← Chapters

ရှန့်ထိုကျန့်နှင့် တွေ့ဆုံခြင်း

Vol. 009 Ch. 854

ရှန့်ထိုကျန့်နှင့် တွေ့ဆုံခြင်း

Vol. 009 Ch. 854

နတ်မိမယ်ဒီးက ပြုံးလိုက်ကာ အားလုံးကို ခေါင်းညိတ် ပြလိုက်ပြီးမှ ရီဖူရှင်းကို ကြည့်သည်။ သူကား သူမ ထင်ထားသည်နှင့် အနည်းငယ် ကွဲလွဲ နေပေသည်။ ရီဖူရှင်းကား ငယ်ရွယ်လွန်းသည်။ မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲနန်းတော်မှ ပြည်နယ်ကိုးခုတိုင် နာမည် ကျော်ကြားသော ရီဖူရှင်းအား ယခင်ကတည်းက ကြားဖူးပြီး ဖြစ်သော်လည်း လက်တွေ့ မြင်ရသောအနည်း အနည်းငယ် အံ့အားသင့် ရပေသည်။

ထိုမျှ နာမည် ကျော်ကြားသော သူက ယခုကား သာမန်လူနှင့် မခြားပေ။ ချေမောသော ရုပ်ရည်နှင့် ဖော်ရွေသော အပြုံးတို့ဖြင့် သူကား သာမန်စာပေသမား တစ်ယောက်နှင့် မခြားပေ။

“နန်းတော်သခင်ရီ…” နတ်မိမယ်ဒီးကလည်း ပြုံးလျက် ခေါင်းညိတ်သည်။ ရီဖူရှင်းကား မည်သို့ဆိုစေ တော်ဝင်မြေ တစ်ခု၏ ခေါင်းဆောင် ဖြစ်ပေသည်။ သူက သူမအပေါ် တောင်းဆိုစရာ တစ်ခုရှိသည် ဆိုသည့်တိုင် ထုံးတမ်းစဉ်လာအရ ယဉ်ကျေးစွာ နှုတ်ဆက်ရန် လိုပေသည်။

ရီဖူရှင်းက ထရပ်ကာ ပြုံးလျက် ပြောသည်… “ကျုပ်က အရင်ကတည်းက ခင်ဗျားရဲ့ အလှတရားကို ကြားဖူးပါတယ် ... ပြည်နယ်ကိုးခု မြို့တော်မှာတော့ ခင်ဗျားလို နောက်တစ်ယောက်ကို ရှာတွေ့ဖို့တောင် ခက်တယ်လို့ ကြားတယ်… ဒါပေမဲ့ အခုတကယ် မြင်တွေ့ရတော့မှာ ဒါတွေက အလကား ပြောနေကြတာ မဟုတ်ဘူး ဆိုတာ သိလိုက်ရတယ်…”

မိန်းကလေး တစ်ယောက်နှင့် ပထမဆုံး တွေ့သောအခါ သူတို့၏ အလှတရားကို ချီးကျူး ပြောဆိုခြင်းမှာ ပုံမှန်သာဖြစ်၏။ သို့သော် ထိုစကားကို ရီဖူရှင်းက ပြောလိုက်သော အခါ အလွန် သဘာဝကျရကား နားထောင် သူကိုပင် အလွန် စိတ်ကျေနပ်မှု ရစေနိုင်ပေသည်။

“နန်းတော်သခင်ရီက အရမ်း ချီးကျူးနေပါပြီ…” နတ်မိမယ်ဒီးက ညင်သာစွာ ပြောသည်… “လင်းစီက ရှင့်ဂီတသံစဉ်ကို နားထောင် စေချင်တာနဲ့ ကျွန်မက လာရောက် ခဲ့တာပါ…”

“ထိုင်ပါ… နတ်မိမယ်ဒီး…” ရီဖူရှင်းက လက်ဆန့်တန်းကာ ပြောသည်။ လင်းစီနှင့် နတ်မိမယ်ဒီးတို့က ကြမ်းပြင်တွင်ပင် ရီဖူရှင်းနှင့် မျက်နှာချင်းဆိုင် နေရာ၌ ထိုင်လိုက်ကြသည်။

နတ်မိမယ်ဒီးက လင်းစီနှင့် လာရောက်ရန် သဘောတူမှတော့ သူမက ကူညီလိုသည် ဟူသော သဘောရှိကြောင်း ရီဖူရှင်းက ခန့်မှန်း မိပေသည်။ မဟုတ်လျှင် သူမက ရောက်လာမည်ပင် မဟုတ်ပေ။

