ငါ ရောက်ပြီ ... ။
Vol. 149 Ch. 2073
နောက်တစ်နေ့တွင် ဓားစံအိမ်က ဝိညာဉ်ရေးရာ အစီရင်အား ဖွင့်လိုက်သဖြင့် အလင်းတန်းများ ကောင်းကင်ပေါ် ထိုးတက် သွားသည်။
လူပေါင်း များစွာက ကျိုင်းကောင်များ အလား၊ လျှို့ဝှက် ဓားရေကန်ထံ ဦးတည်လာနေ ကြ၏။
ယနေ့သည် လွန်ခဲ့သော သုံးရက်က ဓား ညီလာခံထက် ပို၍ အသက်ဝင်သည်။ သုံးရက် အတွင်း ယဲ့ချင်းရှန်နှင့် ဖုန်ရှောက်ယွီ အကြား တိုက်ပွဲ သတင်းသည် တောင်ပိုင်း နယ်စပ် တစ်လျှောက် ပျံ့နှံ့သွား၏။
ထို့ကြောင့် မြင့်မြတ်မြေ (၁၈) ပါး၏ အမည်ခံ သူတော်စင် အများအပြား အပြေးအလွှား ရောက်ရှိ လာကြသည်။
လူတိုင်းက ရေကန် အလယ်ကို ကြည့်မိသည်။ ဓားတစ်လက် မီးအိုးကြီး ထဲ၌ ထိုးထိုးထောင်ထောင် ဖြစ်နေ၏။ ပတ်ပတ် လည်တွင် ရုပ်တုကြီး ရှစ်ခု ရှိသည်။
၎င်းရုပ်တုများ အနက် ခွန်ပန် ရုပ်တု ပေါ်တွင်၊ လူတစ်ယောက် တရားထိုင် နေ၏။ ယင်းမှာ ဖုန်ရှောက်ယွီ ဖြစ်သည်။
ဖုန်ရှောက်ယွီသည် ဓားမဟာမိတ် အဖွဲ့၌ ယဉ်ကျေးသော လူငယ် တစ်ယောက် ဖြစ်ပြီး သူ တိုက်ပွဲဝင် သည်ကို သိပ် မတွေ့ရချေ။
“ နိဗ္ဗာန်-သတ္တမမြောက် အသွင် ကူးပြောင်းမှုက ... တစ်စုံ တစ်ယောက်က မိုးပြာမူလ အဆင့် အမည်ခံ သူတော်စင်ကို စိန်ခေါ်တာလား၊ အားကျ စရာပဲ။ ”
“ ဒီနေ့ တိုက်ပွဲက လွန်ခဲ့တဲ့ သုံးရက်က တိုက်ပွဲလောက် စိတ်လှုပ်ရှားစရာ မရှိနိုင်ဘူး၊ နောက်ဆုံးတော့ သူတို့ရဲ့ ကျင့်ကြံမှုမှာ ကြီးမားတဲ့ ကွာဟချက် ရှိတယ်။ ”
“ ပြောရခက်တယ် ... ယဲ့ချင်းရှန်က လူမိုက်မဟုတ်ဘူး၊ သူ့မှာ ယုံကြည်ချက် မရှိဘဲ စိန်ခေါ်မယ် ထင်လား။ ”
“ ဟိုမှာ ... ယဲ့ချင်းရှန် လာပြီ။ ”
“ ဝှစ် ... ။ ”
ရုတ်တရက် အလင်းတန်း နှစ်စင်း ပျံဝဲလာပြီး ရင်ပြင်ပေါ် ဆင်းသက် လာသည်။ ၎င်းတို့မှာ မရဏ မိုးကြိုး တောင်ထိပ် သခင်နှင့် ယဲ့ချင်းရှန် ဖြစ်၏။
လင်းယွန်က မြေပြင်ပေါ် ဆင်းသက်ပြီး ဖုန်ရှောက်ယွီထံ ကြည့်သည်။ သူ့ အကြည့်အား အာရုံခံ မိသော၊ ဖုန်ရှောက်ယွီက မျက်လုံးများ ပွင့်လာ၏။
ရက်စက် ကြမ်းကြုတ်မှု အရိပ်အမြွက်ကို ပြသသည့် ဓားအလင်းများ ၎င်းမျက်လုံး များမှ တိုးထွက် လာသည်။
