← Chapters

အခန်း (၁၂၃၂)

Vol. 88 Ch. 1232

အခန်း (၁၂၃၂)

Vol. 88 Ch. 1232

‘တစ်ယောက်ယောက်က စိန်ခေါ်လာမှတော့ စိန်ခေါ်တာကို လက်ခံသင့်တယ်မဟုတ်လား’

‘သူက ကြောက်နေတာလား’

“ဟားဟား၊ ဟယ်မိသားစုရဲ့ ပါရမီရှင် ဘုရားမြို့ရဲ့ နံပတ်တစ်မျိုးဆက်သစ်ကလည်း အကန့်အသတ်ကို နားလည်နေတဲ့ပုံပဲ”

ကျောက်မင်ကျန်းက ခပ်ဟဟရယ်လိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ထားလျက် ပေါ့ပါးစွာပြောသည်။

“ငါက မင်းကို အချိန်ပေးနိုင်ပါတယ်”

“သုံးနှစ်ဆိုရင်ရော ဘယ်လိုလဲ”

“သုံးနှစ်ကြာရင် ငါတို့ တိုက်ခိုက်ကြမယ်”

သုံးနှစ်ကြာသွားလျှင်ပင် ကျောက်မင်ကျန်းက ဟယ်ရန်စွန်းကို အနိုင်ယူရန် ယုံကြည်ချက်ရှိသည်။

အဆင့်နှစ်ချပ်ဝတ်သခင် ဖြစ်လာသော ဟယ်ရန်စွန်းက သုံးနှစ်အတွင်း အများအပြား တိုးတက်လာလိမ့်မည်။ သို့သော် ကျောက်မင်ကျန်းက အဆင့်နှစ်တွင် သုံးနှစ်ကျော်ကြာအောင် ရှိနေခဲ့သည်။ နောက်ထပ် သုံးနှစ်တွင် သူက အဆင့်သုံးသို့ တက်သွားရန် ယုံကြည်ချက်ရှိသည်။

ထိုအချိန်တွင် ဟယ်ရန်စွန်းက ခေါင်းငုံ့ထားရလိမ့်မည်။

စိတ်လှုပ်ရှားမှုကို နှစ်သက်သော တခြားလူများက ပြုံးလိုက်ကြသည်။

သူတို့က ဟယ်ရန်စွန်း၏ ဂုဏ်သတင်းကို သိထားသည်။ သူက အဆုံးမရှိသော ဂုဏ်ကျက်သရေနှင့် လူငယ်တစ်ယောက် ဖြစ်သည်။ ယနေ့တွင် သူက မတိုက်ခိုက်ရဲသောကြောင့် ကျေနပ်စရာကောင်းသည်။

“ညီအစ်ကိုကျောက်”

စင်မြင့်ပေါ်တွင် ဟယ်ရန်စွန်းက ကျောက်မင်ကျန်းကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ငါက စိန်ခေါ်ပွဲကို ငြင်းနေတာမဟုတ်ပါဘူး။ ငါက အခွင့်ကောင်းယူမိတယ်လို့ ခံစားနေရလို့ပါ”

‘အခွင့်ကောင်းယူမိတယ် ဟုတ်လား’

‘ဘယ်သူက အခွင့်ကောင်းယူတာလဲ’

ကျောက်မင်ကျန်းက အံ့အားသင့်သွားပြီး ရယ်လိုက်သည်။

စင်မြင့်အောက်တွင်ရှိသော လူများကလည်း ရယ်လိုက်ကြသည်။

‘အဲဒီလိုပြောတာ ရယ်စရာမကောင်းဘူးလား’

“ဟယ်ရန်စွန်း၊ မင်းက တိုက်ခိုက်ရဲတယ်ဆိုရင် တိုက်ခိုက်လိုက်။ မဟုတ်ရင် ထွက်သွားတော့”

