ရှစ်ဆယ့်ရှစ်နှစ်
Vol. 100 Ch. 1380
လူအိုကြီးဆိုက်ကာမောက သက်ပြင်းတစ်ချက်ရှိုက်လျက် ပြတ်သားစွာ ပြော၏ “မင်းက သူတို့ကို တစ်ခါပဲ မြင်ဖူးပေမယ့် တစ်သက်လုံးမေ့လို့မရတဲ့လူအချို့ရှိတယ်။ ဖြစ်ပြီးတာတွေကို ပြောင်းလဲလို့မရဘူး၊ ဒါကြောင့် ဒီကံကြမ္မာကို အဆုံးသတ်ဖို့ အလားအလာရှိတဲ့နည်းလမ်းဆိုတာ မရှိဘူး။ သူက သေသွားပြီးဆိုပေမယ့် သူ့အပေါ်မှာ ငါ တင်နေတဲ့အကြွေးကို ပြန်မဆပ်ရသေးဘူး။ ငါ့ကို ပြောပါ၊ မင်းက ဘယ်သူလဲ”
ထန်ရှုက လက်ဖက်ရည်စားပွဲကို သိမ်းကာ ဖြည်းဖြည်းချင်းထရပ်ပြီးနောက် ပြောလိုက်၏ “မင်းက ဒီအဖြေကို ရှာချင်နေမှတော့ အခုကစပြီး ငါ့ဘေးနားမှာ အမှုထမ်းပါ။ အနာဂတ်မှာ မင်း သိချင်တာတွေကို သိလာလိမ့်မယ်”
‘ဟားဟားဟား…”
လူအိုကြီးဆိုက်ကာမောက ကျယ်လောင်စွာ ရယ်မောလျက် ပြော၏ “ငါ့ကို မင်းဆီမှာ ခစားစေချင်တာလား။ မင်းက ကျီစားနေတာများလား။ အင်မော်တယ်ကမ္ဘာတစ်ခုလုံးမှာ ငါ့ကို အမှုထမ်းစေနိုင်တဲ့ လူက တစ်ယောက်ပဲရှိတယ်၊ ဒါပေမယ့် ကံမကောင်းစွာနဲ့ သူက အသွေးရောအသားရောစိတ်ဝိညာဉ်ပါ ပျောက်ကွယ်သွားခဲ့ပြီ”
ထန်ရှုက ပြန်ပြော၏ “သူက အသားရောအသွေးရောစိတ်ဝိညာဉ်ပါ ပျောက်ကွယ်သွားပြီလို့ မင်းက ယုံကြည်မှတော့ ဘာလို့ ငါ့ကို လာနှောင့်ယှက်တာလဲ”
“ဒါက…”
လူအိုကြီးဆိုက်ကာမောက အံ့ဩလွန်း၍ စကားမပြောနိုင်ဖြစ်သွားသည်။
အရိပ်တစ်ခုက သူ့ထံ ပြေးလာနေသည်ကို အာရုံခံမိသောအခါ ထန်ရှု၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး ရှုံ့မဲ့သောအမူအရာတစ်ခုက သူ၏ချောမောခန့်ညားသောမျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။
“ဘာလို့ ဒီနေရာကို လာတာလဲ”ထန်ရှုက အကူအညီမဲ့စွာဖြင့် မေးလိုက်သည်။
အထွတ်အထိပ်အလှလေးက လူအိုကြီးဆိုက်ကာမောကို တစ်ချက်ကြည့်ပြီးနောက် ထူးဆန်းသောအမူအရာကို ထုတ်ပြလျက် မေးလိုက်၏ “အားကောင်းတဲ့အရှိန်အဝါတစ်ခုကို ငါ အာရုံခံမိတယ်၊ ဒါကြောင့် လမ်းအတိုင်း လိုက်လာခဲ့တာ။ လူအိုကြီးဆိုက်ကာမောက ရှင့်ကို လာရှာလိမ့်မယ်လို့ မထင်ထားဘူး။ ရှင်တို့နှစ်ယောက်က အသိအကျွမ်းတွေလား”
