လင်းရီမှာလည်း အဖေရှိတယ်
Vol. 67 Ch. 1005
“ ကောင်းပြီ…. အခု မငိုသေးနဲ့ဦး…. ငါ လုပ်စရာလေး ရှိသေးတယ်…” ချင်ရင်ယွဲ့ ရှန်းရှူရီ၏ ကျောကို ပုတ်ပေးရင်း သူမနှင့် ခွာလိုက်လေသည်။
ရှန်းရှူရီမှာ ငိုကြွေးခဲ့သော်လည်း လူကြီးတို့၏ မျက်ရည်သည် လူငယ်တို့လောက် အကြောရှည်နေခြင်းမရှိ။ ထို့ပြင် ရှန်းရှူရီ၏ အဆင့်သို့ ရောက်သည်နှင့် တစ်စုံတစ်ယောက်မှာ စိတ်ခံစားချက်များကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ပြီး လွယ်ကူစွာနှင့် မျက်ရည်များကို သုတ်ပစ်လိုက်သည်။
ရှန်းရှူရီ ချင်ရင်ယွဲ့ ဘေးတွင် မတ်တပ်ရပ်နေလိုက်၏။ ချင်ရင်ယွဲ့မှ လက်ရှိ ရောက်နေသူတိုင်းကို ကြည့်လိုက်ပြီး “ ကျွန်မရဲ့ ဒီနေ့ ရောက်လာခြင်း အဓိက ရည်ရွယ်ချက်က လင်းရီအတွက်ပဲ…. သူက ကျွန်မရဲ့သား…. ကျွန်မကပဲ သူ့ကိုယ်စား တောင်းပန်ပါရစေ… လူတိုင်းကလည်း သူ့ကို ခွင့်လွှတ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်…..”
ထိုစကားလုံးများ ပြောထွက်ပြီးလျှင် ပြီးချင်း လက်ရှိ ရောက်နေကြသူတိုင်း ကြောက်ရွံ့မှုကြောင့် ဖြူဖျော့သွားခဲ့ကြ၏။ မည်သူကမျှ လင်းရီကို သူမ၏ သားဖြစ်လိမ့်မည်လို့ မျှော်လင့်မထားခဲ့ကြချေ။ ဤသတင်းက ကမ္ဘာမြေကြီး တုန်လှုပ်လောက်စရာပင်။
“ ရင်ယွဲ့… ငါတို့ချင်း မတွေ့တာ နှစ်တွေအတော်ကြာပြီဆိုတော့ ယုတ္တိကျကျပြောကြေးဆို မင်း အဲ့လို ပြောကတည်းက ငါတို့ မင်းကို မျက်နှာသာတစ်ချို့ ပေးသင့်တယ် မှန်တယ်…. ဒါပေမယ့် ဒီတစ်ကြိမ်တော့ သူ အရမ်းလွန်သွားခဲ့ပြီ…. ငါတို့ တကယ်ကြီး သဘောမတူနိုင်ဘူး…. “ ဟန်ကျင်းလေ့ ပြောလိုက်ပြီး “ ငါတို့ဘက်က သဘောထား သေးသိမ်နေတာလည်း မဟုတ်ဘူး… မင်း မယုံရင် လူနာဆောင်ထဲသွားပြီး သူတို့ရဲ့ အခြေအနေကို တစ်ချက် သွားကြည့်လိုက်…. ငါတို့က ဘယ်လိုလုပ်ပြီး ဒီတိုင်း အလွှတ်ပေးလိုက်နိုင်မှာ….”
ဟန်ကျင်းလေ့မှ ထိုသို့ပြောလာသည့်အတွက် ချင်ရင်ယွဲ့ အံ့အားသင့်မသွားခဲ့ပေ။
“ ကျွန်မ ဒီကိစ္စ နည်းနည်းတော့ သိထားတယ်… ကလေးတွေကို သူတို့ကိစ္စ သူတို့ပဲ ကိုင်တွယ်ခိုင်းလိုက်ကြတာပေါ့…. ပြီးတော့ ကျွန်မတို့ မလှုပ်ရှားခင်ကတည်းက သူတို့ကိုယ်တိုင် ဘယ်လိုရလဒ်ပဲ ထွက်လာထွက်လာ သူတို့ကိုယ်တိုင်ပဲ ခံယူမယ်လို့ သဘောတူထားခဲ့ကြတယ် မဟုတ်ဘူးလား… တကယ်လို့ ရှင်က အခု ဒီကိစ္စကို ဆက်လိုက်နေမယ်ဆိုရင် သူတို့ရဲ့ ဆုံးဖြတ်ချက်ကို မလေးစားရာကျတာပေါ့….”
