ငါ့အသည်းတော့ ကွဲပါပြီကွာ။
Vol. 149 Ch. 2086
ရုတ်တရတ် အပြောင်း အလဲကြောင့် လူများစွာကို တုန်လှုပ် စေခဲ့သည်။ လူသစ်သည် နက်ပြာရောင် ဝတ်ရုံကို ဆင်မြန်း ထားပြီး ဆံပင်များ ရေတံခွန် ကဲ့သို့ လွင့်မျောနေ၏။
ကြောက်စရာ အကောင်းဆုံးမှာ ဓားရောင်ဝါအတွင်း ပါဝင်သော ဧကရာဇ် ရောင်ဝါ ဖြစ်သည်။
၎င်းသည် အမျိုးသမီး တစ်ဦး ဖြစ်ကာ ဓားတစ်ချက် တည်းဖြင့် မရဏ မူလ အမည်ခံ သူတော်စင် သုံးဦးကို ဟန့်တားပြီး၊ မိုးပြာ မူလ အမည်ခံ သူတော်စင် ခုနစ်ဦးကို ပြင်းထန်စွာ ဒဏ်ရာရရှိ စေခဲ့၏။
သူမ အော်ငေါက် သံကြောင့် သူတို့ ကြောက်ရွံ့ပြီး မည်သူမျှ လှမ်းတက်ဝံ့ တော့ချေ။ မျက်နှာပေါက် အကျမှာ ဘဲဥပုံသဏ္ဍာန် ရှိကာ၊ သူတော်စင် ဓားကို ကိုင်ဆောင်လျက် ခါး၌ ဆွဲသီးတစ်လုံး ချိတ်ဆွဲထား၏။
လက်ကောက် ဝတ်တွင် ခရမ်းရောင် ရေခဲဖီးနစ် လက်ကောက် တစ်ကွင်း ဝတ်ဆင် ထားသည်။
သူမ၏ အမူအရာသည် မြင့်မြတ်သော ဧကရာဇ် တစ်ပါးကဲ့သို့ အေးစက် တည်ငြိမ်ပြီး မည်သူမဆို သူမ အနားကပ်ဝံ့မည် မဟုတ်ချေ။
“ မင်း ဘယ်သူလဲ ... ဓားမဟာမိတ်ရဲ့ ကိစ္စမှာ ဝင်စွက်ဖက်ဖို့ ... သတ္တိ ရှိတာလား၊ ငါတို့ လက္ခဏာကို မသိဘူးလား။ ”
မရဏ မူလ အမည်ခံ သူတော်စင် သုံးပါးမှ အမျိုးသမီးသည် အားနည်းသူ မဟုတ်ကြောင်း၊ ခန့်မှန်းမိ၏။
ထို့ကြောင့် သူတို့သည် နောက်ခံကို ထုတ်ဖော်ကာ ခြိမ်းခြောက်ရန် ကြိုးစားမိခြင်း ဖြစ်လေသည်။
“ ထွက်သွား ... ။ ”
“ မင်း သေချင်နေတာပဲ။ ”
“ မင်း ကျင့်ဝတ်တွေကို ... နားမလည်ဘူးလား၊ ဓားမဟာမိတ် အဖွဲ့ရဲ့ အမည်ခံ သူတော်စင်တွေကို ... ဒဏ်ရာ ရစေ ရုံတင် မကဘူး၊ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူဝံ့သလား။ ”
မရဏ မူလအဆင့် အမည်ခံ သူတော်စင် သုံးပါးမှာ ဒေါသတကြီး လှမ်းထွက် လာခဲ့သည်။ ထို့နောက် အမျိုးသမီးကို တပြိုင်နက်တည်း ပြေးဝင်တိုက်ခိုက် လိုက်ကြ၏။
မရဏ မူလ သူတော်စင် ရောင်ခြည်များ အမျိုးသမီး ထံမှ ထွက်ပေါ်လာသည်။ ယင်းက သူတို့ သုံးဦးကို ကန့်သတ်လာ သဖြင့် ထိတ်လန့် ကုန်၏။
“ မဟာ တာအိုပန်း ... ။ ”
