ငါမင်းကို မကာကွယ်ပေးနိုင်ဘူး
Vol. 67 Ch. 995
ထိုစကားလုံးများ ထွက်လာပြီးသည်နှင့် တစ်ပြိုင်နက် လူတိုင်း စုပ်သပ်မိသွားကြသည်။
အကယ်၍ သူသာ တကယ်ကြီး ယွမ် ၆ မီလီယမ် ထုတ်နိုင်သည်ဆိုပါက သူ၏ ယခင် သုံးဖြုန်းထားမှုများပါ ထပ်ထည့်ပေါင်းလိုက်လျှင် ယနေ့ တစ်ညတည်းနှင့် ယွမ် ဆယ်သန်းဖြုန်းနေပြီး မဟုတ်ပါလော။
ချမ်းသာသည့် ဒုတိယမျိုးဆက်များပင် ထိုသို့ သုံးစွဲသည်အား သူတို့ မမြင်ဖူးခဲ့ချေ။
စားပွဲ၃ ရှိ အမျိုးသမီး၏ အမူအရာ တစ်မျိုးဖြစ်သွားခဲ့ပြီး " လူငယ်လေး..... နင် ဒီလိုလုပ်လို့ ဘာကောင်းတာ တစ်ခုမှ ဖြစ်လာမှာ မဟုတ်ဘူးနော်.... ငါ့နာမည်က ရန်ကျင်းမှာ လွှမ်းမိုးမှု တစ်ချို့ရှိတယ်...."
" ခင်များမှာ သုံးလေးဘီလီယမ်လောက်ရှိတိုင်း ကိုယ့်ကိုယ်ကို ဟုတ်လှပြီ မှတ်မနေနဲ့.... ကျုပ် ဘယ်သူလဲ မသိရင် ကျိုးဟိုင်မှာ အရင် သွားစုံစမ်းလိုက်ဦး .... ဒီလာပြီး မုန့်ဖိုးသာသာ ငွေလောက်လေးနဲ့ ကိုယ့်ကိုယ်ကို အရှက်လာခွဲမနေနဲ့.... "
လင်းရီ၏ မောင်းမဲခြင်းကို ခံလိုက်ရပြီးနောက် စားပွဲဝိုင်း ၃ ရှိ အမျိုးသမီး၏ အမူအရာမှာ ရုပ်ဆိုးသွားခဲ့သည်။ သို့သော်လည်း ဆက်လက် ဈေးမခေါ်လာတော့သောကြောင့် သူမ အရှုံးပေးသွားခဲ့သည်မှာ ထင်ရှားလေသည်။
သူမသည် ယခင်က ကျိုးဟိုင်တွင် နှစ်ပေါင်းများစွာ အလုပ်ကြိုးစားခဲ့ဖူးသည့် သန်မာသည့် အမျိုးသမီး တစ်ဦးဖြစ်၏။ ထိုအခိုက်အတန့်တွင် လင်းရီဆိုသူက မရိုးရှင်းကြောင်း သူမ၏ မသိစိတ်မှ ပြောပြနေသည်။ အကယ်၍ သူ့ထံတွင် လုံလောက်သည့် အရည်အချင်း ရှိမနေဘူးဆိုပါက ထိုသို့သော စကားလုံးတို့ ပြောဆိုလာလိမ့်မည် မဟုတ်ချေ။
အရှိန်အဝါဆိုသည်က အတုလုပ်ယူ၍ မရသည့် အရာပင်ဖြစ်၏။ မျက်စိဖြင့် မမြင်တွေ့နိုင်သော်လည်း ၎င်းကို မသိစိတ်မှ ခံစားကြည့်နိုင်သည်။
သက်လတ်ပိုင်း အမျိုးသမီးမှ တိတ်ဆိတ်သွားခဲ့သည်ကို မြင်တော့ စတိတ်စင်ပေါ်ရှိ လီချိန်ရှင်း အံ့အားသင့်သွားခဲ့သည်။ စင်အောက် အနီးတစ်နေရာတွင် မတ်တပ်ရပ်နေသည့် တိုနီသည်လည်း ထို့အတူပင်။
သူတို့ ယခုလို အခြေအနေအား မျှော်မှန်းမထားကြခြင်းကြောင့် မည်သို့ ကိုင်တွယ်မည်ကိုလည်း အဖြေမရှိကြပေ။ လင်းရီ သူ့ကတ်ထုတ်၍ ဘားထဲသို့ ယွမ် ၆ မီလီယမ် လွှဲပြောင်းပေးလိုက်သည်။
" လေလံကပြီးသွားပြီ... ငါအခု တောင်းဆိုချင်တာကို ပြောဖို့ အရည်အချင်း ပြည့်မီပြီလား...."
