← Chapters

အမှန်တရားကို အလင်းရှေ့‌မှောက် ဆောင်ကြဉ်းခြင်း

Vol. 67 Ch. 1001

အမှန်တရားကို အလင်းရှေ့‌မှောက် ဆောင်ကြဉ်းခြင်း

Vol. 67 Ch. 1001

ရန်ကျင်း ၊ ပြည်ထောင်စု ဆေးကောလိပ် ၊ အရေးပေါ်ဌာန။

ဟွာရှရှိ အကောင်းဆုံး ဆေးရုံတစ်ခု ဖြစ်သည်နှင့် အားလျော်စွာ ပြည်ထောင်စု ကောလိပ် ဆေးရုံမှာ မည်သည့် နေရာဌာန၌ဖြစ်စေ လူသူလေးပါးဖြင့် ပျာပန်းခပ် အလုပ်ရှုပ်လျက် ရှိ၏။

သို့သော်လည်း ယနေ့တွင်တော့ ဘုရားပွဲလှည့်လည် ကျင်းပသည်ထက်ပင် ပို၍ မဲမဲလှုပ် လူစည်ကားနေတော့သည်။

တမူထူးခြားသည့် လိုင်စင်နံပါတ်ပြားနှင့် ကားများသည်လည်း ဆေးရုံတွင်းသို့ တစ်စင်းပြီးတစ်စင်း ရောက်လာလျက် ရှိပြီး အရေးပေါ် လူနာ ဌာနသည်လည်း ရေတစ်စက်ပင် တိုးမပေါက်လောက်အောင် ပြည့်ညပ်ကြပ်လျက်ရှိ၏။

အသွင်ယူထားသည့် လုံခြုံရေး အစောင့်တို့ကလည်း နေရာတိုင်းတွင် ပျံ့နှံ့လျက်ရှိကာ ၎င်းတို့၏ စူးရှထက်မြက်သည့် မျက်လုံးတို့ဖြင့် ပတ်၀န်းကျင်ကို မျက်ခြည်မပြတ် လေ့လာ စောင့်ကြည့်နေကြသည်။

ဧည့်ကြိုကောင်တာ၌ တာ၀န်ကျ နာ့စ်မလေးနှစ်ဦးမှ ထိုမြင်ကွင်းကို ကြည့်ရင်း တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်လိုက်ကြ၏။ သိပ်သည်းပြင်းထန်နေသည့် လေထုက သူမလေးတို့ နှစ်ယောက်ကို စကားပင် ကျယ်ကျယ် မပြောဝံ့လေလာက်သည်အထိ ဖိအားများနေစေသည်။

" ဟဲ့ နင် ဘာသတင်းကြားထားသေးလဲ... ဘာလို့ လူတွေ ဒီလောက်တောင် များနေရတာ... ငါတို့ ဆေးရုံရဲ့ စည်းမျဉ်းတွေအတိုင်းဆို ဒီလိုမျိုးဖြစ်ဖို့ ခွင့်မပြုထားဘူး မဟုတ်လား...."

စကားပြောလိုက်သူကတော့ ဆံပင်ပုံစံ ဂုတ်ဝဲလေးနှင့် နာ့စ်တစ်ဦးဖြစ်၏။ အရေးပေါ် ခန်းမအတွင်း လှည့်ပတ်သွားလာနေကြသူတို့ကို သူမ၏ ကြီးမား၀ိုင်းစက်ပြီး စပ်စုလိုသည့် မျက်၀န်းတို့ဖြင့် ကြည့်လျက် ပြောလိုက်သည်။ သူမ ထိုသို့ ပြောလိုက်သည့် အခါ၌ ဖြစ်ပေါ်လာသည့် ချစ်စဖွယ် မျက်နှာအမူအရာလေးမှာ လူနာကို ဝေဒနာ တစ်၀က် လျော့ပါးသွားစေနိုင်သည်။

" ငါလည်း ဘာတွေဖြစ်နေမှန်း မသိဘူး..ဒါပေမယ့် ဒီလူတွေ အကုန်လုံးက ဒိတ်ဒိတ်ကျဲကြီးတွေ ဖြစ်မယ်လို့တော့ ငါအာရုံရနေတယ်..... "

ဆံပင်ရှည် ဆံမီးကျစ်နှင့် နာ့စ်မှ ပြန်ပြောလိုက်၏။

" သူတို့က ဒိတ်ဒိတ်ကျဲကြီးတွေမှန်း နင်ဘယ်လိုသိလဲ.... သူတို့ ရုပ်တွေက လေးနက်နေလို့လား...."

