အခန်း (၁၂၃၀)
Vol. 88 Ch. 1230
“အားလုံးပဲ ခဏနေကြပါအုံး”
ယုချန်တောက်က လူအုပ်ကို တညငြိမ်စွာကြည့်သည်။
“ဆရာဟန်က အခု အဆင့်ခုနစ် ပန်းပဲပညာရှင်အဖြစ် စစ်ဆေးမှုခံယူနေတယ်”
အဆင့်ခုနစ် ....
ချက်ချင်းဆိုသလိုပင် လူအုပ်က တိတ်ဆိတ်သွားသည်။
အကယ်၍ ဟန်မူယဲ့က အဆင့်ခြောက်ဖြစ်နေလျှင် ဘုရားမြို့တွင် နှစ်ပေါင်းများစွာကြာအောင် နေထိုင်လာခဲ့သော မဟာအကြီးအကဲသုံးယောက်နှင့် ယှဉ်နိုင်မည်မဟုတ်ပေ။ သူတို့က အလွန်များပြားသော အရင်းအမြစ်များကို စုဆောင်းထားခဲ့သည်။
အရင်းအမြစ်မရှိသော မဟာအကြီးအကဲကို မည်သူမှ ဂရုစိုက်မည်မဟုတ်ပေ။
သို့သော် ဟန်မူယဲ့က အဆင့်ခုနစ် ဖြစ်သွားလျှင် ဘုရားမြို့ ပန်းပဲပညာအစည်းအရုံး၏ခေါင်းဆောင် ဖြစ်လာလိမ့်မည်။ ထိုသို့ဆိုလျှင် အရာအားလုံးက ပြောင်းလဲသွားမည်။
အဆင့်ခုနစ်ပန်းပဲပညာရှင်သည် ကြွယ်ဝမှုများကို လွယ်ကူစွာ စုဆောင်းနိုင်သည့်အပြင် အနည်းငယ် သင်ပြပေးရုံဖြင့် အဆင့်ခြောက် ပန်းပဲပညာရှင်နှစ်ယောက်ကို ပျိုးထောင်ပေးနိုင်လိမ့်မည်။
အဆင့်ခုနစ်သည် မဟာအကြီးအကဲသုံးယောက်ကို အပြည့်အဝ ကျော်လွန်နေသည်။
ထို့ကြောင့် လူတိုင်းက တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။
ခန်းဆောင်ထဲတွင်ရှိသော စင်မြင့်တွင် ဟန်မူယဲ့က ဒိုင်လူကြီးခုနစ်ယောက်ကို ကြည့်လိုက်သည်။
“ဒိုင်လူကြီးတို့ အဆင့်ခုနစ်ကနေ အဆင့်ရှစ်၊ အဆင့်ကိုးအထိ တိုက်ရိုက်ဆက်သွားလို့ရမလား”
“တစ်ဆင့်ချင်းစီသွားနေရတာက အလုပ်ရှုပ်တယ်”
သူ့စကားကို ကြားရသောအခါတွင် ဒိုင်ခုနစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ အလယ်တွင်ထိုင်နေသော အနက်ရောင်မုတ်ဆိတ်နှင့် အကြီးအကဲက ခေါင်းညိတ်သည်။
“မင်းက အဆင့်ရှစ်ချပ်ဝတ် ဒါမှမဟုတ် အဆင့်ရှစ်ရုပ်သေးရုပ်ကို နှစ်နာရီအတွင်း သန့်စင်နိုင်ရင် အဆင့်ကိုးပန်းပဲပညာရှင်အဖြစ် တောင်းဆိုနိုင်တယ်”
နှစ်နာရီအတွင်း အဆင့်ရှစ်ချပ်ဝတ် သို့မဟုတ် ရုပ်သေးရုပ်ကို သန့်စင်ရမည်။
နာရီနှစ်ဆယ် အချိန်ရလျှင်ပင် သန့်စင်ရန် ခက်ခဲသည်။ နှစ်နာရီဆိုလျှင် ပြောနေရန်မလိုတော့ပေ။
