နိုင်ပွဲ ... ။
Vol. 149 Ch. 2078
ဖျက်ဆီးခြင်း သားရဲ ရှစ်ကောင်က ဒူးထောက် လိုက်သဖြင့် ရေကန် တစ်ခုလုံး တုန်ခါသွားသည်။
ဤသည်မှာ ထိတ်လန့်ဖွယ် ကောင်းသော မြင်ကွင်းမျိုး ဖြစ်ပြီး ဓားမဟာမိတ် အဖွဲ့ဝင်များ အားလုံး အံသြသွား ကုန်၏။
“ ဒါ ... ။ ”
“ ဘာဖြစ် တာလဲ ... ဖျက်ဆီးခြင်း သားရဲ ရှစ်ကောင်က ဘာလို့ ဒူးထောက် သွားတာလဲ။ ”
လူတိုင်း ဦးရေပြားများ ယားယံလျက် ဖြစ်ပျက် နေသည်များကို နားမလည်နိုင် ဖြစ် လာသည်။
ကူဇီကျန် ကဲ့သို့ တစ်စုံ တစ်ယောက် သည်ပင် တုန်လှုပ်ပြီး ပါးစပ် အဟောင်းသား ပွင့်သွား၏။
“ မဖြစ်နိုင်ဘူး ... ၊ ဒီကောင်က ငါ့ဖုန်မိသားစုရဲ့ လျှို့ဝှက် ပညာရပ်ကို ဘယ်လိုလုပ် နားလည် မှာလဲ။ ”
ဖုန်ဝူကျိ မျက်နှာ ပြောင်းလဲလျက် စိတ်လှုပ်ရှား လာတော့သည်။ ဖုန်ယွီက သတိ ဝင်လာပြီး သူမလက်ကို ဖုန်ဝူကျိ ပခုံးပေါ် တင်လိုက်၏။
တောင်ကြီးတစ်လုံး ကျဆင်းလာသည့် အလား၊ နန်းတော် တစ်ခုလုံး တုန်ယင်သွားကာ လူတိုင်း စိတ်မသက်မသာ ဖြစ်လာသည်။
တစ်ချိန်တည်း မှာပင် လှုပ်ရှားရန် အတေွးဝင်နေ မိသော ဖုန်ဝူကျိ တစ်ယောက် ငြိမ်သက် သွားရ၏။
“ တတိယ ညီမ ... မင်းရှုပ်ရမဲ့ အချိန် မဟုတ်ဘူး။ ”
ဖုန်ဝူကျိက ဖုန်ယွီအား ပြောကြား လိုက်သည်။ သို့သော် ဖုန်ယွီမှ သူ့အား လျစ်လျူရှု ထား၏။
ထိုအချိန်တွင် ဖုန်ရှောက်ယွီသည် ကမ္ဘာဦး ဖျက်ဆီးခြင်း သားရဲ ရှစ်ကောင်ကို ထိန်းချုပ်ရန် အစွမ်းကုန် ကြိုးပမ်းနေသည်။
မည်သို့ပင် ကြိုးစားစေကာမူ၊ သားရဲ ရှစ်ကောင်အား ပြန်လည် ထိန်းချုပ်နိုင်ခြင်း မရှိတော့ချေ။
“ အစ်ကိုကြီး ... မင်းဘာလုပ်ဖို့ ကြိုးစား နေတာလဲ၊ ဒါက ... တရားဝင် စိန်ခေါ်ပွဲ တစ်ပွဲပဲ၊ အဘိုးကြီး ရောက်လာရင် တောင်မှ ... ဒီနေ့ ယဲ့ချင်းရှန်ကို ထိလို့မရဘူး ထိုင်နေပါ။ ”
ဖုန်ယွီက အေးစက်သော အသွင်ဖြင့် တကြွကြွ ဖြစ်နေသော ဖုန်ဝူကျိကို ထိုင်ခုံပေါ် ဆွဲချ လိုက်သည်။
