နတ်မိမယ်ဒီး
Vol. 009 Ch. 853
ရီဖူရှင်းက ဆေးဥယျာဉ်ကို နေ့စဉ်နေ့တိုင်း သွားရောက်သော်လည်း နေ့တိုင်းပင် တံခါးပိတ် ထားသည်။ ဆရာကြီးစုက သူတို့အား လက်ခံတွေ့ဆုံခြင်း မရှိပေ။
ယန်ဟောင်နှင့် တခြား လူများစွာတို့က ထိုသို့သော ဆက်ဆံမှုကို အလွန် စိတ်ဆိုးကြရကား ဥယျာဉ်ထဲကိုပင် အတင်းဝင်ကာ ရှန့်ထိုကျန့်နှင့် ကိုယ်တိုင် တွေ့ဆုံလိုသည့်အထိ ဖြစ်ရ၏။ သူတို့၏ တန်ခိုးအဆင့်ဖြင့် ဥယျာဉ်တစ်ခုလုံးကို ကြားအောင် အော်ဟစ် ပြောဆို နိုင်သော်လည်း အကယ်၍ ရှန့်ထိုကျန့်သာ အမှန်တကယ် တံခါးပိတ် လေ့ကျင့်နေသည် ဆိုပါက ထိုသို့ ပြုမူခြင်းက အလွန်အမင်း ရိုင်းစိုင်း ရမ်းကားရာ ကျပေမည်။ ထိုသို့ လုပ်ခြင်းကလည်း ထောင်ကျန်းအား ကယ်တင်မည့် အခွင့်အရေးကို လွှင့်ပစ်သလို ဖြစ်သွားပေလိမ့်မည်။ ရီဖူရှင်းလည်း ဤသို့ ဆက်ဆံခံရသည်ကို သဘောမကျ ဖြစ်သော်လည်း သူဘာမှ မတတ်နိုင်ပေ။
ယူချင်းလည်း လတ်တလောတွင် ပြည်နယ်ကိုးခု ကျောင်းတော်၌ လေ့ကျင့်သည်။ ကျောင်းတော်သား အများအပြားက ယူချင်းနှင့် လက်ရည် စမ်းလိုခဲ့ကြရာ ယူချင်းက သူ့ထံကို ရောက်လာသူတိုင်းအား သနားငဲ့ညှာခြင်း မရှိဘဲ တစ်ယောက်ပြီး တစ်ယောက်က ရိုက်နှက်ခဲ့သည်။ သူ့ထံကို လာရောက် စိန်ခေါ်သူများမှာလည်း တဖြည်းဖြည်း လျော့နည်းလာခဲ့ကာ သူ့ထက် တန်ခိုး အဆင့်မြင့်သူများပင် တွန့်ဆုတ် လာခဲ့ကြ၏။
ယူချင်း၏ဒေါသအား ပြည်နယ်ကိုးခု ကျောင်းတော်တွင် နာမည်ကြီး ပေသည်။
လျူကျောင်း၊ ကျောက်ရာနှင့် တခြား လူများကလည်း ပြည်နယ်ကိုးခု ကျောင်းတော်တွင် လေ့ကျင့်နေကြသည်။ သူတို့က ရံဖန်ရံဖန် ပုဂ္ဂိုလ်ကြီးများ၏ သင်ကြားပို့ချမှုများကို နာခံကြကာ ကျောင်းတော်တွင် တိတ်ဆိတ်စွာ လေ့ကျင့် နေခဲ့ကြသည်။
ရီဖူရှင်းနှင့် ပတ်သက်လျှင်ကား ပြောစရာ အများအပြား ရှိပေသည်။ သူက ကျောင်းတော်ကို ရောက်လာသည့် နေ့တွင်ပင် ကျောင်းတော်သားတိုင်းအား အနိုင်ယူခဲ့သည်။ သူ့ထံတွင် တော်ဝင်လမ်း သားတော် တစ်ယောက်ပင် ရှုံးနိမ့်ခဲ့ရ၏။ ထို့ကြောင့် သူက ဆေးဥယျာဉ်ကို နေ့စဉ်နေ့တိုင်း သွားရောက်သောအခါ လူတိုင်းက အံ့အားသင့် ကြရသည်။ သူကား မည်သို့ဆိုစေ တော်ဝင်မြေ တစ်ခု၏ နန်းတော်သခင် ဖြစ်ကာ ပြည်နယ် ကိုးခုလုံးတွင် နာမည် ကျော်ကြားသည်။ သူကိုယ်တိုင်က ဆေးဥယျာဉ်ကို နေ့စဉ်နေ့တိုင်း သွားရောက်သည်ကို တစ်ဘက်က လက်ခံတွေ့ဆုံခြင်း မပြုသည်မှာ ရီဖူရှင်းအတွက် အလွန် စိတ်ပျက်စရာ ကိစ္စရပ် ဖြစ်ပေမည်။
