← Chapters

ကြယ်မျက်ရည် ပြန်ရောက်လာခြင်း

Vol. 100 Ch. 1383

ကြယ်မျက်ရည် ပြန်ရောက်လာခြင်း

Vol. 100 Ch. 1383

ထန်ရှုက အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်၏အမူအရာကိ တိတ်တဆိတ် လေ့လာလိုက်သည်။ သူ့စကားများက အင်မော်တယ်ဖခင်အား အနည်းငယ်ယိမ်းယိုင်စေသည်ကို သိလိုက်သောအခါ သူက ချက်ချင်း အကျဉ်းချုပ်ပြောလိုက်၏ “မဟာထန်အင်ပါယာနဲ့ ပူးပေါင်းမယ်ဆိုရင် ခင်ဗျားက ကျုပ်တို့ထဲကတစ်ယောက်ဖြစ်လာပြီး ခင်ဗျားရဲ့ကိစ္စက မဟာထန်အင်ပါယာရဲ့ကိစ္စပါပဲ။ ဘာလို့လဲဆိုတော့ အင်ပါယာရဲ့အဓိကဥပဒေသက စည်းလုံးခြင်းပဲ”

စည်းလုံးခြင်းလား။ ဤစကားကို ကြားပြီး အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်က ရိုးတွင်းခြင်ဆီထိတိုင် ထိတ်လန့်တုန်လှုပ်သွားသည်။ လေထဲတွင် လွင့်မျောနေသောမဟာထန်အင်ပါယာ၏စစ်သည်သုံးသန်းကို သူက လှည့်ကြည့်လိုက်သည်၊ မဟာထန်အင်ပါယာနှင့် ပူးပေါင်းရာ၌ ဘာအနာမှ မရှိလောက်ဟု ခံစားမိလိုက်သည်။ မဟာထန်ကောင်းကင်ဘုံဧကရာဇ်ပြောခဲ့သည်က အမှန်ဆိုလျှင် မဟာထန်အင်ပါယာ၏လူတွေအားလုံးက တစည်းတလုံးတည်းရှိသည်ဟု ဆိုလိုသည်။

“ကျုပ် ပူးပေါင်းဖို့ ဆန္ဒရှိတယ်၊ ဒါပေမယ့် ကျုပ်ရဲ့လူတွေကရော”

ထန်ရှုက တည်ငြိမ်စွာ ပြန်ပြောသည် “သူတို့ရဲ့ရွေးချယ်မှုကို ကျုပ် လေးစားမယ်။ သူတို့က ဆန္ဒရှိတယ်ဆိုရင် မဟာထန်အင်ပါယာနဲ့ ပူးပေါင်းဖို့ ကြိုဆိုပါတယ်၊ သူတို့က ဆန္ဒမရှိဘူးဆိုရင်လဲ ထွက်သွားဖို့ ရွေးချယ်နိုင်တယ်”

ဤသည်ကို ကြားပြီးနောက် အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်က သူ့ဘေးနားရှိ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ခြောက်ယောက်ကို ကြည့်လိုက်သည်။ ထို့နောက် သူက မေးလိုက်၏ “မင်းတို့ရဲ့ရွေးချယ်မှုကရော ဘယ်လိုလဲ။ ငါနဲ့အတူ မဟာထန်အင်ပါယာကို ပူးပေါင်းချင်လား။ ဒါမှမဟုတ် ထွက်သွားချင်လား။ ဘာပဲဖြစ်ဖြစ် မင်းတို့ရဲ့ရွေးချယ်မှုကို ငါ လက်ခံတယ်”

“မဟာထန်အင်ပါယာရဲ့ခွန်အားက ကျုပ်‌ မျှော်လင့်ထားတာထက် သာလွန်နေတာပဲ။ ကျုပ်တို့က အားကောင်းတဲ့အဖွဲ့တစ်ခုရဲ့အကာအကွယ်ကို ရနိုင်ပြီး ကန့်သတ်ချက်တွေလဲ အများကြီးမရှိမှတော့ ပူးပေါင်းတာက အကောင်းဆုံးရွေးချယ်မှုပဲ။ ဒါကြောင့် ကျုပ်က ပူးပေါင်းဖို့ ဆန္ဒရှိပါတယ်”ထန်ရှုနှင့်အော့ဗလ်ဆီဒီအမ်တို့က ဆွေးနွေးနေစဉ် အုပ်ချုပ်သူမြောက်ပိုင်းအထွတ်အထိပ်က စဉ်းစားနေခဲ့သည်၊ ထို့ကြောင့် သူက ချက်ချင်း အဖြေပေးလိုက်၏။

