မင်း ဒုက္ခိတ ဖြစ်သွားမှာကို စိုးရိမ်မိတယ်
Vol. 67 Ch. 997
ဘားထဲတွင်တော့ လူတိုင်း၏ အကြည့်က လင်းရီ နောက်ကျောထံ ကျရောက်လို့နေသည်။
လက်ရှိ မရေမတွက်နိုင်သည့် ဒုတိယမျိုးဆက် ဆက်ခံသူများစွာ ရှိသော်လည်း ယနေ့ည အတောက်ပဆုံး ပုဂ္ဂိုလ်ကတော့ ငွေကို ရေလို အသုံးကြမ်းပြသွားပြီး ဝေးကွာသထက် ဝေးကွာသွားနေသည့် ပုံရိပ်ပိုင်ရှင်ပင် ဖြစ်လေတော့သည်။
လင်းရီ၏ ထွက်ခွာသွားမှုက ဘားအတွင်း အသက်၀င်နေမှုကို ယာယီ ရပ်တန့်သွားစေသည်။ သို့သော်လည်း မကြာမီတွင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့တော့၏။
ထိုအချိန်တွင်ပဲ ကျောက်မို၊ ဂူချန်းချွမ်နှင့် ကျန်သူများ အပေါ်ထပ်မှ ဆင်းလာသည်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။
" ကြည့်... အဲ့တာ ရန်ကျင်းရဲ့ သခင်လေး လေးဖော် မဟုတ်လား....."
" ငါ ကြားတာတော့ ဒီနေ့ည ပွဲကို သူတို့ကပဲ ဦးစီးကျင်းပတာတဲ့.... ငါ အရင်တုန်းကတော့ သူတို့ အကြောင်းတွေ ကြားဖူးတယ်... ဒီနေ့တော့ လူကိုယ်တိုင် မြင်တွေ့လိုက်ရပြီ....."
" ခေါင်းဆောင်က ဂူချမ်းချွမ်မလား... သူဘယ်လောက် ခန့်ညားထားလဲ ကြည့်စမ်းဟယ်...."
"သူ့အနောက်က ကျောက်မို.... ငါကြားတာတော့ သူ့မိသားစုက တော်တော်လေးကို ချမ်းသာတယ်ဆိုပဲ... ဟွာယင် အုပ်စုက သူတို့မိသားစု ပိုင်တာလေ... အသားတင် ပိုင်ဆိုင်မှုဆိုတာ ယွမ် ဘီလီယမ် ရာချီပဲ.... အဝါရောင် ငွေစက္ကူကိုတောင် အဲ့လောက် အများကြီး ငါ မီးမရှို့ဖူးဘူး.... "
" ဆရာကြီးတွေ အတူဆင်းလာကြတယ်ဆိုတော့ အကြီးကြီးတွေ လုပ်ကြတော့မလို့နဲ့တူတယ်... ဘယ်လိုတောင် စိတ်လှုပ်ရှားဖို့ ကောင်းထားလဲ...."
ကျောက်မို ၊ ဂူချန်းချွမ်နှင့် ကျန်သူများအားလုံး ဆင်းလာကြသည်။ လူတိုင်းကလည်း သူတို့၏ ပုံရိပ်ကို အထူးအဆန်းလုပ်၍ မျှော်ဖူးနေကြလေသည်။ သို့သော်လည်း အားလုံး အံ့အားသင့်သွားခဲ့သည်က အုပ်စုမှာ ဒေါသတကြီး အမူအရာနှင့် အပြင်ဘက်သို့ ထွက်ခွာသွားကြသည်ကိုပင်။
" ဘာတွေဖြစ်နေတာလဲ... ဘာလို့ အားလုံးက ထွက်သွားကြတာတုန်းဟ... ပါတီ ဆက်မလုပ်တော့ဘူးတဲ့လား..... "
" တစ်ခုခု ဖြစ်သွားခဲ့တာပဲ ဖြစ်ရမယ်... သူတို့ရဲ့ ဝါးစားချင်နေတဲ့ မျက်နှာ အမူအရာတွေကို မင်းသောက်လုံးက ကန်းနေတာလား.... ကြည့်ရတာ ဘယ်ကောင့်ကို အနိုင်သွားကျင့်ကြမလို့လဲ မသိဘူး....."
" အပြင်သွားကြည့်ရအောင်... တကယ်ကြီး တစ်ခုခု ဖြစ်သွားခဲ့တယ်ထင်တယ်.... ဒီညတော့ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ရှိုးတွေ တစ်ခုပြီး တစ်ခုပါလားဟေ့....."