ကျောက်မင်ကျန်း၏ မျက်နှာထားက တင်းမာနေပြီး အော်ပြောလိုက်သည်။

ဟယ်ရန်စွန်းက ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ငါက တိုက်ခိုက်ရဲတယ်။ မင်းက လက်ခံရဲလား”

ထိုစကားကြောင့် ကျောက်မင်ကျန်း၏ သွေးက ဆူပွက်လာသည်။ သူက မောက်မာသောမျက်နှာထားဖြင့် ပြောသည်။

“မင်းက တိုက်ခိုက်မယ်ဆိုရင် ငါက အချိန်မရွေး အဖော်ပြုပေးမယ်”

ဟယ်ရန်စွန်းက အသက်ရှူသွင်းလိုက်ပြီး စင်မြင့်၏အောက်တွင်ရှိသော လူများကို ကြည့်သည်။ ထို့နောက် တည်ငြိမ်စွာရှိနေသော ဒိုင်လူကြီးများကို ဆက်ကြည့်သည်။

ဟယ်မိသားစုတွင် အစစ်အမှန်ကျွမ်းကျင်သူများ မရှိတော့ပေ။

ထို့ကြောင့် သူတို့က မိသားစုကြီးတစ်ခု မဟုတ်တော့ပေ။

ဟယ်ရန်စွန်းက နင်းကျလွင်ပြင်တွင် အဆင့်လေးပညာရှင်ကို သတ်ဖြတ်ခဲ့သော်လည်း ထိုကိစ္စတွင် ပါဝင်သောလူများက ထုတ်မပြောရဲကြပေ။

ထို့ကြောင့် ဘုရားမြို့တွင် လူအများစုက ဟယ်ရန်စွန်း၏အကြောင်းကို မသိကြပေ။

“အဲဒါဆို သုံးရက်နေရင် တိုက်ခိုက်မယ်”

ဟယ်ရန်စွန်းက ကြည်လင်သောအသံဖြင့် ပြောသည်။

ကျောက်မင်ကျန်းက ပျော်ရွှင်သွားသည်။

မည်သို့ပင်ဖြစ်စေ သူက ဟယ်ရန်စွန်းကို တိုက်ခိုက်လာအောင် တွန်းအားပေးနိုင်ခဲ့သည်။

တိုက်ပွဲ၏ လောင်းကြေးကိုတော့ စိတ်ပူနေရန် မလိုအပ်ပေ။

သူ့မိသားစုက အများအပြား လောင်းကြေးထပ်လိမ့်မည်။

သူက ရယ်လိုက်ပြီး စင်မြင့်ပေါ်မှ ခုန်ဆင်းသည်။ ထိုအချိန်တွင် သူက ဟယ်ရန်စွန်း၏အသံကို ထပ်ကြားလိုက်ရသည်။

“ဒိုင်လူကြီးတို့၊ ကျွန်တော်က အဆင့်သုံးချပ်ဝတ်သခင်အဖြစ် ဆက်ပြီး စာရင်းသွင်းချင်ပါတယ်”

အဆင့်သုံးချပ်ဝတ်သခင် ....

စင်မြင့်အောက်တွင်ရှိသော လူများက ကြောင်အသွားကြသည်။

စင်မြင့်ပေါ်တွင်ရှိသော ဒိုင်လူကြီးသုံးယောက်၏ မျက်နှာထားက လေးနက်လာသည်။

ကျောက်မင်ကျန်းက တစ်ကိုယ်လုံး တုန်ခါသွားပြီး မျက်လုံးပြူးနေသည်။ သူက နောက်သို့ ဖြည်းဖြည်းချင်း လှည့်ကြည့်သည်။

ဟယ်ရန်စွန်းက ကိုယ်ပိုင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည်။ သူ၏ ချီစွမ်းအင်နှင့် ကြမ်းတမ်းသော အငွေ့အသက်သည် စင်မြင့်ကို လွှမ်းခြုံလိုက်သည်။