ဤအခင်း အကျင်းတွင် ကူဇီကျန်းနှင့် ကျန်းယွင်ရှင်း တို့က ဖုန်ယွီအား အံ့အားသင့်စွာ လှည့်ကြည့် လိုက်မိ၏။ အမျိုးသမီးသည် ထူးခြားချေပြီ။
“ ဒေါ်လေး ... ။ ”
ဖုန်ရှန့်လင်က သူ့အဒေါ်အား ဖျောင်းဖျရန် ထလာ၏။
“ ပြန် သွား ... ။ ”
ဖုန်ယွီက လွှမ်းမိုးလိုသော အရိပ် အယောင်ကို ထုတ်လွှတ်လျက် သူအား လျစ်လျူရှု လိုက်သည်။
လူအများ ရှေ့တွင် ‘အဒေါ်’ဟု သုံးနှုန်းရန်၊ သားသမီး များကို ဖုန်ဝူကျိမှ မည်သည့် အချိန် ကတည်းက သွန်သင်ထားမှန်း မသိချေ။
“ မင်းအဒေါ် ပြောတာ နားထောင်။ ”
သူကပင် ရည်ညွှန်း နာမ်စားကို ဆက်၍ သုံးနေသဖြင့်၊ ဖုန်ယွီမှ ခွန်အား အနည်းငယ်ခန့် တိုးမြှင့် လိုက်ရာ၊ ဖုန်ဝူကျိ နှုတ်ခမ်းများ တုန်တက် သွားတော့သည်။
“ ပြန်သွား ... ဒီမိန်းကလေးက ငါနဲ့ ကစားနေတာ။ ”
-ဟု ရည်ညွှန်း နာမ်စားအား ပြင်ပြော လိုက်ရ၏။
သို့မှသာ ဖုန်ယွီက ပြုံးလျက် ဖြေလျော့ ပေးလိုက်သည်။ သို့သော် သူမ လက်ဖဝါးကိုမူ ဖုန်ရှောက်ယွီ ပခုံးမှ ရုတ်သိမ်းခြင်း မရှိချေ။
အားလုံးက အဝေးတွင် ချွေးပြန်ကာ တစ်ကိုယ်လုံး တုန်တုန် ယင်ယင် ဖြစ်နေသော ဖုန်ရှောက်ယွီထံ ပြန်ကြည့်မိ၏။
ဤမြင်ကွင်းအရ ကမ္ဘာဦး ဖျက်ဆီးခြင်း သားရဲရှစ်ကောင်ကို ဖုန်ရှောက်ယွီမှ ပြန်လည် ထိန်းချုပ်ရန် အစွမ်းကုန် ကြိုးစား နေ၏။
တစ်ချိန်တည်း မှာပင် လင်းယွန်မှ တစ်စုံတစ်ရာကို ဖော်ထုတ် တွေ့ရှိသွား သကဲ့သို့ ငြိမ်သက် သွားခဲ့သည်။
ယင်းမှာ ဤသားရဲ ရှစ်ကောင်ကို ဆန္ဒ ရှိသလို ထိန်းချုပ် နိုင်သည်ဟု ခံစားရမိခြင်း ဖြစ်သည်။
အထက်ပါ ခံစားချက်မှာ သိုင်းဝိညာဉ် ထံမှလာ၏။ ထိုဓားက ထွက်လာပြီး ကြီးစိုးပြ လိုပုံ ရသည်။
သို့သော် အကြောင်း တစ်ခုခုကြောင့် ၎င်းအား စွမ်းအား တစ်စုံတစ်ရာမှ ပိတ်ဆို့ ဟန့်တား ထားခဲ့သည်။
“ ဘာတွေ ဖြစ်နေတာလဲ ... ။ ”
တံဆိပ်ထံ သွန်းလောင် သမျှသော သူတော်စင် ရောင်ဝါများ ဆုံးရှုံးသွားကြောင်း သတိပြုမိ သဖြင့်၊ ဖုန်ရှောက်ယွီ ခမျာ မသက်မသာ ဖြစ်လာ၏။