ဘားထဲရှိ လူတော်တော်များများမှာ အတွေးတူညီနေကြပြီး ရှိုးပွဲအား ကြည့်ရှုချင်နေကြသည်။
ထိုအထဲ တစ်ချို့ကတော့ ဘာဖြစ်နေလဲဆိုတာကို ခန့်မှန်းထားကြပြီး ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုသူများ အားလုံးက ရာ၀မ်းကျွန်းသို့ ရောက်ဖူးသူများပင်။ သူတို့က လင်းရီနှင့် သခင်လေး လေးဖော်ကြားရှိ ရန်ငြိုးကြွေးကို ကောင်းစွာ သိသည်။ယခု လင်းရီမှ ဒေသခံမြွေကို မကြောက် ၊ ရန်ကျင်းသို့ ပေါ်ပေါ်ထင်ထင် ၀င်လာပြီးမှတော့ နှစ်ဖက်ကြား ချိတ်ကြငြိကြမည်က ရှောင်လွဲ၍ မရသည့် အရာပင်ဖြစ်၏။
ဘားအပြင်ဘက်တွင် လင်းရီ ခါးလှည့် အကြောဖြည်ရင်း " အပြင်ရောက်မှပဲ လေကောင်းလေသန့်ရတော့တယ်.... "
ချိန်ရန် သူမ နာရီကို ကြည့်လိုက်ရင်း " အစ်ကိုရီ... အခု စောသေးတယ်... ညီမတို့ ကွေ့ရီလမ်းကို သွားကြမလား... အဲ့မှာ အစားအသောက်ကောင်းတွေမှ အများကြီးပဲ... ညလည်စာ နည်းနည်းလောက် သွားစားကြတာပေါ့...."
" အင်း ကောင်းသား... ငါလည်း ဆာသလိုလိုတော့ ရှိတယ်...."
ကွေ့ရီလမ်းသည်က အစားအသောက် နှစ်ခြိုက်သူတို့အဖို့ သုခဘုံမြေပင်။ ထို့ပြင် အဆိုပါနေရာက သာမန်ဆန်လှပြီး မည်သို့သော ခမ်းနားသည့် အဆောက်အအုံတို့ကမျှ ရှိမနေချေ။ သို့တိုင်အောင် နိုင်ငံတစ်၀န်း ကျော်ကြားသည့် နေရာတစ်ခု ဖြစ်ပြီး နိုင်ငံခြားသား လည်ပတ်သူတို့ မလာမဖြစ် လာကြသည့် နေရာလည်း ဖြစ်သည်။
သွားကြမည့် နောက်တစ်နေရာကို ဆွေးနွေးပြီးနောက် ခြောက်ယောက်သား ကားအသီးသီးထဲသို့ ၀င်ရန် ဟန်ပြင်လိုက်ကြသည်။ ထိုစဉ်တွင်ပဲ နောက်မှ ဆူညံဆူညံ အသံများကို လင်းရီတို့ ကြားလိုက်ရလေသည်။
ဘားထဲမှ လူတစ်ဒါဇင်ခန့် ပြေးထွက်လာကြသည်။
အစကတော့ လင်းရီ များများ တွေးတော မနေချေ။ သို့သော်လည်း ထိုလူအုပ်ထဲ၌ လင်းရီ ဂူချမ်းချွမ်နှင့် ကျောက်မိုကို မြင်တွေ့သွားခဲ့၏။
ထိုနှစ်ယောက်ကို မြင်တော့ လင်းရီ မနေနိုင်ပဲ ပြုံးလိုက်မိသည်။
ဘာလို့ ဒီကောင်တွေ ခုထိ လက်မလျော့ချင်ကြသေးတာ....
