လက်စားချေခြင်း
Vol. 009 Ch. 851
ရီဖူရှင်းက သူ၏နေရာကို ပြန်ရောက်လာသည်။ တွမ့်ချန်ဟေးကလည်း အတန်ကြာလျှင် သွေးများ အန်ကျလျက် ထရပ်လာသည်။
“ တော်ဝင် လမ်းသားတော်ရဲ့ စွမ်းရည်က တကယ်ပဲ ခြားနားပါပေတယ်… ကျုပ်က တိုက်ပွဲ အရှိန်မြင့်နေတဲ့ အခိုက်မှာ ကျုပ်စွမ်းအင်ကို ထိန်းချုပ်ဖို့ မလွယ်ခဲ့ဘူး… ဒီအတွက် စိတ်ရင်းနဲ့ တောင်းပန်ပါတယ်… ” ရီဖူရှင်းက ပြောသည်။
တွမ့်ချိန်ဟေးက ရီဖူရှင်းကို ကြည့်သည်။ အလယ်အလတ်ရှီက အဆင့်မြင့်ရှီကို အနိုင်ယူရာတွင် တစ်ဖက်လူကို မည်သို့ အပြစ်တင်ရမည်နည်း။
“ ဒါက တိုက်ပွဲမှာ မလွဲမသွေ ဖြစ်မှာပါပဲ… ပြည်နယ်ကိုးခုမှာ နန်းတော် သခင်ရီကို ယှဉ်နိုင်မယ့်လူ အရမ်းကို နည်းပါးပါလိမ့်မယ်… ” သူက လက်နှစ်ဘက်ကို ဆုပ်ကာ ပြောသည်… “ ကျုပ် ပြန်လိုက်ပါဦးမယ်… ”
သူက နောက်လှည့်ကာ ထွက်သွားသည်။
ရီဖူရှင်းက လျူယွန်ဘက်ကို လှည့်ကာ ပြုံးလျက်ပြောသည်… “ ကျုပ်က ဒီနေ့ အများကြီး တိုက်ခိုက်ခဲ့ပြီ ဖြစ်လို ဆက်ပြီး မတိုက်ခိုက်တော့ပါဘူး… ”
သူက လက်ရှိအခြေအနေတွင် တစ်ဖက်သားကို လေးစားရန် လိုပေသည်။ သူတစ်ယောက်တည်းက ပြည်နယ်ကိုးခု၏ နာမည်ကျော် ကျောင်းတော်မှ တပည့်များ အားလုံးကို တစ်ယောက်ပြီး တစ်ယောက် ရိုက်နှက်ခြင်းက သူတို့၏နာမည်ကို အနည်းနှင့်အများ ထိခိုက်စေနိုင်ပေသည်။
လျူယွန်က ပြုံးလျက်ပြောသည်… “ မင်းက ချိန်ယွန်အဆောင်မှာ ဒီနေ့ ဘယ်လို တိုက်ခိုက်တယ်ဆိုတာ မြင်ခဲ့ပြီးတော့ အမြဲတမ်း တောင်တစ်တောင်ထက် မြင့်တဲ့တောင်ဆိုတာ ရှိတတ်တယ်လို့ ဒီလူတွေ နားလည်မယ်လို့ ကျုပ်ယုံကြည်တယ်… ”
လျူယွန်က ထပ်ပြောသည်… “ ရီဖူရှင်းအပြင် နောက်ထပ် ယူချင်း၊ လျူကျောင်းတို့လည်း ရှိသေးတယ်… မင်းတို့က သင်ယူ လေ့လာချင်တယ်ဆိုရင် အခုက အကောင်းဆုံး အချိန်အခါပဲ… ”
ယူချင်းနှင့် လျူကျောင်းတို့က ရီဖူရှင်းနှင့် ကွဲပြားခြားနားသော တန်ခိုးအဆင့်တွင် ရှိပေသည်။ ပြည်နယ်ကိုးခု ကျောင်းတော်တွင်လည်း သူတို့နှင့် အဆင့်တူအတွင်း ထက်မြက်သူများ ရှိပေ၏။ ထိုစဉ်မှာပင် တစ်ယောက်က ရှေ့ကို ထွက်လာကာ ပြောသည်… “ ကျုပ်က ပြည်နယ်ကိုးခု ညီလာခံ ပထမရတဲ့ ယူချင်းကို စိန်ခေါ်ချင်ပါတယ်… ”
