← Chapters

ငါမင်းကို ICU အရောက်ပို့ပေးမယ်

Vol. 67 Ch. 998

ငါမင်းကို ICU အရောက်ပို့ပေးမယ်

Vol. 67 Ch. 998

ဂူချန်းချွမ်၏ အမူအရာ ပြောင်းလဲသွားခဲ့၏။ ရာ၀မ်းကျွန်းတွင် ဖြစ်ပျက်ခဲ့သည်များက သူ့ဘ၀ တစ်သက်လုံးတွင် အစပင် ပြန်မဖော်ချင်သည့် ကိစ္စရပ်များဖြစ်လေသည်။

" အစ်ကိုကျောက်... ဘာလို့ သူမနဲ့ လေကုန်ခံပြီး စကားပြောနေတာ... ဒီတိုင်း တိုက်ခိုက်လိုက်စမ်းပါ... ကျုပ် လက်နက်တောင် အသင့်ပြင်ထားပြီးသား...."

တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်၏။

" ဟုတ်တယ်... အဲ့ကောင်ကို ယိုးပစ်.... ကျိုးဟိုင်က တောသားကများ ရန်ကျင်းလာပြီး ဘယ်လို တောင် လူစွာ လုပ်ရဲနေတာ... ဒီနေ့ ဒီကောင့်ကို မြော့နေအောင် ချမှ ဖြစ်မှာ...."

" နင်တို့ လုပ်ဝံ့ကြလား...."

ဖုန်းတစ်ဖက်ရှိ လျန်ရူရွှယ်၏ အသံမှာ အေးစက်စွာ ထွက်ပေါ်လာခဲ့ပြီး " နင့်ဘ၀က အရမ်းသက်သာနေတယ်လား.... ဘယ်သူကမှ နင့်ကို အပြစ်မပေးဝံ့ဘူးလို့ ထင်နေတာလား....."

ကြိမ်းမောင်းနေသည့် လျန်ရူရွှယ်၏ အသံကို ကြားတော့ လင်းရီ နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ကွေးတက်သွားခဲ့၏။

သူမကို အပေါ်ကြည့်မည်ဆိုပါက သိမ်မွေ့ညင်သာပြီး ဆွဲဆောင်မှုရှိသည့် အလှကညာတစ်ပါးနှင့် တူသော်လည်း အမှန်တွင်တော့ သူမသည် ရန်ကျင်း၏ အမျိုးသမီး ဘော့စ် ဖြစ်၏။ သူမ ငယ်စဉ်က သူမရှေ့ ထောင်လွှားခဲ့သည့် ကောင်လေးများကို ဦးချိုးပေးခဲ့သည်က မနည်းမနောပင် ဖြစ်သည်။

" မင်းဘယ်သူလဲ ငါစိတ်မ၀င်စားဘူး... တကယ်လို့ ဒီလင်းရီသာ ငါ့အစ်ကိုကျောက်ကို ထိရဲလို့ကတော့ ငါတို့ အဆိုးမဆိုနဲ့ပေါ့ကွာ...."

" နင် ဘယ်လိုတောင် ပြောဝံ့နေတာ... ကျောက်မိုနဲ့ ဂူချန်းချွမ်တောင် ငါ့ကို ဒီစကားမျိုး လာမပြောရဲဘူး.... နင့်ကိုယ်နင် ဘယ်သူထင်နေလဲ.... ငါသာ ရန်ကျင်းမှာဆိုလို့ကတော့ တေလေဂျပိုး... နင့်သောက်ခွက်ကို ငါ လာဖြတ်ရိုက်ပစ်တယ်....."

" ညီကို... မင်း ပြန်လာခဲ့...."

ကျောက်မို ထိုလူငယ်အား ပြန်ခေါ်လိုက်ပြီး " မျက်ကန်း လျှောက်အော်မနေနဲ့... မင်း မိသားစုက သူမကို အပြစ်ပြုဖို့ မတတ်နိုင်ဘူး......"

" အစ်ကိုကျောက်.... ဒီ မိန်းမက ဘယ်သူမို့လို့တုန်း.... ဘာလို့ အဲ့လောက်တောင် မောက်မာနေရတာ...."

" သူမ အမေက ဟွာရန် ( ယခင် CITIC) အုပ်စုရဲ့ ထိပ်သီး အကြီးအကဲ ခေါင်းဆောင် ... ပြောကြည့် .... သူမမှာ မောက်မာပိုင်ခွင့် ရှိလား မရှိဘူးလား......."

