နီဖက်ချောက်နက်ထဲ၌ ကံကောင်းမှုတစ်ခုနှင့် တွေ့ဆုံခြင်း
Vol. 100 Ch. 1386
ထန်ရှုက သူ့ညီငယ်အား အားရကျေနပ်သောအကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ ယခင်က သူသည်လည်း ကလေးယူရန် အကြိမ်ပေါင်းမရေမတွက်များစွာ ဖိအားပေးခံခဲ့ရသည်။ ယခု သူ့ညီက အရွယ်ရောက်လာပြီဖြစ်သောကြောင့် ထန်ရှု၏အမေက သူ့ထံမှ သူ့ညီထံသို့ အာရုံပြောင်းလိုက်ပြီဖြစ်သည်။ ထန်ရှင်းက ထွက်ခွာသွားသည်ကို ကြည့်ရင်း ဖိအားအောက်မှ လွတ်မြောက်သွားသောကြောင့် သူက ကျိတ်ကာ ရယ်လိုက်တော့၏။
နီဖက်စ်တားမြစ်ချောက်နက်။
ကျင့်ကြံရန်အတွက် သူလိုအပ်သောအရင်းအမြစ်များစွာက နတ်ဆိုးကမ္ဘာနှင့် ဆက်စပ်သောကြောင့် ဤနေရာသို့ သွားရန် လွန်ခဲ့သောနှစ်အနည်းငယ်ကတည်းက ထန်ရှုက ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ သူ့တွင် နတ်ဆိုးကျောက်တုံးနှင့်နတ်ဆိုးသလင်းကျောက်များ အလျှံပယ်ရှိသော်ငြား ထိုအရင်းအမြစ်အမြောက်များက နီဖက်စ်ချောက်နက်တွင်သာ ရရှိနိုင်သည်။
လက်ရှိတွင် သူ၏တစ်ခုတည်းသောအာရုံက ကျင့်ကြံခြင်းအဆင့်များ ဆက်တိုက်ချိုးဖြတ်နိုင်ရန်ပင်။ မဟာထန်အင်ပါယာ၏ဧကရာဇ်တစ်ယောက်ဖြစ်သော်လည်း သူ၏လက်ရှိခွန်အားက စဉီးအဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ကျွမ်းကျင်သူတစ်ယောက်နှင့်သာ ယှဉ်ပြိုင်နိုင်သေး၏။
“ဆရာသခင်”
လှပသောပုံရိပ်တစ်ခုက အခန်းထဲသို့ ပြုံးလျက် ဝင်လာသည်။ လက်ထဲတွင် ရွှေရောင်ကြာပွင့်တစ်ခုကိုင်လျက် ကူးယန်အာက ထန်ရှုအရှေ့သို့ ရောက်လာပြီး ပြော၏ “ချာဆီဒိုနီအမ်ပိုင်နက်မှာရှိတဲ့ ကြာပန်းပင်လယ်က ရွှေကြာပန်းရက်ဂူလက်က ထွက်ပေါ်လာမယ့်လက္ခဏာတွေ ပြသနေပြီ။ အခုက အဲဒါကို ရိတ်သိမ်းဖို့ အကောင်းဆုံးအချိန်ပဲ”
ထန်ရှု၏အကြည့်က ထိုရွှေရောင်ကြာပန်းပေါ်သို့ ကျရောက်သွား၏။ ရွှေရောင်ကြာပန်းအတွင်းမှ ငိုရှိုက်သံတစ်ခုကို သူက ရေးရေးလေးကြားနေရသည်။ အချိန်အချို့ကြာပြီးနောက် သူက ဤရွှေရောင်ကြာပန်းကို လက်ထဲတွင် ထားကာ အတွင်းပိုင်းသို့ စိတ်ဝိညာဉ်အာရုံဖြင့် ရှာဖွေလိုက်သည်၊ အတားအဆီးအား အလွယ်တကူ ချိုးဖြတ်ပြီးနောက် ရွှေရောင်နေရာလပ်တစ်ခုထဲသို့ ဝင်ရောက်သွား၏။