“ ငါမင်းကို စောင့်နေတာ ကြာပြီ ... ။ ”
ဖုန်ရှောက်ယွီမှ စိုက်ကြည့်ကာ ပြောသည်။ တစ်ဖက်လူ၏ ခန္ဓာကိုယ်အတွင်း ခမ်းနားသော သူတော်စင် ရောင်ဝါကို၊ လင်းယွန် ခံစားမိ၏။
ဤရောင်ဝါသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသဖြင့် သက်ပြင်း တစ်ချက် ချလိုက်သည်။
စင်စစ်သော်ကား သူတော်စင် ရောင်ဝါ မည်မျှ တန်ခိုးကြီးမှန်း တွေ့ကြုံဖူးပြီး နိဗ္ဗာန် အဆင့်ဖြင့် အနားကပ် ရန်ပင် မဖြစ်နိုင်ချေ။
တစ်ဖက်တွင် ဖုန်ရှောက်ယွီသည် စိုးရိမ်ပူပန်မှု မရှိဘဲ၊ တိုက်ပွဲ ရလဒ်ကို ဆုံးဖြတ် ထားပြီး ဖြစ်နေသည်။
ပန်းသင်္ချိုင်းက တုန်ခါ လာတော့၏။ ကြောက်မက်ဖွယ် ပြိုင်ဘက်အား ရင်ဆိုင်နေရ သဖြင့်၊ ဖိအားများ ခံစားလိုက်ရ သလိုပင်။
ပန်းသင်္ချိုင်းသည် စကား မပြောနိုင် သော်လည်း လင်းယွန်နှင့် လက်တွဲ ပြီးနောက်၊ အတွေးများကို ခံစားနိုင်၏။
“ ငါ ရောက်ပြီ။ ”
လင်းယွန်က ပြုံးလိုက်သည်။ ပန်းသင်္ချိုင်း မှလည်း ပြင်းစွာ တုန်ခါလျက် တိုက်ခိုက်ဝင် စွမ်းအားများကို စုစည်း နေ၏။
“ သတိထားပါ ... ၊ ငါ ပြောခဲ့တာတွေကို မမေ့နဲ့ ... ။ ”
မရဏ မိုးကြိုး တောင်ထိပ် သခင်မှ သတိပေး စကား ပြောကြားကာ ထိုင်ခုံများ ထံသို့ ပျံတက် သွားတော့သည်။
“ စိတ်မပူပါနဲ့ ... အနား ယူပါ။ ”
လင်းယွန်က ခေါင်းညိတ်၏။ ပြီး လက်နှစ်ဖက်ကို ဆန့်ခွဲကာ ရေကန်ပေါ်သို့ ဆင်းသက် လိုက်သည်။
“ ဒီလူက တကယ် သေရဲတယ်။ ”
ဖုန်ရှန့်လင်မှ မကျေမနပ် မျက်နှာနှင့် နန်းတော် လက်ရန်းကို ရိုက်ချပစ် လိုက်သည်။ ပြိုင်ဘက်သည် သူ့ဓားစံအိမ်ကို ခက်ခဲသော အနေအထားသို့ တွန်းပို့ခဲ့၏။
အကယ်၍သာ ယနေ့တွင် ဖုန်ရှောက်ယွီ ရှုံးနိမ့် သွားသော်၊ အကျိုးဆက်အား မတွေးရဲ တော့ချေ။
“ စိတ်မပူပါနဲ့ ... သူ့မှာ အခွင့်အရေး မရှိပါဘူး၊ ဝှက်ဖဲ ဘယ်လောက် ရှိရှိ ... ဒီနေ့ သူရှုံးလိမ့်မယ်၊ နောင်တရဖို့ ... အခွင့်အရေး တောင် မရှိစေရဘူး။ ”
ကျောက်ဝူကျိမှ ပြုံးကာ နှစ်သိမ့်၏။ ဖုန်မိသားစု အကြီးအကဲများ အားလုံး ရောက်ရှိနေပြီး စံအိမ်သခင် ဖုန်ဝူကျိပင် ရှိနေသည်။
သို့သော် ဖုန်ဝူကျိက တိုက်ပွဲ ရလဒ်ကို စိတ်မဝင်စား သကဲ့သို့ အမူအရာ တည်ငြိမ် အေးစက် နေ၏။
