← Chapters

မျက်နှာပြောင်တိုက်လွန်းခြင်း

Vol. 67 Ch. 1002

မျက်နှာပြောင်တိုက်လွန်းခြင်း

Vol. 67 Ch. 1002

" အဲ့လိုပြောကြေးဆို အဲ့လင်းရီက ဘာကိစ္စ ငါ့သားကို လာမဲနေတာ...."

ဟန်ကျင်းလေ့ ဆိုလိုသည်ကရှင်း၏။ အကယ်၍ လင်းရီက မမှားဘူးဆိုလျှင် သူ့သားကကော အဘယ်ကြောင့် ပြဿနာ သွားရှာရမည်နည်း။

သို့သော်လည်း ကျန်သည့် မိသားစု လေးခု၏ မျက်နှာအမူအရာကတော့ မလှတော့ချေ။

သူတို့အားလုံး ဖြစ်ရပ်၏ နောက်ဆက်တွဲများကို ဤမျှလောက်နှင့် မှန်းဆတွက်ချက်နိုင်ချေပြီ။

ထိုလေးယောက်က စတင်တိုက်ခိုက်သူဖြစ်ပြီး လင်းရီက ခပ်ကြမ်းကြမ်း ပြန်လည်ကိုင်တွယ်ခဲ့ရာ ယခုလို အခြေအနေထိ ရောက်စေခြင်းဖြစ်သည်။

သို့သော်လည်း မိသားစု လေးခုလုံးမှ ရာ၀မ်းကျွန်းကိစ္စကြောင့်လို့တော့ မသိရှိထားခဲ့ချေ။

" အဲ့တာက အစ်ကိုပင်းနဲ့ ဘာမှမဆိုင်ပါဘူး... သူက ကူညီဖို့ကြိုးစားတာ.... ဒါပေမယ့် အဆုံးသတ်ကျတော့ သူလည်း အရိုက်နှက်ခံလိုက်ရတယ်....."ချိန်ရန် ထိုသို့ပြောရင်းဖြင့် ကျန်မိသားစုလေးခု ခေါင်းဆောင်များကို တစ်ချက်စီ ကြည့်လိုက်သည်။

ဤသို့ဖြင့် ထိုသူများထံ အောင်မြင်စွာဖြင့် အပြစ် ပုံချလိုက်နိုင်သည်။ သူမ ဆိုလိုသည်မှာ သူ့သားက မဆီမဆိုင် ၀င်ကူညီပေးခြင်းဖြစ်၏။ အကယ်၍ ဖြေရှင်းချက်တောင်းခံလိုပါက ကျန်မိသားစုလေးခုထံ သွားရောက်ပါ ဟူသည့် သဘောပင်။

" DiDi ရဲ့ ရှယ်ယာတွေ ဈေးလျော့တာလည်း သတင်းဟောင်းကြီးပါ... နှစ်ဦးနှစ်ဖက်က ငြိမ်းငြိမ်းချမ်းချမ်း နေလာခဲ့တာကြာပြီ... တကယ်လို့ ဒီကြားထဲ လင်းရီသာ ဘာမှမလုပ်ခဲ့ဘူးဆိုရင် သူတို့ကြား ဒီလိုမျိုး ကြီးကြီးမားမား ဖြစ်စရာ အကြောင်းမရှိဘူး.... "ကျောက်မို၏ မိခင် ၊ ၀မ်တုန်းချင်မှ ပြောလိုက်သည်။

" သမီးလည်း မသိဘူး... ဘယ်လိုပဲဖြစ်ဖြစ် သမီးတို့က ကိုယ့်လမ်းကို သွားနေတာ... သူတို့အရင် ပြဿနာ လာရှာနေတာပဲ..."ချိန်ရန် ပြောလိုက်ပြီး " ပြီးတော့ သူတို့ အဲ့လိုမလုပ်ခင် သမီး အစ်မမီဆီ ဖုန်းဆက်ပြီး သူတို့ကို မလုပ်ကြဖို့ တားမြစ်တာတောင် နားမထောင်ကြဘူး... အစ်ကိုရီကို သေအောင် ရိုက်သတ်ပစ်မယ်တောင် ပြောလိုက်ကြသေးတယ်.... အဲ့လိုဆိုမှတော့ အစ်ကိုရီလည်း သူတို့လုပ်တဲ့အတိုင်း လက်တုံ့ပြန်ရတော့တာပဲ မဟုတ်ဘူးလား...."

