွက်သွားကြသည်။

ဆံပင်ဖြူနေသော လူအိုကြီးနှစ်ယောက်က မာနဉ်ယွမ်၏ဘေးသို့ ရောက်လာသည်။

“တာအိုရောင်းရင်းဟန်၊ ဘုရားမြို့မှာဆက်နေဖို့ အစီအစဉ်ရှိလား”

အဖြူရောင်ဝတ်စုံနှင့် လူအိုကြီးက ခပ်ဟဟရယ်လိုက်ပြီး ဟန်မူယဲ့ကိုကြည့်သည်။

“အဲဒီလိုဆိုရင် ငါတို့ရဲ့ ပန်းပဲပညာရှင်အစည်းအရုံးမှာ တက်ကြွနေတဲ့ ကျွမ်းကျင်သူတစ်ယောက် ရှိလာတော့မှာပေါ့”

မီးခိုးရောင်ဝတ်စုံနှင့် လူအိုကြီးကလည်း ပြောသည်။

မာနဉ်ယွမ်က လူအိုကြီးနှစ်ယောက်ကို ကြည့်လိုက်ပြီး ဟန်မူယဲ့ကို ဆက်ကြည့်သည်။ သူက မိတ်ဆက်ပေးသည်။

“တာအိုရောင်းရင်းဟန်၊ ဒါက ဘုရားမြို့ ပန်းပဲပညာရှင်အစည်းအရုံးရဲ့ ဆရာယုချန်တောက်နဲ့ ဆရာဝူဟွားပါ။ အဆင့်ခြောက်ပန်းပဲပညာရှင်တွေပါပဲ”

“ဟားဟား။ ဆရာဟန်၊ မင်းက အဆင့်ခြောက်ကို ကျော်ဖြတ်သွားရင် ငါတို့ ပန်းပဲပညာရှင်အစည်းအရုံးမှာ အငယ်ဆုံး အကြီးအကဲတစ်ယောက် ဖြစ်လာလိမ့်မယ်”

အဖြူရောင်ဝတ်စုံနှင့် ယုချန်တောက်က ခပ်ဟဟရယ်လိုက်ပြီး ပြောသည်။

“ငါတို့အစည်းအရုံးက လူငယ်တွေကိုပဲ မှီခိုရမှာပါ”

မီးခိုးရောင်ဝတ်စုံနှင့် ဝူဟွားက အဓိပ္ပာယ်ရှိရှိ ပြောလိုက်သည်။

ဟန်မူယဲ့က လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

“စမ်းသပ်မှု အောင်မြင်သွားမှ ဆက်ပြောကြတာပေါ့ဗျာ”

ထို့နောက် သူက လက်မြှောက်ပြီး မီးတောက်ကို ဖော်ထုတ်သည်။

ဝိညာဉ်သတ္တုများက လျင်မြန်စွာ အရည်ပျော်လာပြီး ပုံသွင်းခံလိုက်ရသည်။

အဆင့်ခြောက်တွင် ရုပ်သေးရုပ်၏ ဗဟိုချက်ကို ဖန်တီးရမည်။

ဗဟိုချက်သည် ရုပ်သေးရုပ်၏ခွန်အားကို ဆုံးဖြတ်ပေးနိုင်သည်။

ရုပ်သေးရုပ်၏ခန္ဓာကိုယ်က သွက်လက်ပြီး ခိုင်မာမှုရှိလျှင်ပင် လုံလောက်သောစွမ်းအားကို မထောက်ပံ့နိုင်လျှင် အသုံးမဝင်ပေ။

ကုန်ကျစရိတ်များပြီး တိုက်ခိုက်နိုင်စွမ်းနည်းပါးသော ရုပ်သေးရုပ်ကို မည်သူက လိုချင်မည်နည်း။

ပန်းပဲပညာရှင်များသည် အထောက်အပံ့ပေးနေသော လူအုပ်စုသာ ဖြစ်သည်။ သူတို့ဖန်တီးလိုက်သော ပစ္စည်းများကို တစ်ယောက်ယောက်က ထိန်းချုပ်ပြီး အသုံးပြုပေးရမည်။

ဟန်မူယဲ့၏ မီးတောက်များကို ကြည့်လိုက်ပြီး ပန်းပဲပညာရှင်သုံးယောက်၏ မျက်နှာထားက မတူညီကြပေ။

“သူက ငါတို့ဘုရားမြို့မှာ ဘယ်လောက်ကြာအောင်နေမယ်ထင်လဲ”