အဆင့်ရှစ်ရုပ်သေးရုပ်နှင့် ချပ်ဝတ်တွင် သောင်းချီသော အစိတ်အပိုင်းများ ပါဝင်သည်။ ထို့အပြင် ဝိညာဉ်သတ္တုများကို အရည်ဖျော်ရန် ခက်ခဲသည့်အပြင် ဆက်တိုက် ပုံသွင်းပြီး အချောသတ်ပေးရမည်။
ဝိညာဉ်အင်းကွက်များကိုလည်း အစိတ်အပိုင်းတိုင်းတွင် ထည့်သွင်းရမည်။ အဆင့်ကိုးပန်းပဲပညာရှင် ဖြစ်နေလျှင်ပင် အစိတ်အပိုင်းတစ်သောင်းကို တစ်ခါတည်း အင်းကွက်ထွင်းထုနိုင်ရန် ရုန်းကန်ရမည်။ ကြားတွင် အနားယူရန် လိုအပ်သည်။
ထို့ကြောင့် အဆင့်ကိုးဒိုင်ခုနစ်ယောက်၏အမြင်တွင် အဆင့်ရှစ်ချပ်ဝတ်၊ သို့မဟုတ် ရုပ်သေးရုပ်ကို နှစ်နာရီအတွင်း သန့်စင်ရန် မဖြစ်နိုင်ပေ။
သာမန် အဆင့်ရှစ်နှင့် အဆင့်ကိုး စမ်းသပ်မှုများသည် ထိုသို့ မဟုတ်ပေ။
သို့သော် ဟန်မူယဲ့က အဆင့်ကိုးသို့ တိုက်ရိုက်ခုန်တက်ချင်သောကြောင့် အလွန်ခက်ခဲသော စမ်းသပ်မှုကို ကျော်ဖြတ်ရမည်။
“လူငယ်လေး၊ ဒီလိုစမ်းသပ်မှုမျိုးကို သူတော်စင်အဆင့် ဒါမှမဟုတ် နတ်ဘုရားအဆင့် ပန်းပဲပညာရှင်ရဲ့ တိုက်ရိုက်တပည့်တွေကပဲ လုပ်နိုင်ကြတယ်”
အနီရောင်ဝတ်စုံနှင့် လူတစ်ယောက်က ပြုံးလိုက်ပြီး ပြောသည်။
“သူတို့ရဲ့ အခြေခံအုတ်မြစ်ကို သာမန်လူတွေက စိတ်ကူးကြည့်နိုင်မှာမဟုတ်ဘူး”
အဆင့်ရှစ်ရုပ်သေးရုပ်ကို နှစ်နာရီအတွင်း သန့်စင်ရန် ကျွမ်းကျင်မှုသာမက အမျိုးမျိုးသော အထောက်အပံ့များကိုလည်း လိုအပ်သည်။
ဝိညာဉ်ကို ကောင်းမွန်စွာ လေ့ကျင့်ထားရမည်။ လုံလောက်သော အဆင့်မြင့်သတ္တုများကို ပိုင်ဆိုင်ရမည်။ ကျွမ်းကျင်ပိုင်နိုင်မှုလည်း ရှိရမည်။ ဂုဏ်သတင်းရှိသော လူတချို့ကသာ ဤစမ်းသပ်မှုမျိုးကို ရွေးချယ်လေ့ရှိသည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။
ဒိုင်လူကြီးများက ပြုံးသည်။
တတ်နိုင်သောအရာထက် ပိုလုပ်လျှင် မကောင်းပေ။
သူတို့၏ရှေ့တွင်ရှိသော အဆင့်ခုနစ်စမ်းသပ်မှုတွင် ပါဝင်မည့် လူငယ်ပန်းပဲပညာရှင်က ကျွမ်းကျင်နိုင်သော်လည်း လုံလောက်သောဗဟုသုတကို မပိုင်ဆိုင်ပေ။ ထို့အပြင် အနည်းငယ် မောက်မာသည်။
ထိုသို့မဟုတ်လျှင် သူက အဆင့်ကိုးကို တိုက်ရိုက်စိန်ခေါ်မည်မဟုတ်ပေ။
ယနေ့ခေတ်တွင် လူငယ်များက တည်ငြိမ်စွာမနေနိုင်ဘဲ မသင့်တော်သော အတွေးများ ရှိနေသည်။ သူတို့က အနည်းငယ် စွမ်းဆောင်နိုင်လျှင် မောက်မာလာကြသည်။