" ဟုတ်... ဟုတ်ကဲ့ဗျ...."ပွဲကြေညာသူမှ တုန်လှုပ်စွာ ပြောသည်။ ယနေ့ လေလံပွဲက ပွဲ၏ အဟုန်ကို မြင့်တင်ရန် ရည်ရွယ်ပြီး လီချိန်ရှင်းအား နောက်ထပ် သီချင်းတစ်ပုဒ် သီဆိုဖျော်ဖြေခိုင်းရန်ပင်။
သို့သော်လည်း မည်သူကမျှ ယခုလို ဖြစ်လာလိမ့်မည်လို့ မျှော်လင့်မထားကြချေ။ သို့သော်လည်း ပွဲကြေညာသူမှာ လူရည်လည်သည်။ သူ အလျင်အမြန်ပင် တုံ့ပြန်လာပြီး အပြုံးလေးဖြင့် " သူ့မှာ နာမည်ကြီး သီချင်းတွေ တော်တော်များများ ရှိတယ်... လူကြီးမင်း ကြိုက်တဲ့ တစ်ပုဒ်ကို ပြောလိုက်လေ..."
" သူဆိုတဲ့ သီချင်းတွေက အဲ့လောက်လည်း မကောင်းဘူး... ငါ တခြားတစ်ခုကို တောင်းဆိုချင်တယ်...."
" အစ်ကိုလင်း.... အဲ့မှာ မရီးရဲ့ ခြေဆေးရေတွေ ရှိတယ်မလား... Ace of spade တွေနဲ့ ဖြည့်ထားတာလေ... သွန်ပစ်လိုက်မယ်ဆိုရင် နှမြောစရာကြီး သူ့ကို သောက်ခိုင်းလိုက်ရင်ကော...."လီဟော်စုန့် ပြောလိုက်သည်။
သူကိုယ်တိုင်က ချမ်းသာသည့် ဒုတိယမျိုးဆက် တစ်ယောက် မဟုတ်သော်လည်း လီချိန်ရှင်းကဲ့သို့ မြောက်ကြွကြွ သရုပ်ဆောင်ကိုတော့ ရင်ထဲမှပင် မုန်းတီးရွံ့ရှာလေသည်။
" အကြံကောင်းပဲ...."လင်းရီ ပြောလိုက်ပြီး " တကယ်လို့ သူ ဒီဝိုင်ကို သောက်ရင် ဒီရဲ့ ရှိုးပွဲ ပြီးပြီ....."
" သပပဲ... အစ်ကိုရီ... နင်ကတော့ ဘယ်လိုကစားရမှန်း အများကြီး သိတာပဲ...."