သူ တစ်လလုံးလုံး လုပ်ဆောင် နေသည်က ယခု ထူးခြားလာပြီဟု ပြော၍ ရပေသည်။

ဂီတသံစဉ်က ခြံဝင်းထဲ ပျံ့လွင့်လာပေသည်။ ရီဖူရှင်းက တီးခတ်သူ ဖြစ်ကာ ကျန်လူများက တိတ်ဆိတ်စွာ နားထောင်ကြသည်။

သံစဉ်ထဲတွင် သန့်စင်သော အငွေ့အသက်များ ကပ်ငြိနေသည်။ နားထောင်သူကား ပြတ်သားသော မြင်ကွင်း တစ်ခုကိုလည်း ဖော်ဆောင်စေသည်။ မြင်ကွင်းထဲတွင် သစ်ပင်ပန်းမန်များဖြင့် သာယာလှပသော ရှုမျှော်ခင်း တစ်ခုကို တွေ့ရပေမည်။

ထိုနေရာတွင် မိန်းကလေး တစ်ယောက်က လမ်းလျှောက် နေပေသည်။ သူမက ပန်းပင်များ အကြားတွင် လှုပ်ရှားနေကာ ပျော်ရွှင် ကြည်နူးဖွယ် ကောင်းသော အငွေ့အသက်များ လွှမ်းခြုံနေသည်။ လိပ်ပြာ ကလေးများက နေခြည် နွေးနွေးအောက်တွင် လှုပ်ရှား ပျံဝဲနေကြရာ ပတ်ဝန်းကျင်အား သက်ဝင်စေသည်။

မြင်ကွင်းကား အလွန် လှပေပေသည်။ အကြောင်းပြချက် တချို့ကြောင့် သူတို့ မသိလိုက်မီတွင်ပင် ထိုမြင်ကွင်းထဲမှ မိန်းကလေးမှာ နတ်မိမယ်ဒီးဟု ထင်မြင် လာခဲ့ကြရသည်။ သူမကား သန့်စင် လှပလွန်းကာ လူသားလောကနှင့် လားလားမျှ မသက်ဆိုင်သော နတ်မိမယ် တစ်ပါးအလား ထင်မှတ် လာရ၏။

သံစဉ် ပြီးဆုံး သွားသည့်တိုင် လူအများအပြားက မျက်လုံးကို မှိတ်ကာ သက်ဝင် ခံစား နေကြဆဲ ဖြစ်သည်။ ဂီတမှ ပေးသော သာယာ ကြည်နူးဖွယ် ခံစားချက်ကား အသည်းစိုင်ထဲ ကပ်ငြိ တွယ်ဆဲပင်။

“အရမ်း ကောင်းတယ်…” တစ်ယောက်က မှတ်ချက်ချသည်။ ရီဖူရှင်း၏ သံစဉ်က နတ်မိမယ်ဒီး တစ်ယောက်တည်း အတွက် ရည်ရွယ်ထားဟန် ရသည်။

နတ်မိမယ်ဒီးက ရီဖူရှင်းအား ကြည့်သည်။ ကု့ချင်းဝိညာဉ် ပျောက်ကွယ် သွားကာ ရီဖူရှင်းကလည်း လှပသော မျက်လုံးများကို ကြည့်ပြီး ပြောသည်… “ကျုပ်က ပြည်နယ်ကိုးခု ကျောင်းတော်ကို လာရောက်တာက ရှန့်ထိုကျန့်ကို တွေ့ချင်လို့ဆိုတာ နတ်မိမယ်ဒီး သိမယ်လို့ မျှော်လင့်ပါတယ်… ကျွန်တော်က နတ်မိမယ်ဒီးကို အခုမှ စတွေ့တာ ဖြစ်လို့ သံစဉ်က ရည်ညွှန်းမှုဟာ ခင်ဗျားအတွက် ရည်ရွယ်တဲ့ ကျုပ်ရဲ့ လက်ဆောင်လို့ သတ်မှတ် နိုင်ပါတယ်… ဒါက ခင်ဗျားကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ရင်လည်း ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်…”

ရီဖူရှင်းက သူလာရောက်ရသည့် ရည်ရွယ်ချက်ကို ပြောသည်။ ထို့အပြင် ယခုမှ တွေ့သော မိန်းကလေး တစ်ယောက်အား လက်ဆောင် ပေးခြင်းက ရဲတင်းသော အပြုအမူ ဖြစ်သော်လည်း သူ့ရည်ရွယ်ချက်က နတ်မိမယ်ဒီးထံမှ အကူအညီရရန် ဖြစ်ရာ ဤသို့ လက်ဆောင် ပေးခြင်းလည်း ပုံမှန်သာ ဖြစ်ပေသည်။