ကနဦး တာအိုသည် မဟာတာအို သုံးထောင်ထက် နားလည်ရ လွယ်ကူသည်။ တူညီသော နယ်ပယ်တွင် ရှိနေ သော်လည်း ခြားနားချက် ပေးစွမ်းနိုင်၏။
ဤကမ္ဘာပေါ်တွင် မရေမတွက် နိုင်သော ကနဦး တာအိုများ ရှိပြီး မည်သူမဆို သတိနှင့် အချိန် လုံလောက် နေသမျှ လေးငါးခုခန့် နားလည်နိုင်၏။
မဟာ တာအိုများမှာမူ လုံးဝ ကွဲပြားသော ဇာတ်လမ်း တစ်ပုဒ် ပေပင်။ နားလည်ရန် ခက်ခဲ လှပြီး၊ မြင့်မားသော အရည်အချင်းများ ရှိရန် လိုအပ်၏။
ထိုပြင် ဤမဟာ တာအိုသည် သူမ ပြထားသော ခွန်အား၏ အစွန်အဖျား မျှသာ ဖြစ်ပုံ ရလေသည်။
ဆိုလိုသည်မှာ ၎င်းသည် သူမ၏ အညံ့ဆုံး သူတော်စင် မဟာ တာအို ဖြစ်နိုင်၏။ မရဏ မူလအဆင့် အမည်ခံ သူတော်စင် သုံးပါးမှာ ကြောက်ရွံ့မှု များဖြင့် ချွေးများ ဖုံးလွှမ်း လာတော့သည်။
ဤအမျိုးသမီး မည်သူ ဖြစ်မည်ကို သိချင်စိတ် ဝင်မိ၏။ သူတို့နည်းတူ အခြားသော လူများ သည်လည်း အမျိုးသမီး၏ မူလကို သိချင် ကုန်ကြသည်။
“ ဘာလို့ ဒီလောက် ရင်းနှီး နေရတာလဲ။ ”
ကူဇီကျန်းမှ မျက်မှောင်ကြုတ် လိုက်၏။ ဤလျှို့ဝှက် ဆန်းကြယ်သော အမျိုးသမီးနှင့် ရင်းနှီး နေသလို ခံစားရသည်။
၎င်းသည် သူ သိထားသော အမျိုးသမီး ဖြစ်သော် ယဲ့ချင်းရှန်ကို ကာကွယ်ပေး နေစရာ အကြောင်း မရှိချေ။
ထို့ကြောင့် မဖြစ်နိုင်ဟု ယူဆကာ ထိုအတွေးကို စိတ်ထဲမှာ ချက်ချင်း ထုတ်ပစ် လိုက်မိသည်။
သူ ညည်းတွားမိစဉ် ကျန်းယွင်ရှင်းမှ ချက်ချင်း လှည့်လာပြီး၊
“ မင်းလည်း ငါ့လိုပဲ ရင်းနှီးတယ်လို့ ... ခံစား နေရတာလား။ ”
-ဟု မေးမြန်း တော့၏။
ကူဇီကျန်းနှင့် ကျန်းယွင်ရှင်းတို့ နှစ်ဦးလုံး ထိတ်လန့်လျက် တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်သည်။
သူတို့ နှစ်ဦးအနက် တစ်ဦးတည်းသာ သူမနှင့် ရင်းနှီးသည်ဟု ခံစားမိက လွဲမှားသည့် အတွေးအဖြစ် ယူဆနိုင်မည်။
သို့သော် တိုက်ဆိုင်စွာဖြင့် နှစ်ဦးလုံးမှ ခံစားလာရ ခြင်းသည် သူတို့အား ဦးရေပြားများ ယားယံလျက် ချက်ချင်း ထိတ်လန့် စေခဲ့၏။
ထိုအချိန်တွင် မရဏ ရွှေနဂါးကြီး တစ်ကောင် အမျိုးသမီးထံမှ ထွက်ပေါ်လာပြီး မရဏ မူလအဆင့် အမည်ခံ သူတော်စင် သုံးဦးကို အဝေးသို့ ရိုက်ထုတ်ပစ်သည်။