ချိန်ရန် ပြောလိုက်၏။
ရောက်နေကြသူများအားလုံး ကြားလိုက်ရသည့် နားကိုပင် မယုံကြည်နိုင် ဖြစ်နေကြလေသည်။
အကယ်၍ သာမန်လူ တစ်ဦးကသာ ထိုသို့သော တောင်းဆိုမှု ပြုလုပ်လာပါက သူတို့ သေချာပေါက် ဝိုင်းဆဲကြမည်။
သို့သော်လည်း လင်းရီကတော့ ခြားနား၏။ ဤလူက ကျိကျိတက် ချမ်းသာပြီး သဘောမနောလည်း ကောင်းသူ မဟုတ်ချေ။ မည်သူက ထိုသို့သော သူမျိုးအား အပြစ်ပြုချင်ပါမည်နည်း။
ထို့ပြင် ယခုရှိနေကြသည့်သူတိုင်းကလည်း ပွဲဘယ်လို ဆက်ဖြစ်မလဲဆိုတာကို မျှော်တလင့်လင့်နှင့် ရင်ခုန်နေကြလေသည်။
လီချိန်ရှင်းသည်က ကျော်ကြားသည့် နာမည်ကြီး အနုပညာရှင် ဆယ်လီတစ်ဦးဖြစ်ပြီး ယခု ဧည့်သည်တော် တစ်ဦးက ငွေပုံပေး၍ ခြေဆေးရေ သောက်ခိုင်းနေသည်။ အကယ်၍ အဆိုပါသတင်းတာ ပျံ့နှံ့သွားမည်ဆိုပါက အနုပညာ နယ်ပယ်တစ်ခုလုံး ပွက်ပွက်ညံသွားနိုင်သည်။
" ဒါက......"
ပွဲကြေညာသူ၏ အမူအရာမှာ ရှုပ်ထွေးနေပြီး " ဆရာ.... ဒီတောင်းဆိုမှုက နည်းနည်းတော့ များတယ်....ကျေးဇူးပြုပြီး တခြားတစ်ခု တောင်းဆိုပေးလို့ မရဘူးလား....သူ့ကို တို့စ်လုပ်ပြီး တောင်းပန်ခိုင်းလိုက်ရင်ကော..... "
" ငါ့ဘက်က ဝိုင်အသင့်ပြင်ထားပြီးသား.... သူ့ဘက်က သောက်လိုက်တာနဲ့ အဆင်ပြေပြီ...."
" ငါနင့်ကို ပြောမယ်... နင် လွန်မလာနဲ့..."တိုနီ ရောက်လာပြီး စွေ့စွေ့ခုန်လျက် ပြောလိုက်သည်။
အကယ်၍ ယခုလို ဆက်ဖြစ်နေမည်ဆိုပါက လီချိန်ရှင်း အနုပညာ နယ်ပယ်၌ ဆက်လက်ရပ်တည်နိုင်လိမ့်မည် မဟုတ်တော့ချေ။
" အဲ့မှာ ငြိမ်ငြိမ်နေ .. ရှေ့ထပ်တိုးမလာနဲ့... တိုးလာရင် ခင်များပါ ခေါင်းပေါက်သွားမယ်...."
သားရိုင်းကောင်ကြီးကဲ့သို့ ကြောက်မက်ဖွယ် အရှိန်အဝါတို့မှ လင်းရီကိုယ်မှ ပျံ့လွင့်လာကာ တိုနီအား ရောက်နေသည့် နေရာ၌ အေးခဲသွားစေသည်။ သူ ရှေ့ တစ်လှမ်းပင် ဆက်မလှမ်းဝံ့တော့ချေ။
လင်းရီ စင်ပေါ်ရှိ ပွဲကြေညာသူအား ကြည့်လိုက်ပြီး " မင်းတို့ရဲ့ OT ဘားက ဟွာရှမှာ နာမည် အကြီးဆုံး မဟုတ်ဘူးလား.... မင်းတို့ကောင်တွေ ရှိုးပွဲကို ဘယ်လိုကောင်းကောင်း စီမံရသလဲဆိုတာတောင် နားလည်ကြရဲ့လား...."