မာနဉ်ယွမ်က ညင်သာစွာပြောသည်။

ဟန်မူယဲ့က စမ်းသပ်မှုကို ကျော်ဖြတ်ပြီး ဘုရားမြို့ ပန်းပဲပညာရှင်အစည်းအရုံး၏ လေးယောက်မြောက် မဟာအကြီးအကဲ ဖြစ်လာလျှင် သူတို့သုံးယောက်၏ အမိန့်အာဏာနှင့် အရင်းအမြစ်ကို ခွဲပေးရမည်။

ထို့ကြောင့် မာနဉ်ယွမ်က ပြောလိုက်ခြင်းဖြစ်သည်။

“ဒီလိုမျိုး ငယ်ရွယ်တဲ့ အဆင့်ခြောက်ပန်းပဲပညာရှင်က ဘုရားမြို့မှာ ဘယ်လိုလုပ်ပြီး နေမှာလဲ”

ယုချန်တောက်က ခေါင်းခါလိုက်သည်။

ဝူဟွားက ပြုံးလိုက်ပြီး ရေရွတ်သည်။

“ဘုရားမြို့ရဲ့ အခြေအနေက နှစ်ပေါင်းသုံးရာ ကြာသွားတဲ့အထိ မပြောင်းလဲခဲ့ဘူး”

ယုချန်တောက်၊ မာနဉ်ယွမ်နှင့် ဝူဟွား ....

သူတို့သုံးယောက်က ဘုရားမြို့တွင် အမြဲရှိနေခဲ့သည်။ ယခင်က တခြားအဆင့်ခြောက်ပညာရှင်များ ပေါ်ထွက်လာသော်လည်း အချိန်ကြာမြင့်စွာ မနေခဲ့ကြပေ။

သူတို့သုံးယောက်က စွမ်းအားနှင့် အရင်းအမြစ်ကို ထိန်းချုပ်ထားသောကြောင့် တခြားလူများက အချိန်ကြာမြင့်စွာ မနေနိုင်ကြပေ။

ဝူဟွား၏စကားကြောင့် မာနဉ်ယွမ်နှင့် ယုချန်တောက်က ရယ်လိုက်ကြသည်။

သူတို့အားလုံးက အိုမင်းနေပြီး ဘုရားမြို့တွင်သာ နေနိုင်သည်။

ဘုရားမြို့၏ ပန်းပဲပညာရှင်အစည်းအရုံးသည် သူတို့သုံးယောက်နှင့်သာ သက်ဆိုင်သည်။

အပြင်လူများက ဝင်ပါနိုင်မည်မဟုတ်ပေ။

“စမ်းသပ်ပွဲကို သူအောင်မြင်သွားမှ ပြောကြတာပေါ့”

မာနဉ်ယွမ်က ပေါ့ပါးစွာ ပြောလိုက်ပြီး ဟန်မူယဲ့၏ရှေ့တွင် ‌တောက်ပနေသော မီးတောက်များကို ကြည့်နေသည်။

ဟန်မူယဲ့က သူတို့သုံးယောက်ကို ဂရုမစိုက်ပေ။ ယခုအချိန်တွင် အစိတ်အပိုင်းအမျိုးမျိုးသည် သူ့ရှေ့တွင် ပေါ်ထွက်လာသည်။

သူက မီးပြင်းဖိုတစ်ခု၏ ပုံရိပ်ကို မြင်နေရသည်။

ဓာတ်စင်ငါးပါးမီးပြင်းဖို ဖြစ်သည်။

သို့‌သော် အစစ်အမှန်မဟုတ်ပဲ သူ၏ စိတ်ကူးပုံရိပ်သာ ဖြစ်သည်။

“မင်းက ဓာတ်စင်ငါးပါးမီးပြင်းဖိုရဲ့ တည်ဆောက်ပုံကိုသုံးပြီး ဗဟိုချက်ကို ဖန်တီးချင်တာလား”

ဟန်မူယဲ့က ရွှေရောင်ငှက်၏အသံကို ကြားလိုက်ရသည်။

“ကြယ်စင်စုစကြဝဠာက ဗဟိုချက်ကို လေ့လာတဲ့နေရာမှာ အရမ်းအဆင့်မြင့်တယ်”