“ကောင်းပြီ။ အဲဒါဆိုရင် နှစ်နာရီအတွင်း အဆင့်ရှစ်ချပ်ဝတ်ကို သန့်စင်လိုက်ပါမယ်”
ဟန်မူယဲ့က ပြောသည်။
ဒိုင်လူကြီးများက ကြောင်အနေပြီး မျက်နှာထားတောင့်တင်းသွားသည်။
ခဏအကြာတွင် သူတို့၏ မျက်လုံးများက တောက်ပလာပြီး မတူညီသောအတွေးကို တွေးမိကြသည်။
“ကောင်းတယ်”
ခေါင်းဆောင်ဒိုင်လူကြီးက တည်ငြိမ်သွားပြီး ခေါင်းညိတ်သည်။
“ဘုန်း”
ဝိညာဉ်မီးတောက်သည် ဟန်မူယဲ့၏ရှေ့တွင် ပေါ်ထွက်လာသည်။
စင်မြင့်သည် ချက်ချင်းဆိုသလိုပင် မီးတောက်များဖြင့် လွှမ်းခြုံခံလိုက်ရသည်။
ရာချီသော ဝိညာဉ်မီးတောက်များသည် သွယ်ယှက်နေပြီး မီးပင်လယ်ကို ဖြစ်ပေါ်စေသည်။
ဟန်မူယဲ့က အမျိုးမျိုးသော ဝိညာဉ်သတ္တုများကို မီးပင်လယ်ထဲသို့ ပစ်သွင်းလိုက်သည်။
ထိုမြင်ကွင်းသည် ရာချီသော ပန်းပဲပညာရှင်များ တစ်ပြိုင်နက် သန့်စင်နေသောပုံစံနှင့် ဆင်တူသည်။
“မြို့ကြီးတွေရဲ့ ပန်းပဲနည်းစနစ်လား”
ဒိုင်လူကြီးတစ်ယောက်က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
“ဟမ့်၊ သူက မောက်မာနေတာ မထူးဆန်းတော့ပါဘူး။ မြို့ကြီးက ဖြစ်နေတာကို”
တခြားဒိုင်တစ်ယောက်က နှာမှုတ်လိုက်ပြီး အထင်သေးစွာ ပြောသည်။
“လွန်ခဲ့တဲ့နှစ်တွေမှာ မြို့ကြီးရဲ့ ပန်းပဲပညာရှင်တစ်ယောက်က အစည်းအရုံးရဲ့ စည်းကမ်းတွေမှာ ဟာကွက်ကိုရှာဖွေပြီး ဒီလိုမျိုး ပန်းပဲနည်းစနစ်နဲ့ အဆင့်တက်လာခဲ့တယ်လို့ ပြောကြတယ်။ ဒီနေ့မှာ နောက်တစ်ယောက်တွေ့ရမယ်လို့ ထင်မထားခဲ့ဘူး”
အဖြူရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က ရွံ့ရှာနေသည်။
တခြားလူများကလည်း ခေါင်းခါလိုက်ကြသည်။
အလယ်တွင်ရှိသော ခေါင်းဆောင်ဒိုင်လူကြီးက တည်ငြိမ်နေသည်။ သူက နက်ရှိုင်းသောအသံဖြင့် ပြောသည်။
“စည်းကမ်းက စည်းကမ်းပဲ။ အစည်းအရုံးက လွန်ခဲ့တဲ့ နှစ်သောင်းချီမှာ မရေမတွက်နိုင်တဲ့ စည်းကမ်းတွေကို ချမှတ်ခဲ့တယ်။ အဲဒါကို လွယ်လွယ်ကူကူ ဖျက်ဆီးလို့မရဘူး။ လူတစ်ယောက်က ဟာကွက်ကို ရှာနိုင်တယ်ဆိုရင် အဲဒါက ကျွမ်းကျင်မှုတစ်ခုပဲ”
“သူ့ရဲ့ချပ်ဝတ်ကိုပဲ စောင့်ကြည့်ကြရအောင်။ ငါတို့ထဲမှာ ဘယ်နှယောက်က အဆင့်ရှစ်ချပ်ဝတ်ကို နှစ်နာရီအတွင်း သန့်စင်နိုင်လို့လဲ”