" ဟွာ.... ဟွာရန်အုပ်စု....."

လျန်ရူရွှယ်၏ နောက်ခံကို သိရှိသွားပြီးနောက် စောနက မျက်ကန်းတစ္ဆေမကြောက် ဖင်ကုန်းအော်နေသည့် ငနဲမှာ တုန် ကနဲ ဖြစ်သွားခဲ့တော့၏။

သူတစ်ဦး၏ စွမ်းအားဖြင့် သူမလို ပုဂ္ဂိုလ်ကြီးအား အပြစ်ပြုရန် အမှန်ပင် မစွမ်းသာချေ။

ထိုအဆင့်တွင်တော့ သူမ မိသားစု၏ ဩဇာအာဏာမှာ ဒိုင်မန်းရှင်း တစ်ခုတည်းတွင် ကန့်သတ်ခံထားရမည် မဟုတ်ဘဲ အခြားသော မိသားစု ၀င်များ၏ အထောက်အထားသည်လည်း ဒိတ်ဒိတ်ကျဲ ဖြစ်နေမည်မှာ ကျိန်းသေသည်။ ထို့ကြောင့် ငြိမ်ငြိမ်လေး နေသည်က ပိုကောင်း၏။

" ကျောက်မို.... ငါတို့ နှစ်မိသားစုက အချင်းချင်း ရင်းနှီးတယ်....ဒါကြောင့် ငါ ပြောတာကို နားထောင်ပြီး နင် ဒီကိစ္စ ရပ်တန်းက ရပ်လိုက်တော့.... "

" ငါ ကျန်တာဆို ကတိပေးလို့ ရတယ်... ဒါပေမယ့် ဒီဟာတော့ မရဘူး...."ကျောက်မို လေးနက်စွာ ဆိုလိုက်ပြီး " ဒီကိစ္စတွေက ငါ့နှလုံးသားထဲမှာ အထုံးဖြစ်နေတာ တော်တော်ကြာပြီ... တကယ်လို့ သူသာ ရောက်မလာဘူးဆိုရင် ငါ့ ရင်ထဲ ဘယ်လိုမှ နေမှာ မဟုတ်ဘူးဆိုပေမယ့် အခု ... သူ ရန်ကျင်းကို ရောက်လာတယ်.... ငါ့ဘက်က လှုပ်ရှားမှကို ဖြစ်မှာ......"

" ကောင်းပြီလေ... ငါ့ဘက်ကတော့ ပြောဖို့ လိုအပ်တာတွေ ပြောပြီးသွားပြီ... ငါ့စကား နားမထောင်မှတော့ ငါလည်း ဘာမှလုပ်ပေးလို့ မရတော့ဘူး.... ငါ ဒီနေ့ ရှင်းအောင် ပြောလိုက်မယ်.... တကယ်လို့ တစ်ခုခု ဖြစ်လာခဲ့ရင် နင်ပဲ တာ၀န်ယူရမယ်... မနိုင်လို့ လူကြီးတွေ ပြေးတိုင်တာမျိုး မလုပ်နဲ့... နင် တခြား လုပ်ချင်ရာလုပ်... ရန်ကျင်းရဲ့ အသိုင်းအဝိုင်းကို အိုးမဲတော့ မသုတ်နဲ့....."

" ရတယ်... ငါလုပ်လို့ ဖြစ်တာ ငါတာ၀န်ယူမယ်... ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့ ဒီနေ့ သူ့ကို အလွှတ်ပေးမှာ မဟုတ်ဘူး....."

" ရန်ရန်....."

" ညီမ ရှိတယ် မမီ...."

" နင်လည်း ဒီကိစ္စထဲ ၀င်မပါနဲ့... နင့်အစ်ကိုကြီးလင်း သူ့ဘာသူ ကိုင်တွယ်ပါလေ့စေ..."လျန်ရူရွှယ် ပြောလိုက်ပြီး " ဒီလူတွေက သက်တောင့်သက်သာ ဇိမ်ကျတဲ့ ဘ၀တွေမှာ နေလာတာ ကျတော့ ဦးနှောက်တွေက ကောင်းကောင်း အလုပ်မလုပ်ချင်တော့ဘူး.... တစ်ယောက်သေလည်း လောကကြီးမှာ အရူးတစ်ကောင် လျော့သွားတာပေါ့.... ဘာပဲဖြစ်ဖြစ်ပါ အဲ့တာ သူတို့ ကိစ္စပဲ...."