“ မင်းလည်း မိသားစုကြီးကပါ…. ငါတို့အဆင့်မှာ ဒီလိုလုပ်တာက ကျိုးကြောင်း မညီမညွှတ်ဘူးဆိုတာ မင်းနားလည်ပါတယ်…”
ချင်ရင်ယွဲ့၏ အကြည့်တို့ ဟန်ကျင်းလေ့ပေါ် ကျရောက်သွားခဲ့၏။ ဤတစ်ကြိမ်တွင်တော့ အရင်ကကဲ့သို့ ညင်သာနေခြင်း မရှိတော့ချေ။
“ ရှင့်လေသံအရဆို ကြည့်ရတာ ရှင်က ကျွန်မနဲ့ ကျိုးကြောင်း ဆွေးနွေးချင်တဲ့ ရည်ရွယ်ချက် မရှိဘူးနဲ့တူတယ်…. “
“ ဟုတ်တယ်… သူက မင်းရဲ့သားဆိုရင်တောင် မင်းငါ့ကို ဖြေရှင်းချက် ပေးရဦးမှာပဲ….”
“ ဟုတ်တယ်… ဒီလိုမျိုး ဧရာမကိစ္စကြီး ဖြစ်ပျက်ပြီးသွားမှတော့ မင်းရဲ့ စကားတစ်ခွန်းလောက်နဲ့ ဒီလိုမျိုး လွှတ်ပေးလိုက်စရာ အကြောင်းမရှိဘူး…..”
ချင်ရင်ယွဲ့၏ လွှမ်းမိုးမှုမှာ ဆယ်စုနှစ် နှစ်ခုကျော်ကြာသည်အထိ တည်ရှိနေသေးသော်ငြား ဒိတ်ဒိတ်ကျဲကြီးများ၏ မျက်လုံးထဲတွင်တော့ သူမက အမျိုးသမီးတစ်ယောက် ဖြစ်နေဆဲပင်။ တစ်ချိန်က မြို့တော်ထဲ ပြိုင်ဘက်ကင်း အလှကညာ ဖြစ်လင့်ကစား ယခုကိစ္စတွင်တော့ လူတိုင်းအား လွှတ်ချရန် စေခိုင်းနိုင်သည့် စွမ်းရည် ရှိမနေချေ။
ထိုအချိန်တွင်တော့ လျန်ရူရွှယ်၏ အမူအရာမှာ ပြင်းထန်လာလေတော့သည်။
သူမ တွေးထားသည်က ချင်ရင်ယွဲ့ ထွက်ပေါ်လာမှုက အခြေအနေကို ပြောင်းပြန်လှန်နိုင်လိမ့်မည်လို့ မျှော်လင့်ထားခဲ့သော်လည်း ကြည့်ရသလောက်တော့ သူမ အရမ်းကို စိတ်ကူးယဉ် ဆန်လွန်းသွားသည်နှင့် တူသည်။ ဤလူများက ရပ်တန့်ရန် ရည်ရွယ်ချက် လုံးဝရှိမနေခဲ့ချေ။
သူမ ရှေ့ဆက် ဘာလုပ်သင့်လဲ….