အလင်းတစ်ခုက လူအိုကြီးဆိုက်ကာမော၏မျက်လုံးများထဲ၌ လက်သွားကာ သူက နှုတ်ဆက်လိုက်သည် “အထွတ်အထိပ်အလှလေး…မဟုတ်ဘူး၊ အန္တိမအရှင်အလှလေးဖန်းဘုရင်မဖြစ်ရမှာ။ မင်းရဲ့ဒဏ်ရာက အပြီးပျောက်သွားပြီလား”
အထွတ်အထိပ်အလှလေးက ခေါင်းညိတ်ကာ ပြောသည် “မြင့်မြတ်နဂါးသစ်သီးတစ်လုံးကို ငါ ရခဲ့တယ်၊ ဒါကြောင့် လုံးဝပျောက်သွားပြီ။ ရှင်ကရော၊ ရှင့်ရဲ့ဒဏ်ရာတွေက ထင်ထားတာထက် ပျောက်ကင်းတာ ပိုမြန်ဆန်တာပဲ”
လူအိုကြီးဆိုက်ကာမောက ခါးသီးစွာ ပြုံးသည် “စိတ်ဝင်စားစရာကောင်းတဲ့လူတစ်ယောက်ကို ငါ တွေ့ခဲ့တယ်၊ ဒါကြောင့် ငါ့ရဲ့အသက်ကယ်ပစ္စည်းတွေအားလုံးကို အသုံးပြုပြီး အမြန်ဆုံး ပျောက်ကင်းအောင် လုပ်ခဲ့တယ်၊ ပြီးတော့ ဒီနေရာကို လာခဲ့တာပဲ။ မဟုတ်ဘူး၊ နေပါအုံး။ မဟာထန်ကောင်းကင်ဘုံဧကရာဇ်က မင်းကို မောင်းထုတ်ခဲ့တယ်လို့ ကောလဟာလသတင်းထွက်နေတယ်မလား၊ ဒါလို့ ဘာလို့ မင်းက…”
ထန်ရှုက သူ့အား တားဆီးပြီးနောက် အထွတ်အထိပ်အလှလေးကို ကြည့်ကာ မေးလိုက်၏ “အလှလေး၊ မင်းက လူအိုကြီးဆိုက်ကာမောနဲ့ သိနေတာလား”
အထွတ်အထိပ်အလှလေးက ပြောသည် “ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက်သိတာ နှစ်ရာအနည်းငယ်ကျော်ပြီ။ လွန်ခဲ့တဲ့နှစ်ခုနှစ်ရာလောက်က ငါတို့တွေ အတူတူပူးပေါင်းပြီး အတွင်းတော်ဆေးဂိုဏ်းနဲ့ထာဝရနန်းတော်တို့ရဲ့ကျွမ်းကျင်သူတွေနဲ့ အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့တယ်။ နောက်ဆုံးအခေါက်က ငါတို့ကို အတွင်းတော်ဆေးဂိုဏ်း၊ ထာဝရနန်းတော်နဲ့ အသင်္ချေဓားဂိုဏ်းတို့က ဝိုင်းထားချိန်မှာ လူအိုကြီးဆိုက်ကာမောကသာ နောက်ချန်မနေခဲ့ရင် ငါက အင်မော်တယ်လိုင်ဇီယန်ကို ပြန်နိုင်လိမ့်မှာ မဟုတ်ဘူး”
ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောလိုက်သည် “သူက မြင့်မြတ်ငှက်ဂိုဏ်းနဲ့ ရင်းနှီးမှုရှိတယ်ဆိုတာ မင်း သိထားလား”
အထွတ်အထိပ်အလှလေးက ခေါင်းခါယမ်းကာ ပြော၏ “မသိဘူး။ ဒါပေမယ့် အတွင်းတော်ဆေးဂိုဏ်းနဲ့ထာဝရနန်းတော်တို့နဲ့ ရန်ငြိုးရှိတဲ့ဘယ်သူမဆို မဟာမိတ်တွေလို့ ငါ သတ်မှတ်ထားတယ်”
