ငါတို့ အားလုံး ရှုံးနိမ့်ခဲ့ကြတယ်
Vol. 67 Ch. 996
ကျောက်မိုနှင့် ကျန်သူများ၏ အလယ်တွင် အလှလေး ဘယ်ညာ နှစ်ဖက် ရံ၍ ထိုင်နေသူကတော့ အရပ်အမောင်း ကောင်းပြီး သန်မာသည့် လူငယ်လေး တစ်ယောက်ဖြစ်၏။
ဂူချန်းချွမ်ကိုယ်၌က သန်မာနေပြီး ဖြစ်သော်လည်း ယခုလူငယ်လေးနှင့် ယှဉ်လျှင်တော့ နိမ့်ကျ နေဆဲပင်။
ထိုလူငယ်လေး၏ နာမည်က ဟန်ရန်ပင်း ဖြစ်ပြီး သူတို့ လေးဦးကဲ့သို့ နိုင်ငံရေး နောက်ခံမှ ဆင်းသက်လာသူဖြစ်သည်။
မိသားစု နောက်ခံအရ ကျောက်မိုနှင့် ကျန်သူများတန်းတူ ရှိသော်လည်း များသောအားဖြင့် သိုသိုသိပ်သိပ်သာနေလေ့ရှိပြီး အပြင် ထွက်လေ့ ထွက်ထ မရှိသောကြောင့် သူ ဘယ်သူလဲဆိုတာကို သိသူက အင်မတန်နည်းသည်။
" ညီကိုပင်း...မင်းက မနက်ဖြန် ထွက်သွားတော့မည် ဆိုတော့ နောက်တစ်ကြိမ် တို့စ် လုပ်ပေးပါတယ်.... "ကျောက်မို သူ၏ ဖန်ခွက်ကို မြောက်ရင်း ပြောလိုက်သည်။
" တစ်သက်လုံး ခွဲရတော့မယ့် လေသံကြီး လုပ်မနေစမ်းနဲ့... ငါပြန်မလာတော့မှာ ကျနေတာပဲ....."ဟန်ရန်ပင်း အပြုံးဖြင့် ပြောရင်း သူ၏ ခွက်ကို မြောက်လိုက်သည်။
" ငါဆိုလိုတာ..... မင်းက မနက်ဖြန်ကစပြီး ငါတို့နဲ့ ကွာခြားသွားပြီလေ... အရင်လို အားလပ်တော့မှာ မဟုတ်ဘူး... ဒီတော့ မင်း ဒီည နှလုံးသားက စိတ်ကျေနပ်တဲ့အထိ ပျော်ပါးရမယ်...."
" မနက်ဖြန်က အစမ်း လေ့ကျင့်ရေးနေ့ဟ... နောင်ကျရင်လည်း ဒီလိုဆုံဖို့ အခွင့်အရေးတွေ အများကြီး ကျန်ပါသေးတယ်...."
" အစ်ကိုပင်း... ငါ တစ်ခုနားမလည်တာ မင်းက ဘယ်တပ်ရင်းကို ၀င်မှာမို့ သူတို့က မင်းကို စမ်းသပ်ကြဦးမှာ..... " လုရွှမ် ပြောလိုက်ပြီး " မင်းရဲ့ အဆင့်နဲ့သာဆိုရင် ဘယ်ကိုပဲသွားသွား အရည်အချင်း ပြည့်မှီနေသင့်တာ မဟုတ်ဘူးလား...."
" ဒီတစ်ခေါက် ငါသွားမယ့် နေရာက မင်းတို့ ထင်ထားတဲ့ နေရာနဲ့ မတူဘူး.... အရမ်း တင်းကြပ်တယ်.... သွားမယ့်သူတိုင်းက အစစ်ဆေးခံရတယ်...စစ်ဆေးမှုကို ကျော်ဖြတ်နိုင်တဲ့သူတွေပဲ အဲ့နေရာမှာ နေထိုင်ခွင့်ရှိတာ......"
" မင်းက ဘော့စ်ဂူထက်တောင် စကေးကြမ်းတာကို ဘယ်လို အုပ်စုကများ မင်းလို ကျွမ်းကျင်သူကို လက်လွတ်ဖို့ ဆန္ဒရှိနေတာ...."