ထိုစကားများ ပြောပြီးနောက် ဆက်လက် ၀င်ပါလိုစိတ် မရှိတော့သကဲ့သို့ လျန်ရူရွှယ် ဖုန်းချသွားခဲ့သည်။

သူမ လင်းရီ၏ စွမ်းရည်ကို ကောင်းစွာ နားလည်လေသည်။ ၀မ်မြန်မှတစ်ပါး အခြား မည်သူကမျှ သူ၏ ပြိုင်ဘက် ဖြစ်ရန် မထိုက်တန်ချေ။

" အစ်ကိုရီ.... အစ်မမီကတော့ ပြောပြီးသွားပြီ... အစ်ကိုတစ်ယောက်တည်း ဖြစ်တယ်မလား....."

လင်းရီ ခေါင်းညိမ့်လိုက်၏။

" ဘေးမှာ သွားရပ်နေ .... မသတီဖို့ကောင်းတဲ့ သွေးစက်တွေ မင်းကိုယ်ပေါ် မစင်စေနဲ့....."

" အွန်း...."

ချိန်ရန်မှာ လျန်ရူရွှယ်နှင့် အတူ ကြီးပြင်းခဲ့သူ ဖြစ်သည်။ သူမ နှလုံးစိတ်ထဲ၌ လျန်ရူရွှယ်မှာ အင်မတန် တည်ငြိမ်သည့် အစ်မကြီးတစ်ဦး ဖြစ်ပြီး သူမ၏ အစ်မကြီးမှ စိတ်ချလက်ချနှင့် လက်လွှတ်ပြီး ဖြစ်သောကြောင့် သူမလည်း စိတ်ပူနေရန် အကြောင်း မရှိချေ။

" အစ်ကိုရီ... ဂရုစိုက်ဦးနော်...."

ထိုသို့ပြောပြီးနောက် ချိန်ရန် အုပ်စုကို ဘေးသို့ ခေါ်သွားလိုက်ပြီး လင်းရီကို တစ်ယောက်တည်း ထားခဲ့လိုက်သည်။

အစကတော့ လီချူးဟန် သွားလိုစိတ် မရှိပဲ အတန်ကြာအောင် ခေါင်းမာလို့နေသည်။ သူမ လင်းရီဘက်မှ ရပ်တည်ပေးချင်၏။ သို့သော် အဆုံး၌ ချိန်ရန်၏ အတင်းအကြပ် ခေါ်ဆောင်သွားခြင်းကို ခံလိုက်ရ၏။

လင်းရီ ခေါင်းမော့၍ ဟန်ရန်ပင်းကို တည့်တည့်ကြည့်လိုက်သည်။

" တကယ်လို့ မင်းသာ ဒီနေ့ ဒီနေရာမှာ ရှိမနေဘူးဆိုရင် ဒီကောင်တွေ ငါ့ဆီ လာရှာရဲမှာ မဟုတ်ဘူး.... မင်း ဘာသားနဲ့ ထုထားလဲ ကြည့်ရသေးတာပေါ့...."

ဟန်ရန်ပင်း ရှေ့သို့ လှမ်းလာသည်။ ကျောက်မိုနှင့် ကျန်သူများကတော့ နောက်ကို ဆုတ်သွားကြ၏။

ထိုအချိန် လုရွှမ် ဂူချမ်းချွမ်အနား တိုးကပ်သွားရင်း " ဘော့စ်ဂူ.... ဘာပြဿနာမှတော့ မရှိလောက်ဘူးမလား....."

" ဒီတိုင်း စောင့်ကြည့်ထားလိုက်.... ညီကိုပင်းရဲ့ ထရိန်နင်က နောက် လယ်ဗယ်တစ်ခုကို ရောက်နေပြီးသား.... အဲ့တာက သာမန်လူတွေ လက်လှမ်းမီနိုင်တဲ့ အဆင့်မျိုး မဟုတ်ဘူး...."ဂူချန်းချွမ် ပြောလိုက်ပြီး " စာအုပ်ပြောတွေထဲက မသေမျိုးတွေလိုမျိုးပဲပေါ့.... မသေမျိုးတစ်ယောက် ဘယ်လောက်ပဲ အားနည်းတယ်ပြောပြော သာမန် သေမျိုးတစ်ယောက်က ဖီဆန်နိုင်တဲ့ တည်ရှိမှုမျိုး မဟုတ်ဘူး....."