ထန်ရှုက လူအိုကြီးဆိုက်ကာမောထံ လှည့်ကြည့်ကာ ခါးသီးသောအသံနှင့် ပြောသည် “မင်း…မင်းလုပ်ခဲ့တာတွေအားလုံးက အဲတုန်းက အင်မော်တယ်သလင်းကျောက်ဆယ်ခုအကြွေးကို ပြန်ပေးဆပ်ချင်ရုံပဲလား။ မင်းဆီ ကျင့်ကြံခြင်းအရင်းအမြစ်တွေ အဆက်မပြတ် ပို့ပေးပြီး မင်းရဲ့အဆင့်ချိုးဖြတ်မှုကို ကူညီပေးတဲ့အတွက် သူ့ရဲ့ကြင်နာမှုကို ပြန်ပေးဆပ်တာလား”
လူအိုကြီးဆိုက်ကာမောက ပြတ်သားစွာ ပြောသည် “မင်းပြောတာ မှန်တယ်။ ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်ကြောင့်သာမဟုတ်ရင် ယနေ့ လူအိုကြီးဆိုက်ကာမောဆိုတာ ရှိလာမှာ မဟုတ်ဘူး။ ငါ့ရဲ့ညီလေးက သေသွားပြီဆိုပေမယ့် ငါက အသက်ရှင်နေသေးတယ်။ သူက ကြင်နာမှုကို ပြန်မပေးဆပ်နိုင်တော့တဲ့အတွက် ငါက သူ့ကိုယ်စား လုပ်ပေးရမှာပေါ့”
“အဲလိုလုပ်ဖို့ လိုလို့လား”ထန်ရှုက ခါးသီးစွာ ဆက်ပြော၏ “ထားလိုက်ပါတော့လေ။ ပြီးခဲ့တဲ့နှစ်ရာချီကျော်အတွင်း မင်းလုပ်ခဲ့တာတွေအားလုံးအတွက် ကျေနပ်လောက်မယ့်အဖြေတစ်ခုကို ငါ ပေးမယ်။ မင်းရဲ့ညီလေးက မင်းဆီ ကျင့်ကြံခြင်းအရင်းအမြစ်တွေ အဆက်မပြတ် ပို့ပေးခဲ့ရတဲ့အကြောင်းရင်းက အဲလိုလုပ်ဖို့ သူ့ကို ငါ တိုက်တွန်းခဲ့လို့ပဲ။ ဒါပေမယ့် ငါ့ကိုယ်စား အပြစ်ကို သူက ခံယူသွားရလိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး၊ ငါသုတ်သင်ခဲ့တဲ့ဂိုဏ်းတစ်ဂိုဏ်းရဲ့တပည့်တစ်ယောက်ရဲ့လက်ထဲမှာ သူက အဆုံးသတ်သွားခဲ့ရတယ်”
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
လူအိုကြီးဆိုက်ကာမော၏မျက်လုံးများက ထိတ်လန့်မှုတို့ ပြည့်လျက် သူက ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။ ထို့နောက် သူက စိုးရိမ်တကြီးမေးလိုက်၏ “မင်းက…မင်းက ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်လား”
ထန်ရှုက ခေါင်းညိတ်ကာ သက်ပြင်းချသည် “ငါ အသက်ရှင်နေသေးတယ်လို့ မင်း မထင်ထားဘူးမလား။ လူအိုကြီးဆိုက်ကာမော၊ အင်မော်တယ်ကမ္ဘာတစ်ခုလုံးမှာ မင်းကျင့်ကြံနေတဲ့ပညာရပ်ကို လူနှစ်ယောက်ကပဲ သိတယ်။ တစ်ယောက်က မင်းရဲ့ညီလေး၊ အခြားတစ်ယောက်က ငါပဲ။ ဘာကြောင့်လဲဆိုတော့ နတ်ဘုရားသစ်သားအပ်နှင်းခြင်းကောင်းကင်ဘုံပညာရပ်က ငါဖန်တီးထားတဲ့ပညာရပ်တစ်ခုဖြစ်လို့ပဲ”