" အဲ့တာလည်း ပါတာပေါ့...နောက်တစ်ခုက အရှိန်အဝါကြောင့်ပဲ... အရှိန်အဝါဆိုတာ တုပလို့ရတဲ့ အရာမှ မဟုတ်တာ.... "ဆံမီးကျစ် နာ့စ်မှ ပြောလိုက်ပြီး " နင်အခု အပြင်ကို ကြည့်ကြည့်လိုက်လေ... အစက ပါကင်မှာ ထိုးထားတဲ့ ကားတွေ အကုန်လုံးက ငါတို့ ဆေးရုံ၀န်ထမ်း ကားတွေပဲ... ခု အဲ့ကားတွေ အကုန်မရှိတော့ဘူး... အဲ့နေရာမှာ အလံနီ ထောင်ထားတဲ့ အော်ဒီတွေ နေရာယူထားတယ်.... ဒါ သေချာပေါက် နေရာကြိုယူပေးထားတာ သေချာတယ်.... နောက်ပြီး လိုင်စင်နံပါတ်တွေကိုကော ကြည့်လိုက်... အရောင်က သာမန်ကားတွေနဲ့ ကွဲထွက်နေတယ်... သာမန်လူတွေ ဒီလိုကားမျိုး မမောင်းနိုင်ဘူး.... "

" အေးနော်... နင် ပြောတော့လည်း ဟုတ်သား..... မမ၀မ် .... မမ...."

ထိုစဉ် ဆံပင်ဂုတ်ဝဲနှင့် နာ့စ်မှ ကောင်တာရှေ့ဖြတ်သွားသည့် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးအား လှမ်းခေါ်လိုက်၏။

ထိုအမျိုးသမီး နာမည်က ၀မ်လိလိဖြစ်သည်။ အရိုးခွဲစိတ်ဌာန၏ လက်ထောက်ခေါင်းဆောင် ခွဲစိတ်ဆရာ၀န်တစ်ဦးလည်း ဖြစ်၏။ ယနေ့တွင်တော့ အရေးပေါ်ဌာန၌ တာ၀န်ကျနေသည်။

" ဘာလဲ... နင်တို့နှစ်ယောက် ပြောစရာရှိရင် အမြန်ပြော... ငါ တခြားလုပ်စရာတွေ ရှိသေးတယ်...."၀မ်လိလိမှ ဆေးမှတ်တမ်းကို လှန်လောကြည့်ရင်း သူမတို့ နှစ်ယောက်ကိုပင် မကြည့်ဘဲ ပြောလိုက်သည်။

" မမ၀မ်... ဒီနေ့ ဆေးရုံမှာ ဘာတွေဖြစ်နေတာလဲ... ဘာလို့ လူတွေ အများကြီး ရောက်လာခဲ့တာလဲဟင်.... "ဆံပင်ဂုတ်ဝဲနှင့် နာ့စ်လေးမှ အတင်းတုပ်ချင်နေသည့် ဟန်အမူအရာဖြင့် ပြောလိုက်၏။

" အကြီးကြီး ဖြစ်သွားခဲ့တာ...ကြီးတာမှ ကောင်းကင်ပြိုကျသလားတောင် အောက်မေ့ရတယ်.... "

" ဟင်.... ဘာကို ပြောချင်တာ...."

အတင်းပြောခြင်း ဆိုသည်က အမျိုးသမီးတို့ သဘာ၀ပင်။ ၀မ်လိလိ ကိုယ်၌က လက်ထောက် ခေါင်းဆောင် ရာထူး ရှိနေသော်လည်း ထိုသန္ဓေကိုတော့ မဖျောက်နိုင်ချေ။

ကောင်တာရှေ့ခြမ်းပေါ် လက်ထောက်လိုက်ရင်း ၀မ်လိလိ လေသံ ခပ်အုပ်အုပ်နှင့် " ငါပြောမယ်... ခု ဒီနားက လှမ်းကြည့်ရင် ဟိုးနား ကော်ရစ်ဒါမှာ လူတွေ ထိုင်စောင့်နေတာ မြင်တယ်မလား... အဲ့လူတွေ အကုန်လုံးက ဒိတ်ဒိတ်ကျဲကြီးတွေ.... "

" ဘာလို့ အားလုံး စုပြုံနေကြတာ.... သူတို့ ခေါင်းဆောင် တစ်ယောက်ယောက် နေမကောင်းလို့လား...."