“ သူ့ကို သိပ်အားနဲ့ မလုပ်နဲ့… ” ရီဖူရှင်းက ပြုံးလျက်ပြောသည်။ သို့သော်လည်း သူက ယူချင်းကို စိတ်ဖြင့် ပြောခြင်းဖြစ်သည်။
“ အင်း… အားနဲ့မလုပ်ဘူး… ” ယူချင်းက အမှတ်တမဲ့ ထွက်သွားသည်လားတော့ မပြောတတ်ပေ။ သူက စိတ်ဖြင့် ပြန်ပြောရမည့် အစား ပါးစပ်မှ ရုတ်တရက် ထွက်သွားသည်။
အားလုံးက ထူးဆန်းစွာပင် ယူချင်းကို လှမ်းကြည့်ကြသည်။
ယူချင်းအား မျက်နှာမသာမယာဖြင့် ကြည့်နေသော ရီဖူရှင်းကို မြင်ကြသည်တွင် သူတို့အားလုံး နားလည် လိုက်ကြသည်။ ရီဖူရှင်းက ယူချင်းအား တစ်ဖက်လူကို လျှော့ရိုက်ရန် ပြောနေခြင်းဖြစ်သည်။
“ ဘာ… ” အားလုံးက ဆွံ့အ သွားကြသည်။
သည်လူနှစ်ယောက်ကား လွန်ကဲ သွားလေပြီ။
စိန်ခေါ်ရန် ထွက်လာသော လူငယ်၏မျက်နှာက သုန်မှုန်နေသည်။ သူကား မည်သို့ဆိုစေ တော်ဝင် လမ်းသားတော်ဖြစ်ရန် လျှာထားခံရသူ တစ်ယောက်ဖြစ်သည်။ သူသာ ပြည်နယ်ကိုးခု ညီလာခံ မတိုင်မီ ရှီအဆင့်သို့ မတက်လှမ်းခဲ့ပါက သူကလည်း ညီလာခံ၌ ပါဝင်ဖြစ်ပေမည်။
“ ကျုပ်ကို လျှော့ပေးစရာ မလိုပါဘူး… အစ်ကိုယူချင်း.. ” ကျောင်းတော်သားက သုန်မှုန်စွာ ပြောသည်။
ယူချင်းက သူ့အား ကြည့်လျှင် တစ်ဖက်လူ၏မျက်လုံးထဲ၌ ဆုံးဖြတ်ချက် ပြတ်သားသော ဟန်ပင်အား မြင်တွေ့ရသည်။ ယူချင်းက ခေါင်းညိတ်သည်… “ ကောင်းပြီ… ”
သူက ထိုသို့ပြောပြီးသည်နှင့် ရှေ့ကို တက်လာရာ မြေပြင်က တုန်ခါ သွားသည်။ ယူချင်းက သားရိုင်းတစ်ကောင်လို့ လက်သီးတစ်ချက် လှမ်းထိုးလိုက်သည်ကို ကျောင်းတော်သားက မြင်သည်။ လေထုမှ ကြောက်မက်ဖွယ် အရှိန်အဝါများ ပြည့်နှက်သွားကာ ကြီးမားသော ဖိအားတစ်ခု ဖြစ်ပေါ်လာသည်။
ကျောင်းတော်သားက သူ၏ သက်စောင့်ဝိညာဉ်၊ လောကဓာတ်နှင့် အရာအားလုံးကို အသုံးပြုပါသော်လည်း လက်သီးတစ်ချက်တွင်ပင် သူကား အဝေးကို လွင့်စဉ်သွားပြီး ပါးစပ်မှ သွေးများ စီးကျလာသည်။
“ ဘာ… ”
အားလုံးက တိတ်ဆိတ်သွားသည်။ မျက်လုံးများစွာက ယူချင်းထံကို ရောက်လာသည်။ သူက ဤသို့ အနိုင်ကျင့်စရာ လိုလို့လား။
ရီဖူရှင်းက မသက်မသာ ခံစားရကာ မြန်ဆန်စွာပင် ရှင်းပြသည်… “ ဒီအကောင်က မွေးကတည်းက ခွန်အားကြီးပြီး ဒါကိုလည်း သိပ်မထိန်းနိုင်ဘူး… ”
“ အဲဒါ အဆင်ပြေတယ်… ” လျူယွန်ကလည်း ဆွံ့အရသည်။