ဤသည်ကို ကြားပြီးနောက် လူအိုကြီးဆိုက်ကာမော၏အကြည့်က လုံးဝပြောင်းလဲသွားသည်။ သူ့အမူအရာက အလွန်ရိုသေလေးစားသွား၏။ သူ၏အသက်ရနေသောခန္ဓာကိုယ်က တည့်မတ်သွားပြီး ထန်ရှုရှေ၌ ဒူးထောက်ကာ ပြော၏ “လူအိုကြီးဆိုက်ကာမောက ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်ကို နှုတ်ဆက်ပါတယ်။ သင့်ရဲ့ငါ့အပေါ် မျက်နှာသာပေးမှုတွေကို ငါက ဘယ်တော့မှ မမေ့ပါဘူး။ သင့်ရဲ့နောက်လိုက်ဖြစ်ဖို့ ငါက ဆန္ဒရှိပါတယ်”
ထန်ရှုက ပြောသည် “လူအိုကြီးဆိုက်ကာမော၊ မင်းက တော်တယ်၊ မင်းညီလေးလိုပဲ။ မင်းက ဆုံးဖြတ်ချက်ချပြီးမှတော့၊ ကောင်းပြီလေ။ လောလောဆယ် ငါလဲ လူတွေ လိုအပ်နေတယ်…ဒါကြောင့် မဟာထန်အင်ပါယာကို မင်းနဲ့သက်ဆိုင်တဲ့နေရာတစ်ခုအဖြစ် စဉ်းစားဖို့၊ မင်းရဲ့အိမ်အဖြစ် သတ်မှတ်ဖို့ ငါ မျှော်လင့်တယ်”
“အိမ်လား”
လူအိုကြီးဆိုက်ကာမောက မှင်တက်သွားသည်။
ထန်ရှုက အလွန်အလေးအနက်ထားလျက် ပြောသည် “ဟုတ်တယ်။ အခုချိန်ကစပြီး မဟာထန်အင်ပါယာက မင်းရဲ့အိမ်ပဲ၊ ငါ၊ထန်ရှုကလဲ မင်းရဲ့မိသားစုဝင်ပဲ။ သူက ငါ့တပည့်၊ မင်းက သူ့ရဲ့အကို၊ ဒါကြောင့် မင်းကလဲ ငါ့ရဲ့မိသားစုဝင်ပဲ။ ငါ အသက်ရှင်နေသေးသရွေ့ မင်းလဲ အသက်ရှင်ရမယ်”
ထို့နောက် သူက စုတ်တံတစ်ချောင်း၊ မင်ကျောက်တုံးတစ်ခုနှင့်စက္ကူတို့ကို သိုလှောင်လက်စွပ်မှ ယူထုတ်လိုက်သည်။ တစ်မိနစ်အတွင်း သူက အင်မော်တယ်အက္ခရာထောင်အနည်းငယ်ကို ရေးဆွဲလိုက်သည်။ ထို့နောက် သူက ထိုစာရွက်ကို လူအိုကြီးဆိုက်ကာမောထံ ပေးကာ နက်ရှိုင်းသောအသံနှင့် ပြော၏ “ဒါကို မှတ်မိပြီးရင် ပြာချလိုက်ပါ”
လူအိုကြီးဆိုက်ကာမောက စာရွက်ကို လက်ခံပြီး အပေါ်တွင် ရေးဆွဲထားသောအင်မော်တယ်အက္ခရာများကို မြင်ပြီးနောက် စိတ်လှုပ်ရှားသောအမူအရာတစ်ခုကို ထုတ်ဖော်လိုက်၏။ ဒါက နတ်ဘုရားသစ်သားအပ်နှင်းခြင်းကောင်းကင်ဘုံပညာရပ်၏နောက်ဆုံးအဆင့်ဖြစ်ပြီး ယခု သူ့အတွက် အန္တိမအဆင့်သို့ သွားရာ လမ်းကြောင်းက ပွင့်သွားခဲ့ပြီဖြစ်သည်။ အန္တိအဆင့်သို့ ချိုးဖြတ်ရန် နည်းလမ်းကို မသိသောကြောင့် သူက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်၌ တစ်နေရသည်ဟု သူက ယုံကြည်သည်။
သို့သော် ယခု နတ်ဘုရားသစ်သားအပ်နှင်းခြင်းကောင်းကင်ဘုံပညာရပ်၏နောက်ဆုံးအဆင့်ကို ရရှိခဲ့သောကြောင့် သူက စိုးရိမ်စရာမလိုတော့ပေ။ ဘာပြဿနာတစ်စုံတစ်ရာမှ မရှိဘဲ သူက အန္တိမအဆင့်ထိ ကျင့်ကြံနိုင်သည်။
