ချင်ရင်ယွဲ့၏ ရောက်ရှိလာမှု
Vol. 67 Ch. 1004
အသံကြားတော့ လူတိုင်းမသိစိတ်မှ အလိုအလျောက် လှည့်ကြည့်မိလိုက်ကြသည်။
သူတို့အားလုံး ယခုလို အခြေအနေ၌ မည်သူကများ ထိုသို့ပြောရန် အရည်အချင်း ပြည့်မီနေလဲဆိုတာကို သိချင်စိတ် ပြင်းပြနေကြလေသည်။
အမျိုးသမီးက အရပ် ၁၇၅ စင်တီခန့် မြင့်မားပြီး လျန်ရူရွှယ်ပင် သူမလောက် အရပ်အမောင်း မကောင်းချေ။
သူမက ရိုးရှင်းဟန်တူသည့် အနက်ရောင် ဘောင်းဘီပွကို ၀တ်ဆင်ထားပြီး ဘယ်ဘရန်းလဲဆိုတာတော့ မှန်းဆရန် ခက်ခဲလှ၏။ သို့သော်လည်း ဖြောင့်စင်းသွယ်လျသည့် သူမ၏ ပေါင်တံများထက်တွင်တော့ မည်သည်ကိုပဲ ၀တ်ဆင် ၀တ်ဆင် လိုက်လျောညီထွေ ပနံတင့်တယ်စွာနေမည်မှာမှန်သည်။
သူမ၏ ကိုယ်အပေါ်ပိုင်းတွင်တော့ အနက်စင်းကြား အဖြူရောင် ကော်လံနှင့် သနပ်ခါးရောင် ကုတ်ကို ၀တ်ဆင်ထားလျက်ရှိ၏။ သူမ၏ ဆံပင်က ရှည်လားဆိုတော့ မရှည်လျား။ ကြည့်ကောင်းသည့် ဘဲဥသဏ္ဌာန် မျက်နှာအချိုးအစားနှင့် ပြီးပြည့်စုံစွာ လိုက်ဖက်ညီလျက်ရှိသည်။
သို့သော်လည်း မာ့စ်တပ်ထားသောကြောင့် သူမ၏ မျက်လုံးတစ်၀ိုက်ကိုသာ မြင်သာနိုင်သည်။ သို့တိုင်အောင် လှကညာတစ်ပါးဖြစ်မည်မှာတော့ သံသယရှိနေစရာ မလိုချေ။
မျက်လုံးထောင့်စွန်းရှိ အနည်းငယ်သော အရေးအကြောင်းကသာလျှင် အမျိုးသမီး၏ အသက်အရွယ်ကို ပြောပြနေတော့၏။
မျက်နှာဖုံးနှင့် အမျိုးသမီး၏ ထွက်ပေါ်လာမှုက လူတိုင်းကို ကြောင်တောင်တောင် ဖြစ်သွားစေသည်။ ပြုံးပြနေသည့် သူမ၏ မျက်၀န်းတို့က လူတိုင်းကို ရှုပ်ထွေးသွားစေတော့၏။
သို့သော်လည်း ဤအမျိုးသမီးက သူတို့နှင့် ခြားနားပြီး တစ်အုပ်စုတည်း မဟုတ်ကြောင်းကိုတော့ ဟန်ကျင်းလေ့တို့ တစ်သိုက် အာရုံရနေကြသည်။ အရေးကြီးဆုံးကတော့ အကယ်၍ ဤကိစ္စကသာ သူမနှင့် မအပ်ဆက် မသက်ဆိုင်ဘူးဆိုပါက ယခုလို အချိန်မျိုးတွင် မျက်နှာဖုံး တပ်လာခဲ့လိမ့်မည် မဟုတ်ချေ။ ယခုအချိန်က ဆန်းကြယ်နေသည့်အသွင် ဖမ်းရန်အချိန်ကောင်း ဟုတ်မနေချေ။