“ကျုပ်လဲ ပူးပေါင်းဖို့ ဆန္ဒရှိတယ်”

“ကျုပ်ရောပဲ”

“ဒါဆို ကျုပ်လဲ ပူးပေါင်းမယ်”

“…”

အခြားငါးယောက်က ဆက်တိုက်ပြန်ဖြေသည်၊ ချွင်းချက်မရှိ သူတို့တစ်ယောက်ချင်းစီက မဟာထန်အင်ပါယာနှင့် ပူးပေါင်းရန် ဆန္ဒရှိနေသည်။

ထန်ရှုက ပြုံးကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ပြော၏ “အားလုံးကို မဟာထန်အင်ပါယာကနေ ကြိုဆိုပါတယ်။ အခု ခင်ဗျားတို့ ပူးပေါင်းလိုက်ပြီးဆိုတော့ မဟာထန်အင်ပါယာရဲ့ခွန်အားက ပမာဏတစ်ခုလောက် တိုးလာပြီလို့ ဆိုနိုင်တယ်။ အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို ဂျွမ်းထိုးမှောက်ခုံလုပ်ဖို့က ကျုပ်တို့အတွက် အလှမ်းဝေးတဲ့အိပ်မက်တစ်ခုမဟုတ်တော့ဘူး”

“ဘာ…”

ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ခြောက်ယောက်က မှင်တက်သွားကြပြီး ထူးဆန်းသောအကြည့်များကို ဖော်ပြလိုက်၏။

အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို ဂျွမ်းထိုးမှောက်ခုံလုပ်ခြင်းက မဖြစ်နိုင်သောလုပ်ဆောင်ချက်တစ်ခုပင်။ ထိုကဲ့သို့သော အိပ်မက်တစ်ခုက ဟာသသာသာပင်။ အင်မော်တယ်ကမ္ဘာတွင် ကျွမ်းကျင်သူများက ရေတွက်ရန် များလွန်းလှသည်။ လွန်ခဲ့သောနှစ်သန်းအနည်းငယ်အတွင်း တစ်ယောက်မှ အင်မော်တယ်ကမ္ဘာအား မစုစည်းနိုင်ခဲ့ပေ၊ အုပ်ချုပ်သူတစ်ယောက် မဖြစ်လာနိုင်ခဲ့ပေ။

ထန်ရှုက အနီးနားရှိ အင်မော်တယ်တစ်သိန်းကို တစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူက ပြော၏ “အရင်တို့က ကျုပ်တို့တွေက စစ်ဖြစ်ခဲ့တယ်၊ စစ်ပွဲတစ်ပွဲမှာ သေခြင်းရှင်ခြင်းက ကံကြမ္မာပဲ။ အခု အသက်ရှင်ကျန်တဲ့သူတွေက မဟာထန်အင်ပါယာနဲ့ ပူးပေါင်းဖို့ ရွေးချယ်နိုင်တယ်၊ ဒါမှမဟုတ် ထွက်သွားနိုင်တယ်။ ဒဏ်ရာရထားတဲ့သူတွေက မဟာထန်အင်ပါယာရဲ့ဆေးကုသမှုကို လက်ခံနိုင်တယ်၊ သေဆုံးသူတစ်ယောက်စီအတွက် လျော်ကြေးတွေ ရမယ်။ မဟာထန်အင်ပါယာရဲ့စစ်သည်တွေလိုပဲ တိုက်ပွဲမှာ သေသွားတဲ့ စစ်သည်တွေရဲ့မိသားစုဝင်တွေက ငွေကြေးအကူအညီရလိမ့်မယ်။ ဒါပေမယ့် သူတို့က မဟာထန်အင်ပါယာသိမ်းပိုက်ထားတဲ့ ပိုင်နက်တွေကနေ ထွက်သွားရလိမ့်မယ်”

အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်နှင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ခြောက်ယောက်လုံးက ဆက်တိုက်ခေါင်းညိတ်လိုက်ကြသည်။ သူက သက်ပြင်းချလျက် ပြော၏ “မဟာထန်ကောင်းကင်ဘုံဧကရာဇ်ရဲ့စီစဉ်ပေးမှုအတွက် ကျုပ်က ကျေးဇူးတင်ပါတယ်။ ဒဏ်ရာရထားတဲ့အင်မော်တယ်တွေနဲ့တိုက်ပွဲမှာသေသွားတဲ့သူတွေရဲ့မိသားစုဝင်တွေကို ကျုပ်လဲ လျော်ကြေးအချို့ ပေးပါ့မယ်”

အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်နှင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ခြောက်ယောက်တို့က ထန်ရှုနှင့်မဟာထန်အင်ပါယာအား နှလုံးသားအောက်ခြေထိတိုင် လက်ခံလိုက်ကြသည်။ ထန်ရှု၏ဆုံးဖြတ်ချက်က တိုက်ပွဲထဲတွင် သေဆုံးခဲ့သည့်သူများအပေါ် သူတို့ခံစားရသည့်အပြစ်ရှိမှုတို့ကို လျော့ကျစေခဲ့သောကြောင့်ပင်။

နှစ်နှစ်ကြာပြီးနောက် မဟာထန်အင်ပါယာက အက်တာနီအမ်၊ အော့ဗလ်ဆီဒီအမ်နှင့် ချာလ်ဆီဒီအမ်တို့ကို အပြည့်အဝ သိမ်းပိုက်ခဲ့သည်။ ထို့ပြင် မြူနွေဉီးကျွန်းကို ဗဟိုအဖြစ် ချိတ်ဆက်လျက် တည်နေရာရွှေ့ပြောင်းရေးအစီအရင်များစွာကိုလည်း တည်ဆောက်ခဲ့သည်။ ထိုအင်မော်တယ်ပိုင်နက်လေးခုက အထွတ်အထိပ်အင်ပါယာတစ်ခုအဖြစ်သို့ တဖြည်းဖြည်း ပေါင်းစပ်ဖွဲ့စည်းလာခဲ့၏။

ဤနှစ်နှစ်အတွင်း မဟာထန်အင်ပါယာ၏တိုက်ခိုက်ရေးစွမ်းပကားက အင်မော်တယ်ကမ္ဘာရှိ မရေမတွက်နိုင်လောက်သောအင်မော်တယ်များကို အံ့ဩတုန်လှုပ်စေခဲ့သည်။ အခြားအင်မော်တယ်ပိုင်နက်များမှ အင်မော်တယ်အချို့ပင် အင်ပါယာ၌ ခိုလှုံရန် ရောက်လာခဲ့ကြ၏။

“အန္တိမအရှင်နှစ်ယောက်၊ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ဆယ်ကျော်နဲ့ မရေမတွက်နိုင်လောက်တဲ့ရွှေအင်မော်တယ်တွေ…”

စုံစမ်းပြီးနောက် ဂိုဏ်းတစ်ဂိုဏ်းစီက ဤအချက်အလက်ကို ရှာဖွေတွေ့ရှိခဲ့သည်။ မဟာထန်အင်ပါယာအား အာရုံစိုက်နေကြသည့် လူအားလုံးက ထိပ်တန်းလက်ရွေးစင်ဂိုဏ်းများနှင့် ခွန်အားခြင်းညီမျှသည့် နောက်ထပ်အဖွဲ့တစ်ခုက အင်မော်တယ်ကမ္ဘာ၌ ထွက်ပေါ်လာသည်ကို သဘောပေါက်လာခဲ့ကြသည်။

သို့သော် အထွတ်အထိပ်အလှလေးနှင် ပတ်သက်၍ သူတို့က သတင်းမရခဲ့ပေ။ လက်တွေ့တွင် မဟာထန်အင်ပါယာတွင် အန္တိမအရှင်သုံးယောက်နှင့် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ရာကျော်ရှိသည်။