နတ်မိမယ်ဒီး ကလည်း ပြုံးလိုက်ကာ ရီဖူရှင်းအား ပြောသည်… “ကျွန်မက သံစဉ်ကို သဘောကျပါတယ်… နန်းတော် သခင်ရီကို ကျေးဇူးတင်ပါတယ်…”

သူမက ထိုသို့ ပြောခြင်းတွင် သူ၏ လက်ဆောင်ကို သူမက လက်ခံကြောင်း ရီဖူရှင်းက နားလည် လိုက်ပေသည်။ ထို့အပြင် သူမက သူ့အား ကူညီမည် ဟူသော အဓိပ္ပာယ်ရ၏။

“သံစဉ်ကို နာမည် ပေးပေးပါ… နတ်မိမယ်…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။

“ကျွန်မက ဒါကို ပန်းချစ်တဲ့ လိပ်ပြာလို့ ပေးပါ့မယ်…” နတ်မိမယ်ဒီးက ပြန်ပြောသည်။

“အရမ်း လိုက်ဖက်တဲ့ နာမည်ပါပဲ…” ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်သည်။

“ကျွန်မက ရှင့်ရဲ့ လက်ဆောင်ကို လက်ခံပါတယ်… နန်းတော်သခင်ရီ… ဆရာက တကယ်ပဲ တံခါးပိတ် လေ့ကျင့်နေတာပါ… အစ်ကိုကို အပြစ်မမြင်ပါနဲ့… တကယ်လို့ ဆရာက သူ့လေ့ကျင့်မှုက ထွက်လာခဲ့ရင် ရှင့်ကို ဆရာနဲ့ မိတ်ဆက် ပေးပါ့မယ်…” နတ်မိမယ်ဒီးက ပြုံးလျက် ပြောသည်။

“ဒီအတွက် ကျေးဇူးတင်ပါတယ်… နတ်မိမယ်ဒီး…” ရီဖူရှင်းက ကျေးဇူးတင်စွာ ပြောသည်။ သူ၏ ပထမ တစ်ဆင့်ကား အောင်မြင် သွားလေပြီ။ အနည်းဆုံး သူက ရှန့်ထိုကျန့်အား တွေ့ခွင့်ရပေပြီ။

“ကျွန်မ ပြန်လိုက်ပါဦးမယ်…” နတ်မိမယ်ဒီးက ထရပ်သည်တွင် လင်းစီကလည်း ထရပ်သည်။ ရီဖူရှင်းတို့ကလည်း ထရပ်ကာ သူမအား နှုတ်ဆက်ကြသည်။

သူမတို့ နှစ်ယောက်က ထွက်သွားကြလျှင် အများအပြားက ရီဖူရှင်းအား လက်မ ထောင်ပြကြသည်။ တစ်ယောက်က ပြုံးလျက် ပြောသည်… “ခင်ဗျားက ပြည်နယ်ကိုးခုမှာ ပါရမီမြင့်တယ် ဆိုပြီး နာမည်ကြီးတယ်… ဒါပေမဲ့ တခြား အပိုင်းတွေ မှာလည်း ခင်ဗျားက စွမ်းတယ်ဆိုတာ အခုမှ သိရတယ်ဗျ… ကျုပ် တကယ်ပဲ လေးစား အထင်ကြီး သွားပြီ…”

“အမှန်ပဲ…” နောက်တစ်ယောက်က ပြုံးလျက် ထောက်ခံသည်။

ခြံဝင်းထဲ ပျော်ရွှင်ဖွယ် ရယ်သံများ ထွက်ပေါ်လာသည်။

ရီဖူရှင်းနှင့် နတ်မိမယ်ဒီးတို့ တွေ့ဆုံသည့် သတင်းက လူအများအား အံ့အားသင့် စေခဲ့သည်။ နတ်မိမယ်ဒီး ဆေးဥယျာဉ်မှ ထွက်ကာ ရီဖူရှင်းနှင့် တွေ့မည်ဟု မည်သူက ထင်မှတ်မိမည်နည်း။

နောက်တစ်နေ့တွင် စုချီဟန်က သတင်းအချို့ကို ရခဲ့ကာ နတ်မိမယ်ဒီးရှိရာ နေရာသို့ ရောက်လာခဲ့သည်။

“ညီမလေး…”

“အစ်ကို… ညီမ ပြောစရာ တစ်ခုရှိတယ်…” နတ်မိမယ်ဒီးက ပြောသည်… “ရီဖူရှင်းက တစ်လလုံးလုံး ဆေးဥယျာဉ်ကို လာလည်တယ်… သူက ဆရာနဲ့ တွေ့ချင်နေတယ်…”