“ မင်းတို့ သုံးယောက် လုပ်နိုင်တာ ... ဒါ အကောင်းဆုံးလား ... ။ ”
“ မင်းတို့ သုံးယောက် လုပ်နိုင်တာ ... ဒါ အကောင်းဆုံးလား ... ။ ”
အမျိုးသမီးက လေထဲ ပျံဝဲလျက် သူမ၏ဓားကို လွှဲခုတ်လိုက်ရာ မှိန်ဖျော့သော သူတော်စင် ရောင်ဝါနှင့် ဧကရာဇ် ရောင်ဝါ ထွက်ပေါ် လာသည်။
“ ဒါ ... တကယ်ပဲ ... ။ ”
“ မြန်မြန် ငါ့ရထားပေါ်တက် ... ။ ”
ကူဇီကျန်းမှာ မျက်လုံးပြူးလျက် ပြေးလွှားသွား၏။ ကျန်းယွင်ရှင်းပင် တုန်ယင် လာပြီး အမြန် လိုက်ပါသွား တော့သည်။
ထိုအချိန်၌ ဤမျှ အစွမ်းထက်သော အမျိုးသမီး မည်သူ ဖြစ်မည်ကို လူတိုင်း စတင် ဆွေးနွေးလာ ကြသည်။
မရဏ မူလ အမည်ခံ သူတော်စင် သုံးဦးခမျာ ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကာ မြေပြင်မှ ပြန်မထနိုင် တော့ချေ။
ထိုမြင်ကွင်းကြောင့် ဂိုဏ်းသုံးဂိုဏ်းမှ ကောင်းကင်မူလ အဆင့် အမည်ခံ သူတော်စင် များမှာ ဒေါသဖြင့် တုန်ယင်ကုန်၏။
သူတို့ ထွက်လာပြီး အမျိုးသမီးကို ခြိမ်းခြောက်ရန် ပြင်လိုက်ချိန်၌ မမြင်နိုင်သည့် ဖိအား တစ်ခု လွှမ်းခြုံလာသည်။
နှလုံးသားအတွင်း ကြောက်ရွံ့မှုများ ချက်ချင်း ဖြစ်ပေါ်၏။
“ ဘာတွေ ဖြစ်နေတာလဲ။ ”
“ ရပ် ... ။ ”
ကူဇီကျန်းက ကျန်းယွင်ရှင်း နှင့်အတူ ရထားလုံးပေါ်မှ ဆင်းကာ၊ အော်ငေါက် လိုက် လေသည်။
“ ဘယ်သူမှ ... မလှုပ်နဲ့ ။ ”
ထို့နောက် မြင့်မြတ်မြေ သုံးပါး၏ ကောင်းကင် မူလ အမည်ခံ သူတော်စင်များထံ လှည့်ကြည့်ပြီး ကျန်းယွင်ရှင်း နှင့်အတူ ဒူးတစ်ဖက် ထောက်လိုက်သည်။
“ နှင်းရေခဲ သူတော်စင် နန်းတော်က ကူဇီကျန်းနဲ့ အနန္တ ဓားခန်းမရဲ့ ကျန်းယွင်ရှင်း တို့က ... နဝမမြောက် သမီးတော်ကို ဂါရဝပြုပါတယ်။ ”
နှစ်ယောက်သား ခေါင်းငုံ့ကာ လက်သီးများကို ဆုပ်လျက် နှုတ်ဆက် လိုက် လေသည်။
ဓားမဟာမိတ် ဟူသော နောက်ခံမျိုး ရှိလျှင်ပင် နှင်းရေခဲ သူတော်စင် နန်းတော်နှင့်၊ အနန္တ ဓားခန်းမမှာ သူမအား ရန်မစ ဝံ့ချေ။
“ နဝမမြောက် သမီးတော်လား ... ။ ”
ကောင်းကင် မူလ အဆင့် အမည်ခံ သူတော်စင်များမှာ မျက်နှာများ ပြောင်းလဲပြီး ခေတ္တမျှ အံ့အားသင့် သွားကြ၏။