ဤဗလာရွှေရောင်နေရာလပ်ထဲတွင် ခန္ဓာကိုယ်ပေါ်တွင် ကြယ်အလင်းဆင်မြန်းထားပုံရသည့်လူသေးသေးလေးနှင့်ဆင်တူသောရွှေရောင်ဖြစ်တည်မှုတစ်ခုက ဒူးကို ပိုက်လျက် ငိုနေသည်။ စေးကပ်သောရွှေရောင်အရည်လို ၎င်း၏မျက်ရည်များက ကြယ်အလင်းအစက်အမှုန်များအဖြစ်သို့ ပြောင်းလျက် ဤနေရာလပ်တစ်လျှောက် လွင့်ပါသွားနေ၏။
“စိတ်ဝိညာဉ်တစ်ခုတောင် ရှိနေပြီပဲ”
လက်မအရွယ်အစားလူသေးသေးလေးနှင့်တူသောဖြစ်တည်မှုက ခေါင်းမော့လိုက်သည်ကို မြင်သောအခါ ထန်ရှုက ၎င်းအား စိတ်ဝိညာဉ်အာရုံဖြင့် ကြည့်ကာ ပြုံးပြလိုက်၏။ သူ၏စိတ်ဝိညာဉ်အာရုံအား ပြန်ရုတ်သိမ်းပြီးနောက် မူလဖရိုဖရဲစွမ်းအားကို ရွှေကြာပန်းထဲသို့ လောင်းထည့်ရင်း ရှေးအင်မော်တယ်မန္တန်တစ်ခုကို ရွတ်ဆိုလိုက်သည်၊ ၎င်းက အင်မော်တယ်လက္ခဏာမြစ်တစ်ခုအဖြစ်သို့ ပြောင်းကာ ရွှေရောင်နေရာလပ်နှင့် ပေါင်းစပ်လိုက်၏။
“ဝါး…”
ရွှေရောင်ဖြစ်တည်မှုက မျက်တောင်ခတ်လျက် ငိုနေရာမှ ရုတ်တရက် ရပ်တန့်လိုက်သည်။ ၎င်းက ဒူးထောက်ထိုင်ကာ မူလဖရိုဖရဲစွမ်းအားအား အသိပင်လယ်ထဲသို့ ဝင်ရောက်ခွင့်ပြု၏။ အင်မော်တယ်လက္ခဏာများအဖြစ်သို့ ပြောင်းလဲသွားသည့် အင်မော်တယ်မန္တန်က ၎င်းအတွက် အရသာရှိသောအစားအစာများနှင့် ဆင်တူသောကြောင့် လျင်မြန်စွာ စုပ်ယူလိုက်သည်။
ထန်ရှု၏အပြုအမူကို စောင့်ကြည့်ရင်း ကူးယန်အာက စိတ်တိုသွားသည်၊ သူမက ခြေဆောင့်နင်းကာ ပြန်လှည့်ထွက်သွားရင်း တီးတိုးပြောသွားတော့၏ “ဘုရားဖြစ်မယ့်အုတ်နီခဲပေါ့လေ။ ဒီလိုရတနာတစ်ခုကိုတောင် ဆင့်ကဲပြောင်းလဲဖို့အတွက် ကူညီပေးခဲ့တယ်။ ဒါက လုံးဝကို ရယ်စရာမဟုတ်ဘူးပဲ…”
ကူးယန်အာက ထွက်သွားသည်ကို မြင်ကာ ထန်ရှုက ပြုံးလိုက်သည်။ သုံးရက်ကြာပြီးနောက် မူလဖရိုဖရဲစွမ်းအားတစ်ဝက်နီးပါးအား သုံးစွဲပြီးသွားသောအခါ ထန်ရှုက သက်ပြင်းတစ်ချက်ချပြီး မူလဖရိုဖရဲစွမ်းအားထည့်သွင်းခြင်းကို ရပ်တန့်လိုက်သည်။ ထို့နောက် သူက ပြုံးလျက် ပြော၏ “ရွှေကြာပန်းလေး၊ ဒီအင်မော်တယ်ကံကြမ္မာကို ပေးအပ်တဲ့အတွက် မင်းက ဘာလို့ ငါ့ကို ကျေးဇူးလာမတင်ရတာလဲ”