“ဒါက ကျောက်ပြည်ထောင်နဲ့ မြေရိုင်းပြည်နယ်တို့ အကြား တော်ဝင်စစ်ပွဲနဲ့ သက်ဆိုင်နေတယ်… ဆရာ့ကို ဒီအကြား ဝင်မပါစေချင်ဘူး…” စုချီဟန်က ပြောသည်။

“ရီဖူရှင်းက မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲ နန်းတော်ရဲ့ နန်းတော်သခင်ပဲ… သူက တစ်လလုံးလုံး လာတွေ့တာကို ကျွန်မတို့က မျက်ကွယ် ပြုထားတယ်… သူ့ဆရာအတွက် သူက ရိုးရိုးသားသား တွေ့ဆုံဖို့ ကြိုးစားနေတဲ့ အချိန်မှာ ဒီအတိုင်း တံခါးပိတ် ထားတာက မသင့်တော်လှဘူ…” နတ်မိမယ်ဒီးက ပြုံးလျက် ဆက်ပြောသည်… “တော်ဝင်စစ်ပွဲမှာ ပတ်သက်ခြင်း မပတ်သက်ခြင်း ကလည်း ဆရာရဲ့ စိတ်ဆန္ဒနဲ့ပဲ သက်ဆိုင်တယ်လို့ ညီမထင်တယ်… ဆရာ့ဆုံးဖြတ်ချက် အတိုင်းပဲ ညီမတို့က လိုက်နာသင့်တယ်…”

စုချီဟန်က အသာအယာ ခေါင်းညိတ်လိုက်ကာ ပြောသည်… “ညီမက ဒီလို ပြောမှတော့ သူထပ်လာတဲ့အခါ သူ့ကို သွားတွေ့ကြတာပေါ့..”

“ကောင်းပြီ…” နတ်မိမယ်ဒီးက ခေါင်းညိတ်သည်။

သို့သော်လည်း ရီဖူရှင်းက နောက်နေ့တွင် ထပ်သွားခြင်း မရှိတော့ပေ။ နတ်မိမယ်ဒီးက ကူညီရန် သဘောတူမှတော့ သူ့အတွက် ဆေးဥယျာဉ်ကို အဘယ်ကြောင့် ထပ်သွား ရတော့မည်နည်း။

လဝက်ခန့် ကုန်ဆုံးသွားကာ လင်းစီက ရီဖူရှင်းထံကို ရောက်လာပြီး ဆေးဥယျာဉ်ကို သွားရန် ပြောခဲ့သည်။ ရီဖူရှင်းကလည်း သက်ပြင်းချကာ သူ၏ ဆရာနှင့် တခြားလူများအား ခေါ်ယူလိုက်သည်။ သူတို့က ဆေးဥယျာဉ်ဘက်ကို ထွက်လာ ခဲ့ကြသည်။

ဥယျာဉ် အပြင်ဘက်တွင် အစေခံ မိန်းကလေး အချို့အား မြင်တွေ့ရသည်။ သူမက ရီဖူရှင်းတို့ အုပ်စုကို မြင်သည်တွင် မေးသည်… “ဒီက သခင်လေးရီတို့ ဟုတ်ပါသလား…”

“အမှန်ပဲ…” ရီဖူရှင်းက ခေါင်းညိတ်သည်။

“ကျွန်မတို့ သခင်မလေးက ဆေးဥယျာဉ် အပြင်ဘက်မှာ နန်းတော် သခင်ရီတို့ကို လာစောင့်ခိုင်း ထားပါတယ်…နန်းတော် သခင်ရီတို့က အထဲကို ဝင်လို့ရပါပြီ…” အစေခံ မိန်းကလေးက ပြောသည်။

“ကျေးဇူးပါ….” ရီဖူရှင်းက ခေါင်းညိတ်ကာ ဆေးဥယျာဉ်ထဲကို ဝင်သည်။

ဆေးဥယျာဉ် အတွင်း၌ကား သဘာဝစွမ်းအင်တို့ သိပ်သည်းစွာ ရှိနေကာ ဆေးပင်များက နေရာအနှံ့တွင် ရှိသည်။ အဆောင်အချို့ ကိုလည်း တွေ့ရပြီး ဆေးနံ့များက သင်းနေသည်။

အစေခံ မိန်းကလေးက သူတို့ကို အဆောင် တစ်နေရာသို့ ခေါ်ဆောင် သွားသည်။ နတ်မိမယ်ဒီးကား ထိုနေရာတွင် ရပ်နေသည်။ သူမက ရီဖူရှင်း ရောက်လာသည်တွင် ပြုံးလျက် ကြိုဆိုသည်။