လက်သီးချက်က ထိုသနားစရာ ကောင်လေးအား အချိန်တစ်ခုကြာ စိတ်ဓာတ် ကျသွားစေနိုင်ပေသည်။
ယူချင်းက သူ၏ခေါင်းကို အနည်ငယ် ကုပ်လိုက်ကာ အားလုံးကို ပြောသည်… “ ကျုပ်က ကျောင်းတော်မှာ ရှိနေဦးမှာဆိုတော့ တကယ်လို့ တစ်ယောက်ယောက်က လက်ရည်စမ်းချင်ရင် ကျုပ်ကလည်း အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ တိုက်ခိုက်ပေးပါ့မယ်… ”
“ အဟမ်း… ”
ရီဖူရှင်းက ယူချင်းအား ဒေါသတကြီး ကြည့်သည်။ သည်ခွေးကောင်ကား သူ့ကို တမင် လက်စား ချေနေဟန်ရသည်။
ပြည်နယ် ကိုးခုကျောင်းတော်မှ လူများက ဆွံ့အရသည်။ အချို့သော ခေါင်းမာသော ကျောင်းသားများကလည်း ယူချင်းအား ဆက်လက် စိန်ခေါ်ကြသော်လည်း လက်သီးတစ်ချက်တွင်ပင် ရှုံးနိမ့်ကြရသည်။
ဤတွင် မည်သူမှ ထပ်ထွက်မလာတော့။
ယူချင်းထံတွင် မည်သူမှ လက်သီးတစ်ချက်ထက် ပိုခုခံနိုင်သူ မရှိခဲ့ပေ။
အချို့က လျူကျောင်းကို စိန်ခေါ်ကြသည်။ လျူကျောင်းကလည်း လက်ခံတိုက်ခိုက်ကာ သူသည်လည်း ပြိုင်ဘက်ကင်းသည်ဟုပင် ပြောနိုင်သည်။ မည်သူမှ သူ့အား တန်ခိုးအဆင့်တူအတွင် မယှဉ်နိုင်ကြပေ။
ချိန်ယွန် အဆောင်၏ လက်ရည်စမ်းပွဲက သိပ်မကြာခင် ပြီးဆုံးသွားသည်။ ယူချင်း၊ ရီဖူရှင်းနှင် လျူကျောင်းတို့က တစ်ပွဲမှ မရှုံးနိမ့်ခဲ့ကြပေ။ ကျောက်ရာကလည်း ပွဲအတော်များများ အနိုင်ရပြီး ကျောက်ယိုမူကား တစ်ပွဲ ရှုံးနိမ့်ခဲ့သည်။ သို့သော်လည်း တွမ့်ချိန်ဟေးကဲ့သို့ တော်ဝင်လမ်း သားတော် တစ်ယောက်က လာရောက် စိန်ခေါ်ခြင်းမျိုး မရှိတော့ပေ။
ထို့နောက်တွင် လျူယွန်က သူ၏ ဧည့်သည်များ အတွက် ညစာစားပွဲတစ်ခု စီစဉ်ပေးခဲ့သည်။ တော်ဝင် မြေသုံးခုမှ လူများက ပြည်နယ်ကိုးခု ကျောင်းတော်တွင် အချိန်တစ်ခုကြာ နေထိုင်ကြမည်ဖြစ်သည်။
…
ချိန်ယွန်ကျောင်းတော်မှ ဖြစ်ခဲ့သည်များမှာလည်း မကြာခင် ကျောင်းတော် တစ်ခုလုံး ပျံ့နှံ့သွားသည်။
ကျောင်တော်မှ လူတိုင်းက ထိုအကြောင်းကို ပြောကြရာတွင် အများဆုံး ပြောဆိုသည်က ရီဖူရှင်း၏ အကြောင်းဖြစ်သည်။
ပြည်နယ်ကိုးခုကို မုန်တိုင်း ထန်စေသော တော်ဝင်ကျဲနန်းတော် သခင်ကား ယခု ကျောင်းတော်တွင် ရှိနေသည်။ ထို့အပြင် ပြည်နယ်ကိုးခု ညီလာခံ၏ ပထမဆုရှင်ယူချင်း၊ ရှီဟွာတောင်မှ နာမည် ကျော်လျူ ကျောင်းတို့မှာလည်း ကျောင်းတော်၌ ရှိသည်။