ဟန်ရန်ပင်း ပြုံးလိုက်ပြီး " ငါ လျှို့ဝှက်ထားဖို့ သဘောတူ လက်မှတ် ထိုးထားရတော့ အများကြီး သိပ်ပြောပြလို့ မရဘူးကွ... ဒီတော့ မေးခွန်းတွေ သိပ်မမေးနဲ့..."
" ငါယိုး မင်း ဒါကြီးကတော့ မဟုတ်သေးပါဘူး... ငါတို့ကောင်တွေ ပေါက်စနလေးတုန်းကရင် အတူပခုံးဖက် ပေါင်းလာတဲ့ကောင်တွေကို မင်းက လျှို့ဝှက်ချက်တွေ ထားနေသေးတယ်ပေါ့...."လုရွှမ် မကျေမချမ်း စောဒက တက်လိုက်သည်။
" အဲ့တာ သဘောတူညီချက်ထဲ ရေးထားတာပဲလေ... ငါလည်း ဘယ်တတ်နိုင်မှာ....."
" ညီကိုပင်း... မင်းသွားမယ်ဆိုတဲ့ နေရာက ဟိုနေရာလား......"ဂူချန်းချွမ် မေးလာသည်။
" မင်းလည်း ကြားဖူးနေတယ်...."
" အိမ်မှာ လူကြီးတွေ ပြောတုန်း အစွန်အဖျား ကြားမိရုံလောက်ပါ.... သူတို့ ငါ လာတာလည်းမြင်တော့ ချက်ချင်း စကားရပ်သွားကြတာပဲ... ဒါကြောင့် များများစားစား တော့မသိဘူး...."ဂူချန်းချွမ် ပြောလိုက်ပြီး " သူတို့ကို မေးကြည့်ပြန်တော့လည်း မပြောပြဘူး....အချိန်မကျသေးဘူးဆိုပြီးပဲ ပြောတယ်...."
" ဘယ်လိုနေရာမျိုးမို့လို့ အဲ့လောက်တောင် ဆန်းကြယ်သလို လုပ်နေကြတာ...."ကျောက်မို သူ့ ခွက်ကို မော့ရင်း ပြောလိုက်ပြီး " ဒီမှာ အပြင်လူလည်း တစ်ယောက်မှ မရှိပဲနဲ့ကို လျို့ဝှက်မနေစမ်းပါနဲ့....."
" မှန်တယ်.... ငါတို့လည်း သူများကို ပြန်ပြောပြမှာမှ မဟုတ်တာကို ဘာစိုးရိမ်နေစရာလိုလို့...."
စွန်ချဲ့လည်း ပြောလာသည်။
ဂူချန်းချွမ်နှင့် ဟန်ရန်ပင်းတို့ အချင်းချင်းကြည့်လိုက်ကြသည်။ ထို့နောက် ဂူချန်းချွမ်မှ အခန်းထဲရှိ အမျိုးသမီးကို လက်ဝှေ့ယမ်းလိုက်ပြီး " မင်းတို့အားလုံး ထွက်သွားကြ... "
" ဟုတ် ကိုလေးချွမ်... တကယ်လို့ ကိုလေး လိုအပ်ရင် ညီမတို့ကို ခေါ်လိုက်နော်... ဘယ်အချိန် ဘယ်နေရာပဲရောက်ရောက် ညီမတို့ ရောက်အောင် လာမယ်.... "
" အင်း.. ဟုတ်ပြီ...."
အခန်းထဲရှိ ကောင်မလေးများ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့ကြပြီး မကြာမီ ကျောက်မိုနှင့် ကျန်သူများသာ အခန်းထဲ ကျန်ရစ်ခဲ့ကြတော့၏။
" ကဲ အခု အပြင်လူတွေ မရှိတော့ဘူးဆိုတော့ ပြောလို့ရပြီ မလား...."
ဂူချန်းချွမ် စက္ကန့်အနည်းငယ်ကြာအောင် အတွေးနက်နေပြီး " ညီကိုပင်း.... တကယ်လို့ ငါ ထင်တာ မမှားဘူးဆိုရင် မင်း ၀င်မယ့် တပ်က ကျုံးဝေ့ တပ်ဖွဲ့ ဟုတ်တယ်ဟုတ်...."