လင်းရီ သူ၏ အာရုံကို OT ဘားထံ ရွေ့လိုက်သည်။ အကယ်၍ သူ့ဘက်မှ ဂုဏ်သရေကို ထည့်မပြောလာဘူးဆိုပါက ၎င်းတို့မှ ကတိချိုးဖောက်လာနိုင်သည်။ ထိုအခါ ဘား၏ နာမည်ဂုဏ်သတင်းအပေါ်လည်း သက်ရောက်သွားလိမ့်မည်ဖြစ်၏။
" ဒါက....."
ပွဲကြေညာသူမှာ ခေတ္တကြာအောင် တွန့်ဆုတ်နေပြီးနောက် လင်းရီကို ပြောလိုက်သည်။
" ဆရာ... ခဏလေး စောင့်ပေးပါဦး.... ကျုပ် ဘော့စ်နဲ့ စကားပြောပြီး ပြန်လာခဲ့ပါ့မယ်...."
ဘားမှာ တိတ်ဆိတ်နေပြီး လူတိုင်းကလည်း ပွဲကြေညာသူထံ အာရုံအပြည့် စူးစိုက်ထားကြသည်။
လီချိန်ရှင်း ကတိတည်နိုင် မတည်နိုင်က ဘား ပိုင်ရှင်၏ သူ့ကို ကာကွယ်ပေးလိုစိတ် ရှိမရှိအပေါ် မူတည်လေသည်။
OT ကဲ့သို့ ဘားအကြီးစား တစ်ခုကို ဖွင့်လှစ်ထားနိုင်သည် ဆိုသည်က ပိုင်ရှင်၏ ငွေကြေးအင်အားနှင့် နောက်ခံအင်အား မခေမှုကို ပြသရာရောက်ပြီး သာမန်မဟုတ်မည်ကတော့ လုံး၀ သေချာသည်။ လီချိန်ရှင်းကဲ့သို့ လူတစ်ယောက်အား ကာကွယ်ပေးဖို့ရန် အခက်အခဲ တစ်စုံတစ်ရာ ရှိလိမ့်မည် မဟုတ်ချေ။
မိနစ်အနည်းငယ်မျှ ကြာပြီးနောက် ပွဲကြေညာသူမှ ရုပ်ဆိုးသည့် အမူအရာဖြင့် ပြန်ရောက်လာပြီး လီချိန်ရှင်း၏ နားထဲ စကားလုံးတစ်ချို့ တီးတိုးပြောလိုက်သည်။ သကောင့်သား၏ အမူအရာမှာ တစ်မဟုတ်ချင်း ယမ်းပုံမီးကျသကဲ့သို့ ဖြစ်ပျက်သွားကာ ကြမ်းတမ်းစွာဖြင့် " ငါ အဲ့လိုမျိုး လုံး၀ လုပ်မှာ မဟုတ်ဘူး... ငါ့ဘော့စ်ဆီ ဖုန်းခေါ်မယ်...."
လီချိန်ရှင်း၏ အသံကိုကြားတော့ လူတိုင်းမှ ဖြစ်ပျက်နေသည်များကို နားလည်သွားကြလေသည်။ OT ဘားပိုင်ရှင်မှာ သူ့အား ကာကွယ်ပေးဖို့ ရှေ့ထွက်မလာခဲ့ချေ။
သူကိုယ်တိုင်က ခက်ခဲသည့် အနေအထားသို့ ကျရောက်နေလျက်ရှိပြီး ယခု ပြဿနာ အား ဖြေရှင်းရန် ကိုယ့်အစွမ်းအစပေါ်၌သာ မှီခိုရတော့မည် ဖြစ်၏။
အကယ်၍ မဖြေရှင်းနိုင်ဘူးဆိုပါက တစ်ဖက်သူ၏ ခြေဆေးရေကို ဧည့်ပရိတ်သတ် များစွာ၏ ရှေ့မှောက်၌ သောက်ပြရတော့မည်။
" မင်း ခေါ်လို့ရတယ်... ဒါပေမယ့် ငါတို့ ဘော့စ်ရဲ့ အစွမ်းအစကိုလည်း မင်းနားလည်ထားသင့်တယ်.... မင်းတို့ ဘော့စ်ကိုယ်တိုင် ရောက်လာခဲ့ရင်တောင် သူ မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး....."