ခေးအော့က တီးတိုးပြောသည်။

“ကောင်းကင်စုပေါင်းကုန်းမြေရဲ့ ဝင်္ကပါ၊ သွေးစက်ကျချောက်ကမ်းပါးရဲ့ ဝင်္ကပါနဲ့ ကောင်းကင်ပြောင်းလဲခြင်းစံအိမ်တွေကို အရမ်းသိမ်မွေ့တဲ့ စွမ်းအားတွေက မောင်းနှင်ပေးထားတယ်”

သွေးစက်ကျချောက်ကမ်းပါး၏ ဝင်္ကပါသည် သွေးမျိုးဆက်ပုတီးစေ့များကို စုစည်းပြီး နဂါးမိကျောင်း၏ခန္ဓာကိုယ်ကို ဖိနှိပ်ထားသည်။

ထိုဝင်္ကပါသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိခဲ့ပြီး ဝင်္ကပါကို အပြည့်အဝနားလည်သောလူများ မရှိခဲ့ပေ။ ထို့ကြောင့် အသက်ကိုစတေးပြီး ဝင်္ကပါကို ထိန်းသိမ်းထားရုံသာ တတ်နိုင်သည်။

ထို့အပြင် ကောင်းကင်ပြောင်းလဲခြင်းစံအိမ်ကိုလည်း ဓားစံအိမ်အား ဖန်တီးခဲ့သော အင်မော်တယ်ဘုရင်ထုံထျန်းမှလွဲ၍ တခြားလူများက နားမလည်ကြပေ။

ထိုအရာသည် ကြယ်စင်စုစကြဝဠာ၏ခွန်အား ဖြစ်သည်။

ထို့ကြောင့် ဓာတ်စင်ငါးပါးမီးပြင်းဖို၏ တည်ဆောက်ပုံဖြင့် မီးတောက်များကို အဆုံးစွန်အထိ အားဖြည့်ပေးခဲ့သည်။

ဓာတ်စင်ငါးပါးမီးပြင်းဖိုသည် နတ်ဘုရားမီးတောက်တစ်မျိုးဖြစ်သော အံ့ဖွယ်ကောင်းကင်မီးတောက်ကို သယ်ဆောင်ထားပြီး ရှေးခေတ်နတ်ဘုရားသားရဲ ရေမှင်စာကိုပင် ဖိနှိပ်ခဲ့သည်။

“ဓာတ်စင်ငါးပါးမီးပြင်းဖိုရဲ့ အားသာချက်က ခွဲခြားနိုင်တာပဲ”

ဟန်မူယဲ့က ညင်သာစွာ ရေရွတ်သည်။

ဓာတ်စင်ငါးပါးမီးပြင်းဖိုက မီးပြင်းဖိုငါးခုအဖြစ် ကွဲထွက်သွားလျှင် အားနည်းနေလိမ့်မည်။

သို့သော် ပြန်လည်ပေါင်းစပ်လိုက်လျှင် အားကောင်းလာမည်။

“မင်းက စွမ်းအားတွေ ဆင့်ကဲတိုးပွားလာနိုင်တဲ့ ဗဟိုချက်ကို သန့်စင်မလို့လား”

ဓာတ်စင်ငါးပါးမီးပြင်းဖိုက သိချင်စိတ်များဖြင့် မေးသည်။

“အဲဒါက ခက်လိမ့်မယ်။ အရင်တုန်းကတောင် စွမ်းအားဆတိုးနိုင်တဲ့ ရုပ်သေးရုပ်တွေကို ကြယ်စင်စုစကြဝဠာက မဖန်တီးနိုင်ခဲ့ဘူး”

ကောင်းကင်အဆင့်၊ ကမ္ဘာဦးအဆင့်နှင့် စကြဝဠာအဆင့်များတွင် စွမ်းအားဆတိုးနိုင်သော လုပ်ဆောင်ချက် မရှိပေ။

အဆင့်နိမ့်ရုပ်သေးရုပ်များသည် ဝင်္ကပါကို ဖွဲ့စည်းပြီး တိုက်ခိုက်နိုင်သော်လည်း ဝင်္ကပါ၏စွမ်းအားသည် သူတို့၏ ကိုယ်ပိုင်စွမ်းအား မဟုတ်ပေ။

“ကျွန်တော်က စွမ်းအားတွေကို ဆင့်ကဲတိုးသွားအောင် လုပ်မှာမဟုတ်ဘူး။ ပေါင်းစပ်လိုက်မှာပဲ”