လျန်ချွင်းရှောင်ဘေးနား ရပ်နေသည့် ရှန်းရှူးရီကတော့ ရုတ်ချည်းပေါ်ထွက်လာသည့် အမျိုးသမီးကို ခြေဆုံးခေါင်းဆုံး သေချာစူးစမ်းကြည့်နေတော့၏။
သူမ၏ မသိစိတ်မှ ဤအမျိုးသမီးသည် ရိုးစင်းသူတစ်ယောက်မဟုတ်ကြောင်း ပြောပြနေလေသည်။
ထိုရိုးရှင်းဟန်တူသည့် စကားလုံးတို့ထဲ သက်ညောင်းနေသည့် ဩဇာမှာ ရောက်ရှိနေသည့် ဒိတ်ဒိတ်ကျဲကြီးများ အားလုံးကို ဖိနှိပ်ထားနိုင်ပြီး သာမန်လူ တစ်ဦးဆိုပါက ထိုသို့ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ သူမ ရှန်းရှူးရီပင် ထိုသို့ပြုရန်အလို့ငှာ မစွမ်းသာချေ။
" မင်းက ဘယ်သူလဲ... မင်းက ဟိုကောင်စုတ်လေးဘက်က ပြောပေးဖို့ ဒီရောက်လာခဲ့တာလား....."ဟန်ကျင်းလေ့ မေးမြန်းလိုက်ပြီး " တကယ်လို့ အဲ့ဒီ ရည်ရွယ်ချက်နဲ့ဆိုရင်တော့ မင်းက အချိန်လာဖြုန်းနေတာပဲ.... ငါ ဒီကိစ္စကို ရေဆုံးမြေဆုံး လိုက်ဖို့ ဆုံးဖြတ်ပြီးသား....."
" ကျွန်မတို့ မတွေ့တာ အနှစ် ၂၀ ကျော်ကြာပြီ... ဒါတောင် ရှင့်ရဲ့ စရိုက်က အရင်ကအတိုင်းပါပဲလား မစ္စတာဟန်...."ပြောရင်းဖြင့် အမျိုးသမီးမှ မျက်နှာဖုံး ချွတ်လိုက်ပြီး လှပသည့် မျက်နှာသွင်ပြင်ကို လှစ်ဟာပြလာသည်။
အချိန်၏ နိယာမက သူမမျက်နှာထက်ရှိ အလှတရားကို မတိုက်စားနိုင်သည့်နှယ် ရင့်ကျက်ပြီးဖြစ်သည့် ရုပ်ရည်က မြင်ရှုသူကို သိမ်မွေ့ပြီး စိတ်ချမ်းသာနေစေတော့၏။
အမျိုးသမီး မျက်နှာဖုံး ချွတ်လိုက်သည့် အခိုက်အတန့်၌ လူအချို့၏ အမူအရာမှာ တည်ငြိမ်လျက်ရှိပြီး အချို့ကတော့ သူမအား ငူငူငိုင်ငိုင်ကြီး ငေးကြည့်နေကြသလို အချို့ကလည်း ရှော့ခ်ရသည့် အမူအရာများ ဖြစ်ပေါ်နေကြလေသည်။
ရှန်းရှူးရီကတော့ နောက်ဆုံး အမူအရာနှင့် တစ်ယောက် ဖြစ်၏။
" ယွဲ့.... ညီမယွဲ့..... "
"ညီမယွဲ့...."