" ဘယ်သူကမှ နေမကောင်းဖြစ်တာ မဟုတ်ဘူး... သူတို့ ကလေးတွေ အရိုက်နှက်ခံလိုက်ရတာ...ငါအခုလေးတင် ဒါရိုက်တာလျိုနဲ့ စစ်ဆေးပြီး ပြန်လာခဲ့တာ ... ဒဏ်ရာ တော်တော်ပြင်းတဲ့ တစ်ယောက်ကိုတော့ ICU ဘက် ပို့ထားလိုက်တယ်.... တိုတိုပြောရရင် ဒီကိစ္စက တော်တော်လေးကို ဂယက်ထသွားတယ်..... "

"တကယ်.... အဲ့လိုမျိုး ဘယ်သူက လုပ်လိုက်တာလဲတဲ့... နည်းနည်းလေး ရဲတင်းလွန်းမနေဘူးလား......"

" ငါက ဘာသွားပြောရမှာ.... ကိုယ့်သေတွင်းကို တူးချင်နေတဲ့သူပဲ နေမှာပေါ့...."၀မ်လိလိ ပြောလိုက်၏။

" ဟယ်.... ဒါကတော့ ရူးသွပ်လွန်းသွားပါပြီ...."

ခေတ္တကြာအောင် စကားပြောဆိုပြီးနောက် ၀မ်လိလိလည်း ထွက်ခွာသွားခဲ့သည်။ အရေးပေါ်ဌာန၌ သူ့လူနှင့်သူ ပြည့်နှက်နေပြီးဖြစ်သောကြောင့် သူမနေရ မွန်းကြပ်လွန်းလေသည်။

ထိုအထဲ အများစုကတော့ ဒဏ်ရာရ မိသားစု၀င်များ ဖြစ်ကြပြီး အချို့ကတော့ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်၍ လူနာလာကြည့်ကြသည့် ဧည့်သည်များ ဖြစ်ကြသည်။ ယခုလို ပြုလုပ်ခြင်းဖြင့် တစ်ဖက်သူအပေါ် အထင်အမြင်ကောင်းတစ်ချို့ ချန်ထားရစ်နိုင်ပြီး ကောင်းမွန်သည့် ပတ်သက်မှုတို့ တည်ဆောက်နိုင်ရန် မျှော်လင့်နေရှာသည်။ ထို့ကြောင့်လည်း အရေးပေါ်ဌာနမှ ယခုလို ရှုပ်ယှက်ခတ်နေရခြင်းဖြစ်၏။

သို့သော်လည်း ဖြစ်ရပ်မှာ ထို့ထက်ပို၍ ပြန့်ကားသွားခြင်းမရှိချေ။အခင်းဖြစ်ပွားချိန်၌ အဆိုပါကိစ္စမှာ အွန်လိုင်းတွင် ခေတ္တပျံ့နှံ့သွားခဲ့သော်လည်း မကြာမီ သက်ဆိုင်ရာ ဌာနများ၏ ဖြုတ်ချခြင်းကို ခံခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် ပလတ်ဖောင်း အသီးသီးမှ တစ်စုံတစ်ရာ လွဲမှားနေမှုကို အာရုံခံမိပြီး ချက်ချင်း လှုပ်ရှားခဲ့ခြင်းဖြစ်သည်။

ထိုသို့သော သတင်းအချက်အလက်များက အပြင်လူများထံ ပျံ့နှံ့လို့ မရသည့် ကိစ္စရပ်များ ဖြစ်၏။ အကယ်၍ တစ်စုံတစ်ယောက်ကသာ ပေါက်ပန်းလေးဆယ် လျှောက်ပြောမည်ဆိုပါက နောက်တစ်နေ့တွင် စုံစမ်းစစ်ဆေးခြင်းကို မုချခံရလိမ့်မည်။