ဤနှစ်နှစ်အတွင်း နောက်ထပ်သတင်းတစ်ခုက အင်မော်တယ်ကမ္ဘာအနှံ့ လှုပ်ခတ်သွားပြန်သည်။ အန္တိမအရှင်တစ်ယောက်၏အရှိန်အဝါထွက်ပေါ်လာမှုနှင့်အတူ အရက်မူးအင်မော်တယ်အန္တိမရှင်၏လျှို့ဝှက်နန်းတော်က အပြီးတိုင် ပျောက်ကွယ်သွားခဲ့သည်။

ထို့ကြောင့် မရေမတွက်နိုင်သောအင်မော်တယ်များစွာက အရက်မူးအင်မော်တယ်လျှို့ဝှက်နန်းတော်၏တည်ရှိရာသို့ အာရုံစိုက်နေကြသည်။ မည်သူက အရက်မူးအင်မော်တယ်အန္တိမအရှင်၏အမွေအနှစ်ကို ရရှိပြီး နှစ်တစ်ရာမပြည့်ခင်အတွင်း ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်မှ အန္တိမအဆင့်သို့ ချိုးဖြတ်နိုင်ခဲ့သည်ကို သူတို့က သိချင်နေကြ၏။

အင်မော်တယ်ကမ္ဘာ။

အာရုဏ်ဉီးအင်မော်တယ်ပိုင်နက်။

ဤပိုင်နက်က ဟင်းလင်းပြင်ထဲတွင် လွင့်မျောနေသည့် ကျယ်ပြန့်သောတိုက်ကြီးတစ်ခုဖြစ်ပြီး အင်မော်တယ်ကမ္ဘာရှိတိုက်ကြီးအားလုံးထဲတွင် ထိပ်တန်းဆယ်ခုထဲ ဝင်သည်။ သက်တံ့ရောင်စွမ်းအင်းအတားအဆီးတစ်ခုက ဤတိုက်ကြီးတစ်ခုလုံးကို လွှမ်းခြုံထားပြီး ၎င်း၏အနီးဝန်းကျင်ထဲရှိ ဂြိုလ်ပေါင်းရှစ်ဆယ့်တစ်ခုက တလက်လက်တောက်ပလျက် အင်မော်တယ်ထိပ်တန်းအစီအအရင်တစ်ခုကို ဖွဲ့စည်းတည်ဆောက်ထား၏။

ဤတိုက်ကြီးက မြင့်မြတ်ငှက်ဂိုဏ်း၏အိမ်ဖြစ်ပြီး လူဉီးရေတစ်ဘီလီယံနီးပါးရှိသည်။ သာမန်လူများကလွဲပြီး အင်မော်တယ်အဆင့်သို့ ချိုးဖြတ်ခဲ့သည့် ဘယ်သူမဆို မြင့်မြတ်ငှက်ဂိုဏ်း၏တပည့်ဖြစ်သည်။

ဤအင်မော်တယ်ထိပ်တန်းအစီအရင်မှ ကီလိုမီတာတစ်သန်းအကွာရှိ ဂြိုလ်တစ်ခုပေါ်တွင် နန်းတော်တစ်ခုရှိသည်။ ဤနန်းတော်က မဟာဧကရာဇ်တန်းချင်၏နေထိုင်ရာဖြစ်ပြီး အတွးတော်ဆေးဂိုဏ်း၊ ထာဝရနန်းတော်၊ အဆိပ်တစ်ရာဂိုဏ်းနှင့် အသင်္ချေဓားဂိုဏ်းမှ ကျွမ်းကျင်သူတစ်သိန်းကျော်တို့၏အိမ်လည်း ဖြစ်သည်။ ထို့ပြင် အခြားတစ်ဖက်တွင် အာရုဏ်ဉီးအင်မော်တယ်ပိုင်နက်၏လမ်းကြောင်းကို ပိတ်ဆို့ထားသည့် အခြားဂိုဏ်းလေးဂိုဏ်း၏အင်မော်တယ်သန်းအနည်းငယ်ရှိသည်။

ပုံရိပ်တစ်ခုက အဆုံးမဲ့ဟင်းလင်းပြင်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာပြီး နတ်ဘုရားပျက်သုဉ်းခြင်းမိုးကြိုးနှင့်အတူ ဤဂြိုလ်အား တိုက်ခိုက်လိုက်သည်။ ထို့နောက် မကြာမီပင် အားကောင်းသောအရှိန်အဝါနှင့်အင်မော်တယ်တစ်ယောက်က ထိုဂြိုလ်မှ ထွက်လာသည်။