ထိုအငွေ့အသက်ကြောင့် ကျောက်မင်ကျန်း၏ ခြေထောက်များက ပျော့ခွေသွားသည်။

သူစိန်ခေါ်လိုက်သော ဟယ်ရန်စွန်းက အဆင့်သုံးချပ်ဝတ်သခင်အဖြစ် စာရင်းသွင်းတော့မည်။

‘ဟယ်ရန်စွန်းက အဆင့်သုံးချပ်ဝတ်သခင်အဖြစ် စမ်းသပ်မှုခံယူချင်တာလား’

စင်မြင့်ပေါ်တွင်ရှိသော ဒိုင်သုံးယောက်က တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်စွာ ကြည့်သည်။

‘သူ့က အဲဒီလိုစွမ်းရည်မျိုးကို ပိုင်ဆိုင်ထားတာလား’

“အဆင့်သုံးချပ်ဝတ်သခင် ဖြစ်ဖို့အတွက် ချပ်ဝတ်ကို ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်ရမဲ့အပြင် လိုက်ဖက်ညီတဲ့ စွမ်းအားနဲ့ ခုခံမှု၊ တိုက်ခိုက်မှုကို ပြုလုပ်ရမယ်”

ဒိုင်လူကြီးတစ်ယောက်က ဟယ်ရန်စွန်းကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လျက် စကားပြောသည်။

“ချပ်ဝတ်ကို ထိန်းချုပ်နိုင်တာနဲ့ပဲ အဆင့်သုံးချပ်ဝတ်သခင်တစ်ယောက် ဖြစ်လာမှာမဟုတ်ဘူး”

ဟယ်ရန်စွန်းက ချပ်ဝတ်ကို ကောင်းမွန်စွာ ထိန်းချုပ်ပြီး သွက်လက်စွာ လှုပ်ရှားနိုင်သည်။

သူ့ချပ်ဝတ်ကလည်း အရည်အသွေးကောင်းပြီး အဆင့်သုံးဟု ထင်ရသည်။

ထို့ကြောင့် သူတို့က ဟယ်ရန်စွန်းကို အဆင့်နှစ်ချပ်ဝတ်သခင်အဖြစ် အသိအမှတ်ပြုပေးလိုက်သည်။

သို့သော် အဆင့်သုံးချပ်ဝတ်ကို ထိန်းချုပ်လိုက်ရုံဖြင့် အဆင့်သုံးချပ်ဝတ်သခင်တစ်ယောက် ဖြစ်လာမည်မဟုတ်ပေ။

အဆင့်သုံးချပ်ဝတ်ကို ထိန်းချုပ်ထားသော အဆင့်ငါးချပ်ဝတ်သခင်သည် အဆင့်ငါးတွင်သာ ရှိနေလိမ့်မည်။

ထိုသို့ပင် အဆင့်သုံးချပ်ဝတ်ကို ထိန်းချုပ်ထားသော အဆင့်တစ်ချပ်ဝတ်သခင်က အဆင့်သုံး ဖြစ်မလာနိုင်ပေ။

ကိုယ်ပိုင်အဆင့်နှင့် လိုက်ဖက်ညီသော စွမ်းအားကို ပိုင်ဆိုင်ရမည်။

“ဟယ်ရန်စွန်းက မောက်မာနေတာပဲ”

စောင့်ကြည့်နေသော လူတစ်ယောက်က ရေရွတ်လိုက်သည်။

အမှန်ပင်ဖြစ်သည်။ ပညာသင်အဆင့်မှ အဆင့်နှစ်ချပ်ဝတ်သခင် ဖြစ်လာသော ကိစ္စရပ်မျိုးသည် ရှားပါးသည်။ ဘုရားမြို့တွင် အဆင့်သုံးအထိ တိုက်ရိုက်တက်သွားနိုင်သော ချပ်ဝတ်သခင်များ မရှိပေ။

“ငါသိချင်မိတယ်။ တကယ်လို့ သူက အဆင့်သုံးချပ်ဝတ်သခင် ဖြစ်သွားရင် ကျောက်မင်ကျန်းက သူနဲ့ တိုက်ခိုက်အုံးမှာလား”