ဒိုင်လူကြီးများက စကားမပြောတော့ဘဲ ချပ်ဝတ်သန့်စင်နေသော ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။
ဟန်မူယဲ့က အစိတ်အပိုင်းများကို တစ်ပြိုင်နက် သန့်စင်ပြီး တစ်ဆင့်ချင်းစီ ဆက်လုပ်သွားသည်။
သူက စုစုပေါင်း အစိတ်အပိုင်း ၁၅,၃၆၀ခုကို မီးတောက်များကြားတွင် သန့်စင်ခဲ့သည်။
ထို့အပြင် အချောသပ်ခြင်း၊ အင်းကွက်ရေးထိုးခြင်း ဖြစ်စဉ်ကိုလည်း ရိုးရှင်းသွားအောင် လုပ်ခဲ့သည်။ ထို့နောက် အစိတ်အပိုင်းများသည် သူ့လက်ထဲမှ ရေစီးသဖွယ် ပေါ်ထွက်လာပြီး ချက်ချင်းပျောက်ကွယ်သွားသည်။
“အင်းကွက်ရေးထိုးခြင်းအပိုင်းကို ရိုးရှင်းသွားအောင် လုပ်လိုက်ပြီး ဝိညာဉ်အင်းကွက်တွေအားလုံးက တစ်ခုတည်း ဖြစ်လာတယ်”
“အနည်းဆုံး အစိတ်အပိုင်းသုံးထောင်ကို ပေါင်းထည့်ထားတယ်။ ငါတို့က ဝိညာဉ်အင်းကွက်ကို သုံးသပ်ဖို့ အစိတ်အပိုင်းတွေကို ဖြုတ်ကြည့်ရမယ်”
“ဝိညာဉ်သတ္တုတွေကို တစ်လွှာချင်းစီ ပြုပြင်ခဲ့တယ်။ ဝိညာဉ်မီးတောက် ကုန်ဆုံးမှုကို လျော့ချနိုင်တယ်”
“အချိန်ကုန်သက်သာပြီး ထိရောက်မှုရှိတယ်။ ဒါက ထိပ်တန်းအဆင့် ပန်းပဲနည်းစနစ်ပဲ”
ဟန်မူယဲ့၏ လှုပ်ရှားမှုကို ကြည့်လိုက်ပြီး ဒိုင်လူကြီးများက အံ့အားသင့်နေကြသည်။
ဟန်မူယဲ့က အစည်းအရုံး၏ စည်းကမ်းဟာကွက်ကို အခွင့်ကောင်းယူနေလျှင်ပင် သူ၏ ကျွမ်းကျင်မှုက ရှားပါးသည်။
ဟန်မူယဲ့က စားပွဲရှေ့တွင် ရပ်နေသည်။ သူ၏ စိတ်က ထောင်ချီနေသော အစိတ်အပိုင်းများအဖြစ် ကွဲထွက်သွားပြီး တချို့က မီးတောက်ကို ထိန်းချုပ်နေသည်။ တချို့ကတော့ ဝိညာဉ်သတ္တုကို ထိန်းချုပ်ပြီး တချို့က အင်းကွက်များကို ရေးထိုးနေသည်။
ထို့အပြင် သူတစ်ယောက်တည်းသာမြင်နိုင်သော ချပ်ဝတ်ပုံရိပ်တစ်ခုလည်း ရှိနေသည်။ သောင်းချီသော ရွှေအလင်းများသည် ချပ်ဝတ်ပုံရိပ်တွင် သွယ်ယှက်နေကြသည်။
“ဒါက မူလစကြဝဠာရဲ့ အာခီမီနည်းစနစ်နဲ့ ကြယ်စင်စုစကြဝဠာရဲ့ ပန်းပဲနည်းစနစ်ကို ပေါင်းစပ်ထားတာလား”
ဟန်မူယဲ့က ရွှေရောင်ငှက်၏အသံကို ကြားလိုက်ရသည်။
ဟန်မူယဲ့၏ မီးတောက်ထိန်းချုပ်ခြင်း နည်းစနစ်သည် မူလစကြဝဠာမှ ဖြစ်သည်။
သို့သော် အစိတ်အပိုင်းများကို ခွဲထုတ်ပြီး သန့်စင်နေသော အပိုင်းသည် ကြယ်စင်စုစကြဝဠာ၏နည်းလမ်း ဖြစ်သည်။