“ ဖုန်ရှောက်ယွီ ... မင်းရဲ့ လျှို့ဝှက် နည်းစနစ်က အလုပ်ဖြစ်ပုံ မရပါလား။ ”
လင်းယွန်က လှောင်ပြောင် လိုက်သည်။
“ မာန မကြီးနဲ့ ... မင်းက ငါ့မျက်လုံးထဲမှာ သေလူပဲ၊ ကမ္ဘာဦး ဖျက်ဆီးခြင်း သားရဲ ရှစ်ပါးရဲ့ ပိတ်လှောင်ခြင်း အစီရင်ကို ဘယ်သူမှ ဖြတ်ကျော်နိုင်တာ မဟုတ်ဘူး။ ”
“ ဟား ဟား ဟား ... ။ ”
လင်းယွန်က သူ့လက်မှ သံကြိုးများကို တင်းတင်း ဆုပ်ကိုင်လျက် ရယ်မော လေသည်။
“ ကမ္ဘာဦး ဖျက်ဆီးခြင်း သားရဲ ရှစ်ကောင်၊ ငါ့အမိန့်ကို နာခံပါ။ ”
“ ဝူး ... ။ ”
သူ့အမိန့်သံ အောက်တွင် သားရဲ ရှစ်ကောင်က ထရပ်ကာ ကောင်းကင်ပေါ် ပျံတက် သွားသည်။
ထိုမြင်ကွင်းက ထိတ်လန့်ဖွယ်ရာ ကောင်းလှပြီး လူတိုင်း ဤအရပ်မှ ချက်ချင်း ထွက်ပြေးချင်စိတ် ဝင်လာ၏။
“ ချွင် ... ချွင် ... ။ ”
လင်းယွန် ခန္ဓာကိုယ်ထဲ သံကြိုးများမှ တဆင့် စွမ်းအင်ရှစ်မျိုး စိမ့်ဝင်လာ သောကြောင့် သံကြိုးများ တောက်ပလာသည်။
စွမ်းအင်ရှစ်ပါးက သူ့ခန္ဓာကိုယ်နှင့် ပေါင်းစည်း လိုက်သော အခါတွင်၊ ဒါန်တမ်ထဲရှိ ဓားက တစ်ဝက်တိတိ ပေါ်လွင်လာ၏။
လင်းယွန်မှ ၎င်းအား အပြည့်အဝ ဆွဲထုတ် ကြည့်လို သော်လည်း စွမ်းအား တစ်ခုက ဆက် မလုပ်တော့ရန် တားဆီးလေသည်။
ဓားသည် တုန်ခါလျက် သူ့ညာလက်ရှိ သံကြိုးများ မှတဆင့် စွမ်းအင် (၈)မျိုးကို စုပ်ယူ တော့သည်။
အမြင်အာရုံ မှုန်ဝါးလာကာ၊ သူ့ရှေ့၌ အဖြူဝတ် လူတစ်ယောက်အား ကျောခိုင်းလျက် မြင်လိုက်ရ၏။
သူ့နောက်၌ အပြာရောင် နဂါး တစ်ကောင်နှင့် ညာလက်တွင် ဓားတစ်လက်ကို ကိုင်ဆောင် ထား၏။ ၎င်းက ရုတ်တရက် လှည့်ကြည့် လာသည်။
လှည့်ကြည့်လိုက်သည့် အခိုက်တွင် ပတ်ဝန်းကျင် တစ်ခုလုံး ကြယ်စုံ ကောင်းကင် အဖြစ် ပြောင်းလဲသွား၏။
၎င်းက လင်းယွန်အား ပြုံးပြလေသည်။
“ ဒီဓားရဲ့ အသိအမှတ် ပြုမှုကို တစ်နေ့ မင်းရမယ် ဆိုတာ ငါသိတယ်၊ ကံကြမ္မာတောင် တားလို့ မရဘူး ... ငါ့ဓားမော့က ...