ဟန်မူယဲ့က တီးတိုးပြောလိုက်ပြီး ဆက်လက်လှုပ်ရှားနေသည်။

“အဲဒါက ရိုးရှင်းပါတယ်။ ရုပ်သေးရုပ်ထဲမှာ ပေါင်းစပ်ပုံစံကို ထည့်သွင်းလိုက်ရုံပဲ”

ဥပမာအနေဖြင့် ရုပ်သေးရုပ်တစ်ရုပ်သည် တိုက်ပွဲတွင် လက်မောင်း သို့မဟုတ် တခြားခန္ဓာကိုယ်အစိတ်အပိုင်းအဖြစ် ပြောင်းလဲ၍ တခြားရုပ်သေးရုပ်များနှင့် ပေါင်းစပ်နိုင်မည်။

ထိုသို့ဆိုလျှင် ရုပ်သေးရုပ်များက ပိုမိုအားကောင်းပြီး အရွယ်အစားကြီးမားသော ရုပ်သေးရုပ်ကို ဖန်တီးနိုင်လိမ့်မည်။

ဟန်မူယဲ့က ကြယ်စင်စုစကြဝဠာ၏ နည်းစနစ်များကို လေ့လာပြီး အကြံရခဲ့သည်။

အဆင့်မြင့်ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို လူအများက ပူးပေါင်းထိန်းချုပ်ထားသည်။

သို့သော် ထိုထိန်းချုပ်မှုသည် ရုပ်သေးရုပ် သို့မဟုတ် ချပ်ဝတ်ကို ပိုမိုအားကောင်းမလာပဲ အားနည်းသွားစေသည်။

ဒါဇင်ချီနေသောလူများ ထိန်းချုပ်ထားသည့် ရုပ်‌သေးရုပ်သည် ကျွမ်းကျင်သူတစ်ယောက် ထိန်းချုပ်ထားသော ရုပ်သေးရုပ်ကို အနိုင်ရမည်မဟုတ်ပေ။

ထိုလူများက ပြီးပြည့်စုံစွာ ပူးပေါင်းပြီး ရုပ်သေးရုပ်ကို ထိန်းချုပ်ရာတွင် ကျွမ်းကျင်နေလျှင်ပင် တစ်ယောက်တည်းထိန်းချုပ်ထားသော လျင်မြန်သွက်လက်ခြင်းနှင့် လွတ်လပ်ခြင်းကို မရနိုင်ပေ။

ယခုအချိန်တွင် ဟန်မူယဲ့ပြုလုပ်နေသော ဗဟိုချက်က ရုပ်သေးသခင်၏ ထိန်းချုပ်ထားသော စွမ်းအားထက် ရုပ်သေးရုပ်၏ စွမ်းအားကို အလေးပေးရန် ရည်ရွယ်သည်။

ထို့ကြောင့် ဒါဇင်ချီသောလူများက ဤရုပ်သေးရုပ်ကို ထိန်းချုပ်လိုက်လျှင် စွမ်းအားထောက်ပံ့ပေးရန်သာ လိုအပ်သည်။

အဓိကလူတစ်ယောက်ကသာ ရုပ်သေးရုပ်ကို အမှန်တကယ် စေခိုင်းနိုင်လိမ့်မည်။

ထိုနည်းလမ်းသည် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များ၏ပုံစံကို ပြောင်းလဲပစ်နိုင်သည်။

ကြယ်စင်စုစကြဝဠာတွင်ရှိသော လူများက ထိုနည်းလမ်းကို မစဉ်းစားနိုင်ခြင်း မဟုတ်ပေ။

ဤနေရာတွင် အလွန်များပြားသော အားကောင်းသည့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များ ရှိနေသည်။

သူတို့၏လေ့လာမှုက မည်သို့ပင် ဖြစ်နေပါစေ သိုလှောင်ရုံထဲတွင် ဖုန်တက်နေသော ကမ္ဘာဦးရုပ်သေးရုပ်၊ ချပ်ဝတ်များနှင့် မယှဉ်နိုင်ပေ။

ပန်းပဲပညာရှင်များ၏ တာဝန်သည် အမျိုးမျိုးသော အပျက်အစီးများကို ပြုပြင်ပေးရန်သာ ဖြစ်သည်။

သူတို့က ကမ္ဘာဦးအဆင့် ချပ်ဝတ်နှင့်ရုပ်သေးရုပ်များကို ပြုပြင်နိုင်ရန် ရည်မှန်းထားကြသည်။

ထိုသို့ပင် ဖြစ်သည်။

“ဝီ”