လျန်ရူရွှယ် ကြက်သေသေသွားခဲ့သည်။
နှစ်ပေါင်းများစွာကြာအောင် လူတိုင်းရှေ့၌ ခေါင်းမော့ရင်ကော့ တည်ငြိမ်ရင့်ကျက်သည့် ဟန်အမူအရာ မပျက်သည့် သူမမိခင်က ယခုကျမှ အဘယ်ကြောင့် တုန်လှုပ်နေရသနည်း။
ဘာဖြစ်နေလဲဆိုတာကို လျန်ရူရွှယ် မေးမြန်းချင်နေသည်။ သို့သော်လည်း သူမ အဖေ၏ အမူအရာကို ကြည့်မိတော့ ပုံမှန်မဟုတ်သည့် အမူအရာများ တစ်မျိုးပြီးတစ်မျိုး ဖြစ်ပေါ်နေကြောင်း သတိပြုမိသွား၏။
တစ်ခုခုမှားနေပြီဆိုတာ လျန်ရူရွှယ် ဒက် ကနဲ သိလိုက်သည်။ ထို့နောက် သူမ အခြားလူများကို ဆက်ကြည့်လိုက်၏။
ဟန်ကျင်းလေ့ ၊ ဂူဖုန်း နှင့် ကျန်သူများသည်လည်း သူမ အဖေနည်းတူ အမျိုးမျိုးသော မျက်နှာ အမူအရာတို့ ဖြစ်ပေါ်နေသည်။
သို့သော်လည်း တစ်ခု ထူးဆန်းနေသည်မှာ လူတော်တော်များများက သူတို့ရှေ့ ထွက်ပေါ်လာသည့် အမျိုးသမီးအကြောင်းကို ဘာမှ မသိထားသကဲ့သို့ တည်တည်ငြိမ်ငြိမ် အမူအရာနှင့် ရှိနေကြခြင်းကိုပင်။
" ရှူရီ.... နင်နဲ့တောင် မတွေ့ဖြစ်တာ အတော်ကြာလှပေါ့.... ပိုပိုပြီး လှလာလိုက်တာများ ငါတောင်မှ နင်နဲ့ မယှဉ်နိုင်တော့ဘူးဟယ်...."
" ဘယ်လိုဖြစ်နိုင်မှာ ... ငါက နင်နဲ့ အလှမ်းအဝေးကြီး ရှိနေဆဲပါ...."
ရှန်းရှူရီ လျှောက်လှမ်းသွားပြီး ရုတ်ချည်းထွက်ပေါ်လာသည့် အမျိုးသမီးကို သွားရောက်ပွေ့ဖက်လိုက်၏။
သူမ အမေ ငိုနေသည်ကိုမြင်တော့ လျန်ရူရွှယ် အံ့အားသင့်သွားခဲ့သည်။
" အဖေ... သူမက ဘယ်သူလဲ... ကြည့်ရတာ အမေနဲ့ တော်တော်လေး ရင်းနှီးတယ်နဲ့ တူတယ်နော်...."
ဟစ်.....
လျန်ချွင်းရှောင် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး
" သူမ နာမည်က ချင်ရင်ယွဲ့တဲ့...သမီးအမေရဲ့ အတိတ်တုန်းက အချစ်ဆုံး သူငယ်ချင်းလေ.... "
" ဪ....."လျန်ရူရွှယ် နားမလည်ခြင်းပေါင်း များစွာနှင့် ဖြည်းညင်းစွာ ခေါင်းငြိမ့်လိုက်ပြီး " ကြည့်ရတာ မတွေ့ဖြစ်တာ နှစ်ပေါင်းမနည်းတော့ဘူးနဲ့ တူတယ်.... "
" အမှန်ပဲ... သူတို့ချင်း မဆုံဖြစ်တာ အနှစ် နှစ်ဆယ်ကျော်နေပြီ...."
" အနှစ် နှစ်ဆယ်ကျော်....."
လျန်ရူရွှယ် ရုတ်တရက်ဆိုသလို ထိုခေတ်မှ သူငယ်ချင်း ဆက်ဆံရေးကို မနာလို ဖြစ်လိုက်မိသည်။
ဆွေမျိုးတွေလည်း မဟုတ်ဘဲနဲ့ ဆယ်စုနှစ် နှစ်ခုကြာပြီးလို့ ပြန်တွေ့ကြတာတောင် တစ်ယောက်နဲ့တစ်ယောက် ငိုယိုပြီး ပွေ့ဖက်နိုင်ကြသေးတယ်.... ဒီလို ရင်းနှီး ပတ်သက်မှုမျိုးက တကယ့်ကို စစ်မှန်ပြီး တန်ဖိုးထားလောက်စရာပါပဲ...
