တော်ဝင်လမ်းသားတော်၏ရှုံးနိမ်မှု
Vol. 009 Ch. 850
ရီဖူရှင်းက ဦးညွှတ် အရိုအသေပေးကာ လူအုပ်ကို ကြည့်သည်။ ရောက်လာသူတွင် မမြင်ရသော လေလှိုင်း ရိုက်ခတ်မှုများရှိပြီး အားကောင်းဟန်ရသည်။ သူကား သာမန်မဟုတ်ပေ။
တန်ခိုးရှင်တစ်ယောက်က ရှီအဆင့်ကို တက်လှမ်း သွားသောအခါ သူတို့၏အသိက ဖန်ဆင်းခြင်း အဆင့်ကို ရောက်လာခဲ့သည်။ သူတို့က ကောင်းကင်နှင့် မြေပြင်တို့ဖြင့် ပေါင်းစပ်နိုင်ကာ လောကဓာတ်များအား ညွန်ကြားနိုင်၏။ သူတို့က စွမ်းအားများကို ထုတ်မလွှတ်သည့်တိုင် သာမန်လူများနှင့်မတူသော ကိုယ်ရောင် ကိုယ်ဝါများအား ပိုင်ဆိုင်သည်။
တွမ့်ချိန်ဟေးကား ပြည်နယ် ကိုးခုကျောင်းတော်၏ တော်ဝင်လမ်းသားတော် ဖြစ်သည်။ သူက ချိန်ယွန် အဆောင်ထဲကို မဝင်မှီပင် လူအုပ်ကြီးကား ရုတ်ရုတ်သဲသဲ ဖြစ်နေပြီ။ တွမ့်ချိန်ဟေးကား အမှန်တကယ် ဝင်ပါလာ၏။
ရီဖူရှင်း၏ပါရမီမှာ လက်ရှိ မျိုးဆက်အတွင်း အကောင်းဆုံးဟု ပြောကြသည်။ သူ၏နာမည်က ပြည်နယ်ကိုးခုကို လှုပ်ခတ် စေနိုင်ကာ သူကိုယ်တိုင်ကလည်း တော်ဝင်မြေတစ်ခု၏ ခေါင်းဆောင်ဖြစ်၏။ စူးရန်၊ ကျင့်ရွှမ်တို့ ကဲ့သို့သော လူများပင် သူနှင့်ပြိုင်ဘက် မဟုတ်ပေ။
သို့သော် တွမ်ချိန်ဟေးကား အလွန်အားကောင်းသည်။ တော်ဝင်လမ်း သားတော် တစ်ယောက်၏စွမ်းရည်က သူ၏မျိုးဆက်တွင် အကောင်းဆုံးထဲ၌ ရှိပေသည်။ ထိုသို့ ရွေးချယ် ခံရသူကလည်း အလွန် နည်းပါးပေသည်။ သူတို့အား ရှန့်ထိုများကိုယ်တိုင် သင်ကြား ပေးကြရသည်။ ဆိုလိုသည်က သူတို့တွင် ရှန့်ထိုဖြစ်ရန် အရည်အချင်း ရှိကြသည်။
ထိုအချက်ကပင် တော်ဝင်လမ်း သားတော်များ၏အဆင့်အတန်းကို သိသာစေနိုင်ပေသည်။
ယခု တွမ့်ချန်ဟေးက ရီဖူရှင်းနှင့် ယှဉ်ပြိုင်လိုသည်။ သူတို့အားလုံးက အကောင်းဆုံးများ အကြား တိုက်ပွဲကို မြင်တွေ့ ရပေတော့မည်။
“ ကျုပ်က ပြည်နယ် ကိုးခုကျောင်းတော်က တွမ့်ချန်ဟေးပဲ… ကျုပ်က အဆင့်မြင့်ရှီဖြစ်ဖို့ ကိုယ်တိုင် လေ့ကျင့်ခဲ့တယ်… ကျုပ်ရဲ့အဆင့်က ခင်ဗျားထက် မြင့်နေတယ်လို့ ထင်ရင်လည်း စိန်ခေါ်မှုကို ငြင်းပယ်လို့ရတယ်… ” တွမ့်ချိန်ဟေးက ပြောသည်။ ရီဖူရှင်းက အလယ်အလတ် ရှီဖြစ်ရာ သူ့အတွက် အနည်းငယ် ခက်ခဲနိုင်ပေသည်။
သို့သော်လည်း သည်မတိုင်ခင် စိန်ခေါ်ပွဲများ၌ ရီဖူရှင်းက အဆင့်မြင့်ရှီများကို သက်သက်သာသာ အနိုင်ယူပြီး ဖြစ်သည်။
“ ကျေးဇူးပြုလို့… ” ရီဖူရှင်းက တည်ငြိမ်စွာ ပြောသည်။