... မင်းဓားကို စောင့်နေတယ်၊ ဒါပေမယ့် ဒီမှာပဲ ရပ်ရအောင်၊ မင်း လောလောဆယ် သူ့ကို မဆွဲနဲ့ဦး။ ”
အဖြူဝတ် လူမှ ပြောကြား လာ၏။ ဤလူအား တစ်ကြိမ်မျှ မမြင်ဖူး သော်လည်း ရင်းနှီးနေသည်ဟု ခံစားမိသည်။
( နဂါးပြာ တစ်ကောင်နှင့် ဓားမော့ တစ်လက်၊ ဒါ နတ်နဂါးခေတ်ကို ထူထောင် ခဲ့တဲ့ နဂါးပြာ ဘိုးဘေးလား။ )
ချက်ချင်းပင် တွေးမိ လာသည်။ သို့သော် ၎င်းနှင့် ရင်းနှီးနေသည် ဟူသော ခံစားချက်မှာ အဓိပ္ပါယ် မရှိလှချေ။
အဖြူဝတ်လူ၏ ပုံရိပ်မှာ တဖြည်းဖြည်း မှုန်ဝါးလာသည်။ ဤကမ္ဘာနှင့် ဆက်သွယ်ချက် အပေါ်၊ အစွမ်းထက်သော အချင်းအရာ တစ်ခုမှ တားဆီး လာပုံရ၏။
“ ခဏ နေပါဦး ... စီနီယာ ဘယ်သူလဲ ပြောပြခဲ့ပါ။ ”
အဖြူဝတ် လူက မှုန်ဝါးလာသော သူ့အသွင်ကို အနည်းငယ် တည်ငြိမ်စေရန် ကြိုးစား နေလျက်မှ လက်နှစ်ဖက်ကို အချင်းချင်း ယှက်ကိုင်ပြီး၊
“ ဟား ဟား ဟား ... ငါတို့ တစ်နေ့ ပြန်ဆုံမယ်၊ အဲဒီအချိန်မှာ ကံကြမ္မာက ငါတို့ကို တားလို့ မရဘူး၊ သတိရပါ ... လောလောဆယ် ဒီဓားကို မဆွဲပါနဲ့၊ ငါ့ဓားမော့က မင်းဓားကို အမြဲ စောင့်နေတယ်။ ”
-ဟု ဖြေကြားကာ လွင့်ပါး ပျောက်ကွယ် သွားတော့သည်။
လင်းယွန် ရှေ့တွင် ဖုန်ရှောက်ယွီ ပြန်ပေါ်လာ၏။ မှုန်ဝါးနေသော မြင်ကွင်းများ ပြတ်ထင်ကာ အိမ်မက်မှ လန့်နိုး သကဲ့သို့ သတိကပ် လာသည်။
လင်းယွန်က သားရဲ ရှစ်ကောင်ကို ထိန်းချုပ်ရန် ကြိုးစားနေသော ဖုန်ရှောက်ယွီထံ လက်သီးနှင့် ထိုးနှက် လိုက်သည်။
“ ဘုန်း ... ။ ”
မရဏ မူလ သူတော်စင် ရောင်ဝါများ ချက်ခြင်း ကွဲကြေလျက် လင်းယွန် လက်က ရင်ဘတ်ပေါ် ကျရောက်သွားသည်။
၎င်းကို တားဆီးလို သော်လည်း မရဏ သူတော်စင် ရောင်ဝါများ အားလုံး ကုန်ဆုံးနေပြီ ဖြစ်သောကြောင့် ဖုန်ရှောက်ယွီ ခမျာ အံကြိတ် ခံယူလိုက် ရ၏။
“ အွတ် ... ။ ”
သူ့ရင်ဘတ်၌ ရွှေတံဆိပ် တစ်ခု ပြိုးပြက် တောက်ပလာပြီး သူ့အသက်အား ကယ်တင် လိုက်သည်။
ဤအရာက သူ့အား ဒေါသထွက် စေသော်လည်း ရှေးဟောင်း တံဆိပ်ထံ ငုံကြည့် လိုက်ကာ စိတ်ပျက်သွားသည်။