ရွှေကြာပန်းက ရွှေရောင်အလင်းတစ်ခုသို့ ပြောင်းသွားပြီး ထန်ရှုအရှေ့၌ ကိုယ်တုံးလုံးမိန်းမလှလေးတစ်ယောက်အဖြစ်သို့ ကူးပြောင်းသွား၏။ သူမတွင် ဝင်းဝါသောအသားအရေရှိပြီး အလွန်ချစ်စရာကောင်းသည်၊ သို့သော် ကံမကောင်းစွာနှင့် သူမက စင်တီမီတာဒါဇင်အနည်းငယ်သာ မြင့်သည်။ ပြုံးလိုက်ချိန်၌ သူမက အလွန်ကြည့်ကောင်း၏။
“ကျေးဇူးတင်ပါတယ်၊ ဆရာသခင်”
ထန်ရှုက ပြုံးကာ ပြောလိုက်သည် “ငါ့ကို မင်းရဲ့ဆရာသခင်အဖြစ် ချက်ချင်း အသိအမှတ်ပြုတယ်ဆိုတော့ မင်းက အတော်လေးလိမ္မာတာပဲ။ မင်းဆီ ပြောင်းလဲခြင်းပညာရပ်ကို ငါ လွှဲပြောင်းထားပြီးပြီ၊ ဒါကြောင့် အခုပဲ အဝတ်ဝတ်လိုက်တော့…”
“နားလည်ပါပြီ…”
မိန်းကလေးက လှည့်ပတ်လိုက်သည်၊ နောက်အခိုက်အတန့်တွင် ထန်ရှုဝတ်ဆင်ထားသည်နှင့်ဆင်တူသောတိုက်ခိုက်ရေးချပ်ဝတ်တစ်ခုအား သူမက ဝတ်ဆင်လိုက်၏။ သူတို့နှစ်ခုကြား ကွာခြားချက်က အပေါ်ရှိ တံဆိပ်အမှတ်အသားပင်ဖြစ်သည်။ ထန်ရှု၏တိုက်ပွဲချပ်ဝတ်ပေါ်တွင် ရွှေနဂါးကိုးကောင်ရှိပြီး ကောင်မလေး၏တိုက်ပွဲချပ်ဝတ်ပေါ်တွင် ရွှေကြာပန်းကိုးပွင့်ရှိ၏။
ထန်ရှုက ဆက်ပြော၏ “အခုကစပြီး မင်းကို တိုက်ပွဲကြာပန်းလို့ ခေါ်မယ်။ အန်ဒီကို သွားရှာပါ၊ ပြီးရင် သူမဆီကနေ ကျင့်ကြံခြင်းကို သင်ယူပါ”
တိုက်ပွဲကြာပန်းက မေးမြန်းလိုက်၏ “အန်ဒီက ဘယ်သူလဲ။ သူမက ငါ့ကို ကောင်းကောင်းဆက်ဆံမှာလား”
ထန်ရှုက ပြော၏ “အန်ဒီက ငါ့မိန်းမပဲ၊ ဒါကြောင့် သူမက မင်းကို ကောင်းကောင်းဆက်ဆံပါလိမ့်မယ်။ နန်းတော်အပြင်ဘက်မှာ စောင့်နေပါ၊ မကြာခင် သူမ ရောက်လာလိမ့်မယ်။ အခုပဲ သွားတော့”
“နားလည်ပါပြီ၊ ဆရာသခင်”
တိုက်ပွဲကြာပန်းက ခေါင်းညိတ်ကာ အပြင်သို့ ပျံသန်းသွား၏။
လူသားအသွင်နှင့် ရွှေကြာပန်းက ထန်ရှုအတွက် ကြားကာလဖြစ်ရပ်တစ်ခုမျှသာ ဖြစ်သည်။ မဟာထန်အင်ပါယာ၏အသန်မာဆုံးအင်အားက အသက်သုံးသောင်းရှိသောအင်မော်တယ်မွန်းစတားတစ်ကောင်ဖြစ်သောကြာင့် ဉာဏ်ပညာနိုးထလာသည့်မည်သည့်အပင်ကိုမဆို လူသားအသွင်ရရှိစေရန်အတွက် သူက ကူညီရန် ဆန္ဒရှိ၏။