တွမ့်ချိန်ဟေး၏ ခန္ဓာက လေထဲကို တဖြည်းဖြည်း မြောက်တက်လာ၏။ ခန္ဓာကိုယ်မှလည်း အားကောင်းသော ကိုယ်ရောင်ကိုယ်ဝါများ ဖြာထွက်လာနေသည်။
ယခင်တိုက်ပွဲများ၌ တိုက်ခိုက်သူများ ကိုယ်တိုင်က သူတို့၏စွမ်းအင်များကို အပြင်သို့ သိပ်မပျံ့နှံ့ရန် ထိန်းချုပ်ကြသည်။ မည်သို့ဆိုစေ ရှီတန်ခိုးရှင်များ၏ စွမ်းအင် သက်ရောက်မှုက ပတ်ဝန်းကျင်အား အနည်းနှင့် အများ ထိခိုက်နိုင်ပေ၏။
တွမ့်ချန်ဟေးက စစ်မှန်သော ရင်ဆိုင် တိုက်ခိုက်မှုအား လိုလားကာ သူက ကောင်းကင်ထက်ကို တက်ရောက် သွားခြင်းလည်း ဖြစ်ဟန်ရသည်။
လေလှိုင်းများက မီးလျှံများဖြစ်လာကာ ကောင်းကင်က နီရဲလာ၏။
မရေမတွက်နိုင်သောလူများက အပူရှိန်ရိုက်ခတ်မှုတွင် ချိန်ယွန် အဆောင်ဘက်ကို လှမ်းကြည့်ကြသည်။
“ အဲဒါ တွမ့်ချန်ဟေးပဲ… ” လူအများအပြားက ကောင်းကင်ထက်မှ လူကို ကြည့်ကာ အော်ဟစ် ပြောဆိုကြသည်။
“ သူက ဘယ်သူနဲ့ တိုက်ခိုက်နေတာလဲ… ”
ရီဖူရှင်းသည်လည်း လေထဲကို မြောက်တက် လာသည်ကို မြင်ကြရသည်။ တွမ့်ချန်ဟေးက နောက်တစ်ယောက်နှင့် တိုက်ခိုက်ရအောင် ထိုလူက မည်မျှ အရေးပါ အရာရောက်သူ ဖြစ်သနည်း။
“ သူက မြေရိုင်းပြည်နယ်က ရီဖူရှင်းပဲ… သူက ကျုပ်တို့ကျောင်းတော်က ပါရမီရှင်တွေ အတော်များများကို အနိုင်ယူပြီးပြီ… ” တစ်ယောက်က ပြောသည်။ ချက်ချင်းပင် လူအများအပြားက ချိန်ယွန် အဆောင်ဘက်ကို ဦးတည်ကာ ပြေးလွှားသွားကြသည်။
မြေရိုင်းပြည်နယ်၊ တော်ဝင်မြေ၏ ခေါင်းဆောင်၊ ပြည်နယ်ကိုးခုကို ကျော်ကြားသော ပါရမီရှင်က ပြည်နယ်ကိုးခု ကျောင်းတော်မှ တော်ဝင်လမ်း သားတော်ဖြင့် ယှဉ်ပြိုင်တိုက်ခိုက်မည်။
ဘယ်သူက အားနည်းပြီး ဘယ်သူက ပိုအားကောင်းမည်နည်း။
တစ်ချိန်တည်းမှာပင် ကျောင်းတော်မှ မရေမတွက်နိုင်သော လူများက သူတို့အား လှမ်းကြည့်ကြသည်။ စီနီယာများပင် တိုက်ပွဲကို စိတ်ဝင်စား လှမ်းကြည့်ကြ၏။
ကောင်းကင်တွင် မီးတောက်မီးလျှံများ အဆက်မပြတ် ဖြစ်ပေါ်လာနေသည်။ အလယ်၌ မီးစက်ကွင်း တစ်ခုပေါ်လာသည်။ ဖီးနစ်နှင့် ခြေသုံးချောင်း မီးငှက်တို့က ကောင်းကင်တွင် ပျံဝဲကြသည်။
ကျယ်လောင်သော အသံတစ်ခုနှင့် အတူ ဖီးနစ်နှင့် မီးငှက်တို့က ရီဖူရှင်းထံသို့ အလင်းတန်း နှစ်ခုအလား ဆင်းသက် လာကြသည်။
ရီဖူရှင်းက လေထဲတွင် တည်ငြိမ်စွာ ရပ်နေသည်။ သူ့အနီးတွင် ကြယ်တာရာ အရံအတား တစ်ခုဖြစ်ပေါ်လာ၏။
ရုန့်ရမ်းကြမ်းတမ်းသော မီးငှက်များ ဆင်းသက် လာသောအခါ ကြယ်တာရာ အရံအတားကို ကျော်ဖြတ်နိုင်စွမ်း မရှိခဲ့ကြပေ။