ဘားအပြင်သို့ ထွက်လာခဲ့ကြသည့် လူများမှ လင်းရီနှင့် ကျန်သူတို့ ဘေးတွင် ရပ်လိုက်ကြပြီး နှစ်ယောက်တစ်ဖွဲ့နှင့် သုံးယောက်တစ်ဖွဲ့မှ အလယ်တွင် လင်းရီတို့အား ဝိုင်းရံထားကြ၏။
ထိုလူများ၏ ၀တ်စားဆင်ယင်ပုံမှ တစ်ဆင့် ကျွမ်းကျင်သည့် တိုက်ခိုက်ရေးသမားများ မဟုတ်ကြောင်း လင်းရီ တပ်အပ်ပြောနိုင်သည်။ အပြင်သို့ အပျော်ရှာရန် ရောက်လာကြသည့် သူဌေးသားလေးများသာဖြစ်၏။ အကုန်လုံးက သားနားစွာ ၀တ်ဆင်ထားကြသည်။
တစ်ချိန်တည်းတွင် OT ဘားရှိ ရုတ်ရုတ်သဲသဲ အသံတို့က ဘေးရှိ အခြားကလပ်များပေါ်သို့လည်း သက်ရောက်သွားပြီး အထဲ၌ ပါတီလုပ်နေကြသူများမှာ အပြင်သို့ ပြေးထွက်လာ၍ ပြပွဲတစ်ခုအား စောင့်ကြည့်ကြတော့သည်။
ရန်ကျင်း၏ သခင်လေး လေးဖော်မှ တစ်ခုခု လုပ်ရန် ထွက်လာကြသောကြောင့် သူတို့ ဘာလုပ်လဲဆိုတာ စောင့်ကြည့်ရမည်က သူတို့၏ တာ၀န်ပင်။
" လင်းရီ.... မတွေ့တာ အတော်ကြာပြီ...."ကျောက်အို ပြုံးပြလာသည်။
" မင်းတို့က တိုက်ခိုက်ချင်ကြသေးတုန်းလား... ရာ၀မ်းကျွန်းတုန်းက သင်ခန်းစာပေးခဲ့တာ မလုံလောက်သေးဘူးနဲ့တူတယ်...."
ကျောက်မိုနှင့် ကျန်သူများ၏ အမူအရာမှာ အကျည်းတန် ကြောက်မက်ဖွယ် ကောင်းလာပြီး " ငါမင်းကို ပြောမယ်... ငါတို့ သေတဲ့အထိ မတိုက်ခိုက်သရွေ့တော့ ဒီရန်ငြိုးတွေ ချေလို့ မရဘူးကွ....."
" ကျောက်မို....."
ချိန်ရန် တင်းမာစွာ အော်ဟစ်လိုက်ပြီး " နင် မလွန်လာနဲ့....."
ချိန်ရန် ကျောက်မိုအား ထိုသို့သော လေသံမျိုးဖြင့် ပြောလာခဲ့သည်ကို မြင်တော့ ကြည့်ရှုနေသူအပေါင်းမှ ထိတ်လန့်သွားခဲ့ကြသည်။
ဒီမိန်းကလေးက ဘယ်သူဘာလိမ့်....
ဘယ်လိုတောင် ရဲတင်းနေတာ...
ကျောက်မို ချိန်ရန်ကို ကြည့်လိုက်ပြီး " ရန်ရန်... ဒါ ငါတို့နှစ်ယောက်ကြားက ကိစ္စပဲ... နင်နဲ့ ဘာမှမဆိုင်ဘူး..... "
သူမ ငယ်စဉ်တုန်းက ချိန်ရန်မှာ လျန်ရူရွှယ်၏ သွားလေရာ လိုက်ပါလာလေ့ရှိပြီး သူမနှင့်လည်း အတူဆော့ကစားခဲ့ဖူး၏။
ထိုအကြောင်းကြောင့် ကျောက်မိုနှင့် ကျန်သူများက ချိန်ရန်နှင့် ရင်းနှီးသော်လည်း အရမ်းကြီး နီးကပ်နေသည်မျိုးလည်း မဟုတ်ချေ။
" နင်တို့ နှစ်ယောက်ကြား ဘာဖြစ်လဲ ငါသိပြီးပြီ... ဒါပေမယ့် ဒီတစ်ကြိမ် အစ်ကိုရီ နင့်ကို ဘာမှ မလုပ်ရသေးဘူး မဟုတ်လား.... နင် ဘာလို့ အဲ့လောက် လူတွေ အများကြီး ခေါ်လာခဲ့တာ...."
" သူ ဒီတစ်ကြိမ် ငါတို့ကို ဘာမှမလုပ်ခဲ့ဘူး.... ဒါပေမယ့်လည်း ငါတို့ကြား ရန်ငြိုးက ခုထိ မကြေအေးသေးရဘူး....ငါတို့ သေချာ အဆုံးသတ်ရမှ ဖြစ်မှာ.... "
" နင် ပြဿနာ လာရှာနေတာ တစ်ကြိမ် မကတော့ဘူး... တစ်ဆက်တည်း သုံးလေးကြိမ်လောက်ရှိနေပြီ... နင်ဘာလို့ အဲ့လောက်ထိ အရှက်မဲ့နေရတာ.....နင်တို့ထဲ တစ်ယောက်ယောက်သေမှ ကြေအေးပေးနိုင်တော့မှာလား...."