လူအိုကြီးဆိုက်ကာမောက အင်မော်တယ်အက္ခရာများကို အကြိမ်ကြိမ်ဖတ်သည်။ အားလုံးကို မှတ်မိပြီးနောက် သူက သမာဓိအစစ်အမှန်မီးလျှံကို အသုံးပြုကာ ချက်ချင်း ပြာချလိုက်သည်။ ထို့နောက် သူက ရိုသေလေးစားစွာ ပြောလိုက်၏ “ကျေးဇူးတင်ပါတယ်၊ ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်”
ထန်ရှုက ခေါင်းခါယမ်းကာ ပြော၏ “ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်က သေသွားပြီ၊ အခု ငါက မဟာထန်ကောင်းကင်ဘုံဧကရာဇ်ပဲ။ လက်ရှိငါက အားနည်းနေတဲ့အတွက် ငါ့ရဲ့သရုပ်မှန်ကို မင်းက လျှို့ဝှက်ထားရမယ်။ အန္တိမအဆင့်ကို ငါ ပြန်ရောက်တဲ့အခါကျရင် မဟာထန်အင်ပါယာက ပိုသန်မာလာလိမ့်မယ်။ အဲဒီအချိန်က အတွင်းတော်ဆေးဂိုဏ်းနဲ့ထာဝရနန်းတော်တို့နဲ့ ငါတို့တွေ စစ်ပွဲဆင်နွှဲရမယ့်အချိန်ပဲ၊ ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်ပြန်လည်ရှင်သန်လာတဲ့နေ့ရက်လဲ ဖြစ်တယ်”
ထန်ရှုက သူ့သရုပ်မှန်အား ဖုံးကွယ်ရသည့်အကြောင်းရင်းကို လူအိုကြီးဆိုက်ကာမောက နားလည်နိုင်သောကြောင့် သူက ခေါင်းညိတ်ကာ ပြောလိုက်၏ “အန္တိမအဆင့်ကို အမြန်ဆုံး ချိုးဖြတ်နိုင်အောင် ငါ ကြိုးစားပါ့မယ်”
ထန်ရှုက ခေါင်းညိတ်လိုက်သည် “အန္တိမအရှင်မဖြစ်ခင်အထိ မင်းက ဒီနေရာမှာပဲ ကျင့်ကြံနိုင်တယ်။ မင်းက အန္တိမအဆင့်ကို ချိုးဖြတ်မယ့်နေ့ကို ငါ စောင့်မျှော်နေမယ်။ ဘကြောင့်လဲဆိုတော့ အဲအခါကျရင် မင်းကို လုပ်ခိုင်းစရာ အရေးကြီးကိစ္စတစ်ခုရှိလို့ပဲ”
“ကောင်းပါပြီ…”လူအိုကြီးဆိုက်ကာမောက ခေါင်းညိတ်လိုက်သည်။
အချိန်ကြာလာသည်နှင့်အမျှ အင်မော်တယ်လိုင်ဇီယန်တွင် မဟာထန်အင်ပါယာ၏လွှမ်းမိုးမှုက လုံးဝအားကောင်းလာသည်။ ရာစုနှစ်တစ်ခုအတွင်း အင်မော်တယ်လိုင်ဇီယန်တစ်ခုလုံးအား ပိုင်စိုးနိုင်ခဲ့သည်။