“ကျွန်မက ဆရာကို ပြောပြထား ပြီးပါပြီ.. ကျွန်မနဲ့ လိုက်ခဲ့ပါ…” နတ်မိမယ်ဒီးက ပြောသည်။

“ကျေးဇူးတင်ပါတယ်… နတ်မိမယ်…” ရီဖူရှင်းက ပြောသည်။ သူတို့က လမ်းကလေး အတိုင်း လျှောက်သွားကြရာ အဆောက်အဦ တစ်ခုထံသို့ ရောက်လာသည်။ တံခါးဝ နားတွင် အေးစက်သော လူတစ်ယောက် ရပ်နေသည်။ သူကား အနက်ရောင် ဝတ်စုံကို ဝတ်ထား၏။

ထိုလူကား စုချီဟန် ဖြစ်သည်။ သူက ဘာမှ မပြောဘဲ တိတ်ဆိတ်စွာ ရပ်နေသည်။ ရီဖူရှင်းက တစ်ဘက်လူ မည်သူ ဖြစ်သည်ကို ခန့်မှန်းမိ၏။ သို့သော်လည်း သူကလည်း ထိုလူကို ဘာမှ မပြောပေ။

နတ်မိမယ်ဒီးက ရှေ့ကို တက်သွားကာ ခေါ်လိုက်သည်.. “ဆရာ… နန်းတော်သခင်ရီ ရောက်ပါပြီ…”

အတွင်းမှ လူတစ်ယောက် ထွက်လာသည်။

ထိုလူကား အသက်သုံးဆယ် ဝန်းကျင်ခန့် ရုပ်ရည်ကို ပိုင်ဆိုင်ထားကာ သူ၏ ဆံပင်များက ညို့မှိုင်းနေ၏။ သို့သော် သူ၏ ရုပ်ရည်ကား အလွန်အမင်း ချောမော ခန့်ညားပေသည်။ အထူးခြားဆုံးကား သူ၏မျက်လုံးများ ဖြစ်ပြီး လောကကြီး၏ အရာခပ်သိမ်းကို ထွင်းဖောက် မြင်နိုင်စွမ်း ရှိဟန်ရသည်။ သူက ရီဖူရှင်းကို ကြည့်လိုက်သည့် အခိုက်တွင်ပင် သူက အရာအားလုံးကို နားလည် သဘောပေါက် သွားသည့်ပုံမျိုး ဖြစ်သည်။

ရီဖူရှင်းကလည်း ဦးညွှတ်လိုက်ကာ ပြောသည်… “တော်ဝင်ကျဲ နန်းတော် ရီဖူရှင်းက စီနီယာကို နှုတ်ဆက်ပါတယ်… “

“နှုတ်ဆက်ပါတယ်… ရှန့်ထိုကျန့်…” ထောင်ကျန်းနှင့် တခြားလူများ ကလည်း လေးစားသည့် အမူအရာဖြင့် ပြောကြသည်။ သူကား ရှန့်ထို အဆင့်၁၂တွင် ရှိရာ ပြည်နယ်ကိုးခု၏ အမြင့်ဆုံးသော အဆင့်အတန်း တစ်ခုကို ပိုင်ဆိုင်ပေသည်။

ရှန့်ထိုကျန့်က ထောင်ကျန်းကို ကြည့်လိုက်သည်တွင် သူ၏ စိတ်အသိက ထောင်ကျန်း၏ ခန္ဓာကိုယ်ကို ခွဲခြမ်းစိတ်ဖြာ သွားဟန် ရသည်။ သူက ပြောသည်…” ခင်ဗျားက တကယ်ပဲ​ ကံကောင်းတယ်…”

တန်ခိုးရှင် များအတွက် နတ်ဘုရား ပြစ်ဒဏ်က ကံကောင်းခြင်းလည်း ဖြစ်သလို ကံဆိုးခြင်းလည်း ဖြစ်သည်။ နတ်ဘုရား ပြစ်ဒဏ်ကို မကျော်ဖြတ်နိုင်ခြင်းက သေခြင်း တစ်လမ်းတည်းသာ ရှိသော်လည်း ထောင်ကျန်းက အသက်ရှင်ခဲ့သည်။ သူကား အမှန်တကယ် ကံကောင်းပေသည်။

“စီနီယာက ကူညီပေးဖို့ ကျွန်​တော် တောင်းဆို ချင်ပါတယ်…” ရီဖူရှင်းက ဦးညွှတ်ကာ ပြောသည်။

***

All Chapters