ကျောက်မိုနှင့် ကျန်သူများမှ ကျုံးဝေ့ တပ်ဖွဲ့ဆိုသည့် စကားလုံးကို ကြားတော့ နားရွက်လှုပ်ခတ်သွားကြ၏။
အဆိုပါ စကားလုံး နှစ်လုံးက သူတို့နှင့် အင်မတန် စိမ်းသက်နေသော်လည်း ကလေးဘ၀ အတွေ့အကြုံများအရ ထိုနေရာက တစ်စုံတစ်ခု ထူးခြားသည့် နေရာဖြစ်ကြောင်း ပြောပြနေသည်။
" မှန်တယ်...အဲ့တပ်ဖွဲ့က စစ်တပ်ရဲ့ လျို့ဝှက်တပ်ဖွဲ့ခွဲလို့ သတ်မှတ်လို့ရတယ်... သူတို့ ထမ်းဆောင်တဲ့ တာ၀န်ကလည်း တော်တော်လေးကို ထူးခြားတယ်... ဒါပေမယ့် ငါလည်း အသေးစိတ်တော့ မသိဘူး... အစမ်းလေ့ကျင့်ရေးကို ဖြတ်ကျော်ပြီး တရား၀င် အဖွဲ့သား ဖြစ်လာခါမှ အထဲက အခြေအနေအကြောင်း သိရမှာ.... "
လင်းရီနှင့် ဟန်ရန်ပင်းတို့ နှစ်ဦးလုံး အစမ်းလေ့ကျင့်ရေး ကမ်းလှမ်းချက်အား လက်ခံရရှိခဲ့သော်လည်း ဆက်ဆံခံရပုံခြင်းတော့ ကွာသည်။
ပထမတစ်ချက်ကတော့ လင်းရီနှင့် ရန်ကွမ်းရှတို့ကြား ကောင်းမွန်သည့် ရင်းနှီးပတ်သက်မှုတို့ကြောင့် ဖြစ်၏။ ဒုတိယ အနေဖြင့် တစ်ဖက်သူမှ လင်းရီအား ဘာဖြစ်နေလဲ ဆိုတာ မပြောပြသရွေ့ လင်းရီ သေချာပေါက် ငြင်းဆန်လိမ့်မည်။
နှစ်ဦးကြား အကြီးမားဆုံး ကွာဟချက်ကတော့ တစ်ဖက်သူမှာ မိသားစုကြောင့် အခွင့်အရေးရပြီး လင်းရီကတော့ သူ့အစွမ်းအစကြောင့် စိတ်၀င်စားခြင်း ခံရသည်ပင်။
TV အစီအစဉ်တုန်းကကဲ့သို့ ဖိတ်ကြားခြင်း ခံသူနှင့် ကိုယ်တိုင်ကိုယ်ကျ အမည်စာရင်း လာပေးသူကြား ဆက်ဆံခံရပုံခြင်း ကွာခြားသကဲ့သို့ ဖြစ်သည်။
" ငါယိုး ဒါဆို မင်းက မင်း ဘာလုပ်နေလဲဆိုတာတောင် မသိဘဲနဲ့ အိမ်က အဘိုးကြီး သွားခိုင်းတာနဲ့ပဲ သွားမယ်ပေါ့...."
" ဟုတ်တယ်..."ဟန်ရန်ပင်း ခေါင်းညိမ့်လိုက်ပြီး " ငါ့အဖေဆီက ကြားတာတော့ ကျုံးဝေ့တပ်ဖွဲ့ရဲ့ မစ်ရှင်တွေက တခြားတပ်ဖွဲ့တွေနဲ့ မတူဘူး... တကယ်လို့ ငါသာ အမှတ်ကောင်းတွေရခဲ့ရင် မြန်မြန်ပဲ ရာထူးတိုးပြီး အရေးပါတဲ့ ဌာနတွေထဲတောင် ၀င်ရောက်နိုင်တယ်... ဒါကြောင့်မို့ သူငါ့ကို အဲ့ထဲထည့်ဖို့ ဆုံးဖြတ်လိုက်တာပဲ.... "
ထိုသို့ ပြောပြီးနောက် ဟန်ရန်ပင်း ဂူချန်းချွမ်အား ကြည့်ကာ " ငါမြင်သလောက်ဆိုရင် မင်းလည်း နောင်သုံးလေးနှစ်နေရင် အဲ့ နေရာမှာ အစမ်းလေ့ကျင့်ရေး ဆင်းဖို့ အရည်အချင်း ပြည့်မီလိမ့်မယ်... ဒီတော့ ဘာမှ စိုးရိမ်မနေနဲ့...."