ထို့ကြောင့် အလိုက်တသိနှင့် သတင်းအချက်အလက်များကို ပိတ်ဆို့လိုက်ခြင်း ဖြစ်လေသည်။

တစ်နာရီကြာပြီးနောက် ပြည့်ညပ်နေမှုတို့ဖြင့် ပျာပန်းခပ်နေသည့် လူသူအားလုံး ငြိမ်သက်သွားခဲ့တော့သည်။ အများစုကတော့ အရိုးအက် သို့မဟုတ် ကျိုးသွားကြပြီး အားလုံးကို အစီစဉ်တကျနှင့် အရိုးအထူးကုဆောင် တတိယ မြောက် အတွင်းလူနာဌာနသို့ ပြောင်းရွေ့ပေးထားလိုက်၏။ ဤသို့ဖြင့် အရေးပေါ်ဌာနသို့ ကျရောက်နေသည့် ဖိအားတစ်ချို့ကို လျော့ချလိုက်နိုင်သည်။

" ချိန်ကြီး.. မင့်သမီးက ခုထိ ရောက်မလာသေးဘူးလားကွ... "

ပြောလိုက်သူမှာတော့ သက်လတ်ပိုင်း လူတစ်ယောက်ဖြစ်သည်။ အရပ်အမောင်းက တော်ရုံမဟုတ်။ အင်မတန်ကောင်းသည်။ ဆံပင်တိုတိုနှင့် ညိုသော အသားအရေရှိ၏။ သူ၏ မျက်နှာထက်၌ မည်သည့်အမူအရာကိုမျှ ဖော်မပြထားသော်လည်း ကြည့်လိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းမှုကို ခံစားနိုင်သည်။

အမျိုးသား၏ နာမည်က ကျောက်ဟော်ဖြစ်ပြီး ကျောက်မို၏ ဖခင်ဖြစ်သူပင်။ သူ့အမေ ဟွာရင်းအုပ်စု၏ ခေါင်းဆောင်အမျိုးသမီး ၀မ်တုန်းချင်ကတော့ သူ့ဘေး၌ ရှိနေ၏။

သူတို့အပြင် ဟန်ရန်ပင်း၏ ဖခင် ဟန်ကျင်းလေ့၊ ဂူချန်းချွမ်၏ ဖခင် ဂူဖုန်း ၊ စွန်းချဲ့၏ ဖခင် စွန်းချွင်လျန် ၊ လုရွှမ်၏ ဖခင် လုယွမ်လင်း အားလုံးအားလုံး ရောက်ရှိနေကြပြီး ဘာဖြစ်သလဲ ဆိုတာကို ဆန်းစစ်ရန် အသင့်ဖြစ်နေကြသည်။

အခြားတစ်ဖက်တွင်တော့ ချိန်ရွှင့်ကျယ်၏ အရှိန်အဝါမှာ အနည်းငယ် အားနည်းလျက်ရှိနေသည်။ သူ့ဘေးရှိ စွန်းလျန်ဂန်းသည်လည်း လေးနက်သည့် မျက်နှာအမူအရာဖြင့် ထိုင်နေလျက်ရှိ၏။

သူတို့ အကြောင်းကြားခြင်း ခံရသောအခါ ဖြစ်စဉ်၏ ယေဘုယျအခြေအနေကို နားလည်ထားပြီးဖြစ်သည်။

တိုက်ခိုက်သူမှာ လင်းရီဖြစ်ပြီး ချိန်ရန်နှင့် စွန်းရှန်တို့က အပေါင်းအပါဖြစ်၏။ အကယ်၍ အခြားသူများဆိုပါက ဟန်၊ဂူ၊ကျောက်၊စွန်း နှင့် လုမိသားစုများက ယခုလို အခြေအနေအထိ ကြင်နာထားလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း သူတို့နှင့် မျက်နှာချင်းဆိုင် ရှိနေကြသူများက ချိန်ရွှင့်ကျယ်နှင့် စွန်းလျန်ဂန်းတို့ဖြစ်သောကြောင့် အခြေအနေက ကွားခြားသွားခဲ့လေပြီ။