“ တာအိုကို လေ့ကျင့်တယ်… တာအိုဆိုတာ ဘာလဲ… ” တွမ့်ချန်ဟေးက ပြောသည်။ သူက ကောင်းကင်တွင် ဝင့်ကြွားစွာ ရပ်လျက် ရီဖူရှင်းကို ကြည့်သည်။
“ ကျုပ်တန်ခိုးအဆင့်က နိမ့်တယ်… ကျုပ်က တာအိုကို နားမလည်ဘူး… ” ရီဖူရှင်းက ဖြေသည်။
“ တာအိုက တစ်ခုကို ဖန်ဆင်းတယ်… တစ်ခုက နှစ်ခုကို ဖန်ဆင်းတယ်… သုံးခုကနေ အရာခပ်သိမ်း ဖြစ်လာတယ်.. အရာအားလုံးက စက်ဝန်းထဲ လည်ပတ်ကြတယ်… တာအိုက လောကဓာတ်တွေ လှုပ်ရှား လည်ပတ်မှုပဲ… တာအိုကို ကျင့်ကြံခြင်းက လောကသဘာဝကို နားလည်အောင် လေ့ကျင့်ခြင်းပဲ… ” တွမ့်ချိန်ဟေးက မိမိကိုယ်ကို ဖြေသည်။ ကောင်းကင်ထက်မှ လေလှိုင်းများက ပြောင်းလဲသွားကာ မီးတောက်များမှသည် ကြယ်ရောင်များအဖြစ် ပြောင်းလဲလာသည်။ ထို့နောက်တွင် ကောင်းကင် တစ်ခွင်လုံး ကြယ်တာရာများဖြင့် ပြည့်နှက် လာတော့သည်။
“ ဟမ်… ” ရီဖူရှင်းကား လက်ရှိတွင် ကြယ်တာရာ လောကဓာတ်ကို အသုံးပြုနေသည်။ သို့သော်လည်း တွမ့်ချန်ဟေး၏ မီးတောက်ဓာတ်များက တမုဟုချင်းပင် ကြယ်တာရာများ အဖြစ် ပြောင်းလဲသွားကြ၏။
တွမ့်ချိန်ဟေးက မည်သည့် လောကဓာတ်တွင် အားကောင်းသနည်း။
“ ကျုပ်က လောကကြီးထဲက လောကဓာတ်တွေ လှုပ်ရှား လည်ပတ်မှုကို ထိန်းချုပ်တယ်… မဟာလမ်းစဉ်များက တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်… ကျုပ်က အားလုံးသော စွမ်းအင်တွေကို အသုံးပြုနိုင်တယ်… ” တွမ့်ချန်ဟေးက ဆက်ပြောသည်။ ကောင်းကင်နှင့် မြေပြင်အကြား ကြယ်တာရာများ လှုပ်ရှား လည်ပတ်ကြကာ ရီဖူရှင်းထံသို့ ပြင်းထန်စွာ ဆင်းသက် လာကြတော့သည်။
ကမ္ဘာမြေပြင်က မြည်ဟည်းသွားသည်။ သူတို့နှစ်ယောက်က အလွန်မြင့်မားသော နေရာတွင် ရှိသည့်တိုင် ကမ္ဘာမြေပြင်ကား တုန်ခါမြဲပင်။
ရီဖူရှင်းကား ရပ်နေဆဲဖြစ်သည်။ သူ့အနီးမှ ကိုယ်ရောင်ကိုယ်ဝါက ပိုမိုအားကောင်း လာနေဆဲ ဖြစ်ကာ ကြယ်တာရာများက ပိုမိုလင်းလက် လာနေသည်။
ဘန်း…
ကျယ်လောင်စွာ ထိရိုက်သံနှင့်အတူ လေထုက တုန်ခါ သွားသည်။
တွမ့်ချိန်ဟေး၏တိုက်ခိုက်မှုက အလွန်အမင်း အားကောင်းသော်လည်း ရီဖူရှင်း၏ အရံအတားကား တုန်လှုပ်ခြင်း မရှိပေ။
တွမ့်ချန်ဟေးက ရှေ့ကို တက်လာသည်။ သူ့ကိုဗဟိုထား၍ ကောင်းကင်မှ စွမ်းအင်အားလုံးမှာ သူနှင့် ပေါင်းစပ်သွားဟန် ရပြီး ကြယ်တာရာများ အလယ်တွင် ရပ်ကာ ရီဖူရှင်းထံသို့ လက်ဆန့်တန်း လိုက်သည်။ ကြယ်တာရာများက လေဟာနယ်ကို ခွင်း၍ ရီဖူရှင်းထံကို တိုးဝင်လာကြသည်။
ဘုန်း..