အမျိုးသမီး၏ ပတ်ပတ်လည်တွင် လှည့်လည်နေသော နဂါးကြီးကို ကြည့်လျက် ခြေလက်များ တုန်ယင်လာသည်။
“ ဒါ ... မရဏ-ရွှေနဂါးပဲ၊ နဝမမြောက် မင်းသမီးက လွဲပြီး ... ဒီကမ္ဘာပေါ်မှာ ဘယ်သူမှ မရဏ-ရွှေနဂါး သွေးကို ပိုင်ဆိုင် မထားဘူး။ ”
ထိုအချိန်တွင် ထောင်ပေါင်း များစွာသော မြင်းများ ပြေးလွှား လာနေသကဲ့သို့ ခွာသံများ ကျယ်လောင်စွာ ကြားလိုက်ရသည်။
မြေပြင်တစ်ခုလုံး တုန်ခါလျက်၊ ကြက်သွေးရောင် လှိုင်းက ဒီရေ တိုးနေသည့် အလား၊ အဝေးမှ ရွေ့လျားလာ၏။
လူသတ်လိုသော ရည်ရွယ်ချက်နှင့် သွေးရနံ့များက ကောင်းကင်တခွင် ပြည့်လျှံနေ ခဲ့သည်။ လေထုပင် သွေးညှီရနံ့များ လှိုင်လှိုင် ထလာ၏။
“ ဟမ့် ... ။ ”
မုချွမ်နှင့် မရဏ မိုးကြိုး တောင်ထိပ် သခင်တို့မှ ပြောင်းလဲသွားသော အခြေအနေ များကြောင့် ရန်သူများကို တွန်းထုတ်ကာ နောက်ပြန်ဆုတ် လိုက်သည်။
“ ဘာဖြစ် တာလဲ ... ။ ”
မရဏ မိုးကြိုး တောင်ထိပ် သခင်မှ လင်းယွန်တို့ထံ လှည့်ကြည့်ကာ မေးသည်။
“ နတ်နဂါး အင်ပါယာရဲ့ သွေးတပ်ရင်း ... ။ ”
မုချွမ်မှ အဝေးမှ ဒီရေလှိုင်းကို ကြည့်ပြီး၊ ပြန်ဖြေ လိုက်၏။ ရိုင်းစိုင်း ကြမ်းကြုတ်သော သားရဲများ စီးနင်းလျက် လူတစ်စု ထွက်ပေါ် လာသည်။
လက်ထဲတွင် အင်ပါယာ အလံများ တစ်လူလူ လွင့်လျက် ကြက်သွေးရောင် ချပ်ဝတ် နှင့် မျက်နှာဖုံးများ ၀တ်ဆင်ထား၏။
“ သွေးတပ်ရင်း ... ။ ”
“ ဒါက နတ်နဂါး အင်ပါယာရဲ့ အရက်စက်ဆုံး စစ်တပ်ပဲ၊ သူတို့က နဝမမြောက် သမီးတော် လက်အောက်မှာ ... တာဝန် ထမ်းဆောင် ရတယ် ... သူတို့ ဒီကို ဘာလာ လုပ်တာလဲ။ ”
“ ထူးဆန်းတယ် ... ၊ သွေးတပ်ရင်းက ရိုးရာမှော် ဘာသာရေး ဂိုဏ်းရဲ့ .. လူရိုင်းတွေကို သုတ်သင် ရှင်းလင်းဖို့ ... တာဝန် ယူထားရတာ မဟုတ်လား၊ သူတို့က တောင်ပိုင်း နယ်စပ် ကနေ ထွက်ခွာခဲ ပါတယ်။ ”
“ အဲဒီ လူ ... ။ ”
လူများစွာက အံ့သြသွား ကြသည်။ မြင့်မြတ်မြေ တပည့်များမှ ပတ်ဝန်းကျင်ကို ပိတ်ဆို့ ထားမိ သော်လည်း၊ လူတစ်ယောက် အတွက် လမ်းဖွင့် ပေးလာသည်။
ဤသည်မှာ သွေးတပ်၏ တပ်ရင်းမှူး ဖြစ်ချေ၏။ ၎င်းက အမျိုးသမီးရှေ့ ရောက်လာ ချိန်၌၊ မျက်နှာဖုံးအား ဖယ်လိုက်သည်။