"ဒါပေမယ့် ခုချိန်က ဒီလိုမျိုး တွေ့ဆုံဖို့ အချိန်ကောင်း မဟုတ်သေးဘူးနော်...."လျန်ရူရွှယ် ပြောလိုက်ပြီး " ဒီရဲ့အန်တီက သူ့ဘာသူ ဒီနေရာ လာခဲ့တယ်ဆိုတော့ သူလည်း တော်တော်လေး ဖြုံလောက်စရာ ပုဂ္ဂိုလ်ပဲ ဖြစ်ရမယ်...."
" သူမကလင်းရီအတွက် ရောက်လာတာ...."
" လင်းရီအတွက်... ဟုတ်လား... အဲ့အန်တီက ဒီကိစ္စကို ဖြေရှင်းနိုင်တယ်လား... တကယ်လို့ ဖြေရှင်းနိုင်တယ်ဆိုရင် သမီး အရင်က ဘာလို့ မကြားဖူးတာ....."
" သူမမှာ ဖြေရှင်းနိုင်တဲ့ အရည်အချင်း ရှိမရှိ အဖေလည်း မသေချာဘူး.... ဒါပေမယ့် ကြိုးစားကြည့်ဖို့ အရည်အချင်း ပြည့်မီတာတော့ သေချာတယ်....."လျန်ချွင်းရှောင် ပြောလိုက်ပြီး " ဘာလို့ဆို သူမက လင်းရီရဲ့ မွေးရင်း မိခင်မို့လေ...."
ထိုစကားလုံးများ ထွက်လာပြီးနောက် လျန်ရူရွှယ်၏ ဦးခေါင်းမှာ ပေါက်ကွဲတော့မယ့်နှယ် တဆတ်ဆတ် တုန်ခါသွားခဲ့တော့သည်။ သူမ ကြားလိုက်ရသည်ကိုပင် မယုံနိုင်ချေ။
သူမ နှလုံးသားထဲ၌ လင်းရီက မိဘမဲ့ တစ်ယောက်ဆိုသည်သာ ခိုင်မာစွာ အမြစ်တွယ်နှင့်ပြီး ဖြစ်၏။
လင်းရီ ကိုယ်တိုင်ပင် သူ့တွင် မိဘမရှိသည့် အချက်နှင့် စပ်လျဉ်းပြီး ထွေထူးခံစားနေခြင်းမျိုး မရှိချေ။
ယခု သူ၏ မွေးရင်းမိခင်ဆိုသူက ဗြုတ်စဗျင်းတောင်းကြီး ဤနေရာသို့ ရောက်ရှိလို့လာသည်။ ဤအချက်က မယုံကြည်နိုင်ဖွယ် ကောင်းလွန်းပေစွ။
ထို့ပြင် လင်းရီ၏ အမေသည်လည်း သူမ၏ မိခင်နှင့် ရင်းနှီးနေသည်။ ဤသည်ကလည်း စိတ်ကူးယဉ် ဆန်လွန်းလှ၏။
သူမ အမေ လျန်မိသားစု၏ ချွေးမ ဖြစ်လာနိုင်သည် ဆိုခြင်းက သူမ အဘိုးနှင့် အဘွားတို့မှာ ခေသူများ မဟုတ်ကြောင်း သိသာလေသည်။ ဤအမျိုးသမီးက သူမအမေနှင့် ရင်းနှီးပြီး သွေးရင်း ညီအစ်မများကဲ့သို့ ဖြစ်နေသည်ဆိုတော့ ဤအန်တီ၏ မိသားစုသည်လည်း ကျိန်းသေပေါက် မင်းဆွေမင်းမျိုး အသိုင်းအဝိုင်းကြီးထဲမှ ဖြစ်တန်တူသည်။ ဖြစ်ရပေမည်။
စိတ်၀င်စားစရာ အကောင်းဆုံး အချက်ကတော့ သူမ လင်းရီနှင့် ရင်းနှီးနေသကဲ့သို့ သူမအမေကလည်း ရင်းနှီးနေခြင်းပင်။
အကယ်၍ ကိုယ်ပိုင် မျက်လုံးဖြင့်သာ မြင်လိုက်ရခြင်း မရှိပါက ပြန်ပြောလို့ပင် မည်သူကမျှ ယုံကြည်နိုင်မည် မဟုတ်ချေ။
ထင်ထားတဲ့အတိုင်း ဘ၀ကြီးက ဒရာမာ ဇာတ်ကားတွေထက်ကို ပိုပြီး အလှည့်အပြောင်း များပြားနေတာပဲ...