အုံး…

ကြီးမားသောပေါက်ပွဲမှုကြောင့် ကြောက်စရာကောင်းသောတွင်းနက်တစ်ခု ဖြစ်ပေါ်လာပြီး ဂြိုလ်ပေါက်ကွဲမှုအတွင်း ဂိုဏ်းလေးဂိုဏ်း၏ကျွမ်းကျင်သူတစ်ဝက်နီးပါးက သေဆုံးသွားခဲ့သည်။ ဒဏ်ရာအပြင်းအထန်ရခဲ့သည့်ရွှေအင်မော်တယ်အနည်းငယ်၊ ဒဏ်ရာအသေးအဖွဲ့ရထားသည့် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များနှင့် အန္တိမအရှင်နှစ်ယောက်ဖြစ်သည့် မဟာဧကရာဇ်တန်ချင်နှင့် အဆိပ်တစ်ရာနတ်ဆိုးတို့ကသာ အသက်ရှင်နိုင်ခဲ့၏။

“တောက်။ ဒါကို ဘယ်သူလုပ်တာလဲ”

အဆိပ်တစ်ရာနတ်ဆိုးက ဒေါသတကြီး အော်ဟစ်ပြီး သူ့စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်ကာ ရန်သူကို ရှာဖွေလိုက်သည်။

ပုရောဟိတ်ဝတ်ရုံကို ဝတ်ဆင်ထားသည့် မဟာဧကရာဇ်တန်ချင်က ပုံရိပ်တစ်ခုဆီသို့ ဓားတစ်ချောင်းပစ်လွှတ်လိုက်သည်။ ထိုပုံရိပ်က နာကျင်စွာ တစ်ချက်အော်လျက် အာရုဏ်ဉီးအင်မော်တယ်ပိုင်နက်၏အင်မော်တယ်ထိပ်တန်းအစီအရင်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

“အန္တိမအရှင်တစ်ယောက်လား။ ဘယ်အန္တိမအရှင်က မြင့်မြတ်ငှက်ဂိုဏ်းနဲ့ ပူးပေါင်းခဲ့တာလဲ”မဟာဧကရာဇ်တန်ချင်ဘေးနားသို့ ရောက်ရှိလာကာ အဆိပ်တစ်ရာနတ်ဆိုးက မေးလိုက်၏။

မဟာဧကရာဇ်တန်ချင်းက အချိန်အတော်ကြာ နှုတ်ဆိတ်နေခဲ့သည်။ ထို့နောက် သူက တည်ငြိမ်စွာ ပြန်ပြော၏ “ကြယ်မျက်ရည်”

ဤနာမည်ကို ကြားလျှင်ချင်း အဆိပ်တစ်ရာနတ်ဆိုးက အံ့ဩတုန်လှုပ်သွားသည်။ “ကြယ်မျက်ရည်က အန္တိမအဆင့်ကို ချိုးဖြတ်သွားတာလား”

မဟာဧကရာဇ်တန်ချ်က ခေါင်းညိတ်လိုက်သည် “လွန်ခဲ့တဲ့နှစ်ရာအနည်းငယ်က သူမက တိုက်ပွဲထဲကို ကျရောက်သွားတယ်။ ဒါပေမယ့် သူမက အသက်ရှင်ခဲ့ပြီး အန္တိမအဆင့်ကိုတောင် ချိုးဖြတ်သွားလိမ့်မယ်လို့ မထင်ထားဘူး”

အဆိပ်တစ်ရာနတ်ဆိုးက အေးစက်သောအသံဖြင့် ပြောသည် “မြင့်မြတ်ငှက်ဂိုဏ်းက နောက်ဆုံးခရီးကို ရောက်နေပြီးသား။ အများဆုံး နောက်နှစ်တစ်ထောင်အတွင်းမှာ သူတို့ရဲ့အရင်းအမြစ်တွေအားလုံးက ကုန်ဆုံးသွားလိမ့်မယ်။ အဲအချိန်ကျရင် သူတို့ရဲ့အင်မော်တယ်ထိပ်တန်းအစီအရင်ကို အားဖြည့်ဖို့ အင်မော်တယ်သလင်းကျောက်နဲ့သလင်းကျောက်အဆီအနှစ်တွေ ရှိမှာ မဟုတ်တော့ဘူး။ အဲဒီအစီအရင်ပျက်ဆီးသွားတဲ့အချိန်က မြင့်မြတ်ငှက်ဂိုဏ်းရဲ့တပည့်တွေအားလုံးကို ငါတို့တွေ စတင်သတ်ဖြတ်မယ့်အချိန်ပဲ”