" ငါတို့ သူ့ကို သေစေချင်နေတာ မဟုတ်ဘူး... ဒီတိုင် ကောင်းကောင်းလေး အဆုံးသတ်ချင်ရုံပဲ... "ကျောက်မို စီးကရက်ထုတ်ပြီး မီးညှိလိုက်သည်။
လေအေးတစ်ချက်တွင် ပြာမှုန့်များ တိုက်ခတ်သွားပြီး ဆေးလိပ်ဖြင့် လင်းရီထံ ညွှန်ပြရင်း " နောက်ပြီး ငါတို့ ပိုင်နက်ထဲ ရောက်လာတဲ့ ကျိုးဟိုင်ကလူကို ဘယ်လိုလုပ်ပြီး အေးဆေး ထွက်သွားခွင့်ပေးရမှာ....."
" ရတယ်လေ... ငါအခု အစ်မမီဆီ ဖုန်းဆက်ပြီ...."
ချိန်ရန် သူမဖုန်းကို ထုတ်၍ လျန်ရူရွှယ်၏ နံပါတ်ကို နှိပ်လိုက်၏။ ထို့နောက် လူတိုင်းကြားစေရန် စပီကာ ဖွင့်ထားလိုက်ပြီး " ဘာလဲဖြစ်တာ... ဒီလောက် ညဉ့်နက်နေတာကို ဘာလို့ ဖုန်းခေါ်လာတာလဲ...."လျန်ရူရွှယ် မေးလာခဲ့၏။ သူမ လေသံက အရမ်း အိပ်မောကျနေစဉ် ရုတ်တရက် နှောင့်ယှက် ခံလိုက်ရခြင်းကြောင့် စိတ်မကြည်မလင် ဖြစ်နေသည့် အသံမျိုး ဖြစ်သည်။
"မမီ... ညီမ ဒီနေ့ အစ်ကိုရီနဲ့ OT ဘား သွားခဲ့တယ်... အဲ့ဒီမှာ ကျောက်မိုတို့နဲ့ တွေ့ပြီး သူတို့ အစ်ကိုရီနဲ့ ချမလို့တဲ့...."
" သူတို့ အခု ဘယ်မှာလဲ...."လျန်ရူရွှယ်၏ လေသံမှာ ချက်ချင်း အေးစက်သွားပြီး " သူတို့ အခု နင့်ဘေးမှာလား...."
" သူတို့ အကုန်ကြားတယ်....ညီမ စပီကာ ဖွင့်ထားတာ...."
" ကျောက်မို...."လျန်ရူရွှယ် ပြောလာသည်။
" ရှောင်မီ... ဒါ ငါတို့ ကြား ကိစ္စပါ ... မင်း ၀င်မပါနဲ့..."
" တကယ်လို့ နင်တို့ လေးယောက် သပ်သပ်တည်းဆို ငါလည်း၀င်မပါဘူး... "လျန်ရူရွှယ် ပြောလိုက်ပြီး " နင် ဘယ်သူ့ကို အကူအညီ ခေါ်ခဲ့လဲပြော...."
လျန်ရူရွှယ် နှစ်ဖက်လုံး၏ အခြေအနေကို ကောင်းစွာ နားလည်ထားသည်။
အကယ်၍ ကျောက်မိုနှင့် သူ့သူငယ်ချင်း တစ်သိုက်မျှသာ ဆိုပါက လင်းရီ လက်တစ်ဖက်တည်းနှင့် ကြက်ကလေး ငှက်ကလေး သတ်သလို သတ်ဖြတ်လိုက်၍ ရသည်။
သို့သော် သူတစ်ဦးတည်း တိုက်ခိုက်ရလောက်သည်အထိ ကျောက်မို မပိန်း။ ယခုလို ရန်လာရှာ၀ံ့သည်ကလည်း ဆိုလိုသည်က အကူအညီ ကောင်းကောင်း တွေ့လာခဲ့သည်ဆိုသည့် သဘောပင်။
" ဘယ်သူလဲ... နာမည်မရှိဘူးလား..."လျန်ရူရွှယ် ခပ်ရိုင်းရိုင်း ပြောလိုက်၏။
" ဟန်ရန်ပင်း....."