သူ့နောက်တွင် နဂါးဦးချိုများ ပါသော နတ်ဆိုးသားရဲ တစ်ကောင်က နာခံမှု ရှိရှိဖြင့် ရပ်နေ၏။
မျက်နှာဖုံး အောက်မှ ငယ်ရွယ်သော နုပျိုလွန်းသော မျက်နှာတစ်ခု ထွက်ပေါ်လာ ခဲ့သည်။
ဖြူဖျော့နေသော အသားအရေဖြင့် ခံစားချက်များ ကင်းစင်နေ၏။ လင်းယွန်သာ မြင်က ဤလူငယ်ကို သိပေမည်။
သူ့ကိုယ်သူ ‘အဖြူရောင်’ဟု ဘွဲ့အမည် ပေးထားသော ကောင်းကင်ဘုံ ဓားနန်းတော်မှ ဘိုင်လိရွှမ် ဖြစ်၏။
သူ့နောက်တွင် နောက်ထပ် လူနှစ်ယောက် လိုက်ပါလာသည်။ တစ်ယောက်သည် ဝိုင်အိုးကို မော့သောက်လျက် ပြုံးနေသော ဘုန်းကြီး တစ်ပါး ဖြစ်၏။
ကျန်တစ်ယောက်မှာ နောက်ကျောတွင် ရှေးဟောင်း ဗျပ်စောင်း တစ်လက် ဘေးစောင်း လွယ်ထားသည့် အဖြူဝတ် လူငယ် ဖြစ်သည်။
၎င်းတို့ နှစ်ဦးသည် သွေးတပ်ရင်း၏ ယူနီဖောင်း ဖြစ်သော ကြက်သွေးရောင် ချပ်ဝတ် နှင့် မျက်နှာဖုံးကို ဝတ်ဆင်ထားခြင်း မရှိချေ။
“ တန်း ဖြုတ် ... ။ ”
ဘိုင်လိရွှမ်မှ အမိန့်ပေး၏။ သည့်နောက် ဒူးတစ်ဖက် ထောက်ကာ ‘နှုတ်ဆက်’ဟု အမိန့် ပေးလိုက် ပြန်သည်။
“ နဝမမြောက် သမီးတော်ကို နှုတ်ဆက်ပါတယ်။ ”
သွေးတပ်ရင်းမှ တပ်သားများ အားလုံး အော်ဟစ်ကြ သဖြင့်၊ ကောင်းကင် မြေကြီးကြား တုန်ဟည်း လာတော့၏။
ဤအရာက ကောင်းကင် မူလ အဆင့် အမည်ခံ သူတော်စင် သုံးပါးကို အဆင်မပြေ ဖြစ်သွားစေသည်။
ချွေးများ စီးကျလျက် ခြေ၊ လက်များ တုန်တုန် ယင်ယင်ဖြင့် အလျင်အမြန် ဂါရဝ ပြုလိုက် ကြ၏။
ဤအမျိုးသမီး သည်သာ သူတို့ကြောင့် တစ်စုံတစ်ရာ ဖြစ်သွားသော် ဓားမဟာမိတ် အဖွဲ့ ကြီးပင် ကယ်တင် နိုင်မည် မဟုတ်ချေ။
အင်ပါယာ၏ ဒေါသသည် မည်မျှ ကြောက်စရာ ကောင်းကြောင်း သူတို့ သိသည်။ ဘိုင်လိရွှမ်မှ သွေးတပ်သားများ နှင့်အတူ မြေပြင်မှ ထရပ်လာ၏။
နဝမမြောက် သမီးတော်က လင်းယွန်ထံ လည်ပြန် လှည့်ကြည့် ပြီးနောက် ကူဇီကျန်းထံ ဝေ့ကြည့်ကာ၊
“ မင်းတို့က အင်ပါယာရဲ့ သစ္စာခံတွေ မဟုတ်ဘူး၊ ဒါကြောင့် ငါ့ကို ဦးညွှတ် နေတာ ရပ်လိုက် ... ။ ”
-ဟု ပြောကြား လိုက်သည်။
“ မဟုတ်ဘူး ... မဟုတ်ဘူး ... အဲဒီလို မဟုတ်ပါဘူး၊ ဘာမှမသိတဲ့ ဒီလို ငတုံးတွေက အရှင် မင်းမြတ်ကို တိုက်ခိုက်ဖို့ ကြိုးစား မိပါတယ်၊ သူတို့က ...