မဟာဧကရာဇ်တန်ချင်က ပြောသည် “လွန်ခဲတဲ့နှစ်တစ်ရာအတွင်း ကျွမ်းကျင်သူများစွာက ဒီထိပ်တန်းအစီအရင်ထဲကို ပြေးဝင်သွားကြပေမယ့် ထွက်ခွာဖို့က သူတို့အတွက် စိန်ခေါ်မှုတစ်ခုဖြစ်လိမ့်မယ်။ ဒီနေရာကို ငါတို့က စောင့်ကြပ်ထားသရွေ့ သူတို့က ငါတို့နဲ့ တိုက်ခိုက်ရမှာပဲ”

ထိုသို့ပြောပြီးနောက် သူ့နောက်လိုက်တစ်ယောက်ကို လှည့်ကြည့်ကာ ပြောလိုက်၏ “ဒီတစ်ကြိမ်မှာ ငါတို့ရဲ့လူတွေ ဘယ်လောက်ထိ ဆုံးရှုံးသွားသလဲဆိုတာ ရေတွက်လိုက်ပါ”

မြင့်မြတ်ငှက်ဂိုဏ်းထဲတွင်။

အဆုံးမဲ့တောင်များအလယ်တွင် ခမ်းနားထည်ဝါသောနန်းတော်တစ်ခုက တည်ရှိသည်။ အဝေးရှိ ဟင်းလင်းပြင်မှ ထိုဂြိုလ်က ပေါက်ကွဲသွားသောအခါ မြင့်မြတ်ငှက်ဂိုဏ်း၏ကျွမ်းကျင်သူမရေမတွက်များစွာက နန်းတော်ထဲမှ ပြေးထွက်လာကြ၏။

“အဲဒီဂြိုလ်က မဟာဧကဧကရာဇ်တန်ချင်နဲ့အဆိပ်တစ်ရာနတ်ဆိုးတို့နေတဲ့နေရာမလား။ ဘယ်သူက ဒီလောက်တောင် သတ္တိရှိပြီး အဲဒီနေရာကို တိုက်ခိုက်ခဲ့တာလဲ”အရပ်မြင့်မြင့်တောင့်တင်းသန်မာသောလူတစ်ယောက်က ဟင်းလင်းပြင်ထဲ၌ ထွက်ပေါ်လာကာ သူ့အတွေးကို ထုတ်ပြောလိုက်၏။

“ဘယ်သူပဲဖြစ်ဖြစ်ပါ၊ သူတို့က ငါတို့ရဲ့မဟာမိတ်တွေပဲ”အဖြူရောင်တိုက်ပွဲချပ်ဝတ်ကို ဝတ်ဆင်ထားသည့်လူတစ်ယောက်က လျှာသပ်လိုက်သည်။

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က သက်ပြင်းချလိုက်သည် “တစ်စုံတစ်ယောက်က ရန်သူတွေကို တိုက်ခိုက်တဲ့အချိန်တိုင်း သူတို့က ဆုံးရှုံးမှုကြီးမားစွာ ခံစားခဲ့ရတယ်၊ ဒါပေမယ့် ငါတို့က ဒီနေရာကနေ ကြည့်နေရုံကလွဲပြီး သူတို့ကို ဘာမှ အကူအညီမပေးနိုင်ခဲ့ဘူး။ ဒီလိုသာ ဆက်သွားနေမယ်ဆိုရင် ရာစုနှစ်အနည်းငယ်အတွင်းမှာ ငါတို့ရဲ့အရင်းအမြစ်တွေက ကုန်ခမ်းသွားလိမ့်မယ်။ ထိုအချိန်က ငါတို့မြင့်မြတ်ငှက်ဂိုဏ်းရဲ့အဆုံးအဖြတ်နေ့ဖြစ်လာလိမ့်မယ်”