“ ဝှစ် ... ။ ”
ဖုန်ရှောက်ယွီက ခွန်ပန် ရုပ်တုပေါ်မှ ခုန်ဆင်းကာ လင်းယွန်ရှေ့ မီတာ တစ်ရာသို့ ပြေးလွှား လာသည်။
သူ၏ ခမ်းနားသော သူတော်စင် ရောင်ဝါများအား ထုတ်ဖော်လျက် လူတိုင်းကို ဖိအားများ ပေးစွမ်းတော့၏။
လင်းယွန်မှ အသက် ပြင်းပြင်း ရှူလျက် တည်ငြိမ်အောင် ပြင်ယူလိုက်သည်။
“ ယဲ့ချင်းရှန် ... မင်း အခု လက်လျှော့ဖို့ အခွင့်အရေး ရှိသေးတယ်၊ မဟုတ်ရင် မင်းရဲ့ အသက်ကို ကယ်ဖို့ ... အချိန်မီ လိုက်မှာ မဟုတ်ဘူး။ ”
“ စကား မများနဲ့ ... ဒီတိုက်ပွဲကို ငါ အနိုင်ရမှာ၊ ဒါပေမယ့် ငါ့ပန်းတိုင်က ဒေါသအိုး ယူဖို့ပဲ ဖြစ်တဲ့အတွက်၊ မင်းရဲ့ အသက်ကိုတော့ ချမ်းသာပေး လိုက်မယ်။ ”
လင်းယွန်မှ တုန်ပြန် ပြောကြား လိုက်၏။ ထိုစကားကို ကြားသော အခါတွင် ပတ်ဝန်းကျင် တစ်ခုလုံး ရုန်းရင်းဆန်ခတ် ဖြစ်ကုန်သည်။
“ ဟား ဟား ဟား ... ယဲ့ချင်းရှန်၊ မင်းက မျှော်လင့်ထား သလို ပါပဲ၊ တကယ့်ကို မိုက်မဲပြီး မောက်မာလွန်းတယ်၊ လွန်ခဲ့တဲ့ သုံးရက်က ထက်တောင် ပိုမိုက်မဲနေ သေးတယ်။ ”
ဖုန်ရှောက်ယွီမှ ရယ်၏။ သူ့ ဘယ်ဘက် လက်ကောက်ဝတ်ကို ညာလက်ဖြင့် ဆုပ်ကိုင် လိုက်သည်။
လက်ချောင်းများက အသားထဲ နစ်ဝင်သွားကာ အရိုးကို နှိုက်ယူနေ သကဲ့သို့ လက်မောင်း တစ်လျှောက် ပုံပျက်လာ၏။
“ ဝှစ် ... ။ ”
ယင်းသည် ဖြူစင်ပြီး လှပသော ကျောက်စိမ်းတုံး ကဲ့သို့ အလျား ခြောက်ပေခွဲနှင့် အရိုးအတတ် စုစုပေါင်း ဆယ့်ရှစ်ခု ပါရှိသည့် အရိုးဓား တစ်လက် ထွက်လာသည်။
ထိုအရိုးဓားမှ သိပ်သည်းလှသော သူတော်စင် ရောင်ဝါနှင့် နဂါး ရောင်ဝါများ ထုတ်လွှတ် လာ၏။
အရိုးပေါ်တွင် သွေးကြိုး တစ်ချောင်း ပါရှိသည်။ ၎င်းသည် ကြောက်စရာ ကောင်း လောက်အောင် နီရဲနေ၏။
“ ရွှပ် ... ။ ”
ဓားအား လွှဲလိုက်ရာ နှင်းပွင့်များ ကောင်းကင်မှ ကြွေကျလာသည်။ အနီးကပ် ကြည့်သော် ၎င်းနှင်းပွင့် များသည် မီးလျှံများ ဖြစ်နေ၏။
ဖုန်ရှောက်ယွီက အရိုးဓားကို ပွတ်သပ်လျက်၊
“ ဒီဓားကို သူတော်စင် နတ်ဆိုး သားရဲ ကျောရိုးနဲ့ သွန်းလုပ် ထားတယ်၊ အဲဒီ နတ်ဆိုး သားရဲက နတ်နဂါး သွေးကို ပိုင်ဆိုင်ထားပြီး၊ ...