လအနည်းငယ်ကြာပြီးနောက် ထန်ရှုက တံခါးပိတ်ကျင့်ကြံမည်ဟု ကြေညာခဲ့ပြီး ကိစ္စအဝဝအား ကူးယန်အာနှင့်အထွတ်အထိပ်အလှလေးတို့ထံ လွှဲအပ်ပေးခဲ့သည်။ ထို့နောက် သူက နီဖက်စ်တားမြစ်ချောက်နက်ဆီသို့ တိတ်တဆိတ် ထွက်လာခဲ့သည်။ ဤခရီးက အန္တရာယ်များဖြင့် ပြည့်နှက်သောကြောင့် သူနှင့်အတူ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်လေးယောက်နှင့် အန္တိမအဆင့်ရှိသည့်လူအိုကြီးဆိုက်ကာမောတို့လည်း ပါဝင်၏။
နှစ်နှစ်ကြာပြီးနောက် ထန်ရှုနှင့်သူ့အဖွဲ့က နီဖက်စ်တားမြစ်အင်မော်တယ်ချောက်နက်ဆီသို့ ရောက်ရှိလာခဲ့သည်။ နီဖက်စ်ချောက်နက်နှင့် အင်မော်တယ်လိုင်ဇီယန်ကြားတွင် အင်မော်တယ်ပိုင်နက်တစ်ရာခြားထားပြီး ၎င်းက အင်မော်တယ်ကမ္ဘာရှိ အလွန်ဝေးလံခေါင်ဖျားသောနေရာတွင် တည်ရှိ၏။ အန္တိမအရှင်တစ်ယောက်လျှင်ပင် ဤနေရာမှ အနီးစပ်ဆုံးအင်မော်တယ်ပိုင်နက်ဆီသို့ ခရီးသွားရန် လအနည်းငယ်ကြာသည်။
“မာစတာ၊ နီဖက်စ်ချောက်နက်ရဲ့ဝင်ပေါက်က ငါတို့အရှေ့တည့်တည့်မှာပဲ။ နီဖက်စ်တားမြစ်ချောက်နက်ကို ငါ တစ်ခါ လာဖူးတယ်။ အဲဒါက အလွန်ဖရိုဖရဲဖြစ်တဲ့နေရာတစ်ခုဖြစ်ပြီး ဝင်ပေါက်ဇုန်ဆိုရင်တောင် လုယက်သူတွေ၊ သတ်ဖြတ်သူတွေနဲ့ တွေ့ဖို့ အလွန်များတယ်”သူတို့အရှေ့ရှိ အနက်ရောင်စုပ်ဝဲကို ကြည့်ရင်း ပင်လယ်လမ်းဘုရင်က ရှင်းပြလိုက်သည်။
ထန်ရှုက ပြုံးလျက် ပြော၏ “နီဖက်စ်ချောက်နက်ရဲ့ဝင်ပေါက်မှာ လုယက်တာကို ငါ ခံဖူးပါတယ်၊ ဒါပေမယ့် ရလဒ်ကတော့ ငါကပဲ သူတို့ရဲ့ရတနာတွေကို ပြန်လုယူခဲ့တာပဲ။ မဟာထန်အင်ပါယာကနေ ကြွယ်ဝမှုတွေ အများကြီး မယူလာခဲ့ပေမယ့် ဒီနေရာကို လာတဲ့တစ်လျှောက်က အနည်းငယ်စုမိဆောင်းမိရှိခဲ့တယ်။ ဒါက နီဖက်စ်တားမြစ်ချောက်နက်မှာ သုံးစွဲဖို့အတွက် လုံလောက်တာထက် ပိုတယ်”
ထန်ရှု၏ ‘အနည်းငယ်ပမာဏ’ကို ကြားသောအခါ ပင်လယ်လမ်းဘုရင်က အခြားတစ်ဖက်သို့ လှည့်လျက် ပြုံးလိုက်တော့၏။ တကယ်တော့ သူတို့၏မြန်နှုန်းအရ အင်မော်တယ်လိုင်ဇီယန်မှ ဤနေရာသို့ လာရန် တစ်နှစ်လောက်သာ လိုပေလိမ့်မည်။ သို့သော် လမ်းတစ်လျှောက်တွင် သူ့မာစတာက လူများစွာကို လုယက်ခဲ့သည်။