အလွန်ကြမ်းတမ်းသော စွမ်းအင် ပေါက်ကွဲမှုက ရစ်ပတ်ထားသော အရံအတားကို ထွင်းဖောက် သွားစေသည်။ ကြယ်တာရာ အရံအတားက အက်ကွဲသွားပြီး လက်ဝါးက ရီဖူရှင်း၏ ခေါင်းကို ရိုက်နှက်ရန် ဝင်လာသည်။
“ အရမ်းအားကောင်းတာပဲ… ” လူအများအပြား၏ စိတ်နှလုံးများက ပြင်းစွာ တုန်ခါသွားကြသည်။ သူကား အလွန်အားကောင်းသည်။ ပြည်နယ် ကိုးခုကျောင်းတော်၏တော်ဝင်သားတော်ဖြစ်ရန် ထိုက်တန်၏။
သူက မဟာ လမ်းစဉ်စွမ်းအားဖြင့် ပြည်နယ်ကိုးခုသို့တိုင် ကျော်ကြားသော ပါရမီရှင်အား ရိုက်နှက် လိုက်သည်။
ရီဖူရှင်းက ကြောက်မက်ဖွယ် ကောင်းသော လက်ဝါးရိုက်ချက်အား ကြည့်သည်။ သူကား တည်ငြိမ်နေဆဲ ဖြစ်သည်။
ချက်ချင်းပင် သူ၏ တိုက်ခိုက်ရေး ပုံစံပေါ်လာကာ နတ်ငှက် အသွင်ပြောင်းသွား၏။ နတ်ငှက်နှင့်အတူ ကြောက်မက်ဖွယ် လေထုက ရိုက်ခတ်သွားကာ သူ၏အတောင်ပံက ကျဆင်းလာသော လက်ဝါးဖြင့် ထိရိုက်သည်။
ထိုမြင်ကွင်းကို ကြည့်ကာ တွမ့်ချိန်ဟေး၏ အမူအရာက ပြောင်းလဲခြင်း မရှိပေ။ အဆုံးမဲ့သော ကြယ်တာရာများမှသည် ရွှေရောင်အလင်းတစ်ခုနှင့် အတူ နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်ကို ရစ်ပတ်သွား၏။
တွမ့်ချိန်ဟေးက အောက်ကို ငုံ့ကြည့်သည်။ ချက်ချင်းပင် အလင်းရောင် တစ်ခုက ရီဖူရှင်းထံကို တိုးဝင်လာ၏။
တချိန်တည်းတွင် ဧရာမ ရွှေရောင်နှင်တံကြီး တစ်ခုက လေမုန်တိုင်းထဲတွင် ဖြစ်ပေါ်လာပြီး နတ်ငှက်၏ ကောက်ယူ ဆုပ်ကိုင်ခြင်းကို ခံရသည်။ လေလှိုင်းများက လေပွေအလား ဖြစ်တည်လာသည်။ နတ်ငှက် အတောင်ပံများ၏ ရိုက်ခတ်မှုနှင့်အတူ သူက ကောင်းကင်ကထက်ကို ပျံတက်လာ၏။
နှင်တံက အရာအားလုံးကို အပိုင်းပိုင်း ဖြစ်စေသည်။ ရီဖူရှင်းက လေဟာနယ်ကို ကြည့်ကာ ပြောသည်… “ မဟာလမ်းစဉ်က အဆုံးမဲ့တယ်… ကျုပ်တို့က မျက်နှာပြင်ပေါ်က အနည်းငယ်ကိုပဲ နားလည်နိုင်တယ်… တာအိုက ကောင်းကင်နဲ့ မြေပြင်ကို လှုပ်ရှားလည်ပတ်စေတယ်ဆိုတာ မှန်ရန်တောင် ကျုပ်က တာအိုကို နားလည်တယ်လို့ ဘယ်လို ပြောလို့ရပါ့မလဲ…”