လူတစ်ယောက်က ထူးဆန်းသောအပြုံးဖြင့် စကားပြောလိုက်ပြီး ကျောက်မင်ကျန်းကို ကြည့်သည်။

ထိုစကားကြောင့် လူအုပ်က ရယ်မောလိုက်သည်။

ယခုအချိန်တွင် ကျောက်မင်ကျန်းက လမ်းပျောက်နေသည်။

“အဆင့်သုံးချပ်ဝတ်သခင်အတွက် စမ်းသပ်မှုခံယူချင်ပါတယ်”

ဟယ်ရန်စွန်းက ထပ်ပြောလိုက်သည်။

ဒိုင်လူကြီးသုံးယောက်က လေးနက်စွာ ခေါင်းညိတ်သည်။

“မသက်ဆိုင်တဲ့လူတွေ စင်မြင့်ပေါ်ကနေ ထွက်သွားကြပါ။ ဟယ်ရန်စွန်းအတွက် အဆင့်သုံးချပ်ဝတ်သခင် စစ်ဆေးမှုကို စတင်လိုက်မယ်”

အလယ်တွင်ထိုင်နေသော ဒိုင်လူကြီးက ပြောသည်။

ထိုစကားသံအဆုံးတွင် အလင်းလွှာက စင်မြင့်ကို လွှမ်းခြုံလိုက်ပြီး မသက်ဆိုင်သောလူများကို ဖယ်ထုတ်သည်။

အထဲတွင် ဓားမော့ကိုင်ထားသော ဟယ်ရန်စွန်းက လှုပ်ရှားလိုက်သည်။

သူက လျင်မြန်သည်။

အဆင့်နှစ်စမ်းသပ်မှုတွင် ဖော်ပြခဲ့သော အမြန်နှုန်းထက် နှစ်ဆပိုမြန်လာသည်။

ဓားမော့အလင်းနှင့် စမ်းသပ်မှုအတွက် တိုက်ခိုက်ပေးသော ရုပ်သေးရုပ်၏ပုံရိပ်က သွယ်ယှက်နေသည်။

“အရမ်းမြန်တာပဲ။ လူတစ်ယောက်က ထိတ်လန့်စွာပြောသည်။

ယခင်က ဟယ်ရန်စွန်းကို စိန်ခေါ်ရန် စိတ်အားထက်သန်နေသော အဆင့်နှစ်ချပ်ဝတ်သခင်များက ဖြူဖျော့သွားကြသည်။

သူတို့က ဟယ်ရန်စွန်း၏တိုက်ခိုက်မှုကို ခုခံနိုင်မည်မဟုတ်ပေ။

“သူ့ရဲ့ ဓားမော့နည်းစနစ်က အားကောင်းတာပဲ ....”

ရင်ဘတ်တွင် အဆင့်သုံးချပ်ဝတ်သခင် တံဆိပ်ပြားကို တပ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က ရေရွတ်လိုက်သည်။ သူက ဟယ်ရန်စွန်းကို အာရုံစိုက်ထားပြီး ကြည့်နေသည်။

သူ့ဘေးတွင်ရှိသော အဆင့်သုံးချပ်ဝတ်သခင် နှစ်ယောက်ကလည်း ခေါင်းညိတ်လိုက်ကြသည်။

သူတို့၏အမြင်တွင် ဟယ်ရန်စွန်း၏ ဓားမော့နည်းစနစ်က အားကောင်းသည်။

စင်မြင့်ပေါ်တွင်ရှိသော ဟယ်ရန်စွန်းက တခြားလူများကို လျစ်လျူရှုထားသည်။ ယခုအချိန်တွင် သူ၏ သွေးနှင့်ချီက ဆူပွက်နေသည်။