ရှေ့ ဘာဆက်ဖြစ်မလဲ ဘယ်သူကကော သိမှာ…
ကော်ရစ်ဒါရှိ လူတစ်ဒါဇင်ခန့်ကို ကြည့်ရင်း ချင်ရင်ယွဲ့၏ အမူအရာမှာတော့ တည်ငြိမ်မြဲ …. တည်ငြိမ်နေဆဲပင်။
“ ကျွန်မ ချင်ရင်ယွဲ့က အမျိုးသမီးတစ်ယောက်…. ချင်မိသားစုရဲ့ နိမ့်ကျသွားတဲ့ အဆင့်အတန်းနဲ့ ရောယှက်လိုက်မယ်ဆိုရင် ကျွန်မမှာ ဒီကိစ္စကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဆုံးသတ်နိုင်တဲ့ အရည်အချင်း တကယ်လည်း မရှိပါဘူး….”
မည်သူကမျှ ဘာမျှမဆိုချေ။ သူတို့ ယခင်က ချင်ရင်ယွဲ့ကို နှစ်သက်ခဲ့ဖူးသော်လည်း နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက် သူတို့ကိုယ်တိုင်တွင်လည်း မိသားစု ကိုယ်စီနှင့် ဖြစ်လာပြီဖြစ်သည်။ သူတို့၏ မိသားစုကသာလျှင် အရေးကြီးဆုံး ဖြစ်ပြီး အတိတ်က သံယောဇဉ်ဟောင်းကြောင့်တော့ အရှုံးပေးလိုက်ရန် မည်သို့မျှ မဖြစ်နိုင်ချေ။
“ ကျွန်မက အရည်အချင်းမရှိဘူးဆိုပေမယ့် လင်းရီမှာ အဖေရှိသေးတယ်ဆိုတာ မမေ့နဲ့ဦးလေ….” ချင်ရင်ယွဲ့ ပြောလိုက်ပြီး “ ရှင်တို့ အဘိုးကြီးတွေ ခေါင်းဆက်မာနေဦးမယ်ဆိုရင် ကျွန်မ လင်းကျင်ကျန့်ကို ပြန်ခေါ်ပြီး ရှင်တို့နဲ့ စကားပြောခိုင်းလိုက်မယ်….”
“ လင်း …. လင်း ကျင်ကျန့်…..”
ထိုစကား သုံးလုံးကို ကြားပြီးနောက် ဟန်ကျင်းလေ့နှင့် ကျန်သူများအားလုံး အကြောင်းမဲ့ တုန်ခိုက်သွားခဲ့ကြသည်။ သူတို့၏ အမူအရာမှာ ယခင်ကကဲ့သို့ ဆက်လက် ကြီးစိုးမော်ကြွားနေကြခြင်း မရှိတော့ချေ။
“ မင်း…မင်း အဲ့ဒီတုန်းက လင်းကျင်ကျန့်နဲ့အတူ ထွက်သွားခဲ့တာလေ….”
“ ဟုတ်တယ်…” ချင်ရင်ယွဲ့ ပြောလိုက်ပြီး “ သူက မသေဘူး… ခုထိ ကောင်းကောင်းကြီး အသက်ရှင်နေသေးတယ်… ပြီးတော့ လင်းရီက သူ့ရဲ့ သွေးသား… တကယ်လို့ ရှင်တို့ ဒီကိစ္စ ဆက်လိုက်နေမယ်ဆိုရင် သူဘယ်လိုမှ သည်းခံနေမှာ မဟုတ်ဘူး….”
လျန်ရူရွှယ်ကတော့ ဘေးတွင်ရပ်နေပြီး လူတိုင်း၏ အမူအရာကို အကဲခတ်နေလျက် ရှိ၏။
သူတို့က ချင်ရင်ယွဲ့ကို နှစ်သက်ပေမယ့် သူမကို မရခဲ့ကြဘူး… ဒါပေမယ့် လင်းကျင်ကျန့်ဆိုတဲ့ နာမည်ကိုလည်း ကြားတော့ ကြောက်ရွံ့သွားကြတယ်….