အုပ်ချုပ်သူမြူနီ၏မျက်နှာပေါ်ရှိ အပြုံးက တဖြည်းဖြည်း မှေးမိန်သွားကာ ပြတ်သားသောလေသံဖြင့် ပြောလိုက်၏ “ထိုအခိုက်အတန့်က တကယ်ပဲ ရောက်လာမယ်ဆိုရင် ငါတို့ရဲ့အင်မော်တယ်စိတ်ဝိညာဉ်တွေကို ဖောက်ခွဲပစ်ပြီး ရန်သူတွေနဲ့အတူ လောင်ကျွမ်းပစ်မယ်”

“အဲအခါကျရင် ငါ့ရဲ့ပထမဆံးရွေးချယ်မှုက မဟာဧကရာဇ်တန်ချင်ပဲ” နောက်ထပ်ပုံရိပ်တစ်ခုက သူတို့ဘေးနား၌ ထွက်ပေါ်လာသည်။

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်နှင့်အုပ်ချုပ်သူမြူနီတို့က ဤလူအိုကြီးအား ချက်ချင်း နှုတ်ဆက်လိုက်ကြသည်။ ထို့နောက် အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က အားတင်းပြုံးလျက် ခါးသီးစွာ ပြော၏ “ဘိုးဘေး၊ ဘယ်လိုလုပ်ပြီး ကျင့်ကြံရာကနေ ထွက်လာတာလဲ”

အန္တိမအရှင်ကြယ်ဖြာထွက်က တည်ငြိမ်စွာ ပြန်ဖြေသည် “အပြင်ဘက်မှာ ဒီလိုအဖြစ်အပျက်တစ်ခု ဖြစ်လာချိန်မှာ ငါက ဘယ်လိုလုပ်ပြီး…ဟမ်။ ဘယ်သူက ငါတို့မြင့်မြတ်ငှက်ဂိုဏ်းရဲ့အင်မော်တယ်အစီအရင်ဆီ ပြေးလာနေတာလဲ”

“ငါ့ကို ဝင်ခွင့်ပြုပါ”

အနက်ရောင်ဝတ်ရုံနှင့် အနက်ရောင်တိုက်ခိုက်ရေးဖိနပ်ကို ဝတ်ဆင်ထားသည့် ကြယ်မျက်ရည်က သူတို့၏မြင်ကွင်းထဲ၌ ထွက်ပေါ်လာကာ အော်ပြော၏။

“ကြယ်မျက်ရည်လား”

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က ကောင်းကင်သို့ ပျံဝဲတက်ပြီး အင်မော်တယ်ပညာရပ်တစ်ခုကို အသုံးပြုကာ အင်မော်တယ်ထိပ်တန်းအစီအရင်ထဲ၌ သေးငယ်သောအပေါက်တစ်ခုကို ဖွင့်ပေးလိုက်သည်။ ကြယ်မျက်ရည်က အထဲသို့ ပြေးဝင်လာသည့် အခိုက်တွင် သူက ကျယ်လောင်စွာ အော်မေးလိုက်၏ “ဒီနှစ်တွေမှာ ဘယ်ကို ရောက်နေတာလဲ၊ ကြယ်မျက်ရည်။ မင်းရဲ့ယောင်းမနဲ့ငါက မင်းကို ဘယ်လောက်ထိ စိုးရိမ်နေလဲဆိုတာ မင်း သိလား”

“အကို…”

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်ကို မြင်သောအခါ မျက်ရည်များက ကြယ်မျက်ရည်၏မျက်လုံးများမှ စီးကျလာသည်။ သူမက သူ့ကို ခဏပွေ့ဖက်ပြီးနောက် ယောင်းမဖြစ်သူအုပ်ချုပ်သူမြူနီအား နှုတ်ဆက်လိုက်သည်။ ထို့နောက် သူမက အန္တိမအရှင်ကြယ်ဖြာထွက်အရှေ့၌ ဒူးထောက်ကာ ပြော၏ “ဘိုးဘေး၊ ငါ ပြန်ရောက်လာပါပြီ”

All Chapters