သူက အဆင့်သုံးချပ်ဝတ်သခင်၏ စွမ်းအားကို ပိုင်ဆိုင်လာခဲ့သည်။

ထို့ထက်ပင် ပိုနေသေးသည်။

သူက ခပ်အုပ်အုပ်အော်ဟစ်လိုက်ပြီး ရှေ့တွင်ရှိသော ခွန်အားစမ်းသပ်သည့် အလင်းလွှာကို ပြင်းထန်စွာ ခုတ်ချသည်။

“ဘုန်း”

အလင်းလွှာက အဝါရောင်မှ အနီရောင်အဖြစ် ပြောင်းလဲပြီး ကျယ်လောင်စွာ ပေါက်ကွဲသွားသည်။

ထိုဓားချက်သည် အဆင့်သုံးကို ကျော်လွန်နေသည်။

ဟယ်ရန်စွန်းက ဓားမော့ကိုင်ထားပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

“စမ်းသပ်မှုကို ဆက်လုပ်ချင်ပါတယ်”

သူက အဆင့်သုံးကို မကျော်ဖြတ်ရသေးဘဲ အဆင့်လေးကို တိုက်ရိုက် တောင်းဆိုခဲ့သည်။

စောင့်ကြည့်နေသော လူများက ဆူညံစွာ ဆွေးနွေးလိုက်ကြသည်။

လူတိုင်းက ဒိုင်လူကြီးသုံးယောက်ကို လှမ်းကြည့်သည်။

‘ငါတို့က သမိုင်းတစ်ခုကို မြင်ရတော့မှာလား’

“အဆင့်လေးကို စမ်းသပ်ချင်တာလား”

ဒိုင်လူကြီးတစ်ယောက်က မတ်တပ်ရပ်လိုက်ပြီး ဟယ်ရန်စွန်းကို ကြည့်သည်။

“မင်းရဲ့ အဆင့်သုံးစမ်းသပ်မှုက အောင်မြင်တယ်။ အဆင့်လေးအတွက် ခန်းဆောင်ထဲကိုဝင်ပြီး ပုံရိပ်ယောင်ဝင်္ကပါကို အသက်သွင်းရမယ်။ ငါတို့က အကဲဖြတ်ပေးဖို့ မလိုတော့ဘူး”

“ဝင်္ကပါကို အသက်သွင်းဖို့အတွက် မူလဒင်္ဂါး သုံးထောင်ကိုတော့ ပေးရမယ်”

တခြားဒိုင်လူကြီးနှစ်ယောက်ကလည်း မတ်တပ်ရပ်ပြီး ခေါင်းညိတ်ပြသည်။

အဆင့်လေးအတွက် အဆင့်ငါးချပ်ဝတ်သခင်များက စောင့်ကြည့်ပေးရမည်။

သို့သော် ဘုရားမြို့တွင် အသန်မာဆုံးလူများက အဆင့်ငါးဖြစ်ပြီး သူတို့အားလုံးက အဆင့်အတန်းမြင့်မားသောကြောင့် စမ်းသပ်ပွဲတွင် အချိန်ဖြုန်းမည်မဟုတ်ပေ။

ထို့ကြောင့် အဆင့်လေးအတွက် ဝင်္ကပါကို အသုံးပြုရသည်။

ဟယ်ရန်စွန်းက လက်နှစ်ဖက်ကိုဆုပ်ကိုင်ပြီး သူတို့ကို နှုတ်ဆက်သည်။ ထို့နောက် ခန်းဆောင်ဆီသို့ ဦးတည်လိုက်သည်။

လူတိုင်းက သူ့အတွက် လမ်းဖယ်ပေးလိုက်ကြသည်။

သူက ခန်းဆောင်ထဲသို့ ဝင်သွားသောအခါ လူအုပ်က ဆူညံလာသည်။

“သူက အဆင့်လေးအတွက် စမ်းသပ်မှုခံယူတော့မယ်။ တကယ်လို့ အောင်မြင်သွားရင် ဟယ်ရန်စွန်းက ဘုရားမြို့ရဲ့ ထိပ်တန်းပါရမီရှင် ဖြစ်လာလိမ့်မယ်”