... ဓားမဟာမိတ် အဖွဲ့ကို ကိုယ်စား မပြုနိုင်တာမို့ ကျေးဇူးပြုပြီး ... ခွင့်လွှတ်ပေးပါ နဝမမြောက် သမီးတော် ... ။ ”
ဓားမဟာမိတ် အဖွဲ့ ဒုက္ခရောက် မည်ကို စိုးရိမ်သဖြင့်၊ ကူဇီကျန်းမှ တာဝန်ယူ တောင်းပန် လိုက်ရသည်။
“ ထ တော့ ... ။ ”
နဝမမြောက် သမီးတော်က လက်ဝှေ့ယမ်းကာ ပြောပြီး၊ သွေးတပ်ရင်းထံ ခေါင်းညိမ့်ပြ လိုက်၏။
သွေးတပ်သား များက လင်းယွန် ထိုင်နေသော စားပွဲဝိုင်းအား စောင့်ကြပ်ရန် နေရာယူ လာတော့သည်။
ဤကိစ္စ ဤမျှနှင့် ပြီးဆုံးပြီ ဖြစ်သဖြင့်၊ ကူဇီကျန်းနှင့် ကျန်းယွင်ရှင်းမှာ သက်ပြင်းချ လိုက်မိသည်။
သို့သော် ယဲ့ချင်းရှန်နှင့် နဝမမြောက် သမီးတော်၏ ပတ်သတ်မှုကို သူတို့ သိချင်နေ သေး၏။
အဆုံးတွင် ဤနဝမမြောက် သမီးတော် ဟူသည် ခွန်လွန်၏ အလှဆုံး အမျိုးသမီး သုံးပါး အနက်မှ တစ်ပါး ဖြစ်သည်။
တော်ဝင် မျိုးရိုးတွင် အဆင့်အတန်း မြင့်မားပြီး ဧကရီမှပင် သူမအား မျက်နှာသာ ပေးခဲ့ရ၏။
ထိုသို့သော အမျိုးသမီး မျိုးသည် ယဲ့ချင်းရှန်ကို ကာကွယ်ရန် ထွက်လာသော အခါ၊ မြင့်မြတ်မြေ များမှ သူမအား မသိကြ သည်မှာ သဘာဝ ပေပင်။
ကူဇီကျန်း သည်ပင် မထင်မိချေ။ သူမကို အဝေးမှသာ မြင်ဖူးပြီး၊ အနားကပ် ရန်ပင် အခွင့် အရေး မရခဲ့သဖြင့် ကူကယ်ရာမဲ့ ခဲ့ဖူးသည်။
“ ယဲ့ချင်းရှန် ဘေးကင်း သွားပြီ ... ၊ အုပ်စိုးရှင်ဓားကို ကြံစည်ရဲတဲ့ လူတိုင်း သေခြင်း မလွဲ ဧကန်ပဲ။ ”
ကျန်းယွင်ကျန်းမှ လွတ်ရာသို့ ဆုတ်ခွာလျက်မှ ပြောကြား လိုက်လေသည်။
“ ကျောက်ဝူကျိ သေတာ အချည်းနှီး ဖြစ်သွားပြီ။ ”
ကူဇီကျန်းမှ ရှုပ်ထွေးသော အသွင်ဖြင့် လင်းယွန်ကို ပြန်လှည့် ကြည့်မိ၏။ အုပ်စိုးရှင် ဓားကို တောင်းဝံ့တည်းက ဤလူ၌ အစီစဉ် ရှိရမည်ဟု ထင်ခဲ့ဖူးသည်။
သို့သော် နဝမမြောက် သမီးတော် ဖြစ်နေလိမ့်မည်ဟု မထင်မိချေ။ ထိုအချိန်တွင် လင်းယွန် မျက်ဝန်းများ ပွင့်လာ၏။
ဤတစ်ကြိမ် တွင်လည်း နိဗ္ဗာန်-ဒသမ အဆင့်သို့ မရောက် နိုင်ခဲ့ချေ။ ခေါင်းယမ်းလျက် လှည့်ကြည့် လိုက်သော အခါ၊ မြင်ကွင်းကြောင့် အံ့အားသင့် သွားမိသည်။
သူ့ကို တစ်စုံတစ်ယောက်မှ ကာကွယ် ပေးနေသည်ကို သိသော်လည်း၊ ဆုစီယာ ဖြစ်နေ လိမ့်မည်ဟု မထင်မိ ခဲ့ချေ။
“ ဝှစ် ... ။ ”