တခြား တစ်ယောက်သာ ဆိုပါက သေချာပေါက် စိတ်ပျက် လက်လျှော့ သွားမည် ဖြစ်သော်လည်း ရီဖူရှင်း လုပ်ဆောင် နေသည်ကား သူ၏ဆရာအတွက် ဖြစ်ပေသည်။
ရီဖူရှင်းက ဆက်လက် သည်းခံနိုင်ပါ့မလား … ဟု လူအများအပြားက သံသယဝင်ကြသည်။
ဆရာကြီးစုကား သူ့ကို မျက်နှာသာ မပေးပေ။
သို့သော်လည်း ထိုအရာများက ပုံမှန်သာ ဖြစ်သည်။ ဆရာကြီးစုကား သူ့ညီမငယ်မှ လွဲ၍ မည်သူ့ကိုမှ အရေးမပေး၊ အလေးမထားပေ။ သူကား အလွန်အမင်း အေးစက်သူဟု နာမည်ကြီးသည်။
ဆေးဥယျာဉ်ကို သွားရောက်ခြင်း အပြင် ရီဖူရှင်းက သူ၏ နေရာတွင်လည်း ပုံမှန်လေ့ကျင့်သည့် အပိုင်း ရှိပေသည်။ ကျောင်းတော်မှ လူများက ရီဖူရှင်းထံကို လာရောက် လည်ပတ်ကြကာ သူ၏ လမ်းညွှန်မှုများကို ခံယူကြသည့် အချိန်အခါ များလည်း ရှိပေသည်။ ရီဖူရှင်းကလည်း သူ့ထံကို လာရောက် သူများအား တွေ့ဆုံ စကားပြောလေ့ ရှိသည်။ သူ၏ အတွေ့အကြုံများ၊ လေ့ကျင့်ခြင်းနှင့် ပတ်သက်သော သူ၏ အတွေးအမြင် များကိုလည်း ပြန်လည် ပြောပြလေ့ ရှိသည်။
ဤတွင် အချိန် ကြာလာသည်နှင့် အမျှ ကျောင်းတော်သား များကလည်း ရီဖူရှင်းအပေါ် တဖြည်းဖြည်း လေးစား လာခဲ့ကြသည်။
ကြိမ်ဖန်များစွာ ငြင်းပယ် ခံရပြီးနောက် ရီဖူရှင်းက ဆေးဥယျာဉ်သို့ နောက်ထပ် သွားတော့မည် မဟုတ်ဟု လူအများအပြားက ထင်မြင်ကြသော်လည်း ရီဖူရှင်းက ရှစ်ရက်မြောက်တွင်လည်း သွားမြဲ ဖြစ်ပေသည်။ ကျင့်ရွှမ်ပင် ရီဖူရှင်းကို ငြင်းပယ်ခြင်းအား အလွန်အမင်း တွန့်ဆုတ် လာခဲ့ရသည်။
သို့သော်လည်း ဆရာကြီးစုကား ရီဖူရှင်း ရောက်လာခြင်းကိုပင် သူ့အား ပြောကြားခြင်း မပြုတော့ရန် ကျင့်ရွှမ်ကို အသိပေးထားခဲ့သည်။ ရီဖူရှင်း ရောက်လာလျှင် ချက်ချင်းပင် ငြင်းပယ်လိုက်ရန် ကျင့်ရွှမ်အား မှာကြားထားခဲ့ပြီး ဖြစ်သည်။
ယုံကြည်မှုက တောင်များကိုပင် ရွှေ့နိုင်သည် ဟူသော စကားမှာ ပုံပြင်များထဲတွင် ရှိသည်ဟု ပြောရမည်။ ရီဖူရှင်း၏ အဆက်မပြတ် သွားရောက်ခြင်းက ဆရာကြီးစုအပေါ် မည်သို့မှ သက်ရောက်မှု မရှိပေ။
ရီဖူရှင်းက ထိုကိစ္စများနှင့် ပတ်သက်၍ သိပ်သိဟန် မရပေ။ သူက ဆေးဥယျာဉ်ကို နေ့တိုင်း ရောက်လာခဲ့ကာ ပြန်လည် ထွက်သွားလေ့ ရှိသည်။ ကျောင်းတော်မှ လူအများအပြား ကလည်း သူ့အား လက်လျှော့ရန် အကြံပေး နေကြကာ ရီဖူရှင်းကလည်း ပြုံးရုံမျှသာ တတ်နိုင်ခဲ့သည်။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံး လာခဲ့ကာ ရီဖူရှင်းက ပြည်နယ်ကိုးခု ကျောင်းတော်တွင် ရှိနေသည်မှာ တစ်လခန့်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ရီဖူရှင်းက တစ်ချိန်လုံး ဘာလုပ် နေသည်ကို ကျောင်းတော်သားတိုင်းက သိနေကြပြီ ဖြစ်သည်။ အချို့က ရီဖူရှင်းကို တချို့သော ကိစ္စရပ်များကို အကြံပေးကြရာ ရီဖူရှင်းအတွက် အလွန် အသုံးဝင်သော အချက်အလက်များလည်း ပါဝင်ပေသည်။
ရီဖူရှင်း နေထိုင်ရာ နေရာကား ဧည့်သည်များဖြင့် စည်ကားနေလေ့ ရှိသည်။ ကျောင်းတော်သား များစွာထဲမှ တန်ခိုး အဆင့်စုံက လာရောက် လည်ပတ်ကြကာ ထိုအထဲတွင် နိုဘယ်များ၊ ရှီများနှင့် မိုရှီများပင် ပါဝင်ကြပေသည်။
မိုရှီများပင် ရီဖူရှင်း၏ ကျင့်ကြံခြင်း အသိပညာများနှင့် ပတ်သက်၍ အထင်ကြီး ကြရသည်။
ထို့အပြင်က ရီဖူရှင်းက ကု့ချင်း တီးခတ်ခြင်း တွင်လည်း ကျွမ်းကျင်ပေသည်။ သူ၏ ဂီတက လူအများ၏ စိတ်နှလုံးအား သာယာစေကာ ကျောင်းတော်မှ ဂီတအဆောင် ကျောင်းသားများပင် လာရောက် နားထောင်ကြရသည်။
ယခု ရီဖူရှင်းကား သံစဉ်တစ်ပုဒ်ကို တီးခတ်နေသည်။ သူ၏သံစဉ်က လူအများ၏ စိတ်ကို ကြည်လင် ပြတ်သားစွာ လာရောက် ရိုက်ခတ်နေ၏။
လင်းစီကား ကျောင်းတော်၏ ဂီတအဆောင်တွင် လေ့လာ သင်ယူနေသည့် တစ်ယောက်ဖြစ်သည်။ သူမကား ပြည်နယ်ကိုးခု မြို့တော်၏ ဂီတမိသားစု တစ်ခုမှ မွေးဖွားလာသူ ဖြစ်ရာ ဂီတသံစဉ်များကို ချစ်ခင်မြတ်နိုးလေ့ ရှိသူလည်း ဖြစ်သည်။ ယခု ရီဖူရှင်းက သာမန် ရိုးရှင်းသော သံစဉ်ကိုသာ တီးခတ် နေသော်လည်း သူ၏သံစဉ်က သူမ၏စိတ်နှလုံးအား ညို့ငင် ဖမ်းစား နိုင်ပေသည်။
ဂီတသံစဉ်မှ လူတစ်ယောက်၏ စိတ်နေ သဘောထားကို ပြောနိုင်ပေသည်။ ယခု ရီဖူရှင်း၏ ဂီတသံစဉ်တွင် ရီဖူရှင်းမှာ အလွန်ယုံကြည်မှု မြင့်မားသော၊ မာနကြီးသော လူတစ်ယောက် ဖြစ်ကြောင်း သိနိုင်သော်လည်း သူကား ဆေးဥယျာဉ်ကို တစ်လ ကြာသည်အထိ သွားရောက်မြဲ ဖြစ်သည်။ တစ်ဖက်တွင် သူ၏ ကြီးမားသော မာနအပြင် အလွန် ခေါင်းမာသော စိတ်နေ သဘောထားကို လှစ်ဟ ပြနေပေသည်။
သူက ရှန့်ထိုကျန့်ကို မတွေ့ရမချင်း လက်လျှော့မည့်ဟန် မရှိပေ။
သံစဉ်က ရပ်တန့်သွားကာ ရီဖူရှင်းက ပြုံးလိုက်သည်။
“ရှင်က အကောင်းဆုံး သံစဉ်တွေထဲက တစ်ခုဖြစ်တဲ့ အူကီယိုကို တီးနိုင်တယ်လို့ ကျွန်မကြားတယ်… ဘာလို့ သာမန် သံစဉ်တွေကိုပဲ တီးခတ်တာလဲ… နန်းတော်သခင်ရီ…” လင်းစီက ညင်သာစွာ မေးသည်။