" သူက အဲ့လောက်တောင် သန်မာနေပြီပေါ့....."

" အဲ့လောက်မှ မသန်မာလည်း ကျုံးဝေ့တပ်ဖွဲ့ရဲ့ စမ်းသပ်မှုမှာ ပါ၀င်ဖို့ ဘယ်လိုလုပ်ပြီး အရည်အချင်း ပြည့်မီပါ့မလဲကွ......"

" အဲ့လိုဆို စိတ်ချရပါပြီ.... "လုရွှမ် အေးအေးလူလူ ဆေးလိပ်မီး ညှိလိုက်ရင်း သူ့နှလုံးသားထဲရှိ သံသယများက ဆေးလိပ်မီးခိုးငွေ့တို့နှင့်အတူ ရောယှက်ပပျောက်သွားသကဲ့သို့ ထင်နေရသည်။ ယခု မည်သို့သော ပြဿနာမျိုးမှ ရှိလာမည်မဟုတ်သည်မှာလည်း သေချာသလောက်ရှိ၏။

ဟန်ရန်ပင်း သူ၏ တိုက်ခိုက်ရေး ကိုယ်ဟန်ကို အပြည့်အ၀ အသွင်ယူထားပြီး လင်းရီထံ လက်ညိုးကွေး စိန်ခေါ်လိုက်သည်။

" ဒီအထိတောင် အချိန်ဆွဲပြီးပြီဆိုတော့ လက်စသတ်ပြီး တိုက်ခိုက်လိုက်ကြစို့.... ဒါပေမယ့် မပူပါနဲ့.... ငါတို့က စည်းမျဉ်း လိုက်နာတဲ့လူတွေ... နောက်ပြီး မင်းက လျန်ရူရွှယ်နဲ့ပါ သိနေတယ်ဆိုတော့ ဒါပြီးရင် ဆေးရုံ ပို့ပေးမယ်.... "

" အဲ့တော့ ဘာလုပ်ပေးရမှာ... မင်း ဘိုးဘေး ဆယ့်ရှစ်ဆက်ကို ကျေးဇူးတင်ရမှာလား....."

" ငါတို့ နောက်ခံ အသိုင်းအဝိုင်းက လူတိုင်းက ဒီလိုချည်းပဲ... မင်းက ကျိုးဟိုင်က... ဒီတော့ မင်း လိမ်လိမ်မာမာနဲ့ ကျိုးဟိုင်မှာပဲ နေခဲ့သင့်တယ်.... ရန်ကျင်းဆိုတာ မင်း လည်နိုင်ပတ်နိုင်တဲ့ နေရာမျိုး မဟုတ်ဘူး....."ဟန်ရန်ပင်း ပြောလိုက်ပြီး " ဒါပေမယ့် မင်း အခု တောင်းပန်ပြီး ငါ့ညီကိုတွေကို တို့စ်လုပ်ပေးမယ်ဆိုရင်တော့ ဒီနေ့ ကိစ္စ ငါ မသိသလို နေပေးလိုက်မယ်....."

" ငါ့ဖျင်ကိုပဲ တောင်းပန်လိုက်.... သောက်ရူးတစ်သိုက်ကများ ‌ငါတောင်းပန်တာ ခံချင်နေသေးတယ်ပေါ့....."လင်းရီ ပြုံးလိုက်ပြီး " မင်းတို့လို ကောင်စားမျိုးတွေကို ငါ အရွံမုန်းဆုံးပဲ...အရိုက်ခံရပြီးရင်တော့ ကြောက်ပါပြီ နောက်မလုပ်တော့ပါဘူးနဲ့... နောက်တစ်ခါ တွေ့ပြန်ရင်လည်း မင်းတို့ရဲ့ သောက်ချိုးတွေက ပြင်ကို မလာဘူး.... မင်းတို့လို သောက်ရူးတွေကို ဦးညွှတ်လိုက်ရင် ငါ သူရဲဘောကြောင်တဲ့ကောင် ဖြစ်သွားမှာပေါ့.... "

ဟန်ရန်ပင်း မျက်လုံး ကျဉ်းမြောင်းသွားခဲ့ပြီး " ဒါဆို ငါ ဒီနေ့ စီရင်ချက် ချမှတ်မယ်.... ဒီနေ့ မင်းနဲ့ သူတို့ကြား ရန်ငြိုးတွေကို အပြီးပြတ် ကိစ္စရှင်းကြမယ်...မင်း သေမလား ရှင်မလားဆိုတာတော့ မင်းကိုယ်မင်း မူတည်နေတာပဲ.... မင်း ငါစိန်ခေါ်တာကို လက်ခံရဲလား....."