ချိန်ရွှင့်ကျယ် ဘေးတွင် ထိုင်နေရင်း မည်သည်ကိုမျှ မဆိုချေ။

အမှန်တွင်တော့ ဤကိစ္စက အင်မတန်မှကို ရိုးရှင်းသည်။ ကျောက်မိုနှင့် ကျန်သူများက လင်းရီထံ မိုက်ကြေးလာခွဲကြပြီး အဆုံးတွင်တော့ သူတို့ကပဲ အရိုက်နှက်ခံလိုက်ရခြင်းဖြစ်သည်။

တာ၀န်ယူမှု တာ၀န်ခံမှုအပိုင်းတွင်တော့ လင်းရီက မမှားချေ။ ကိုယ့်ကိုယ်ကို ခုခံကာကွယ်သည်ဟုပင် ပြောနိုင်သည်။

ဥပဒေရှုထောင့်မှ ကြည့်မည်ဆိုလျှင်လည်း သူ့ကို ကျူးကျော်ရန်ရှာသူအဖြစ် သတ်မှတ်လိုက်၍ မရပြန်ချေ။

သို့‌သော်လည်း လူတစ်ဦး၏ လူမှုရေး အဆင့်အတန်း မြင့်မားသည်နှင့်အညီ ၎င်းတို့အပေါ် တရားဥပ‌ဒေ မူဝါဒများ၏ ထိရောက်နိုင်မှုကလည်း လျော့နည်းသွားလေဖြစ်၏။

လက်ရှိ သူတို့နှင့် မျက်နှာချင်းဆိုင်နေသည့် မိသားစု ငါးခုကို မဆိုထားနှင့်။ ကျန် ပါ၀င်ပတ်သက်နေသည့် မိသားစုငယ် သုံးဆယ်ကျော်ခန့်ကပင် ဥပဒေ မူဝါဒများအပေါ် ကြောက်မက်ဖွယ်ကောင်းလောက်သည်အထိ လွှမ်းမိုးချုပ်ကိုင်မှုများ ရှိထား၏။

ထို့ကြောင့် လက်ရှိ ပြဿနာကို ကျိုးကြောင်းသင့်တင့်၍ ဖြေရှင်းရန် စဉ်းစားနေမည်ဆိုပါက အချည်းနှီးပင် ဖြစ်သည်။

" ဘယ်သူကပဲ အရင် စမှားမှား ငါတို့ အဲ့ကောင်ကို ဒီခေါ်လာပြီး သေချာစစ်ဆေး မေးမြန်းရမယ်..."

ဒေါသသံနှင့် ဂူချန်းချွမ်၏ ဖခင်၊ ဂူဖုန်း ပြောလာခဲ့၏။

ဂူချန်းချွမ်၏ ပြင်းထန်သည့် ထိခိုက်ဒဏ်ရာတို့ကြောင့် လူအုပ်ထဲတွင် သူက တည်ငြိမ်မှု အနည်းဆုံး ဖြစ်နေလေသည်။

ထို့ပြင် လင်းရီ ယခင်တစ်ခေါက် ဂူမိသားစုကို လှည့်ဖျား၍ ပိုက်ဆံ မြောက်များစွာ ဆုံးရှုံးစေသည့် အချက်ကိုပါ ပေါင်းထည့်လိုက်ပါက ကြွေးဟောင်းနှင့် ကြွေးသစ်ကို တစ်ဘရိတ်တည်း ဖြေရှင်းရမည့် အချိန်အခါလည်းဖြစ်၏။

" သမီးတော့ ဒီကိစ္စ အစ်ကိုရီနဲ့ ဘာမှဆိုင်တယ် မထင်ပါဘူး... ဘာပဲပြောပြော သူတို့ငါးယောက်ကပဲ အစ်ကိုရီကို အရင်စပြီး တိုက်ခိုက်တာလေ... ဒီကိစ္စက သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ သပ်သပ်ပဲမို့ သူတို့မိသားစုတွေနဲ့ လက်စား လာမချေပါဘူးလို့တောင် သဘောတူထားကြသေး....."