“ ကျွန်မကတော့ ပြောဖို့လိုတာ အကုန်ပြောပြီးသွားပြီ…. လူတိုင်းကလည်း ဘာဆက်လုပ်သင့်လဲ နားလည်သွားပြီလို့ ကျွန်မ ယုံကြည်တယ်… ကျွန်မက လူတွေကို သူ့နာမည်သုံးပြီး အနိုင်ကျင့်နေတာ မဟုတ်ဘူး… ဒီတိုင်း လူတိုင်းကို စည်းကမ်းအတိုင်း ပြုမူစေချင်ရုံ သပ်သပ်ပဲ…. ကလေးတွေက ဒီတိုင်း လျှောက်လုပ်နေကြတာ… တကယ်လို့ လူကြီးတွေ ဝင်ပါမယ်ဆိုရင် ဒါက စည်းမျဉ်းကို ဖောက်ဖျက်တာပဲ….” ထိုသို့ ပြောပြီးနောက် ချင်ရင်ယွဲ့ အနည်းငယ် ကိုယ်ကိုကိုင်း၍ ဦးညွှတ်လိုက်ပြီး ညင်သာသည့် လေသံဖြင့် “ နောက်ပြီး လူတိုင်းက ဒီနေ့ကိစ္စကို လျှို့ဝှက်ထားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်… ရှင်တို့ကလွဲပြီး နောက်ထပ် တခြားသူတွေ ကျွန်မ ပြန်လာတာကို မသိစေချင်ဘူး….”
ချင်ရင်ယွဲ့ အခြားသူများကို ပြုံးလျက်ကြည့်ရင်း လှည့်မထွက်ခွာခင် အသေးစား ခြိမ်းခြောက်မှုလေးတစ်ခု ပြုလုပ်သွားခဲ့သေးသည်။
တစ်ချိန်တည်းတွင် ရှန်းရှူရီ လျန်ချွင်းရှောင်နှင့် လျန်ရူရွှယ်ကို အကြည့်တစ်ချက် ပေးလိုက်ပြီး ကျန်သူများလည်း သဘောပေါက်စွာဖြင့် နောက်မှလိုက်ခဲ့ရင်း ဆေးရုံထဲမှ ထွက်လာခဲ့ကြလေသည်။
ည၏ လေပြေမှာ အနည်းငယ် အေးစက်လျက်ရှိ၏။ သို့ရာတွင် မတူညီသည့် အနံ့အသက်တို့ဖြင့် ပြည့်နှက်နေလေသည်။
တံခါးဝတွင် ရပ်နေရင်း ချင်ရင်ယွဲ့ လျန်ချွင်းရှောင်ကို ပြုံးလျက်ကြည့်ကာ “ နောက်ဆုံးကျတော့လည်း ကျွန်မတို့ရဲ့ ရှူရီက ရှင့်လို လူရိုးသားလေး ပြန်ပေးဆွဲတာကို ခံလိုက်ရတာပါပဲလား….”
လျန်ချွင်းရှောင် ကိုးရို့ကားယား ပြုံးလိုက်ပြီး “ မင်းအဲ့လို ပြောလို့ ဘယ်ရမှာ…. ငါ့ရဲ့ရုပ်ရည်ကပဲ သူမကို ဆွဲဆောင်သွားခဲ့တာပါဟ….”
ရှန်းရှူရီ မျက်လုံးလှန်လိုက်၏။ သူမ မျက်နှာထက်တွင်တော့ အပျော်တွေနှင့် ပြည့်နှက်လို့နေသည်။
“ ရှူရီ…. တစ်နေရာမှာ သွားထိုင်ကြစို့လေ….”
ချင်ရင်ယွဲ့ ဆံပင်ကို လက်ဖြင့် ဖြီးသပ်ရင်း သူမ နာရီကို ကြည့်လိုက်သည်။
“ နောက်တောင် ကျနေပြီကို နင်တို့လည်း စောစောပြန်ပြီး အနားယူကြတော့ဟာ… ငါ တခြားလုပ်စရာတွေ ရှိသေးတယ်…. နင်တို့ အချိန်တွေ မဖြုန်းတော့ဘူး…”
“ နင် ဒီည လုပ်စရာ ရှိရင်တောင် ဘေးချိတ်ထားလိုက်… ရန်ကျင်းမြို့တင် မကဘူး… ဟွာရှ တစ်ခုလုံးမှာပါ ငါ ရှန်းရှူရီ နင့်ကို ခေါ်သွားမယ်… ဘယ်သူ တားဆီးဝံ့လဲ….”