“ဂီတက နားထောင်သူ ဆီကို ပြည့်ဝတဲ့ စိတ်ခံစားမှုတွေ ရဖို့ သင့်တော်တဲ့ အချိန်အခါ၊ လိုက်ဖက်တဲ့ အခြေအနေတွေ လိုအပ်ပါတယ်… အူကီယိုသံစဉ်က လတ်တလော လိုက်ဖက်မှု မရှိပါဘူး…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
“ရှင့်ရဲ့ ပုံဖော်မှုက အားကောင်းတယ်… ရှင်က ကု့ချင်းကို ဘယ်လို လေ့ကျင့်တာလဲ…” လင်းစီက မေးသည်။
“ကျုပ် အချိန်ရရင် နေ့စဉ်နေ့တိုင်း တီးခတ်ပါတယ်… ဒါက တမင် လေ့ကျင့်တာ မဟုတ်ပါဘူး… ကျုပ်က စိတ်ပျော်မယ်ထင်တဲ့ သံစဉ်ကို တီးခတ်ခြင်း ဖြစ်သလို တီးခတ်တဲ့ အခါလည်း ကျုပ်စိတ်ဝိညာဉ်က သံစဉ်နဲ့ ပေါင်းစပ်နိုင်တဲ့ အတွက် သာယာမှုကိုလည်း ရသလို ကျုပ်စွမ်းရည်တွေ ကလည်း တစ်ပြိုင်နက်တည်းမှာ ပိုမို တိုးတက်လာလေ့ ရှိပါတယ်… ဒါက လေ့ကျင့်တာ လို့လည်း ပြောလို့ရတယ်…” ရီဖူရှင်းက ဖြေသည်။
လင်းစီက ခေါင်းညိတ်ကာ ပြောသည်… “ကြည့်ရတာ ကျွန်မက အမြဲတမ်း လေ့ကျင့်မှုကိုပဲ အာရုံ ထားနေတော့ ဂီတအပေါ် သဘောထားမှုမှာ နည်းနည်း လိုအပ်ချက် ရှိနေပုံပဲ… အခုလို ညွှန်ကြားပေးတာ ကျေးဇူးတင်ပါတယ်… နန်းတော်သခင်ရီ…”
“ဒါက လမ်းညွှန်တာလို့ ပြောဖို့ ခက်ပါတယ်… ကျုပ်အတွေးတွေကို ပြောပြရုံပါပဲ… ဘာပြောပြော ဂီတ ဆိုတာကလည်း လေ့ကျင့်မှုကို အခြေခံ ရတာပါပဲ…” ရီဖူရှင်းက ပြုံးလျက်ပြောသည်။
တစ်ယောက်က ပြုံးလျက်ပြောသည်… “လင်းစီရဲ့ သံစဉ်တွေက အရမ်းလှတယ်… သူတီးခတ်ရင် ဖီးနစ်ရဲ့ သာယာတဲ့ အော်မြည်သံ တွေလိုပဲ…. ခင်ဗျားတို့ နှစ်ယောက် အတူတီးတာ မကောင်းဘူးလား… ဒါက ချစ်ခင် နှစ်လိုဖွယ်ရာ ကောင်းမှာပဲ…”
“တော်ပါပြီ… ခင်ဗျား တို့ကလည်း စနောက်နေတာပဲ…” ရီဖူရှင်းက ပြုံးလျက် ခေါင်းယမ်းသည်။ သူ့တွင် နန်းတော်သခင် ဟူသော ဟန်ကြီး ပင်ကြီးမျိုး မရှိပေ။ သူကား ကျောင်းတော်သားများနှင့် ဖော်ရွေရင်းနှီးစွာ ပြောဆိုကာ ချဉ်းကပ်ရ လွယ်ပေသည်။
“အမှန်ပဲ… နန်းတော် သခင်ရီသာ လက်မထပ်ထားရင် ခင်ဗျားတို့က အတွဲတောင် ဖြစ်နိုင်တယ်…” နောက်တစ်ယောက်က ထပ်မံ၍ နောက်ပြောင်သည်။
ရီဖူရှင်းက ပြောလိုက်သူအား လက်ကာပြကာ ပြောသည်… “ခင်ဗျားတို့ စတာက ဟုတ်တယ်… ဒါပေမဲ့ မိန်းကလေးလင်းရဲ့ ဂုဏ်သိက္ခာက ရှိသေးတယ်…”
“ကောင်းပြီ… ကောင်းပြီ…” ထိုလူက ခေါင်းညိတ်ကာ လင်းစီကို ကြည့်သည်။ သူမက ပြုံးလျက်ပြောသည်…. “ဒါက ပျော်စရာ ကောင်းပါတယ်… ကိစ္စမရှိပါဘူး…. မနက်ဖြန် ကျွန်မက မိတ်ဆွေ တစ်ယောက်ကို ခေါ်လာလို့ ဖြစ်ပါ့မလား… နန်းတော်သခင်ရီ..”