သည်ပွဲအတွင်း သူ လုပ်နိုင်သည်များ မရှိတော့ချေ။ အရာအားလုံး မြန်ဆန်လွန်းကာ အသက် တစ်ရှိုက်စာအတွင်း ဖြစ်ပျက်ခဲ့၏။
အထူးသဖြင့် သူတို့ သခင်ငယ်သည် ဤမျှ ဆိုးရွားစွာ ရှုံးနိမ့်ခဲ့ရသည်ကို ဓားစံအိမ်မှ လူများ နားမလည် နိုင်တော့ချေ။
“ ငါ ရှုံးတယ် ... ။ ”
ဖုန်ရှောက်ယွီက ရေမျက်နှာပြင် ပေါ်၌ အားယူ ထရပ်ရန် ကြိုးစားလိုက် သော်လည်း ပြိုလဲ သွားရသည်။
ဤပွဲတွင် ရှုံးနိမ့် လိမ့်မည်ဟု ယောင်၍ပင် မတွေးဖူးချေ။ ယဲ့ချင်းရှန်သည် သာလွန် ထူးခြား သည်ကို သတိပြု မိ၏။
အရည်အချင်း အရ ၎င်းအား မယှဉ်နိုင် သော်လည်း ဓားစံအိမ် သခင်ငယ် တစ်ယောက် အနေဖြင့် အနိုင်ယူရန် နည်းလမ်းများ ရှိရ မည်ဟု ခံစားနေရဆဲ ဖြစ်သည်။
“ သခင် ... ။ ”
လင်းယွန်က လက်လွှတ် လိုက်သော အခါတွင် သံကြိုးများက သားရဲရှစ်ကောင် ဆီသို့ ပြန်သွားကာ၊ သူ့ထံ ဦးညွှတ်လာ၏။
“ ဝှစ် ... ။”
ထို့နောက် ရှေးဟောင်း ရွှေတံဆိပ်ထံ ဝင်ရောက်သွားသည်။ လင်းယွန်မှ လက်လှိုင်း နှင့် ပန်းသင်္ချိုင်ကို လှမ်းခေါ်၏။
အတွေးဖြင့် ဖုန်ရှောက်ယွီထံ တစ်ချက် ကြည့်ကာ အဆုံး၌ ၎င်းရင်ဘတ်ရှိ ရှေးဟောင်း ရွှေတံဆိပ်ထံ ကြည့်လိုက် မိသည်။
တံဆိပ်သည် ရွှေရောင် အဆင်း ရှိပြီး ပတ်ပတ်လည်၌ နဂါးကြီး တစ်ကောင် ရစ်ခွေ နေ၏။
“ ဝှစ် ... ။ ”
လက်ဝှေ့ယမ်း လိုက်သော အခါတွင် ထိုတံဆိပ်က သူ့လက်ထဲ ပျံတက် လာသည်။ ဤတံဆိပ်သည် သူ့ခန္ဓာကိုယ် အတွင်းမှ သိုင်းဝိညာဉ်နှင့် ဆက်စပ်မှု ရှိနေ၏။
အဖြူဝတ် လူသည် နဂါးပြာ ဘိုးဘေး ပင်လော။ အဘယ့်ကြောင့် သူသည် ဓားမဆွဲရန် တားမြစ် ရသနည်း။
၎င်းအား ဆွဲထုတ်လိုက်သော် မည်သည့် အကျိုးဆက်များ ဖြစ်လာနိုင် မည်နည်း။ ထို့ပြင် ကမ္ဘာဦး ဖျက်ဆီးခြင်း သားရဲ ရှစ်ကောင်ကို သူ မည်သို့ ထိန်းချုပ် နိုင်သနည်း။
( ဒါ ကောင်းကင် ... နဂါး တံဆိပ်ပဲ၊ ဖျက်ဆီးခြင်း သားရဲ ရှစ်ကောင်ကို ထိန်းချုပ် နိုင်တာ အံ့သြစရာ မရှိတော့ဘူး၊ ဓားစံအိမ်က တော်တော် စိတ်ဝင်စားစရာ ကောင်းတယ်။ )
ခရမ်းငယ်က တံဆိပ်ကို စစ်ဆေးကာ ပြောသည်။
“ ယဲ့ချင်းရှန် ... တံဆိပ်ပြန်ပေး။ ”