သူတို့ မတွေ့ရ သည်မှာ ကြာပြီ ဖြစ်သည်။ ဆုစီယာက ခေါင်းညိတ်ပြီး သူမနှင့် မဝေးသော ရွှေနဂါးမြင်းပေါ် ပျံလွှား ဆင်းသက်လိုက်သည်။
မြင်းဇာတ်ကြိုးကို ဆွဲလျက် ငုတ်တုတ် ထိုင်နေဆဲ ဖြစ်သော လင်းယွန်ထံ ပြန်လှည့် ကြည့်ကာ၊
“ မြင်းပေါ် တက် ... ။ ”
-ဟု အမိန့်ပေး လိုက်၏။
လင်းယွန်က ပြုံးပြီး ပန်းသင်္ချိုင်းကို လှမ်းခေါ်ကာ၊ ဆုစီယာ နောက်သို့ ပျံသန်းသွား တော့သည်။
“ ငါ့မြင်း မဟုတ်ဘူး၊ ဘေးက မြင်း ... ။ ”
ဆုစီယာက ပျော်ရွှင်ပုံ မပြဘဲ ကြိမ်းမောင်း လိုက်သည်။
“ ငါ သိတယ်၊ ဒါပေမယ့် ဒီမြင်းကို ပိုကြိုက်တယ်။ ”
လင်းယွန်က ကောက်ကျစ်စွာ ပြုံးလျက် ဆုစီယာ ခါးကို သိုင်းဖက်ကာ၊ ညာလက်ဖြင့် ဇာတ်ကြိုး ကိုင်လိုက်သည်။
ဆုစီယာမှ ငြင်းဆန် မနေတော့ဘဲ၊ ဇာတ်ကြိုးကို လွှတ်ပေးလျက် လင်းယွန်ကို ထိန်းကြောင်းခွင့် ပြု၏။
“ သွား ရ အောင် ... ။ ”
“ ဟီး ဟစ် ဟစ် ... ။ ” (မြင်းအော်သံ။)
“ ဟား ဟား ဟား ... ။ ”
ဇာတ်ကြိုးကို ဆွဲလိုက်သည်နှင့် ရွှေနဂါးမြင်းက ကဆုန်ပေါက်လျက် အားယူ တော့သည်။ လင်းယွန်မှ ရယ်၏။
သွေးတပ်သား များနှင့် ဘိုင်လိရွှမ်မှ ထိုမြင်ကွင်းကြောင့် တုန်လှုပ် သွားလေသည်။ သို့သော် မကြခင် အသိစိတ် ဝင်လာပြီး၊
“ နောက်ကလိုက် ... ။ ”
-ဟု အမိန့်ပေး လိုက်၏။
ထိုမြင်ကွင်းကြောင့် တစ်ချိန်လုံး ပြုံးနေခဲ့သော အရက်သမား ဘုန်းကြီးက မျက်နှာ ပျက်ယွင်းလျက်၊
“ ငါ့ နှလုံးသားလေး ကွဲသွားပါပြီကွာ ... ငါဘာလို့ ဒီလောက် တုံးရတာလဲ၊ ဒီကောင်မှန်း အစတည်းက သိသင့်တယ်။ ”
-ဟု ညည်းတွား ငိုကြွေး တော့သည်။
သူနှင့်အတူ အခြားလူများ သည်လည်း ချစ်သူ လုယူခံလိုက်ရ သကဲ့သို့ နှလုံးသားများ ကွဲအက် ကုန်သည်။
ဗျပ်စောင်းကို ကျောတွင် ဘေးစောင်း လွယ်ထားသော အဖြူဝတ် လူငယ်မှ အံ့ဩသွား ကာ၊ ‘သူက ဘယ်သူမို့လဲ’ -ဟု မေးမြန်းမိ၏။
“ မင်း သွားပြီး မေးကြည့် ... ။ ”
အရက်သမား ဘုန်းကြီးက လူငယ်ကို ကြည့်ကာ ဒေါသဖြင့် ခပ်ဆတ်ဆတ် ဖြေကြား လိုက်တော့သည်။
“ အဟွတ် ... ဟွတ် ... ။ ”
ထိုအဖြေကြောင့် အဖြူဝတ် လူငယ်မှ သတိပြန်ဝင် လာပြီး ကိုယ်ဟန်ကို ထိန်းလိုက် ရလေသည်။
ဆုစီယာကို သူသာ မေးဝံ့သော် ဤမျှ နံစော်နေသော ကတုံးဖြင့် အချိန်ဖြုန်း နေမိမည် မဟုတ်ချေ။
***