နောက်ထပ်ခုနှစ်ဆယ့်ရှစ်နစ်ကြာပြီးနောက် ကျွမ်းကျင်သူအမြောက်အများက မဟာထန်အင်ပါယာမှ ထွက်ပေါ်လာသည်။ ရွှေအင်မော်တယ်အဆင့်ကျွမ်းကျင်သူများ၏အရေအတွက် မြင့်မားလှပြီး သုံးသောင်းကျော်ရှိသည်။ ထို့ပြင် မဟာထန်အင်ပါယာက အက်တာနီအမ်၊ အော့ဗလ်ဆီဒီအမ်နှင့်ချာလ်ဆီဒိုနီအမ်တို့၏ပိုင်နက်အစိတ်အပိုင်းတချို့ကို သိမ်းပိုက်ခဲ့သည်။ ထိုအင်မော်တယ်ပိုင်နက်သုံးခုလုံးက ကျွမ်းကျင်သူအရေအတွက်သိသိသာသာရှိပြီး အမြောက်အများက မဟာထန်အင်ပါယာဘက်သို့ ကူးပြောင်းခဲ့ကြကာ ခေါင်းမာစွာဖြင့် ခုခံနေသူများသာ ကျန်ရစ်သည်။ သို့သော် မဟာထန်အင်ပါယာ၏တိုးတက်လာမှုနှင့်အတူ သူတို့၏ခုခံမှုက အချည်းနှီးသာဖြစ်၏။
နောက်ထပ်ရှစ်ဆယ့်ရှစ်နှစ်ကြာပြီးနောက် မဟာထန်အင်ပါယာက ၎င်း၏ပထမဆုံးအင်မော်တယ်ညီလာခံစုဝေးပွဲကို ဌာနချုပ်ဖြစ်သည့်မြူနွေဉီးကျွန်း၌ ကျင်းပခဲ့သည်။ ရွှေအင်မော်တယ်နှင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်၃၄၆၅၀က တက်ရောက်ခဲ့ကြသည်။ မဟာထန်အင်ပါယာ၏ထိပ်တန်းအရာအချို့လည်း ပါဝင်သည်။ ရွှေအင်မော်တယ်အဆင့်သို့ မရောက်ရှိသေးသော်ငြား သူတို့အားလုံးက အင်မော်တယ်ကပ်ဘေးကို ဖြတ်ကျော်ကာ အင်မော်တယ်များဖြစ်လာကြပြီဖြစ်၏။ နောက်ဆုံးတွင် တက်ရောက်သူစုစုပေါင်းအရေအတွက်က ၃၅၈၀၀ထိ ရှိလာခဲ့သည်။
ဤနေရာတွင် တည်ရှိသော နန်းတော်က အဆင့်ကိုးခံစစ်အင်မော်တယ်အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပြီး လက်ရှိအချိန်ထိ အင်မော်တယ်ကမ္ဘာတွင် အမြင်ဆုံးအဆင့်ဖြစ်သည်။ ၎င်း၏အကျယ်အဝန်းက ကီလိုမီတာရာနည်းငယ်ရှိကာ သက်တံတိမ်များဖြင့် ဝန်းရံထားသည်။
နဂါးကိုးကောင်းကျောင်းတော်။
တစ်ချိန်က အလှလေးပိုင်ဆိုင်ခဲ့သည့်အဆင့်ကိုးတိုက်ခိုက်ရေးအင်မော်တယ်အသုံးအဆောင်ပစ္စည်းပင်ဖြစ်သည်။ ထန်ရှုက ၎င်းကို အင်မော်တယ်လိုင်ဇီယန်မှ ယူလာခဲ့ပြီး လက်ရှိတွင် သူက နဂါးကိုးကောင်းကျောင်းတော်ထိပ်ပေါ်၌ ထိုင်နေသည်။ ခန်းမထဲရှိ အင်မော်တယ်၃၅၈၀၀ကို တစ်ချက်ကြည့်ပြီးနောက် သူက ကြည်လင်သောအသံနှင့် ပြောသည် “ဒါက ငါတို့မဟာထန်အင်ပါယာရဲ့ပထမဆုံးညီလာခံစုဝေးပွဲဖြစ်ပြီး မဟာထန်အင်ပါယာရဲ့အခြေခံအုတ်မြစ်တည်ဆောက်ခြင်းပြီးမြောက်ကြောင်းဖော်ပြတဲ့နေ့ရက်လဲ ဖြစ်တယ်။ ယနေ့မှာ မဟာထန်ကောင်းကင်ဘုံဧကရာဇ်အဖြစ် ငါ့ရဲ့ကျော်ကြားမှုနဲ့ မဟာထန်အင်ပါယာရဲ့ဂုဏ်ကျက်သရေတို့က အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို ပျံ့နှံ့ပြီး အင်မော်တယ်တွေအားလုံးကို ကြောက်ရွံ့ရိုသေစေလိမ့်မယ်”