ဖုန်ဝူကျိမှ လှမ်းပြော၏။ တံဆိပ်သည် ဓားစံအိမ် အတွက် အရေးပါမှန်း ရှင်းရှင်း လင်းလင်း မြင်နိုင်သည်။
လင်းယွန် သည်လည်း ဆင်ခြင်တုံ တရားရှိသူ ဖြစ်၏။ ဤတံဆိပ်ကို ယူရမည့် အချိန် မဟုတ်ကြောင်း နားလည်သည်။
ထို့ကြောင့် ပြန်ပေး တော့မည် အချိန်တွင် ဖုန်ဝူကျိ အနားမှ အမျိုးသမီးက ခေါင်းယမ်းပြ လာကာ၊ မျက်လုံး မှိတ်ပြလေသည်။
“ စံအိမ်သခင် ... ငါတို့ရဲ့ ရလဒ်ကို မကြေငြာ ရသေးဘူး။ ”
လင်းယွန်က ပါးနပ်စွာ ပြောကြား လိုက်သည်။
“ တံဆိပ်ကို ပြန်ပေးပါ ... ဒါက စိန်ခေါ်ပွဲနဲ့ မသက်ဆိုင်ဘူး။ ”
“ အလျင် မလိုပါနဲ့ ... ရလဒ်ကို ကြေညာပေးပါ၊ မဟုတ်ရင် ဓားစံအိမ်က လှည့်စားသွား မလားဆိုတာ ဘယ်သူ အာမခံမှာလဲ။ ”
လင်းယွန်က ပေါ့ပေါ့ပါးပါးပင် ပြန်ပြော လိုက်သည်။ ဤသို့ ရဲရင့်သော ဂျူနီယာမျိုး ပထမဆုံး အကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ ဖုန်ဝူကျိ ခမျာ ဒေါသ ထွက်သွား၏။
“ သူ့ကို ဓားပေးလိုက် ... ။ ”
ရုတ်တရက် တိုးညှင်းသော အမိန့် အသံကြောင့် ဖုန်ဝူကျိ အတွေးများ အေးခဲလာ တော့သည်။
“ မင်း နိုင်တယ် ... တံဆိပ်ကို အခု ပြန်ပေးလို့ ရပြီလား ... ဒေါသအိုးကို မကြာခင် ငါပေးမယ်။ ”
“ ကျေးဇူး တင်ပါတယ်၊ ဒီမှာ ... လာယူလို့ ရပါပြီ။ ”
လင်းယွန်မှ လက်ဖဝါး ဖြန့်လျက် ဖုန်ဝူကျိအား ကိုယ်တိုင် ကိုယ်ကျ လာယူရန် ပြောကြား လိုက်သည်။
( အဖိုးကြီး ... ။ )
ဖုန်ယွီက အသံ ထွက်ပေါ်လာရာ အရပ်သို့ မော့ကြည့် မိသည်။ ရှုပ်ထွေးသော အမူအရာဖြင့် နန်းတော် ခေါင်မိုးပေါ်တွင် အဖိုးအို တစ်ဦး ရပ်နေ၏။
ဤသည်မှာ အဘိုးအို၏ မျက်နှာပေါ်တွင် ပထမဆုံး အကြိမ် ပေါ်လာသော အမူအရာမျိုး ပေပင်။ ယင်းက ရှုပ်ထွေးခြင်း၊ တုန်လှုပ်ခြင်းနှင့် စိတ်လှုပ်ရှား နေခြင်း ဖြစ်၏။
သူမ အကြည့်ကို ခံစားမိသော အဖိုးအိုက ချက်ချင်း တည်ငြိမ်အောင် ပြုပြင်ယူကာ လှည့် ထွက်သွား တော့သည်။
“ တတိယ ညီမ၊ အားလုံးက ငါတို့ကို ကြည့်နေတယ်၊ ငါ့ပခုံးပေါ်က မင်းလက်ကို ဖယ်လို့ ရပြီလား။ ”
ဖုန်ဝူကျိ မျက်နှာနီရဲလျက် သူ့အသံကို လျှော့ချ လိုက်သည်။
“ တောင်းပန်ပါတယ် ... ငါ့အမှားပါ။ ”
***