... မြေမီးတောက်နဲ့ ကောင်းကင် မီးတောက်က သူ့နဂါး ဝိညာဉ်ကို ထိန်းသိမ်း ပေးခဲ့တယ်၊ ဒါမှ သူတော်စင်ဓား စင်စစ်ပဲ၊ သူ့ အမည်က မိုးကြိုး မီးတောက်။ ”
-ဟု ရှည်လျားစွာ မိတ်ဆက် လာ၏။
ရိုးရှင်းစွာ ဆိုရသော် ဤသည်မှာ ဘုန်းသူတော်စင် နှစ်ပါး လက်ရာ ဖြစ်ပြီး၊ မီးနှင့် ရေခဲ ဂုဏ်ရည်များ ပါရှိသည်။
အလွန် ကောင်းမွန်သော ဓားဟု ယူဆ နိုင်သည်။
“ ဒါပေမယ့် လူအများစု ကတော့ ... အရိုးနဂါးဓားလို့ သိထား ကြတယ်၊ အမည်ခံ သူတော်စင် (၁၃)ယောက်ကို ... ဒီဓားနဲ့ ငါ သတ်ခဲ့တယ်၊ ...
... လွန်ခဲ့တဲ့ သုံးရက်က ... မင်းသာ ကောင်းကင်ခွဲသူကို မချိုးခဲ့ရင် သူ့ကို ရင်ဆိုင်ဖို့ ဓားရှိလိမ့်မယ်၊ အခုတော့ ... ။ ”
“ မလိုပါဘူး၊ ငါ့ဓားနဲ့ လုံလောက်ပါတယ်။ ”
“ ဟား ဟား ဟား ... ဘာလဲ၊ ဒီနာမည် မရှိတဲ့ ဓားနဲ့လား။ ”
ဖုန်ရှောက်ယွီက ပန်းသင်္ချိုင်း ဓားအား အထင်အမြင် သေးစွာဖြင့် လှောင်ပြောင်သည်။ အရိုးနဂါးဓားက အအေးဓာတ် ထုတ်လွှတ်ကာ ပန်းသင်္ချိုင်းအား ရန်စလာ၏။
ပန်းသင်္ချိုင်း မှလည်း ပြိုးပြက် လင်းလက် အေးစက်နေသော အဆင်း သဏ္ဍာန်ကို ပြန်၍ ထုတ်လွှတ်ကာ၊ အမည်မဲ့ဓား မဟုတ်ကြောင်း ကြေငြာတော့သည်။
“ သွေးသန့်စင်ခြင်း ရောင်ခြည်။ ”
ဖုန်ရှောက်ယွီမှ သူ့ဓားကို ပြင်းစွာ လွှဲလိုက်၏။ ဓားပေါ်ရှိ သွေးကြိုး နိုးထလာကာ အေးစက်စက် ဓားရောင်ဝါက ကြက်သွေးရောင် အဖြစ် ပေါ်လွင်လာသည်။
ကြက်သွေးရောင် တိမ်မြူများ ဆယ်မိုင် အတွင်း ပြည့်နှက်ကုန်၏။ ယင်းသည် ဓားစံအိမ် အမွေ ဖြစ်သည်။ သွေးသန့်စင်ခြင်းဓား အဖြစ် အမည်တွင်၏။
၎င်းသည် တစ္ဆေဝိညာဉ် ပညာရပ် ဖြစ်ကာ၊ အခြားသော တစ္ဆေဝိညာဉ် ပညာရပ် များထက်၊ အဆပေါင်း များစွာ ထက်ရှသည်။
သူနှင့်အတူ ပါရှိသော စွမ်းအင်ကျင့်ကြံမှု နည်းစနစ်ဖြင့် ပေါင်းစပ် အကောင်အထည် ဖော် ပါက၊ စွမ်းအားသည် တစ္ဆေဝိညာဉ် ပညာရပ် အဆင့်ကို ကျော်လွန်သွားမည် ဖြစ်သည်။
“ ဖုန်ရှောက်ယွီ တစ်ယောက် ဘာလို့ ဒီလောက်တောင် ယုံကြည်မှု ရှိနေရ တာလဲ ဆိုတာ အံ့သြစရာ မရှိတော့ပါဘူး။ ”
“ အရိုး နဂါးဓားကို ... သေွးသန့်စင်ခြင်း ဓားပညာနဲ့ တွဲသုံးမှတော့ အမည်ခံ သူတော်စင် နယ်ပယ် အောက်က ဘယ်သူမှ ခံနိုင်တော့မှာ မဟုတ်ဘူး။ ”