ကျောက်ဟော် မေးလာသည့် အခါ၌ ချိန်ရွှင့်ကျယ်တို့ နှစ်ဦးလုံး မျက်နှာအမူအရာ အကျည်းတန်သွားခဲ့ကြသည်။အာဏာအရဆိုလျှင် သူတို့ချင်း ကွာဟမှု သိပ်မရှိသော်လည်း အဆိုပါ မိသားစုများအားလုံးကို ဩဇာကြီးမားသူတို့က ပံ့ပိုးပေးထား၏။

ထိုသူတို့၏ ဩဇာ တည်မြဲနေသရွေ့ ၎င်းတို့၏ အဆင့်အတန်းသည်လည်း ရန်ကျင်း၌ မြင့်မားနေပေမည်။

" လောလောဆယ် မလောသေးနဲ့ဦး.... ငါ ရန်ရန်ကို ဖုန်း တစ်ချက် ပြန်ခေါ်လိုက်မယ်..."ချိန်ရွှင့်ကျယ် ပြောလိုက်ပြီး " အဲ့ကလေးမ ခဏဆို ဒီရောက်လာတော့မှာ...."

"အဖေ....."

ချိန်ရွှင့်ကျယ် ဖုန်းဆက်တော့မည့် အချိန်တွင်ပဲ သူ့သမီး ချိန်ရန်နှင့် စွန်းရှန်တို့ အတူရောက်လာသည်ကို မြင်တွေ့လိုက်ရ၏။

သူမတို့နှစ်ယောက်ကို မြင်တော့ မိသားစု ငါးခုလုံး၏ မျက်နှာထက်၌ ဒေါသတရားတို့ ပေါက်ကွဲထွက်လာသည်။ မည်သူကမျှ ၎င်းတို့၏ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ကြချေ။

ICU သို့ ပို့ဆောင်ခံလိုက်ရသည်က အခြားတစ်ယောက်ဖြစ်သော်လည်း သူတို့ ကလေးများသည်လည်း အရိုးအများအပြား ကျိုးအက်သွားခဲ့၏။ နှစ်၀က်လော။ တစ်နှစ်လော။ ပြန်လည်ကောင်းမွန်လာမည့် အချိန်ကို မည်သူကမျှ ခန့်မှန်းလို့ မရချေ။

" မြန်မြန်လာ....."ချိန်ရွှင့်ကျယ် နှာမှုတ်လိုက်ပြီး " ငါ နင့်ကို ခေါ်တာ ဟိုးတစ်နာရီတုန်းကရင်.... ဘာလို့ခုမှ ရောက်လာခဲ့တာ....."

"သမီးတို့လည်း အမြန်ဆုံး လာခဲ့တာပဲလေ.... ဒါပေမယ့် ရန်ကျင်းရဲ့ ယာဉ်ကြောက ဖေဖေသိတဲ့အတိုင်း လမ်းမှာ တစ်နာရီလောက် ပိတ်မိသွားတာပဲ....."

"ချိန်ကြီး..... မင်း အဲ့ကိစ္စ အသာထား.... အရေးကြီးတာ အရင်မေးစမ်း....."

ဟန်ရန်ပင်း၏ ဖခင်၊ ဟန်ကျင်းလေ့မှ ပြောလိုက်သည်။

ချိန်ရွှင့်ကျယ် ခေါင်းညိမ့်ပြီး သူ့သမီးကို ကြည့်၍ " သမီး ... ဘာဖြစ်ခဲ့လဲ ဒီဦးလေးတွေကို အသေးစိတ် ပြောပြလိုက်... "

" အမှန်အတိုင်းပြောရရင် သမီးလည်း ဘာဖြစ်သွားမှန်း တကယ်ကိုမသိတာ.... သမီးတို့ နှစ်ယောက် OT ဘားမှာ အစ်ကိုရီနဲ့ ပါတီနွှဲတယ်... ပါတီထဲ ငြီးငွေ့လာတော့ တစ်ခုခု သွားစားကြမယ်ဆိုပြီး ထွက်လာတဲ့အချိန် အဲ့အုပ်စုက အပြေးလာပြီး အစ်ကိုရီကို စ ပြဿနာရှာတာပဲ... အဲ့နောက်တော့ အစ်ကိုရီကပဲ အကုန်လုံးကို ရိုက်နှက်ပစ်လိုက်တယ်....."

All Chapters