ကြည့်ရသည်မှာ ကျောင်းတော်၏ငြိမ်းချမ်းသော နေ့ရက်များ ကုန်ဆုံး သွားဟန်ရသည်။
ချိန်ယွန် အဆောင်၏ တပည့်အများစုမှာ စိန်ခေါ်ပွဲများ၌ ရှုံးနိမ့်ခဲ့ရသလို ထိုအထဲတွင် ရီဖူရှင်းကို ရှုံးနိမ့်ခဲ့သော တော်ဝင်လမ်း သားတော်တစ်ပါးလည်း ပါသည်။ တခြားသော ကျောင်းတော်၏ တော်ဝင်လမ်း သားတော်များက မည်သို့ တွေးကြမည်နည်း။
ထိုအခိုက်တွင် လူငယ်တစ်ယောက်က ကျောင်းတော်ထဲတွင် တစ်စုံတစ်ခုအား ထွင်းထုနေသည်။ သူကား လက်ရာကောင်း တစ်ခုကို ဖန်တီးနေသည့် အလား အလွန်အမင်း အာရုံစိုက် နေဟန်ရသည်။ ထိုစဉ် တစ်ယောက်က သူ့အနီးကို ရောက်လာကာ ပြောသည်… “ ကျောင်းတော်မှာ အခု ထူးခြားတာ နည်းနည်းရှိတယ်… မင်းသိချင်လား… ”
လူငယ်က ဘာမှ မပြောပေ။ သူ၏အလုပ်ကိုသာ တိတ်တဆိတ် လုပ်နေသည်။
တစ်ဖက်လူက ဆက်ပြောသည်… “ အခုတလော နာမည်ကျော်လာတဲ့ တော်ဝင်ကျဲနန်းတော် ခေါင်းဆောင်ရီဖူရှင်း၊ ပြည်နယ်ကိုးခု ညီလာခံရဲ့ ပထမယူချင်းနဲ့ ရှီဟွာတောင်က လျူကျောင်းတို့က အခုကျောင်းတော်ကို ရောက်နေတယ်… ”
လူငယ်က လျစ်လျူရှုထားသည်။
“ ချိန်ယွန်အဆောင်မှာ တပည့်တွေ အများကြီးက သူတို့နဲ့ စိန်ခေါ် တိုက်ခိုက်ခဲ့ကြပေမဲ့ အများစုက ရှုံးနိမ့်ခဲ့ကြတယ်… တွမ့်ချိန်ဟေး ကိုယ်တိုင်တောင်မှ ရီဖူရှင်းဆီမှာ ရှုံးနိမ့်ခဲ့တယ်… မင်းက စိတ်မဝင်စားဘူး ဆိုတာ သေချာလို့လား… ”
လူငယ်ကား ပြည်နယ်ကိုးခု ကျောင်းတော်၏ ထိပ်သီးပါရီရှင် တစ်ယောက်ဖြစ်သည်။ သူကဲ့သို့သော စွမ်းရည်ကို ပိုင်ဆိုင်ထားသူမှာ တစ်ယောက်စ နှစ်ယောက်စသာ ရှိပေသည်။
“ ရီဖူရှင်းက မရဏဝင်္ကပါကို အသက်သွင်းပြီး ရှန့်ထိုတစ်ပါးကို သတ်ဖြတ်ခဲ့တယ်… သူက မြေရိုင်းပြည်နယ်ကို အင်အားကြီးလာအောင် တဖြည်းဖြည်း လုပ်နိုင်ခဲ့တယ်… သူ့လက်အောက်မှာ မြေရိုင်းပြည်နယ်က ပိုပြီး စုစည်းလာခဲ့တယ်… တွမ့်ချိန်ဟေးက အားကောင်းတယ် ဆိုပေမဲ့ သူက မောက်မာလွန်းတယ်… သူက ရှုံးသွားတယ် ဆိုတာ မဆန်းပါဘူး… ”
လူငယ်က လုပ်လက်စကို ရပ်လိုက်ကာ ပြောသည်... “ဒါက ဘာစိတ်ဝင်စားစရာ ရှိလို့လဲ… ”