သူ၏တွက်ချက်မှုအရ လွန်ခဲ့သောနှစ်နှစ်အတွင်း သူတို့စုဆောင်းခဲသည့်ကြွယ်ဝမှုပမာဏက အနည်းဆုံးသလင်းကျောက်အဆီအနှစ်သန်းတစ်ရာထိုက်တန်၏။
ထို့နောက် မကြာမီလျှင် ပုံရိပ်နှစ်ခုက အနက်ရောင်စုပ်ဝဲထဲသို့ ဝင်ရောက်ခဲ့ပြီး နေရာလပ်တည်နေရာရွှေ့ပြောင်းရေးက ပြီးသွားပြီးနောက် အနက်ရောင်ကမ္ဘာတစ်ခုထဲ၌ ထွက်ပေါ်လာခဲ့၏။ နေမရှိ၊ လမရှိ၊ ကြယ်များမရှိ၊ ကျယ်ပြောသောကောင်းကင်က မီးခိုးရောင်သမ်းနေသည်။ အောက်ခြေက အနက်ရောင်မီးကျောက်တုံးများဖြင့် ပြုလုပ်ထားပြီး အတော်လေးမာကျောသည်။ ဤနေရာတွင် ဆန်းပြားသောအပင်မျိုးစုံက ပေါက်ရောက်ကြီးထွားနေပြီး သူတို့အများစုက အနက်ရောင်သို့မဟုတ် အနီရောင်ရှိကြသည်။
နီဖက်စ်တားမြစ်ချောက်နက်တွင် စုစုပေါင်းအလွှာလေးလွှာရှိပြီး တစ်လွှာချင်းစီက မဟာအင်မော်တယ်ပိုင်နက်တွေလောက် ကြီးမားသည်။ ပထမအလွှာရှိ အင်မော်တယ်ကမ္ဘာ၊ နတ်ဆိုးကမ္ဘာ၊ မွန်းစတားကမ္ဘာ၊ စိတ်ဝိညာဉ်ကမ္ဘာနှင့် အသုရာကမ္ဘာတို့မှ ကျင့်ကြံသူများက သိပ်မသန်မာပေ၊ ထို့ကြောင့် အန္တရာယ်အခွင့်အလမ်းက ဤနေရာတွင် အတော်လေးနိမ့်ကျသည်။ သို့သော် နောက်ပိုင်းအလွှာတစ်ခုချင်းစီက ရှေ့တစ်ခုထက် ပိုအန္တရာယ်များပြီး ကျွမ်းကျင်သူများ၏ခွန်အားကလည်း ဆက်တိုက်မြင့်မားသည်။
အမှန်တကယ်တော့ နီဖက်စ်ချောက်နက်ကို အင်မော်တယ်ကမ္ဘာက မပိုင်ဆိုင်ပေ။ သို့သော် အခြားကမ္ဘာများကလည်း မပိုင်ဆိုင်ပေ၊ ၎င်းက အလွှာကိုးလွှာရှိသည့်ဒိုင်မန်းရှင်းတစ်ခုသာဖြစ်၏။ သို့သော် ကျွမ်းကျင်သူတစ်ယောက်က ဤနေရာမှ ကမ္ဘာအားလုံးဆီသို့ ဝင်ပေါက်ကိ ဖွင့်လှစ်ခဲ့ပြီးနောက် ဤနေရာက မရေမတွက်နိုင်သောအပြစ်သားများအတွက် သုခဘုံတစ်ခုဖြစ်လာခဲ့သည်။
ဤနေရာတွင် ကြင်နာတတ်သူများက ဝါးမျိုခံရပြီး သင်္ဂြိုလ်ရန်အတွက် အရိုးတစ်ချောင်းပင် ကျန်ရှိမည်မဟုတ်ပေ။
“ဘယ်အလွှာကို သွားမှာလဲ၊ မာစတာ”အနီးနားတွင် ကျင့်ကြံသူတစ်ယောက်မှ မရှိသည်ကို စစ်ဆေးပြီးနောက် ပင်လယ်လမ်းဘုရင်က မေး၏။
ထန်ရှုက ပြောလိုက်သည် “နဝမအလွှာဖြစ်တဲ့နီဖက်စ်တားမြစ်မြို့”
ပင်လယ်လမ်းဘုရင်၏အသက်ရှုသံက မြန်ဆန်သွားလျက် သူက ခါးသီးစွာ ပြုံးလိုက်၏ “မာစတာ၊ ငါက ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲကို ဝင်ပြီး အန္တိမအရှင်ဆိုက်ကာမောကို ထွက်လာခိုင်းရင် ဘယ်လိုလဲ”