ဟန်ရန်ပင်းသည်လည်း လျန်ရူရွှယ်နှင့်သိသည်။ အချင်းချင်း နာမည်တပ်ခေါ်နေကြသော်လည်း အရမ်းကြီး ရင်းနှီးနေသည်မျိုးတော့ မဟုတ်ပေ။
" ဒီကောင်တွေ ဘာများစားထားလို့ လင်းရီဆီ ရန်ကြွေး လာဖြေရှင်းသလဲ မှတ်တယ် လက်စသတ်တော့ နင့်အားကိုးနဲ့ကိုး...."လျန်ရူရွှယ် ပြောလိုက်ပြီး " ဘာပဲဖြစ်ဖြစ်ပါ... နင် ဒီကိစ္စထဲ ၀င်မပါရင် အကောင်းဆုံးပဲ... လင်းရီနဲ့ သူ့လူတွေ သွားပါစေ... နင်က အဲ့ကလေကချေတွေနဲ့ မတူဘူး... အနာဂတ်ကျရင် မတူညီတဲ့ လမ်းကြောင်းကို လျှောက်ရမှာ..... အပေါင်းကြောင့် ဂုဏ်တက်သလို အပေါင်းကြောင့်လည်း ဂုဏ်ပျက်တယ်.... ကိုယ့်သိက္ခာ ပျက်စီးစေမယ့် ကိစ္စတွေ မဖန်တီးချင်စမ်းနဲ့...."
" သိက္ခာပျက်စီးမယ် ဟုတ်လား.... ငါက ဘာကို ကြောက်နေရမှာ...."ဟန်ရန်ပင်း အထင်အမြင်သေးစွာ ပြန်ပြောလိုက်ပြီး " ရန်ဖြစ်တာကို သိက္ခာပျက်စီးစေတယ်လို့ နင် ထင်နေတာလား.... ဟိုအကောင်တွေကကော ငါ့ကို ရာဇ၀တ်မှတ်တမ်းထဲ ထည့်ရဲမှာတဲ့လား...."
" မှန်တယ်... ဘယ်သူကမှတော့ နင့်ကို ရာဇ၀တ်မှတ်တမ်းထဲ မထည့်ဝံ့ဘူး... ဒါပေမယ့် နင် ဒုက္ခိတ ဖြစ်သွားမှာစိုးလို့.... "
ဟန်ရန်ပင်း၏ သေရေးရှင်ရေးကို လျန်ရူရွှယ် ဂရုစိုက်မနေချေ။ လင်းရီ ရှုံးနိမ့်လိမ့်မည်လောဟုလည်း သူမ စိတ်ထဲတွင်တွေဝေနေခြင်းမရှိ။ သူမ အမှန်တကယ် သတိထားနေသည်က ဟန်မိသားစုတစ်ခုလုံးပင်တည်း။
အကယ်၍ လင်းရီ သူ့ကို မသေမရှင်နှင့် ပစ်ထားမည်ဆိုပါက ဟန်မိသားစုမှာ လင်းရီအား အလွတ်ပေးလိမ့်မည် မဟုတ်ဘဲ ပြဿနာများစွာကို ဖြစ်ပွားစေပေမည်။
ထိုသို့ဆိုပါက အခြေအနေမှာ ဖြေရှင်းရ ခက်ခဲသွားနိုင်သည်။ မည်သို့ပင်ဖြစ်စေ ဟန်မိသားစုသည်က လျန်မိသားစုနှင့် ပခုံးချင်းယှဉ်နိုင်သည့် မိသားစုကြီး တစ်ခုဖြစ်၏။
" ငါ ဒုက္ခိတ ဖြစ်မှာကို ကြောက်တယ်လို့ မင်း ပြောနေတာလား...."ဟန်ရန်ပင်း ဒေါသသံဖြင့် ပြောလိုက်ပြီး "လျန်ရူရွှယ်... ငါတို့ချင်း အရမ်း မရင်းနှီးဘူးဆိုပေမယ့် အသိုင်းအဝိုင်းတစ်ခုတည်းက ကြီးပြင်လာတဲ့ သူတွေပါ... မင်း ငါ့အကြောင်း မသိဘူးလား.... သူက နင့် ရည်းစားဟောင်းဆိုရင်တောင် ဒီလောက်ထိ ကာကွယ်ပေးနေစရာ မလိုပါဘူး.... "
လျန်ရူရွှယ် သူမနှင့် လင်းရီကြား ပတ်သက်ဆက်နွယ်နေမှုကို အလုပ်ရှုပ်ခံ ရှင်းပြမနေတော့ချေ။ အဘယ်ကြောင့်ဆိုသော် ဒီပုတ်ထဲက ဒီပဲ ပဲ ထွက်လာမည်မှန်း သူမ သိထားပြီးသောကြောင့်ဖြစ်၏။
" နင် လင်းရီ အရည်အချင်း ဘယ်လောက်ရှိလဲ သိချင်ရင် ဂူချန်းချွမ်ကို မေးလိုက်.... ငါ ပြောတာ မှန်သလား မှားသလား သူသိတယ်....”