လင်းရီ သူ့လက်ကို စိတ်မရှည်စွာ ဝှေ့ယမ်းလိုက်ပြီး ဂူချန်းချွမ်ကို ညွှန်ပြလိုက်သည်။

" နောက်ဆုံး တစ်ခေါက်တုန်းကလည်း အဲ့ကောင် ဒီစကားမျိုး ပြောတာပဲ... ခု ငါ့ဆီကို နောက်ထပ် သောက်ရူးတစ်ကောင် ခေါ်လာခဲ့ပြန်ပြီ...."

" ငိုးပဲ....."ဟန်ရန်ပင်း ကျိန်ဆဲ၍ " ငိုးမသား မင်း ဒီ ရန်ကျင်းကနေ လုံး၀ ထွက်မသွားနိုင်စေရဘူး...."

လင်းရီ ခါးကို အနည်းငယ် အကြောပြေအောင် ဟိုဘက်ဒီဘက် လှည့်လိုက်ရင်း " ငါကတော့ မင်းကို ICU အရောက် ပို့ပေးမှာ သေချာတယ် မြေလူးလေး....."

သူ့စကားဆုံးသည်နှင့် ဟန်ရန်ပင်း သူ့အတွင်းအားကို ခြေထောက်ထံ ဖြန့်ကျက်ကာ ချီတာ တစ်ကောင်ကဲ့သို့ အလျင်နှုန်းဖြင့် လင်းရီထံ ချဉ်းကပ်လာသည်။

ဟန်ရန်ပင်း၏ လက်သီးက လင်းရီမျက်လုံးရှေ့ ဖြည်းဖြည်းချင်း ကြီးထွားလို့လာခဲ့၏။

ထိုအခိုက်တွင် ဟန်ရန်ပင်းသည်လည်း သာမန်မဟုတ်ကြောင်း လင်းရီ သတိထားမိလိုက်သည်။ သူ၏ အရည်အချင်းတို့က မိုဟုန်ရှန်းထက်ကို သာလွန်နေသည်။ သို့သော်လည်း ပြောပလောက်သည်တော့ မဟုတ်သေးချေ။

"မင်း သူတို့ဘက်ကနေ ပါပါးလုပ်ပေးနေတာ ဆန်းတော့ မဆန်းပါဘူး... မင်းမှာ တကယ့် ခွန်အားတွေ ရှိနေတာပဲ... မဆိုးဘူး မဆိုးဘူး...."

" ခုမှ ဒီစကားပြောလို့ မှီမယ်ထင်လား...."ဟန်ရန်ပင်း ဒေါသတကြီးဖြင့် အော်၍ ညှာတာမှု အလျင်းကင်းသည့် အမူအရာက မျက်နှာထက် ပီပြင်စွာ ပေါ်လွင်နေကာ လက်သီးထိုးရင်း လေခွင်းသံတို့ပင် ကြားလာခဲ့ရ၏။

သို့တိုင်အောင် အဆိုပါ အလျင်နှင့် ခွန်အားက လင်းရီ မျက်လုံးထဲတွင်တော့ ပါမွှားလေးပင်။ ခြိမ်းခြောက်မှုတို့ ကင်းမဲ့နေသည်။ ဤလက်သီးလောက်နှင့် ဒဏ်ရာရသွားမည်ဆိုပါက လင်းရီ သေပစ်လိုက်ဖို့ ကောင်း၏။

ဗြောင်း

လင်းရီ လက်သာမန် ဝှေ့၍ ဟန်ရန်ပင်း၏ လက်သီးချက်ကို ပုတ်ထုတ်လိုက်သည်။တစ်ဖက်သူမှာ ဟန်ချက် မမျှဖြစ်သွားခဲ့ပြီး ထိုအခိုက်ကို အခွင့်ကောင်းယူ၍ လင်းရီ ကိုယ်ကိုလှည့်၍ ပိတ်ကန်လိုက်သည်။

ဟန်ရန်ပင်း ခုခံကာကွယ်ရန် အလျင်မမီ‌တော့ဘဲ နောက်သို့ လွင့်ပျံသွားခဲ့၏။

ထို့နောက် မြေပြင်သို့ ဘုန်း ကနဲ ပြုတ်ကျသွားခဲ့တော့သည်။

All Chapters