ထန်ရှုက ရယ်ကာ ပြောလိုက်သည် “စိတ်အေးအေးထားစမ်းပါ။ ဆဠမအလွှာကနေ နဝမအလွှာအထိ အန္တရာယ်တွေအများကြီးရှိပေမယ့် အားကောင်းတဲ့ရန်သူတစ်ယောက်က မတိုက်ခိုက်လာသရွေ့ လူအိုကြီးဆိုက်ကာမောနဲ့ကျန်တဲ့လူတွေကို ထွက်လာခိုင်းဖို့ မလိုပါဘူး။ ဆဠမအလွှာကို ရောက်တဲ့အခါ ပျောက်ဆုံးနီဖက်စ်တားမြစ်တောအုပ်ထဲမှာ ခဏနားကြမယ်။ အဲဒီနေရာမှာ အသင်္ချေစိတ်ဝိညာဉ်အင်မော်တယ်ဝိုင်ကို ရောင်းချတဲ့ စိတ်ဝိညာဉ်ကမ္ဘာရဲ့ကျွမ်းကျင်သူတစ်ယောက်ရှိတယ်။ မင်းက အဲဒါကို အရသာမခံချင်ဘူးလား”
“အသင်္ချေစိတ်ဝိညာဉ်အင်မော်တယ်ဝိုင်လား”ပင်လယ်လမ်းဘုရင်က ပြုံးကာ ပြောလိုက်၏ “အဲဒါကို တစ်ခါတော့ ငါ စမ်းဖူးတယ်၊ ဒါပေမယ့် တစ်ခွက်စာပဲ ဝယ်နိုင်ခဲ့တာ၊ အဲဒီအတွက် အင်မော်တယ်သလင်းကျောက်တစ်သန်းပေးခဲ့ရတယ်။ ဒါပေမယ့် ၎င်းရဲ့အနံ့က ဝိုင်တွေထဲမှာ အကောင်းဆုံးဖြစ်ပြီး ခန္ဓာကိုယ်အတွက်လဲ အတော်လေးအကျိုးရှိတယ်”
ထန်ရှုက ခပ်ဖျော့ဖျော့ပြုံး၏ “လွန်ခဲ့တဲ့နှစ်တစ်ထောင်လောက်က အသင်္ချေစိတ်ဝိညာဉ်အင်မော်တယ်ဝိုင်ကို ငါ တစ်ငုံသောက်ဖူးတယ်။ အင်မော်တယ်ကမ္ဘာတစ်ခုလုံးမှာ ဝိုင်ကောင်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် အနည်းငယ်ကပဲ အသင်္ချေစိတ်ဝိညာဉ်အင်မော်တယ်ဝိုင်ကို ယှဉ်နိုင်တာ”
နှစ်ရက်ကြာပြီးနောက် သူတို့နှစ်ယောက်က ဒုတိယအလွှာ၏ဝင်ပေါက်သို့ ရောက်ရှိလာခဲ့သည်။ ချောမွေ့သောခရီးတစ်ခုဖြစ်ခဲ့သော်လည်း ဒုတိယအလွှာဝင်ပေါက်၌ သူတို့အား တားဆီးသူရှိလိမ့်မည်ဟုတော့ မမျှော်လင့်ထားမိပေ။ ထို့ပြင် သူတို့ကို တားဆီးခဲ့သည့်လူက ကြွက်သားတုတ်ခိုင်သည့်သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ဖြစ်ပြီး နောက်ကျောတွင် ဓားကျိုးတစ်လက်ကို လွယ်ထား၏။
“ဓားရောင်းမယ်”အရပ်တစ်ရာ့ငါးဆယ်စင်တီမီတာရှည်သောထိုလူက ပြောလိုက်၏။
ထန်ရှုက ရယ်ကာ ပြန်ပြော၏ “ဒါကို ဝယ်ဖို့ ခင်ဗျားက ကျုပ်တို့က ဖိအားပေးနေတာလား”