“သူ့ကို ကျွမ်းကျင်သူတွေက သတိထားမိပြီး တပည့်အဖြစ် ခေါ်ယူနိုင်တယ်”

“ကျွမ်းကျင်သူတွေတင်မကဘူး ကျောင်းတော်ရဲ့ ဆရာတွေကလည်း သူ့ကို ကျောင်းသားအဖြစ် သိမ်းသွင်းကြလိမ့်မယ်”

ထိုစကားကို ကြားလိုက်ရသောအခါတွင် လူအများက နားမလည်နိုင်ဖြစ်နေကြသည်။

လူတစ်ယောက်က တီးတိုးရှင်းပြသည်။

“မြို့ကြီးတွေမှာ သောင်းချီတဲ့ကျောင်းသားတွေကို တစ်ခါတည်း သင်ကြားပေးနိုင်တဲ့ ကျွမ်းကျင်သူကြီးတွေ ရှိကြတယ်။ သူတို့က မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေကို မွေးထုတ်ပေးနိုင်တယ်။ ဆရာတွေအားလုံးက အနည်းဆုံး သူတော်စင်အဆင့်မှာ ရှိကြတယ်”

ထိုကျောင်းတော်များသည် အားကောင်းရုံသာမက အမျိုးမျိုးသော အရင်းအမြစ်နှင့် အဆက်အသွယ်များကိုလည်း ပိုင်ဆိုင်ကြသည်။

ကျောင်းတော်၏ ကျောင်းသားများသည် နေရာအနှံ့တွင် ရှိနေပြီး လောက၏ အသန်မာဆုံးလူ အချို့သည် ကျောင်းတော်များမှ ဆင်းသက်လာကြသည်။

အကယ်၍ ကျောင်းတော်သို့ ဝင်ရောက်နိုင်လျှင် ဘုရားမြို့ကို ဂရုစိုက်နေရန် မလိုတော့ပေ။

“ဟယ်ရန်စွန်းက စာရင်းသွင်းဖို့ ငြင်းဆန်နေတဲ့အတွက် မထူးဆန်းတော့ပါဘူး။ သူက ဒီလိုမျိုး ရည်ရွယ်ထားတာပဲ”

လူတစ်ယောက်က ထိတ်လန့်စွာ ပြောလိုက်ပြီး ဖြူဖျော့နေသော ကျောက်မင်ကျန်းကို ကြည့်သည်။

ကျောက်မင်ကျန်းက ငိုမိတော့မည်။

ယောင်္ကျားများသည် လွယ်ကူစွာ မျက်ရည်မကျသင့်ပေ။ သို့သော် မျက်ရည်မကျသော လူများက စိတ်နှလုံးထိခိုက်စေသော ဖြစ်ရပ်ကို မကြုံရသေးသောကြောင့် ဖြစ်သည်။

အရှက်ရရန် သေချာနေသော အခြေအနေတွင် မည်သူက နောင်တမရဘဲ နေနိုင်မည်နည်း။

အကယ်၍ အချိန်ကို နောက်ပြန်ရစ်နိုင်လျှင် သူက ဟယ်ရန်စွန်းကို စိန်ခေါ်ခဲ့မည်မဟုတ်ပေ။

....

စမ်းသပ်ခန်းဆောင်၏ တံခါးက တင်းကျပ်စွာ ပိတ်ထားသည်။

အပြင်ဘက်တွင်ရှိသော လူအုပ်က ပိုမိုကြီးမားလာသည်။

နှစ်နာရီအကြာတွင် တံခါးက ဖြည်းဖြည်းချင်း ပွင့်သွားပြီး သပ်ရပ်စွာဝတ်စားထားသော ဟယ်ရန်စွန်းက အပြင်ဘက်သို့ ထွက်လာသည်။

သူက လက်ထဲတွင် တောက်ပနေသော တံဆိပ်ပြားတစ်ခုကို ကိုင်ထားခဲ့သည်။

All Chapters