“ ဥက္ကဌရှန်း… ရှင်ကတော့ ပိုပိုပြီးကို ကြီးစိုးလာတော့တာပဲ…..”
“ သွားစို့… တစ်နေရာ ရှာပြီး စကားပြောကြမယ်…. ငါ့မှာ နင်နဲ့ ဖလှယ်ဖို့ စကားတွေ အများကြီးပဲ….”
သုံးယောက်သား ရှန်းရှူရီ၏ အော်ဒီထဲ ဝင်လိုက်ကြပြီး လျန်ရူရွှယ်ကတော့ ဒရိုင်ဘာ ဖြစ်လာခဲ့လေသည်။
“ အမေ…. သမီးတို့က ဘယ်လဲသွားကြမှာ..”
“ ရွှေကော်ထန်ချွမ်….”
“ ဟမ်…. ရေချိုးဖို့လား…”
“ ဒါပေါ့ဟဲ့..” ရှန်းရှူရီ ပြန်ပြောလိုက်ပြီး “ ကဖေးဆိုတာ ကလေးလေးတွေအတွက်… ငါတို့လို လူကြီးတွေအတွက်ကျ မသင့်လျော်ဘူး…” ရှန်းရှူရီ ထပ်လောင်း ပြောဆိုလိုက်၏။
လျန်ရူရွှယ်ကတော့ ခေါင်းသာ ခါရမ်းလိုက်သည်။ သူမတို့ အဘယ်ကြောင့် ထိုသို့သော နေရာမျိုး၌ စကားပြောချင်လဲဆိုတာ နားမလည်ပေ။
မိနစ်လေးဆယ်ကြာပြီးနောက် လျန်ရူရွှယ် လင်းရီ ယခင်က မန်ဘာဝင်ဖူးသည့် ရေပူစမ်းဆီသို့ မောင်းနှင်လာခဲ့၏။
သူမ ကားထဲမှ ထွက်တော့မည့် အချိန်တွင်ပဲ မာစီးတီး မေဘက်ချ်တစ်စင်း မောင်းလာနေသည်ကို မြင်တွေ့လိုက်ရသည်။
လျန်ရူရွှယ် ကားကို ဘေးသို့ ရွေ့ပေးလိုက်ပြီး လမ်းပေးလိုက်သော်လည်း မျှော်လင့်မထားစွာဖြင့် ကားမှာ သူမတို့ ရှေ့တည့်တည့် ရပ်တန့်လာလေသည်။
ကားအနောက် တံခါး ပွင့်ဟလာပြီး သက်လတ်ပိုင်း လူကြီးတစ်ဦးမှ အဆောတလျှင်နှင့် ထွက်ပေါ်လာခဲ့၏။ ထိုသူကတော့ 'ရွှေကော်ထန်းချွမ်' ရေချိုးစင်တာ၏ သူဌေး ကျောက်ဟိန်တုန်းပင်တည်း။
“ ဥက္ကဌရှန်း… မတွေ့တာတောင် ကြာပြီနော်.” ကျောက်ဟိန်တုန်း ကားနောက်တံခါးနား ရောက်လာပြီး ယဉ်ကျေးစွာဖြင့် နှုတ်ဆက်လာခဲ့၏။
လျန်ရူရွှယ် “ …… ”
‘ သူမ အမေက ပုံမှန် ဖောက်သည်ဖြစ်နေတာလား…’
စာစဉ် (၆၇) ပြီး၏။
ဆက်သွယ်ရေး လိုင်းအင်တာနက်တွေ ပြတ်တောက်နေမှုကြောင့် ကြန့်ကြာမှုတွေ ရှိသွားတယ်ဗျာ။ ချစ်သော စာဖတ်မိတ်ဆွေတို့ကိုလည်း တောင်းပန်ပါတယ်။ စောင့်ဆိုင်းနေကြတဲ့ သူတွေကိုလည်း အားနာရပါတယ်။ အခွင့်အရေး ရရင် ရသလို ဆက်ပြီး တင်သွားပေးပါ့မယ်ဗျ။