“ စံအိမ် သခင်ငယ်ရဲ့ ခွန်အားက ... တကယ်ကို အံ့သြဖို့ ကောင်းတယ်၊ ငါသာဆိုရင် နိဗ္ဗာန် အဆင့်နဲ့ ဒီဓားကို ခံနိုင်မှာ မဟုတ်ဘူး။ ”
“ ယဲ့ချင်းရှန် ... ဘယ်နှစ်ချက် တားနိုင်မလဲ ငါ သိချင်တယ်။ ”
ဖုန်ကျန့်လင်မှ ပြောသည်။
“ ဟား ဟား ဟား ... ဓားသုံးချက် ဟန့်တားနိုင်ရင်ပဲ ... ခွန်လွန်မှာ သူ့နာမည် ပျံ့နှံ့ဖို့ လုံလောက်နေပြီ။ ”
ကျောက်ဝူကျိမှ လှောင်ပြောင် ဖြေကြား လာသည်။ နန်းတော်ရှိ လူတိုင်း ဖုန်ရှောက်ယွီ တိုက်ခိုက်မှုသည် မည်မျှ ကြောက်စရာ ကောင်းသည်ကို သိ၏။
စောင့်ကြည့်ရေး စင်မြင့်မှ ဉာဏ်ကြီးရှင်များ သည်ပင်၊ တုန်လှုပ် ချောက်ချားဖွယ်ရာ ဖိအား များကို ခံစားနေရသည်။
ထိုအချိန်၌ လင်းယွန် ထံမှ ငွေရောင် အဆင်းများ တောက်ပလာကာ၊ မိုးပြာ နဂါး ဓားနှလုံးသား အသက်ဝင်လာ၏။
“ တိုက် ... ။ ”
လင်းယွန်က သူ့လက်ချောင်း များကို ပွတ်ဆွဲကာ၊ မိုးပြာ နဂါး ဓားနှလုံးသားအား ပန်းသင်္ချိုင်းနှင့် ပေါင်းလျက်၊ ဖုန်ရှောက်ယွီထံ လှမ်းထိုး လိုက်သည်။
သွေးသန့်စင်ခြင်း ဓားပညာသည် အလွန် အစွမ်းထက်၏။ သို့သော် သူ့ဓားနှလုံးသားဖြင့်၊ ဟာကွက်များကို မြင်နိုင်သည်။
“ ဝှစ် ... ။ ”
ပန်းသင်္ချိုင်းက တစ္ဆေဘုရင်၏ နှလုံးသား ထဲသို့ ထိုးဖောက် ဝင်ရောက် သွားသော အခါ၊ ဓားပညာ အားနည်းချက်က ထင်ရှားလာ၏။
တစ္ဆေဘုရင် ခမျာ အလွယ်တကူ ဓားဖြင့် အထိုးခံရပြီး၊ နှင်းပွင့်များ အဖြစ်သို့ လွင့်ပါးသွား လေသည်။
သူ့ဖြစ်စဉ် တစ္ဆေဘုရင်အား ဖျက်ဆီးခံရ ပြီးနောက်၊ သူတော်စင် တံဆိပ်ကို ဖွဲ့စည်းကာ ပန်းသင်္ချိုင်းအား ဖမ်းရန် ဖုန်ရှောက်ယွီမှ ကြိုးစား၏။
ပန်းသင်္ချိုင်း ထံမှ နဂါး ရောင်ဝါများ ဖြာထွက်လျက်၊ အရိုးနဂါးဓား ရောင်ဝါကို ဖြိုခွင်း တော့သည်။
“ အဲဒါက ... ဝိညာဉ်ရေး အဆင့် ဓားနှလုံးသားပဲ ... ဒီကောင်က တကယ့် ဓားဘီလူး။ ”
သူတော်စင် နယ်ပယ် ဖြင့်ပင် ဓားသမား အများအပြားသည် ဓားနှလုံးသားကို ဆုပ်ကိုင် မထားနိုင် ကြချေ။
ယဲ့ချင်းရှန် မှာမူ နိဗ္ဗာန်အဆင့်၌ ဓားနှလုံးသားကို ဆုပ်ကိုင် နိုင်သည်သာ မက၊ ဝိညာဉ် အဆင့်သို့ပင် ရောက်ရှိနေ၏။
“ ရှေးဦးခေတ်က ပါရမီရှင် တွေတောင် သူ့အဆင့်ကို မမီမှာ ကြောက်မိတယ်။ ”