ရီဖူရှင်းက လင်းစီအား ကြည့်သည်။ သူမ၏လှပသော မျက်လုံးများက ကြယ်ပွင့်လေးများ အလား တစ်လက်လက် ထနေသည်။
“ကျေးဇူးတင်ပါတယ်…” ရီဖူရှင်းက ပြုံးလျက်ပြောသည်။
သူက ကျေးဇူးတင်ခြင်း မှာလည်း အကြောင်း ရှိပေသည်။ သူမကလည်း ပြုံးပြကာ ပြန်ပြောသည်… “ဒါက ပျော်စရာ ကောင်းပါတယ်” သူမက ထရပ်ကာ ပြောသည်… “ခွင့်ပြုပါဦး…”
“ကောင်းပါပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။
နောက်တစ်နေ့တွင် ရီဖူရှင်းက ပုံမှန်အတိုင်း ဆေးဥယျာဉ်ကို သွားရောက်ခဲ့ပြီး သူ့နေရာကို ပြန်လာခဲ့သည်။ သူက သိုင်းပညာ အချို့အား လေ့ကျင့်ကာ တရားခဏ ထိုင်ပြီး ဧည့်သည်များအား လက်ခံ တွေ့ဆုံသည်။ ယမန်နေ့က လူများက ပိုမို၍ စောလျင်စွာ ရောက်လာခဲ့ကြကာ ရီဖူရှင်းနှင့် သူတို့ အားလုံးက တစ်စုံတစ်ခုကို စောင့်မျှော် နေကြဟန် ရသည်။
“သူတို့ ရောက်လာကြပြီ…” တစ်ယောက်က ပြုံးလျက် ပြောသည်။ အားလုံး၏ အကြည့်က မြေလမ်း ကလေးထံသို့ ရောက်လာကြသည်။ ထိုနေရာမှကား အလွန်လှပသော မိန်းကလေးနှစ်ဦး လျှောက်လာကြ၏။ အထူးသဖြင့် ညာဘက်မှ မိန်းကလေးမှာ ပုရိသတို့အား မှင်တက် ငေးမော စေနိုင်အောင်ပင် ချောမော ပြေပြစ်ကာ အနုပညာ တစ်ရပ်ကို ခံစားကြည့်ရှု ရသလို ခံစားမှုအား ပေးသည်။
သူမဘေးမှ တစ်ယောက်ကား လင်းစီဖြစ်သည်။ သူမပြောသော မိတ်ဆွေဟူသည် မှာလည်း ယခု သူမခေါ်လာသော မိန်းကလေးပင် ဖြစ်ရပေမည်။
လူအများအပြားက ထရပ်ကာ နှစ်ယောက်လုံးအား နှုတ်ဆက်ကြသည်… “တွေ့ရတာ ဝမ်းသာပါတယ်… နတ်မိမယ်ဒီး…”
လင်းစီပြောသော မိတ်ဆွေ ဟူသည်မှာ ရှန့်ထိုကျန့်၏ တပည့် အငယ်ဆုံးဖြစ်သူ နတ်မိမယ်ဒီးပင် ဖြစ်သည်။ သူတို့က ဆေးဥယျာဉ်တွင်သာ လေ့ကျင့်သည် မဟုတ်ဘဲ မကြာမကြာ ကျောင်းတော်တွင်လည်း လာရောက် လေ့ကျင့်ကြရာ သူတို့နှင့် ရင်းနှီးသော ကျောင်းတော်သား များလည်း ရှိကြပေသည်။ လင်းစီနှင့် နတ်မိမယ်ဒီးတို့မှာ အလွန်ခင်မင် ရင်းနှီးကြသူများ ဖြစ်ရာ ထိုအချက်ကိုလည်း ရီဖူရှင်းထံ လာရောက် လည်ပတ်သူများက ရီဖူရှင်းအား ပြောကြား ခဲ့ကြပေသည်။
ရီဖူရှင်းနှင့် ခင်မင် ရင်းနှီးလာခဲ့ သူများက သူ့အား ကူညီ ပေးခဲ့ကြသည်မှာ သေချာပေသည်။
***