မိသားစုငါးခု၏ မိသားစု၀င်များမှ ချိန်ရန်ကို မကျေနပ်သည့် အမူအရာဖြင့် ပြိုင်တူ ကြည့်လာကြသည်။

" ရပြီ ရန်ရန်.... နင် အကုန်ရှင်းပြီးပြီ... အဖေ့နားမှာနေတော့...."ချိန်ရွှင့်ကျယ် ချိန်ရန်ကို သူ့ဘေးနား ခေါ်ထားလိုက်သည်။

ချိန်ရွှင့်ကျယ်မှာ နိုင်ငံရေး နောက်ခံမှ ဆင်းသက်လာသူတစ်ဦး မဟုတ်သော်လည်း ယနေ့လို ရာထူးအဆင့်အတန်းအထိ တက်ရောက်နိုင်သည်ကတော့ သူ၏ အဆက်အသွယ်တို့က သာမန်မဟုတ်သည်ကို မီးမောင်းထိုးပြနေသည်။

သူ့ရှေ့ရှိ မိသားစု ငါးခုလောက် အာဏာမကြီးမားသော်လည်း သူ၏ စကားလုံးတိုင်းက ဝိတ်နှင့် အခွင့်အာဏာတစ်ချို့တော့ ရှိနေဆဲဖြစ်၏။

ထို့ကြောင့်လည်း ချိန်ရန်ကို အနိုင်ကျင့်၍ရမည်လော ဆိုသည်ကတော့ ‌မေးခွန်းထုတ်စရာပင်။

ချိန်ရန် ရင်ထဲ အနည်းငယ် စိုးရိမ် ပူပန်နေမိသည်။

' အစ်မမီပြောတော့ ကိုယ်ပိုင်လေယာဉ်နဲ့ ပြန်လာနေပြီဆို... ဒီလောက်ကြာနေပြီကို ဘာလို့ ခုထိ ရောက်မလာသေးတာ.....'

" အစ်ကိုဖုန်း ... ဘယ်သူကမှ ကိစ္စကြီးသွားတာကို မလိုချင်ဘူး... အရင်ဆုံး စိတ်အေးအေးထား.... "ချိန်ရွှင့်ကျယ် ပြောလိုက်ပြီး " ဘာပဲပြောပြော ကောလဟာလ နည်းနည်းတော့ ရှိသွားမှာပဲ... စကားတွေကို မချဲ့ကားခင် အရင်ဖိနှိပ်သင့်တယ်.... "

" မကောင်းဘူးဆိုတာ ငါသိတယ်... ဒါပေမယ့် ဆေးရုံထဲမှာ လူတွေ အဲ့လောက်အများကြီး လဲနေပြီးမှတော့ ငါတို့ ဒီကိစ္စ အရင်ဖြေရှင်းမှကို ရမှာ...."

ချိန်ရွှင့်ကျယ်နှင့် ရင်ဆိုင်ရချိန်၌ ဂူဖုန်း၏ လေသံ အမူအရာမှာ အများအပြား ကောင်းမွန်နေသည်။ မည်သို့ဆိုစေ ထိုသူက သွားရှုပ်လို့ ကောင်းသူတစ်ဦး ဟုတ်မနေချေ။

" ငါသိသလောက်ဆို လင်းရီဆိုတဲ့ကောင်က ဒီတိုင်း စီးပွားရေးသမားပဲ မဟုတ်လား... သူ့မှာ ဘာနောက်ခံ အသိုင်းအဝိုင်းမှလည်း မရှိဘူးဆိုတော့ ကိုင်တွယ်လို့ လွယ်ကူမှာပါ... အဲ့လောက်ထိ စိုးရိမ်နေစရာ မလိုပါဘူး...."

" အမှန်ပဲ... သူ့လိုမျိုး စီးပွားရေးသမားက ရှားမှရှားဆိုရင်တောင် နောက်ဆယ်စုနှစ်လောက်နေရင် သူ့လိုမျိုး နောက်နှစ်ယောက် သုံးယောက် ထပ်ပေါ်လာဦးမှာပဲ... ဘာမှ စဉ်းစားနေစရာကို မလိုတာ...."လုရွှမ်၏ ဖခင် ၊ လုယွမ်လင်းမှလည်း ပြောလိုက်၏။

" ဒါဆိုလည်း ဘာစောင့်နေတာ..."စွန်းချဲ့၏ ဖခင် ၊ စွန်းချွင်ချန်မှ ပြောလိုက်ပြီး " ငါ အရင် ဖုန်းဆက်လိုက်တော့မယ်...."