“မဟာထန်ကောင်းကင်ဘုံဧကရာဇ်…”
မဟာထန်အင်ပါယာ၏ကျွမ်းကျင်သူသုံးသောင်းငါးထောင်ရှစ်ရာလုံးက ဒူးထောက်ကာ ရင်ဘက်ပေါ်တွင် ညာလက်သီးတင်လျက် သူ့နာမည်အား ကျယ်လောင်စွာ အော်လိုက်ကြသည်။
ထန်ရှုက ထိုင်ခုံမှ ထရပ်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်၏ “မင်းတို့ ထလို့ရပြီ”
လူတိုင်းက ထရပ်ပြီးနောက် ထန်ရှုက နက်ရှိုင်းသောအသံဖြင့် မေးလိုက်၏ “ထန်အာလန်က ဘယ်မှာလဲ”
“တပည့်က ဒီမှာပါ၊ ဆရာသခင်”
ထန်အာလန်က ယခင်ကလို အသက်နှစ်ဆယ်ကျော်အရွယ်ပေါက်နေတုန်းပင်။ သူက ယခင်ကထက် ပိုတောင် ချောမောခန့်ညားလာသည်။ သို့သော် သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်သော အရှိန်အဝါက သာမန်လူတစ်ယောက်၏အရှိန်အဝါထက် သာလွန်သည်။ ယခု သူက အင်မော်တယ်များသာ ပိုင်ဆိုင်သည့် အင်မော်တယ်အရှိန်အဝါတစ်ခုကို ယူဆောင်လာ၏။
ထန်ရှုက ခေါင်းညိတ်ကာ နက်ရှိုင်းသောအသံနှင့် ပြော၏ “နှစ်တစ်ရာမပြည့်ခင်မှာ မင်းက အင်မော်တယ်အဆင့်ကို ရောက်ရှိခဲ့ပြီပဲ၊ မင်းရဲ့တိုးတက်မှုက တော်တော်လေးကောင်းတယ်လို့ ဆိုရမယ်။ မင်းက အက်တာနီအမ်၊ အော့ဘလ်ဆီဒီအမ်နဲ့ ချာလ်ဆီဒိုနီအမ်တို့ကို အပြည့်အဝသိမ်းပိုက်ရမယ်။ ဆယ်နှစ်အတွင်းမှာ အင်မော်တယ်ပိုင်နက်လေးခုရဲ့ထောင့်တိုင်းမှာ မဟာထန်အင်ပါယာရဲ့အလံတွေရှိတာကို ငါ မြင်ချင်တယ်”
ထန်အာလန်က စိတ်လှုပ်ရှားသောအမူအရာကို ဖော်ပြလျက် ခေါင်းညိတ်လိုက်သည် “တပည့်က အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်”
ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ နက်ရှိုင်းသောအသံနှင့် ပြောသည် “အားလုံးပဲ၊ မင်းတို့ရဲ့တိုက်ပွဲချပ်ဝတ်တွေကို ဝတ်ဆင်ပြီး ဒီခရီးပေါ် တက်ရောက်တာကို ငါ လိုအပ်တယ်။ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေအားလုံးက စစ်တပ်တစ်ခုလုံးကို ကြီးကြပ်ကွပ်ကဲရမယ်။ အညံ့ခံရင် ကြီးပွားအောင်မြင်မယ်၊ ဆန့်ကျင်ရင် သေရမယ်။ ရန်သူတွေရဲ့သွေးကို အသုံးပြုပြီး ငါတို့မဟာထန်အင်ပါယာကို ဆန့်ကျင်တဲ့သူတွေအားလုံးကို သေခြင်းတရားကပဲ စောင့်နေတယ်ဆိုတာ ကြေညာရလိမ့်မယ်”