သူ၏အသံက အားလုံး၏နားထဲကို ဝင်ရောက်လာသည်။ ထိုအခိုက်တွင်ပင် နတ်ငှက်က တွမ့်ချိန်ဟေးထံကို ရောက်လာကာ သူ၏နှင်တံဖြင့် ရိုက်နှက် လိုက်သည်ကို မြင်ကြရ၏။ နဂါးအော်သံနှင့်အတူ နဂါးက ကျဆင်းလာသော နှင်တံကို ထိပ်တိုက်ရင်ဆိုင်သည်။
နှစ်ယောက်သား တဖန် ပြန်လည်၍ လူချင်း ခွာလိုက်ကြပြန်သည်။ လေလှိုင်းများ စီးဆင်းသွားကာ ကောင်းကင်နှင့် မြေပြင်အကြားမှ စွမ်းအားများအားလုံး တဖန်တွမ့်ချိန်ဟေးနှင့် ပေါင်းစပ် သွားကြပြန်သည်။
“ မင်းက ငါ့စွမ်းအားတွေကို ဒီလောက်အထိ ထုတ်သုံးရလောက်အောင် စွမ်းတယ်… တကယ်ပဲ တော်ဝင်သားတော်ဆိုတဲ့ ဘွဲ့ထူးနဲ့ ထိုက်တန်ပါပေတယ်… ” ရီဖူရှင်းက ပြုံးလျက်ပြောသည်… “ ဒါကို အဆုံးသတ်ရအောင်… ”
သူက ထိုသို့ပြောလိုက်လျှင် အချိန်နှင့် အာကာသက အေးခဲသွားဟန် ရသည်။ နှင်တံက တစ်ဖန် မြောက်တက်လာကာ ကြီးမားသော စွမ်းအင်က ကောင်းကင်နှင့် မြေပြင်အကြား မွေးဖွားလာပြီး တွမ့်ချိန်ဟေးထံကို ဆင်းသက်လာသည်။
တွမ့်ချိန်ဟေး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူက နောက်ဆုတ် လိုသော်လည်း အာကာသဓာတ်က သူ့ခန္ဓာကိုယ်ကို လာရောက် ရစ်ပတ်သည်။ နှင်တံကိုယ်တိုင်က အချိန်ကို နှေးကွေးစေဟန် ရကာ သူ့အတွက် အလွန်မြန်နေသည်။
ကျယ်လောင်သော အသံနှင့်အတူ အရာခပ်သိမ်းက ပြိုလဲပျက်စီးရ၏။ နှင်တံက ကျဆင်းလာသည်တွင် တွမ့်ချိန်ဟေး၏ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။ နဂါးသဏ္ဍာန်က ကောင်းကင်ကို တုန်ခါစေသော်လည်း နှင်တံအောက်တွင် ကြေပျက် သွားရ၏။
ဘုန်း… လူတစ်ယောက်က မြေပြင်ပေါ်ကို ပြင်းထန်စွာ ကျဆင်းလာပြီး မြေပြင်အား အက်ကွဲစေသည်။ ကောင်းကင်က တဖန် ကြည်လင်သွားကာ နေရောင်ခြည်များ ကျဆင်းလာသည်။ သူတို့အားလုံးက ကောင်းကင်ထက်မှ ရီဖူရှင်းကို ကြည့်ကာ အိပ်မက်မကန်နေသလား ထင်မှတ်ကြရသည်။
“ တော်ဝင်လမ်းစဉ် သားတော်က ရှုံးနိမ့်သွားတယ်… ” မရေမတွက် နိုင်သော လူများက ကောင်းကင်ထက်တွင် ရပ်နေသော လူငယ်ကို ကြည့်ကြသည်။ သူတို့အားလုံး၏ စိတ်နှလုံးက ပြင်းထန်စွာ တုန်ခါနေကြ၏။ တော်ဝင်လမ်းစဉ် သားတော်က သူတို့ ကျောင်းတော်အတွက် အလွန်အရေးပါသော အမှတ်အသား တစ်ခုလည်း ဖြစ်သည်။
***