မိသားစု အချို့မှ သူတို့၏ ရပ်တည်ချက်ကို ထုတ်ဖော်လာသည်။ ကျောက်မိသားစု တစ်ခုတည်းကသာလျှင် ငြိမ်သက် နှုတ်ဆိတ်နေခြင်း ဖြစ်၏။

လင်းရီနှင့် လျန်မိသားစုကြား ရင်းနှီး ဆက်နွယ်မှုကို ၀မ်တုန်းချင် ကောင်းစွာ နားလည်ထားသည်။ လျန်ချွင်းရှောင်နှင့် ရှန်းရှူးရီတို့ ပေါ်မလာသေး၍ အပြီးသတ် ဆုံးဖြတ်ချက်ချရန် မဖြစ်နိုင်သေးချေ။ ထိုအချိန်ထိ မည်သူကမျှလည်း လင်းရီကို ဘာမျှ လုပ်နိုင်မည် မဟုတ်ချေ။

" စွန်းကြီး... မင်းကလည်း အရင်ဆုံး စိတ်အေးအေးထားစမ်းပါ...."ချိန်ရွှင့်ကျယ် ပြောလိုက်ပြီး " ကလေးတွေ နိုးလာတာကို အရင်စောင့်ကြတာပေါ့...."

ချိန်ရွှင့်ကျယ်၏ အတွေးက ၀မ်တုန်းချင်နှင့် တစ်ထပ်တည်းပင်။

အဆုံးတွင်တော့ လျန်မိသားစုကသာ ဤကိစ္စကို ဖြေရှင်းပေးမည့်သူဖြစ်၏။ လက်ရှိ လူတိုင်း တစ်ယောက်တစ်ပေါက် ပြောဆိုနေသည်များက အရာမရောက် အကျုံးမ၀င်ချေ။

ထိုအခိုက်အတန့်တွင် ခြေသံ အများအပြား ကြားလိုက်ရပြီး ချိန်ရွှင့်ကျယ် ခေါင်းလှည့်၍ ၀င်ပေါက်ရှိရာထံသို့ အလိုအလျောက် လှမ်းကြည့်လိုက်သည်။

ထိုအခါ အခြား ဒဏ်ရာရ မိသားစု၀င်များ ဖြစ်ကြောင်း ချိန်ရွှင့်ကျယ် သတိပြုမိလိုက်၏။ ၎င်းတို့၏ စားချင်ဝါးချင် ခင်မင်ဖွယ်ရာ မကောင်းသည့် အမူအရာများကိုကြည့်ရင်း ချိန်ရွှင့်ကျယ် ခေါင်းကိုက်ချင်သလိုလို ဖြစ်လာသည်။

ထိုလူများက မိသားစုကြီး ငါးခုလောက် ဩဇာမကြီးမားသော်လည်း မည်သူကမျှ ကိုင်တွယ်ရန် မလွယ်ကူချေ။ အကုန်လုံးက သူနှင့် စကားပြော ဆွေးနွေးရန် အရည်အချင်း ပြည့်မီသူများ ဖြစ်ကြ၏။

'ဟူး.... အစ်ကိုလျန်နဲ့ မရီးတို့ အချိန်မီ ရောက်လာကောင်းပါရဲ့... မဟုတ်လို့ကတော့ ငါတစ်ယောက်တည်း ထိန်းထားလို့ နိုင်မှာ မဟုတ်ဘူး....'

ရောက်လာကြသည့် လူ လေးဆယ်ကျော် ငါးဆယ်ခန့်မှာ ဒဏ်ရာရ လူငယ်များ၏ မိသားစု၀င်များဖြစ်ပြီး ယခု သူတို့ကလေးများ၏ အခြေအနေကို ကြည့်ပြီးသောကြောင့် လင်းရီနှင့် ဖြေရှင်းရန် ရောက်လာကြခြင်းပင်။

" အခြေအနေ... မင်းတို့ ဟိုကောင်ကို ဖမ်းဖို့ လူလွှတ်လိုက်ပြီလား...."ပြောလိုက်သူကတော့ ဟွမ်မင်းရန်၏ ဖခင် ဟွမ်ရုံကျီဖြစ်၏။

ဟွမ်မင်းရန် ဆိုသည်မှာ ယခင် ဘားတုန်းက ဂူချမ်းချွမ်နှင့် ကျန်သူများကို လင်းရီအား လက်စားခေနိုင်ရန် သတင်းပေးပို့ခဲ့သူပင်။

ဟန်ကျင်းလေ့ ခေါင်းခါရမ်းလိုက်ပြီး " ဖမ်းဖို့ကိစ္စက ခုထိ ဆွေးနွေးနေတုန်းပဲ.... "

" မင်းတို့ ဘာတွေ ဆွေးနွေးနေတာ... ဒီတိုင်း တိုက်ရိုက်ဖမ်းလိုက်ရင် ရနေပြီ မဟုတ်ဘူးလား...."