" အစ်ကိုလျန်.... သူမက အရင် ရန်ကျင်းမြို့က မရေမတွက်နိုင်တဲ့ သခင်လေးတွေကို ကြွေဆင်းသွားစေခဲ့တဲ့ ချင်ရင်ယွဲ့မလား...." ချိန်ရွှင့်ကျယ် မယုံသင်္ကာဖြင့် မေးလိုက်၏။ သူ၏ အမူအရာက အနည်းငယ်ပင် စိတ်လှုပ်ရှားနေသည်။
" မမှားနိုင်ဘူး... မင်း မရီးတောင် မှတ်မိမှတော့...."လျန်ချွင်းရှောင် အပြုံးလေးဖြင့် ပြောလိုက်ပြီး " ဒါပေမယ့် သူမ ဒီတစ်ခေါက် ပေါ်လာခဲ့တာတော့ ငါ တော်တော်လေး ရှော့ခ်ရမိသွားတယ်...."
" အဟုတ်ပဲ...."ချိန်ရွှင့်ကျယ် သက်ပြင်းချလိုက်ပြီး " အဲ့ဒီတုန်းက သူမက ရန်ကျင်းရဲ့ အထူးချွန်ဆုံး မိန်းကလေးလေ.... ဒီလောက် နှစ်တွေ ကြာသွားတာတောင် သူမရဲ့ ဆွဲဆောင်မှုတွေက ယုတ်လျော့မသွားသေးဘူးပဲ...."
" မင်း ဘာတွေ လျှောက်ပြောနေတာ...."လျန်ချွင်းရှောင် စနောက်ချင်နေသည့် လေသံဖြင့် ပြောဆိုလိုက်ပြီး " ရန်ရန်က ဒီမှာပဲ ရှိသေးတာနော် မင်း ပေါက်တတ်ကရ လျှောက်မပြောနဲ့...."
"အဖေ.... အဖေတို့ နှစ်ယောက်ကြားမှာ တစ်ခုခုရှိထားတယ်လို့ သမီး ဘာလို့ အာရုံရနေတာ.... "ချိန်ရန် သံသယကြီးစွာဖြင့် မေးလာခဲ့၏။
" အရင်တုန်းက ဒီကောင်ကြီးကလည်း နင့်အန်တီချင်ကို ပိုးပန်းခဲ့တဲ့သူတွေထဲက တစ်ယောက်ပဲလေ... နင့်အန်တီချင်ကို ပိုးပန်းချင်ခဲ့ကြတဲ့သူတွေဆိုတာ မြို့လယ်ကနေ စီတန်းလိုက်ရင် မြို့ပြင်ထိတောင် ရောက်လောက်တယ်.... အဲ့ဒီတုန်းက နင့်အဖေ သူ့ဓာတ်ပုံရတော့ ခေါင်းအုံးဘေးထားပြီး နေ့တိုင်း ကိုးကွယ်နေခဲ့တဲ့ကောင်လေ... တကယ့်ကောင်....."
" အဟွတ် အဟွတ်...."ချိန်ရွှင့်ကျယ် နေရခက်စွာဖြင့် လည်ချောင်းရှင်းလိုက်ပြီး " အစ်ကိုလျန်ကလည်း ဘာတွေလျှောက်ပြောနေတာ.... ကျွန်တော့်ကို ဒီည အိမ်ပြန်အိပ်အရအောင် တမင်လုပ်နေတာလား....."