စကားလာပြောသူက အံ့အားသင့်သွားကာ ထပ်ပြောသည်… “ ဒါဆို မင်းက ဖြစ်ပျက်နေသမျှကို သိတာပဲ… ဒါပေမဲ့ မင်းက ရီဖူရှင်းအပေါ် ဒီလောက် အမြင်တွေ ကောင်းတာတောင်မှ ဘာမှ စိတ်ဝင်စားဟန် မရပါလား… ”
“ အချိန်ကပဲ အားလုံးကို ဆုံးဖြတ် သွားလိမ့်မယ်… ဒါကပဲ လူငယ်မျိုးဆက် ပါရမီရှင်တွေကို တဖြည်းဖြည်း တိုက်စားသွားလိမ့်မယ်… တကယ့်ထူးချွန်သူက နောက်ဆုံးမှာ ပြည်နယ်ကိုးခုရဲ့ အမြင့်ဆုံးနေရာကို တက်လှမ်းလိမ့်မယ်… ရီဖူရှင်းက ဒီလိုဖြစ်လာမယ် ဆိုရင်တောင်မှ ဒါက ဘာထူးဆန်းလို့လဲ… ”
တစ်ဖက်လူက ခေါင်းယမ်းကာ ပြောသည်… “ မင်း ပြောနေတာကို ငါနားမလည်တော့ဘူး… ”
သူက ခေါင်းယမ်းကာ ထွက်သွားသည်။
…
ယခုကား ရီဖူရှင်းက ခြံဝင်းတစ်ခုထဲတွင် ကု့ချင်း တီးခတ်နေသည်။ သူကား စိတ်ဝိညာဉ်ကို သံစဉ်ဖြင့် လေ့ကျင့်ခြင်းမှာ အလေ့အထ ဖြစ်နေပြီ ဖြစ်သည်။
ကျန်ကျောင်းက သူ့ဘေးတွင် တိတ်ဆိတ်စွာ လာရပ်သည်။ အတန်ကြာလျှင် ရီဖူရှင်းက ကု့ချင်းကို တီးခတ်ခြင်းအား ရပ်လိုက်ပြီး ကျန်ကျောင်းကို မေးသည်… “ ဘယ်လိုလဲ… ”
“ ရှန့်ထိုကျန့်က ဆေးဥယာဉ်ထဲမှာ နေတယ်လို့ သိပေမဲ့ ဘယ်သူမှ သူနဲ့တွေ့ခွင့် မရှိဘူး… သူနဲ့တွေ့ခွင့်ရတာ သူ့တပည့် နှစ်ယောက်ပဲ ရှိမယ်ထင်တယ်… ” ကျန်ကျောင်းက ပြောသည်။
“ ကောင်းပြီ… ” ရီဖူရှင်းက ပြောသည်… “ ငါတို့ မနက်ဖြန် ရှန့်ထိုကျန့်ဆီ သွားတွေ့မယ်… ”
ခြေသံများကြားသည်တွင် ရီဖူရှင်းက လှမ်းကြည့်သည်။ ရောက်လာသူကား ထောင်ကျန်းဖြစ်သည်။
“ ဖူရှင်း… အရာတိုင်းက ကံစီမံရာပဲ… မင်းက သိပ်စိတ်ပူမနေနဲ့… တကယ်လို့ရှန့်ထိုကျန့်က မကူညီချင်ရင်လည်း အတင်းလုပ်ယူစရာမလိုဘူး.. ” ထောင်ကျန်းက ပြောသည်။ ရီဖူရှင်းက လွန်စွာ မျှော်လင့်ထားသည်ကို သူနားလည်သည်။
“ ဟုတ်ကဲ့… ” ရီဖူရှင်းက ပြုံးလျက် ထပ်ပြောသည်… “ ဟုတ်ကဲ့ပါဆရာ… ကျွန်တော်က အရမ်းကြီးတော့ စိတ်ထဲ တထစ်ချ မမှတ်ထားပါဘူး… ဒါပေမယ့် အနည်းဆုံးတော့ ကြိုးစားကြည့်ဖို့ လိုပါတယ်… ရှန့်ထိုဖြစ်ဖို့ ကျွန်တော်တို့က ခြေတစ်လှမ်းပဲ လိုတဲ့အချိန် ဘာမှ မလုပ်ဘဲတော့ ဒါကို ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး.. ဒါက ခက်ခဲတယ် ဆိုပေမဲ့ ဒီအခက်အခဲကိုလည်း ကျော်ဖြတ်ဖို့ အတတ်နိုင်ဆုံးတော့ ကြိုးစားရမှာပဲ… ”
***