" မင်းအဲ့လိုပြောလာတော့ အဲ့ဒီ ကျုံးဝေ့ တပ်ဖွဲ့လို့ ခေါ်တဲ့ နေရာက စွန်းလန်းသယောင်ရှိသား...."
" သောက်ရမ်း အထင်ကြီးဖို့ ကောင်းတဲ့ နေရာပေါ့ကွာ...."ဟန်ရန်ပင်း ဝိုင်ခွက်ကို ကိုင်ရင်း ပြောလိုက်ပြီး " ၀မ်မြန်ဆိုတာလည်း လွန်ခဲ့တဲ့ သုံးနှစ်ကရင် အဲ့တပ်ဖွဲ့ထဲ ၀င်သွားခဲ့တာ... တကယ်လို့ သူ အခုချိန် အနားယူမယ်ဆိုရင် အနည်းဆုံး ဒုဗိုလ်အဆင့်ပဲ... ဗိုလ်ကြီးတောင် ဖြစ်ရင် ဖြစ်နိုင်တယ်... တွေးကြည့်ကြည့်.. အဲ့တာ စောက်ရမ်း အံ့ဩဖို့ မကောင်းဘူးလား......"
" ဘော.... မဖြစ်နိုင်တာ... ညီကိုမြန်က အသက် ၃၁ နှစ်တည်း ရှိသေးတာကို ဗိုလ်ကြီး ဖြစ်ဖို့ အခွင့်အရေး ရှိနေပြီ...."ကျောက်မို အံ့ဩဘနန်း ဖြစ်စွာဖြင့် ပြောလိုက်သည်။
" တခြား တပ်ရင်းတွေမှာဆိုရင် မဖြစ်နိုင်ဘူးဆိုပေမယ့် ကျုံးဝေ့တပ်ဖွဲ့မှာတော့ အကုန်ဖြစ်နိုင်တယ်..... "
" တကယ်လို့ အမှန်သာဆိုရင် သောက်ရမ်းလန်းသွားပြီ...."ကျောက်မို သူ့ခွက်ကို ဟန်ရန်ပင်းနှင့် တစ်ချက်တိုက်လိုက်ရင်း " ညီကိုပင်း.. မင်း မနက်ဖြန် အစမ်း လေ့ကျင့်ရေးကို အောင်မြင်ဖို့ ယုံကြည်ချက်ရှိလား...."
" သေချာပေါက် ရှိတာပေါ့ကွ... မဟုတ်ရင် ငါ့အဘိုးကြီးက ပေးသွားမှာတောင် မဟုတ်ဘူး.... သူ မျက်နှာပျက်မယ့် အရေးကို လုပ်ပါ့မလား..."
ထိုသို့ ပြောပြီးနောက် ဟန်ရန်ပင်း ဂူချန်းချွမ်ကို ကြည့်လိုက်ပြီး " ကြိုးစားလေ့ကျင့်ပြီး သန်မာအောင်လုပ်....အနာဂတ်မှာ ရှိတဲ့ မင်းက လက်ရှိမင်းကို ကျေးဇူးတင်လိမ့်မယ်...."
" အေးပါကွာ... အရင်ဆုံး တို့စ်လုပ်ကြတာပေါ့.... မနက်ဖြန် အောင်မြင်ပါစေ....."
" ကောင်းပြီ... ချီယား...."
ဘန်း...
သူတို့ သောက်နေစဉ် သီးသန့်ခန်းထဲရှိ တံခါးမှာ တွန်းဖွင့်ခြင်း ခံလိုက်ရ၏။ ဖက်ရှင်ကျနစွာ ၀တ်ဆင်ထားပြီး ဆံပင်အဝါရောင် ဆိုးထားသည့် လူငယ်တစ်ဦး အထဲ၀င်လာသည်။ ထိုလူငယ်လေး၏ နာမည်က ဟွမ်မင်းရန် ဖြစ်ပြီး ကျောက်မိုတို့နှင့် အတူ ငယ်ပေါင်းကြီးဖော်လည်း ဖြစ်၏။
" ညီကိုကျောက်... တစ်ခုခုတော့ ဖြစ်ပြီ.... ငါ လင်းရီကို အောက်မှာ မြင်ခဲ့တယ်.... ငါတို့နဲ့ ရာဝမ်းကျွန်းမှာ တိုက်ခိုက်ခဲ့တဲ့သူလေ...."