“ ယဲ့ချင်းရှန်မှာ ယုံကြည်မှု ရှိနေတာလဲ မပြောနဲ့ ... ၊ လွန်ခဲ့တဲ့ သုံးရက်က ထက်တောင် သူ ပိုသန်မာ နေတယ်၊ အဲဒီတုန်းက သူ့စွမ်းအား တစ်ဝက်တောင် ... အသုံးချခဲ့ပုံ မရဘူး။ ”
ဓားသမားတိုင်း၏ ဆန္ဒသည် ဓားနှလုံးသားကို ဝိညာဉ် အဆင့်သို့ ရောက်ရှိရန် ဖြစ်သည်။
အသက်ကြီးသော ဓားသမား အများစုသည် ဓားနှလုံးသားကို ဆုပ်ကိုင် ထားနိုင် သော်လည်း ဝိညာဉ် အဆင့်သို့ မရောက်ကြချေ။
“ သတ်ဖြတ်ခြင်း တစ္ဆေဘုရင်။ ”
ဖုန်ရှောက်ယွီက သူတော်စင် ရောင်ဝါအား၊ အရိုးနဂါး ဓား၌ ပေါင်းစပ်လျက် ပန်းသင်္ချိုင်းကို ရိုက်ထုတ် လိုက်သည်။
“ ချွင် ... ။ ”
ပန်းသင်္ချိုင်း လွင့်ထွက် သွားသည်နှင့် ဖုန်ရှောက်ယွီမှ ခြေတစ်လှမ်း တိုးကာ လင်းယွန် အထက်သို့ လှမ်းတက် လိုက်၏။
“ ဒီဓားက မင်းကိုသတ်ဖို့ လုံလောက်တယ်၊ သွေးသန့်စင်ခြင်း ဓား ... ။ ”
အချိန်မဖြုန်း တော့ဘဲ၊ လက်နက်မဲ့ ဖြစ်သွားသော ယဲ့ချင်းရှန်အား ခုတ်ပိုင်းချ လိုက်၏။
ပန်းသင်္ချိုင်း မရှိသော် လင်းယွန်သည် သူ့ဓားအား တားဆီး နိုင်လိမ့်မည် မဟုတ်ဟု ယုံကြည်သည်။
၎င်းတိုက်ခိုက်မှုမှာ မြန်ဆန်လွန်းသဖြင့်၊ လူတိုင်း၏ မျက်နှာများ ဖြူရော် လာကုန်သည်။ တိုက်ပွဲ ပြီးဆုံးသွားပြီ ဖြစ်၏။
အမည်ခံ သူတော်စင် တစ်ပါးနှင့် ရင်ဆိုင် တိုက်ခိုက်ရန် ယဲ့ချင်းရှန်မှာ နုငယ်လွန်း ချေပြီ။ သို့သော် ထိုအချိန်၌ ထက်ရှသော ဓားတစ်လက် လင်းယွန်ထံမှ ပေါက်ကွဲ ထွက်လာ၏။
၎င်းသည် ဦးခေါင်း အထက်၌ ကြယ်ကြီး တစ်ပွင့် အဖြစ် ဖွဲ့တည်လာသည်။ မိုင်တစ်ရာ အတွင်းရှိ ဓားအားလုံး တုန်ယင်ကုန်၏။
အဆုံးတွင် ဓားပေါင်း များစွာက ယဲ့ချင်းရှန်၏ ဦးတည်ရာသို့ ပျံသန်း လာကြ တော့သည်။
“ ဘာတွေ ဖြစ်နေ တာလဲ။ ”
“ ငါ့ဓား ... ။ ”
ဓားသမားများမှာ သူတို့ လက်နက်ကို ထိန်းချုပ်နိုင်စွမ်းများ ဆုံးရှုံး ကုန်သဖြင့် ရှက်ရွံ့ ကုန်တော့၏။
“ ဝှစ် ... ။ ”
သူတော်စင် ဓားများစွာက ပျံဝဲလျက် သူတို့၏ ဘုရင်အား အရိုအသေ ပေးနေသကဲ့ လင်းယွန်ကို ဦးခိုက် နေသည်။
လူတိုင်း ထိတ်လန့်စွာဖြင့် ယဲ့ချင်းရှန် ခေါင်းထက်မှ တောက်ပနေသော ကြယ်ကြီးကို ကြည့်လိုက် မိသည်။
ကြယ်အတွင်းမှ မဟာ နေမင်း၏ အနှစ်သာရမျိုး ခံစား လိုက်ရ၏။ ဤသည်မှာ မဟာ နေမင်း ကြယ်ဓား ဖြစ်ချေပြီ။
***