“ဟုတ်တယ်”သက်လတ်ပိုင်းလူက နောက်ကျောမှ ဓားကျိုးကို ဆွဲယူပြီးနောက် ထန်ရှုထံ ကမ်းပေးလိုက်သည် “သလင်းကျောက်အဆီအနှစ်သန်းနှစ်ဆယ်၊ တစ်ခုတောင် မလျော့ဘူး”
ထန်ရှုက မျက်လုံးလိမ့်လျက် မပျော်ရွှင်စွာ ပြောသည် “ကျုပ်တို့ကို လက်ဖွာတဲ့သူတွေလို့ ခင်ဗျားက ထင်တာလား။ ဓားကျိုးတစ်လက်ကို သလင်းကျောက်အဆီအနှစ်သန်းနှစ်ဆယ်နဲ့ ရောင်းချတာက မများလွန်းဘူးလား။ ဒါက အဆင့်ကိုးအင်မော်တယ်အသုံးအဆောင်ပစ္စည်းတစ်ခုရဲ့တန်ဖိုးနီးပါးပဲ”
သက်လတ်ပိုင်းလူက ပြောသည် “ကျုပ်က သလင်းကျောက်အဆီအနှစ်တွေ လိုအပ်တယ်၊ ဒါကြောင့် မင်းတို့က ဆုံးရှုံးမှုရှိလိမ့်မှာ မဟုတ်ဘူး”
ထန်ရှုက အေးစက်သောအသံဖြင့် ပြောသည် “ခင်ဗျားက သလင်းကျောက်အဆီအနှစ်တွေ လိုအပ်တယ်ဆိုတော့ရော ဘာဖြစ်လဲ။ ကျုပ်ကိစ္စမှ မဟုတ်တာ။ ခင်ဗျားက အရောင်းအဝယ်လုပ်ချင်တယ်ဆိုရင် ခင်ဗျားရဲ့ပစ္စည်းကို အရင်ဆုံးစစ်ဆေးရလိမ့်မယ်။ ထိုက်တန်တယ်ဆိုရင်တော့ ခင်ဗျားနဲ့ အရောင်းအဝယ်လုပ်မယ်။ ဒါပေမယ့် မထိုက်တန်ဘူးလို့ ထင်ရင် ကျုပ် ဝယ်ဖို့အတွက် ကျုပ်ရဲ့လည်ပင်းပေါ်မှာ ဓားတင်နိုင်အောင် ခင်ဗျားက ကြိုးစားကြည့်ပေါ့”
ထိုသို့ပြောပြီးနောက် သူက ဓားကျိုးထဲသို့ ရှေးဉီးမူလဖရိဖရဲစွမ်းအားကို ထည့်သွင်းလိုက်သည်။ သူ့အား ထိတ်လန့်စေသည်ကား သူ၏ရှေးဉီးမူလဖရိုဖရဲစွမ်းအားကို အနည်းငယ် ငြင်းဆန်ခဲ့ကြသည့် အခြားအင်မော်တယ်အသုံးအဆောင်ပစ္စည်းများနှင့် မတူဘဲ ၎င်းက ဤဓားကျိုးထဲသို့ ချောမွေ့စွာ ဝင်ရောက်သွားသည်။
ဤအတွက် ဖြစ်နိုင်ချေနှစ်ခုသာ ရှိ၏။
ပထမတစ်ခုကတော့ ၎င်းက တစ်စုံတစ်ယောက်ကိုယ်တိုင် သန့်စင်ခဲ့သော အင်မော်တယ်အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ရမည်။ ၎င်းအား ခန္ဓာကိုယ်ထဲတွင် အချိန်တစ်ခုကြာ ပြုစုပျိုးထောင်ပြီးနောက် အင်မော်တယ်အသုံးအဆောင်ပစ္စည်းက အာရုံခံစားမှုကို ရရှိကာ ထိုပုဂ္ဂိုလ်၏အင်မော်တယ်အသက်အသုံးအဆောင်ပစ္စည်းဖြစ်လာပေလိမ့်မည်။
ဒုတိယတစ်ခုက နတ်ဘုရားဓားကို ထန်ရှုရရှိခဲ့သည့်နှင့် အနေအထားတူသည်။ ၎င်း၏အသိအမှတ်ပြုမှုကို ရရှိကာ နတ်ဘုရားအသက်အသုံးအဆောင်ပစ္စည်းအဖြစ် ပြုလုပ်ခြင်းဖြင့် ပိုင်ရှင်ဖြစ်လာနိုင်သည်။