လီချိန်ရှင်း မျက်နှာ သွေးမရှိတော့။ OT ဘား၏ ဆန်းကြယ်သည့် သူဌေးအကြောင်း တိုနီပြော၍ သူကြားသိထားပြီး ဖြစ်၏။
ရန်ကျင်းကဲ့သို့ ဧရာမ မြို့ကြီး၌ပင် သူ၏ အဆင့်အတန်းက ထိပ်တန်း ဆယ်ဦးအတွင်း ၀င်မည်မှာ ကျိန်းသေသည်။
လီချိန်ရှင်း၏ ဘော့စ်က ထိုသို့သော ဒိတ်ဒိတ်ကျဲကြီးအား ယှဉ်နိုင်ရန် မစွမ်းသာချေ။
မသက်သာသည့် အဆုံးတွင်တော့ သူ အကျည်းတန်သည့် အမူအရာဖြင့် လင်းရီဘက်သို့ လှည့်ပြီး " ညီကို ... ငါ ခုနက မှားသွားတယ်... အဲ့ဒီအတွက် ငါမင်းကို တောင်းပန်ပါ့မယ်.... ဒီနေ့ မင်းတို့ဝိုင်းကို ငါရှင်းပေးမယ်လေ.... ဘယ်လိုထင်လဲ....."
လင်းရီပြုံးပြီး ခေါင်းခါရမ်းလိုက်သည်။" ပိုက်ဆံ တစ်သန်း နှစ်သန်းလောက်ကို ငါက အရေးတယူပြုနေမယ်လို့ မင်း ထင်နေလား... တကယ်လို့ မင်းဘက်က ကတိမတည်ချင်ဘူးဆိုလည်း ရတယ်... မင်းက မလုပ်ချင်ဘူးဆိုမှတော့ ဘားဆီကနေ ငါ့ပိုက်ဆံ ၆ သန်း ပြန်တောင်းရုံ ရှိတာပေါ့.... "
လီချိန်ရှင်း ပွဲကြေညာသူအား ကြည့်လိုက်ပြီး " သူ့ ပိုက်ဆံ အကုန် ပြန်အမ်းလိုက်.... ငါ ခဏနေကျရင် ကိုယ်စား ပြန်ပေးမယ်....."
" မရဘူး... ဒါ OT ဘားရဲ့ စည်းမျဉ်းပဲ... ငါတို့ ဂုဏ်သိက္ခာကို ကာကွယ်ရမယ်... ပြီးတော့ ငါတို့ကြား စာချုပ်လည်း ရှိထားတယ်နော်... တကယ်လို့ မင်း မလိုက်နာဘူးဆိုရင် စာချုပ်ချိုးဖောက်တာပဲ.... အကျိုးဆက်ကို နားလည်မယ်လို့ မျှော်လင့်ပါတယ်...."