“ဒါက ပေါင်းစပ်ထားတာတင်မဟုတ်ဘူး။ အသစ်ဖန်တီးထားတာလည်း ပါနေတယ်”
ခေးအော့က ခံစားချက်များဖြင့် ပြောလိုက်သည်။
“စကြဝဠာနှစ်ခုရဲ့ အမွေအနှစ်တွေအပြင် ဝိညာဉ်သတ္တုလေ့လာခြင်းနဲ့ အစိတ်အပိုင်းတပ်ဆင်ခြင်းအပိုင်းတွေလည်း ရှိသေးတယ်”
ဓာတ်စင်ငါးပါးမီးပြင်းဖိုက ညင်သာစွာ ပြောသည်။
ဟန်မူယဲ့က ပြုံးသည်။
သူက ယခင်ဘဝ၏ အသိပညာတချို့ကို ထုတ်သုံးပြီး အလွန်အားကောင်းသော တွက်ချက်နိုင်စွမ်းဖြင့် ပန်းပဲလုပ်ငန်းစဉ်တစ်ခုလုံးကို စနစ်တကျဖြစ်အောင် ထိန်းချုပ်ခဲ့သည်။
အလွန်ရိုးရှင်သည်။
အဆင့်များအားလုံးကို သေချာတွက်ချက်ထားပြီး ပေါ်ထွက်လာသော အစိတ်အပိုင်းများသည် ပုံစံချထားသော ချပ်ဝတ်ပုံရိပ်ဆီသို့ ရောက်သွားကြသည်။
ယခုအချိန်တွင် အစိတ်အပိုင်းများအားလုံးက လျင်မြန်စွာ ပေါ်ထွက်လာပြီး ချပ်ဝတ်အဖြစ် စုစည်းနေကြသည်။
ချပ်ဝတ်က လျင်မြန်စွာ ဖြစ်တည်လာသည်။
ရွှေအလင်းကိုထုတ်လွှတ်နေသော ချပ်ဝတ်တစ်ခုသည် နှစ်နာရီအတွင်း ပုံစံပေါ်လာသည်။
ထိုချပ်ဝတ်သည် ရှစ်ပေရှည်လျားပြီး အဓိကအပိုင်း သုံးပိုင်းအဖြစ် ခွဲခြားထားသည်။
ခေါင်းဆောင်း၊ ခန္ဓာကိုယ်အပေါ်ပိုင်း ချပ်ဝတ်နှင့် အတွင်းပိုင်းချပ်ဝတ် ဖြစ်သည်။
ထိုချပ်ဝတ်သည် ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးနိုင်သည်။
ချပ်ဝတ်၏နောက်တွင် လှံသုံးချောင်း၊ ဓားမော့နှစ်လက်နှင့် ဓားရှည်တစ်လက် ရှိနေသည်။
ချပ်ဝတ်က ရုပ်သေးရုပ်ကဲ့သို့ နေရာတွင် ရပ်နေသည်။
ဟန်မူယဲ့က သက်ပြင်းချလိုက်ပြီး နောက်ဆုတ်သွားသည်။
သူက ပိုမိုများပြားသော နည်းစနစ်များကို ပေါင်းစပ်နိုင်သောကြောင့် ဖန်တီးနိုင်စွမ်း ကောင်းမွန်လာသည်။
ယခုအချိန်တွင် သူက အဆင့်မြင့်ချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို လိုချင်မိသည်။ ထိုပစ္စည်းများကို လေ့လာပြီး ပိုမိုကောင်းမွန်သော နည်းစနစ်ကို ရယူနိုင်မည်။
သူနားလည်ထားသော ကမ္ဘာဦးချပ်ဝတ်နှင့် ရုပ်သေးရုပ်များ၏ နည်းစနစ်သည် ခေတ်နောက်ကျနေပြီး ယခုအချိန်တွင် အသုံးမပြုတော့ပေ။
ဝိညာဉ်သတ္တုသန့်စင်ခြင်း၊ ပုံသွင်းခြင်း၊ အချောသပ်ခြင်း စသည့် လုပ်ငန်းစဉ်များကို ခွဲထုတ်လိုက်ခြင်းသည် အကောင်းဆုံးဖြေရှင်းချက် ဖြစ်သည်။