တုန်ခါသံနှင့်အတူ တစ်ပေပတ်လည်ရှိ‌သော သံမဏိသေတ္တာတစ်လုံးက ဟန်မူယဲ့၏ရှေ့တွင် ဖြစ်တည်လာသည်။

ထိုသေတ္တာက လည်ပတ်နေပြီး နောက်ဆုံးတွင် လက်ဝါးအရွယ်အစားရှိသော အနက်ရောင်သံမဏိပြားအဖြစ် ပြောင်းလဲသွားသည်။

သံမဏိပြား၏အလယ်တွင် မူလကျောက်တုံး ထည့်သွင်းနိုင်သော ချိုင့်ခွက်တစ်ခု ရှိနေသည်။

ဟန်မူယဲ့က ထိုချိုင့်ခွက်ကို ပုံစံပြောင်းထားခဲ့သည်။ ထို့ကြောင့် မူလကျောက်တုံးသာမက တခြားစွမ်းအင်များကိုလည်း ထည့်သွင်းပြီး အသုံးပြုနိုင်သည်။

သံမဏိပြားက လေထုထဲတွင် ညင်သာစွာ လွင့်မျောနေသည်။

စောင့်ကြည့်နေသော အဆင့်ခြောက်ပန်းပဲပညာရှင်သုံးယောက်က မျက်နှာထားလေးနက်နေသည်။

ထိုအရာသည် ရုပ်သေးရုပ်၏ ဗဟိုချက်ဖြစ်သည်။

သို့သော် သူတို့က ထိုဗဟိုချက်မျိုးကို တစ်ခါမှ မမြင်ဖူးပေ။

“ငါက ဆရာဟန်အတွက် သရုပ်ပြပေးရမလား”

ယုချန်တောက်က စကားပြောလိုက်ပြီး စင်မြင့်ကို လှမ်းကြည့်သည်။

စင်ပေါ်တွင်ရှိသော ဒိုင်လူကြီးငါးယောက်၏ မျက်နှာထားက လေးနက်နေသည်။

သူတို့က အစည်းအရုံး၏ ကျပန်းဆင့်ခေါ်မှုကြောင့် ရောက်လာသော အဆင့်ခုနစ်ပန်းပဲပညာရှင်များ ဖြစ်ကြသည်။

သူတို့က ဟန်မူယဲ့၏ လုပ်ဆောင်ချက်တစ်ခုလုံးကို မြင်ခဲ့ရသည်။

ထို့နောက် သူတို့က အလေးအနက်ထားနေသည်။

ဟန်မူယဲ့က အလွန်ကျွမ်းကျင်ပြီး ဗဟိုချက်ကို ချောမွေ့စွာ တည်ဆောက်သွားသည်။

သူ၏ လုပ်ဆောင်ချက်နှင့်ပင် အအောင်ပေးနိုင်သည်။

သို့သော် ဟန်မူယဲ့၏ ဗဟိုချက်က သာမန်ဗဟိုချက်များနှင့် မတူပဲ ကွဲပြားနေသည်။

ထိုအရာမျိုးကို မည်သူမှ မမြင်ဖူးကြပေ။

ဒိုင်ငါးယောက်က ဗဟိုချက်ဖြစ်ကြောင်း သေချာသိနေသော်လည်း ဗဟိုချက်၏စွမ်းရည်ကို မဆုံးဖြတ်နိုင်ပေ။

“သရုပ်ပြတာကို စောင့်ကြည့်ကြတာပေါ့”

ထိုင်ခုံတွင်ရှိနေသော လူအိုကြီးက လက်ကို ဝှေ့ယမ်းလိုက်ပြီး ပျောက်ကွယ်သွားသည်။

တခြားလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။

ယုချန်တောက်နှင့် တခြားနှစ်ယောက်က အံ့အားသင့်နေသည်။

‘ဒါက ဘာလဲ’

‘အဲဒီဗဟိုချက်က ဘာထူးခြားနေလို့လဲ’

သူတို့သုံးယောက်က အဆင့်ခြောက်ဖြစ်သော်လည်း အစစ်အမှန်ကျွမ်းကျင်သူများ မဟုတ်ကြပေ။ သူတို့၏ အသိပညာက အကန့်အသတ် ရှိသည်။

ဟန်မူယဲ့၏ ဗဟိုချက်က ကွဲပြားနေသော်လည်း သူတို့က သိပ်မတွေးမိကြပေ။

All Chapters