" သူ ဒီရောက်နေတယ်လား....."
ထိုသတင်းကြားတော့ ကျောက်မို အလွန်အမင်း စိတ်လှုပ်ရှားသည့် အမူအရာဖြင့် မတ်တပ်ထရပ်မိလိုက်သည်။
" တကယ်ကြီးသူပဲ... ငါ အမြင်မှားခဲ့တာ မဟုတ်ဘူး....."
" မင်းတို့.... စိတ်ငြိမ်ငြိမ်ထားစမ်းပါ.... ဘာဖြစ်တာလဲ..... ဘာလို့ အဲ့လောက်တောင် သွေးဆူနေရတာ...."ဟန်ရန်ပင်း သူ၏ ဖန်ခွက်အား ကိုင်ရင်း ရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်သည်။
" မင်းက ပုံမှန်ဆို မင်းအလုပ်နဲ့ မင်းရှုပ်နေတဲ့ကောင်ဆိုတော့ မင်း မသိတာတွေ အများကြီးပဲ..."ကျောက်မို ပြောလိုက်ပြီး " အဲ့ကောင်က ကျိုးဟိုင်က........ ငါတို့ကောင်တွေ သူ့လက်ထဲမှာ အများကြီး ဆုံးရှုံးခဲ့ဖူးတယ်....."
" မဖြစ်နိုင်တာ.... မင်းတို့ကောင်တွေကလည်း တစ်ခုခုတော့ တစ်ခုခုပဲ... ချန်းချွမ်က ဒီလောက် တိုက်ခိုက်ရေးကောင်းတာကို မင်းတို့ အားလုံး ပေါင်းလိုက်ရင် ဘယ်ကောင်က မင်းတို့ကို အနိုင်ယူနိုင်ဦးမှာ....."
" သူက တော်တော်လေးကို အင်အားကြီးတယ်.... အရင်တစ်ခေါက်တုန်းက ငါသူ့ကုမ္ပဏီရဲ့ ရှယ်ယာဈေးတွေ ထိုးကျအောင် လုပ်တာ နောက်ဆုံးကျ ငါပဲ အလှည့်စားခံလိုက်ရတယ်... ဘော့စ်ဂူဆိုလည်း သူနဲ့ လက်သီးချင်း ယှဉ်ဖိုက်ဖူးတယ်... ဒါပေမယ့် ဆုံလိုက်တိုင်း တစ်ခေါက်မှကို မနိုင်ဖူးသေးဘူး.... "
ဟန်ရန်ပင်း မျက်မှောင်ကုပ်လိုက်ပြီး " ငါ ကျိုးဟိုင်က လူ တော်တော်များများနဲ့ သိပါတယ်... အဲ့ လင်းရီက ဘယ်ကတုန်း....."
" ငါတို့လည်း မသိဘူး.... ဘွားကနဲ ကျိုးဟိုင်မှာ တောက်ပလာတာပဲသိတယ်... သူက စွမ်းအားကြီးတာတော့ အမှန်ပဲ...."
" ညီကိုကျောက်... ခု အဲ့တာတွေ မပြောသေးနဲ့ဦး... အဲ့ကောင်ကြည့်ရတာ ထွက်သွားတော့မယ်နဲ့တူတယ်.... တကယ်လို့ ခုနေ မလိုက်ဘူးဆိုရင် နောက်တစ်ကြိမ် အခွင့်အရေးရှိမလား မသေချာတော့ဘူး....."
" ယီးပဲ... သွားကြည့်ကြစို့...."
ဟန်ရန်ပင်းလည်း သူ့ဖန်ခွက်ကို ချလိုက်ပြီး ဆိုဖာပေါ်မှ ထရပ်လိုက်ကာ " ငါ့ညီကိုတွေကို အနိုင်ကျင့်ရဲတဲ့ကောင်က ဘယ်လိုလူစားမျိုးလဲ ဆိုတာ ငါလည်း လိုက်ကြည့်စမ်းမယ်....."