လီချိန်ရှင်း မျက်လုံးများ အသက်ကင်းမဲ့ သွားပြီး ဦးခေါင်းကို သဘာ၀အလျောက် တိုနီရှိသည့် နေရာထံ လှည့်လိုက်မိသည်။ တိုနီမှ သူ့အတွက် တစ်စုံတစ်ရာ စဉ်းစားပေးနိုင်မည်လို့ မျှော်လင့်နေရှာသည်။ သို့သော်လည်း တစ်ဖက်သူမှ သက်ပြင်းချ၍ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းရမ်းပြလာခဲ့၏။
ယခုလို ဖြစ်လာခဲ့ပြီးမှတော့ သူ့တွင် လွတ်လမ်း မရှိတော့ချေ။ ဤအဖြစ်အပျက်က သူ ရပ်တန့်နိုင်သည်ထက်ကို ကျော်လွန်နေသည်။
စင်ပေါ်ရှိ ပွဲကြေညာသူမှ ဝိတ်တာကို အကြည့်တစ်ချက်ပေးလိုက်သည်။ တစ်ဖက်သူမှ အရိပ်အမြွက်ကို လက်ခံရရှိလိုက်ပြီး သေတ္တာငယ်လေးအား သယ်ဆောင်လာခဲ့ကာ ဖန်ခွက် တစ်ခွက်ကိုပါ ယူလာခဲ့၏။
ထိုအချိန်တွင်တော့ ရူးရူးမူးမူး ဟစ်အော် အားပေးခဲ့ကြသည့် ပရိသတ်များသည်လည်း အသံပင် မထွက်နိုင်။ မည်သူကမျှ ရှေ့ထွက်ပြီး မရပ်တည်ပေး၀ံ့ကြချေ။
သူတို့သည်လည်း ဤချမ်းသာသည့် လူများရှေ့၌ အနုပညာရှင်ဆိုသည်က ဘာမှမဟုတ်ကြောင်း နားလည်လေသည်။
လီချိန်ရှင်း အံကို တင်းတင်းကြိတ်၊ ဖန်ခွက်ဖြင့် တစ်ခွက်စာခပ်၍ မျက်လုံးစုံမှိတ် ကြိတ်မျိုချလိုက်သည်။
သောက်ပြီးနောက် လီချိန်ရှင်း မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်၍ ပြေးထွက်သွားခဲ့လေသည်။ ဤနေရာ၌ ဆက်နေနိုင်သည့် မျက်နှာ သူ့တွင် မရှိတော့ချေ။
" ငိုးပဲ... ဘယ်လိုတောင် စိတ်လှုပ်ရှားဖို့ ကောင်းထားလဲ...."
တစ်စုံတစ်ယောက်မှ အသံအကျယ်ကြီး အော်ဟစ်လာခဲ့ပြီး " ဒီထက်ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အစီအစဉ် ရှိတော့မယ်တောင် မထင်ဘူး....."
ဘားရှိ မြူးဇစ်သံကလည်း တစ်ဖန်စတင်လာကာ ပုံမှန်အတိုင်း ပြန်လည်ပတ်လာခဲ့၏။
လင်းရီ မတ်တပ်ရပ်လို့ အညောင်းဆန့်လိုက်ပြီး " သွားစို့.... ဒီနေရာက စိတ်၀င်စားဖို့ မကောင်းတော့ဘူး... ပြန်ကြရအောင်...."
" ကောင်းပြီလေ... အချိန်ကလည်း ပြန်သင့်နေပြီ...."
အုပ်စုမှာ မတ်တပ်ရပ်၍ ထွက်ခွာရန် ဟန်ပြင်သည်။ ဘားထဲရှိ လူများမှ အလိုအလျောက်လမ်းဖယ်ပေးလိုက်ကြပြီး လင်းရီ၏ ထွက်ခွာသွားသည့် နောက်ကျောအား ငေးကြည့်နေခဲ့ကြသည်။
.............
ဘား ဒုတိယထပ်ရှိ သီးသန့်ခန်းထဲ၌ လူဆယ်ဦးထက်မနည်း ရှိနေကြပြီး ထိုအထဲ ငါးဦးကသာလျှင် အမျိုးသားများ ဖြစ်သည်။ ကျန်သည်က အမျိုးသမီးများဖြစ်၏။
အဆိုပါ ငါးဦးအနက် လေးဦးကတော့ ရန်ကျင်း၏ သခင်လေး လေးဖော်ဟု ဂုဏ်သတင်းကြီးသည့် ဂူချန်းချွမ် ၊ ကျောက်မို၊ စွန်ချဲ့နှင့် လုရွှမ်တို့ ဖြစ်ကြလေသည်။