သူက ချပ်ဝတ်နှင့် ရုပ်သေးရုပ်များ၏ အစိတ်အပိုင်းတိုင်းကို ကိုယ်တိုင် မပြုလုပ်နိုင်ပေ။
သူက အဆင့်နိမ့်ပန်းပဲပညာရှင်များကို စုဆောင်းပြီး အစိတ်အပိုင်းများကို ခွဲဝေသန့်စင်၍ အဆင့်မြင့်ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို ဖန်တီးရမည်။
ကြယ်စင်စုစကြဝဠာသည် ဟန်မူယဲ့၏ ယခင်ဘဝတွင်ရှိသော လူ့အဖွဲ့အစည်းနှင့် ဆင်တူသည်။ သူတို့က လူသားစွမ်းရည်ကို ဦးစားပေးသည်။
မရေမတွက်နိုင်သော အဆင့်နိမ့်ပန်းပဲပညာရှင်များက ကောင်းကင်အဆင့် သို့မဟုတ် ကမ္ဘာဦးအဆင့်နှင့် ယှဉ်နိုင်သော ချပ်ဝတ်နှင့်ရုပ်သေးရုပ်များကို ဖန်တီးနိုင်လျှင် မည်သို့ ဖြစ်သွားမည်နည်း။
သူက ချပ်ဝတ်အား စစ်ဆေးနေသော ဒိုင်လူကြီးများကို ကြည့်လိုက်သည်။
ခဏအကြာတွင် ဒိုင်လူကြီးများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။
“အဆင့်ကိုးအတွက် လျှောက်ထားပေးမယ်”
ဟန်မူယဲ့၏ တောင်းဆိုချက်ကို သဘောတူထားသော ဒိုင်လူကြီးက ပြောလိုက်ပြီး ပျောက်ကွယ်သွားသည်။
တခြားလူများက လေးနက်သောမျက်နှာထားဖြင့် သက်ဆိုင်ရာနေရာတွင် ပြန်ထိုင်လိုက်ကြသည်။
ခဏအကြာတွင် အလင်းတန်းများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်။
အလင်းလွှာများသည် စင်မြင့်ကို လွှမ်းခြုံလိုက်သည်။
ထို့နောက် ထိုင်ခုံအသစ်များ ပေါ်ထွက်လာသည်။
နောက်ထပ် ပုံရိပ်ဆယ့်လေးခု ရောက်လာသည်။ ယခင်က ဒိုင်ခုနစ်ယောက်နှင့် ပေါင်းလိုက်လျှင် စုစုပေါင်း ၂၁ယောက် ဖြစ်သည်။
အသစ်ရောက်လာသော ဒိုင်ဆယ့်လေးယောက်က အားကောင်းသောအရှိန်အဝါကို ထုတ်လွှတ်နေသည်။
သူတို့၏ ရင်ဘတ်တွင်ရှိသော တံဆိပ်ပြားသည် ရောင်စုံအလင်းဖြင့် တောက်ပနေသည်။
သူတော်စင်အဆင့် ဖြစ်သည်။
သူတော်စင်အဆင့် ပန်းပဲပညာရှင်များအားလုံးသည် ကျင့်ကြံဆင့်မြင့်မားနေခြင်း မဟုတ်ပေ။ သို့သော် သူတို့က ကောင်းကင်အဆင့် ချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို ကိုယ်တိုင် ဖန်တီးနိုင်ကြသည်။
သို့သော် သူတို့၏ အဓိကတာဝန်က ရှေးခေတ်မှ ဆင်းသက်လာသော သူတော်စင်အဆင့်နှင့် နတ်ဘုရားအဆင့် ချပ်ဝတ်၊ ရုပ်သေးရုပ်များကို ပြုပြင်ပေးရန် ဖြစ်သည်။