ထိုသို့ ပြောပြီး‌နောက် နားလည်သွားဟန်ဖြင့် ဟွမ်ရုံကျီ ချိန်ရွှင့်ကျယ်ကို ကြည့်လိုက်ပြီး " အစ်ကိုချိန်... ရန်ရန်နဲ့ အဲ့ကလေးက ရင်းနှီးတယ်ဆိုတာ ငါနားလည်တယ်... ဒါပေမယ့် ကလေးတွေက ဒီအခြေအနေထိ ရိုက်နှက်ခံလိုက်ရပြီ... ဒဏ်ရာ အပျော့ဆုံးဆိုတာ ခေါင်းထိပြီး သတိမေ့သွားတဲ့သူပဲ....အစ်ကို ဒီနေ့ ကိစ္စ ၀င်မပါနဲ့... တကယ်လို့ ဒီနေ့ သူ့ကိုမှ မကိုင်တွယ်ဘူးဆိုရင် ဟွာရှက ဥပဒေမဲ့ ပရမ်းပတာ နိုင်ငံ ဆိုတဲ့သဘောပဲ..... "

" ညီလေးဟွမ်... ဒီကိစ္စက နည်းနည်းလေး ကြီးသွားရုံပါပဲကွာ.... မင်း အခု ဘယ်လိုခံစားနေရလဲ အစ်ကို နားလည်တယ်... ဒါပေမယ့် ကလေးတွေ နိုးလာပြီး သူတို့ ဘယ်လိုထင်လဲ အရင်မေးကြည့်ကြရင် ပိုမကောင်းဘူးလား...."

ချိန်ရွှင့်ကျယ်၏ အတွေးတို့က ရိုးရှင်း၏။ ဤကိစ္စ ဖြေရှင်းရန်အတွက် လျန်မိသားစု ရောက်လာသည်အထိ အချိန်ဆွဲ နေခြင်းပင်။ မည်သို့ပင်ဆိုစေ ဤကိစ္စအား သူတစ်ယောက်တည်းနှင့် မဖြေရှင်းနိုင်ချေ။ ထိုအကြောင်း တွေးမိတော့ ချိန်ရွှင့်ကျယ် အတွင်း၌ ကျိတ်၍ သက်ပြင်းချမိလိုက်သည်။

' အဲ့ကောင်စုတ်လေး လင်းရီကလည်း ရဲကို ရဲတင်းလွန်းတယ်... ဒီလူတွေရဲ့ အထောက်အထားကို သိနေတာတောင်မှ မဆင်မခြင်လုပ်ရဲနေတယ်ဆိုတော့ ... တစ်ခုခုတော့ တစ်ခုခုပဲ.....'

" ငါတော့ စောင့်ဖို့လိုမယ် မထင်ဘူး..."ဟန်ကျင်းလေ့ ပြောလိုက်ပြီး " ချိန်ကြီး ... မင်း ဒီအထဲ ၀င်မပါနဲ့... ဒါ မင်းနဲ့ ဘာမှမဆိုင်ဘူး ... ငါတို့ဘာသာ ငါတို့ ဖြေရှင်းမယ်.. အဲ့ကောင်ကို ဟွာရှကနေ ပျောက်ကွယ်သွားအောင်မှ မလုပ်နိုင်ရင် ငါ့မျိုးရိုးနာမည် ဟန် မဟုတ်တော့ဘူး...."

" အဲ့လောက်နဲ့တော့ သက်ညှာလွန်းရာကျတာပေါ့..."စွန်းချွင်ချန် ပြောလိုက်ပြီး " အဲ့ကောင်ကို မသေမချင်း အကျဉ်းချလိုက်သင့်တာ .... "

" ငါတို့ အဲ့ကိစ္စ နောက်မှပြောမယ်.... "ဂူဖုန်း ပြောလိုက်ပြီး " သူ့ကို အရင်ဆုံး ဖမ်းကြစို့.. တော်နေကြာ ဒီကောင် ထွက်ပြေးသွားနေဦးမယ်...."

" ဟုတ်တယ်... အခု လုပ်ကြစို့...."

လူတိုင်း ဖုန်းထုတ်၍ ကိုယ်စီ နံပါတ် နှိပ်ကြတော့မည့် အချိန်တွင်ပဲ ညင်သာပြီး နားဝင်ပီယံရှိသည့် အသံတစ်သံက ထွက်ပေါ်လာသည်။

" ရှင်တို့မှာ အဲ့လိုလုပ်ဖို့ ဘာအခွင့်အရေးရှိလဲ...."

All Chapters