" ဟားဟား..... အဲ့တာတွေ အားလုံးက အတိတ်ကပါပဲကွာ.... ငါ့ယောင်းမ အဲ့လောက်ထိ စိတ်သဘောထား မသေးပါဘူးကွ...."
သူတို့နှစ်ဦး စကားပြောနေစဉ် လျန်ရူရွှယ်၏ အာရုံမှာတော့ အခြားလူများ၏ အမူအရာကို လေ့လာအကဲခတ်နေပြီးဖြစ်၏။
ဤအမျိုးသမီး၏ အထောက်အထားကို သိရှိလိုက်သည်နှင့်တစ်ပြိုင်နက် လူတိုင်း၏ အမူအရာမှာ ပုံမှန်မဟုတ် ဖြစ်ပျက်သွားကြလေသည်။ လိုတိုရှင်းပြောရလျှင် ညွှန်းဖော်ရန် ခက်ခဲသည့် ခံစားချက်မျိုးပင်။
ရှော့ခ်ရသွားခြင်းလော။ သို့မဟုတ် အံ့အားသင့်နေခြင်းပေလော။ ဒါမှမဟုတ် မှင်တက်သွားခြင်းပေလော။
လျန်ရူရွှယ် သေချာစဉ်းစားကြည့်တော့ ထိုစကားလုံးများက သူတို့၏ အမူအရာကို ဖော်ပြရန် လုံလောက်ခြင်းမရှိဟု ခံစားနေရ၏။
အနှီအမျိုးသားများ၏ မျက်နှာထက်တွင် မရရှိနိုင်ခဲ့သည့် တစ်စုံတစ်ရာအတွက် ဂုဏ်ငယ်ပြီး စိတ်ပျက်အားငယ်မှုတို့ တစ်စွန်းတစ်စကိုလည်း သူမ မြင်တွေ့နေရသည်။
ထိုအခိုက်အတန့်တွင်တော့ လျန်ရူရွှယ် အဆိုပါ အမျိုးသမီး၏ ဆွဲဆောင်မှုကို နားလည်သဘောပေါက်သွားခဲ့လေသည်။
အနှစ် နှစ်ဆယ်ကျော် ကြာပြီးသည့်တိုင်အောင် ထိုသူတို့က သူမ၏ ရောက်ရှိလာမှုကို မြင်သည်နှင့် အန်ကယ်ချိန်ကဲ့သို့ လှုပ်လှုပ်ရွရွဖြစ်အောင် ပြုမူနေကြဆဲပင်။
သူမကို မြင်တွေ့လိုက်သည်နှင့် မှင်တက်ပြီး စကားမပြောနိုင်အောင် ဆွံ့အသွားကြတော့၏။
အရွယ်သာ ကြီးပြင်းလာ၍ အသက်က စကားပြောနေခဲ့သော်လည်း ရင်ခုန်သံတို့ကတော့ မနေ့တစ်နေ့ကကဲ့သို့ လတ်လတ်ဆတ်ဆတ် ရှိနေကြသေးသည်။ အတိတ်၏ အငွေ့အသက် ၊ ကျန်ရစ်ဆဲ သံယောဇဉ်တို့က သူတို့နှလုံးသားထဲ စွဲလမ်းရူးသွပ်မှုတစ်ခုအဖြစ် ယနေ့တိုင် စွဲထင်နေဆဲ ဖြစ်လေသည်။
တစ်စုံတစ်ယောက်က ဤသို့ လူအများအပြားကို နှစ်ပေါင်းနှစ်ဆယ် ကြာပြီးသည်အထိ မေ့မရနိုင်သည်ကတော့ အမှန်ပင် ထူးခြားလွန်းလှ၏။ ထို့ပြင် သူတို့က နေ့ရောညပါ လွမ်းဆွတ်တမ်းတနေမိခဲ့ကြသေးလော ဆိုတာတော့ သူမလည်း မပြောတတ်ချေ။