ဆေးစမ်းသပ်ခံ
Vol. 009 Ch. 855
ရှန့်ထိုကျန့်က ရီဖူရှင်းကို ကြည့်သည်တွင် ဖိအားတစ်ခုက ရီဖူရှင်းထံ ကျဆင်း လာသည်။ သူက အနည်းငယ် စိုးရိမ်နေဟန်ရကာ လက်သီးအား ဆုပ်ထားသည်။
ရှန့်ထိုကျန့်၏ အဖြေက သူ့ဆရာ၏ကံကြမ္မာကို ဆုံးဖြတ်ပေမည်။
စုချီဟန်နှင့် နတ်မိမယ်ဒီးတို့က ဘေးတွင်ရပ်ကာ ဘာမှ မပြောကြပေ။ သူတို့က ရှန့်ထိုကျန့်၏ တပည့်များ ဖြစ်ကြသော်လည်း သူတို့ဆရာ၏ အဆုံးအဖြတ်အပေါ် မည်သို့မှ လွှမ်းမိုးနိုင်စွမ်း မရှိပေ။
မြေရိုင်းပြည်နယ်မှ လူများအားလုံးကလည်း စိုးရိမ်နေကြသည်။ သည်ကိစ္စ အဆင်ပြေသွားခဲ့ပါက မြေရိုင်းပြည်နယ်တွင် နောက်ထပ် ရှန့်ထိုတစ်ပါး ဖြစ်လာပေမည်။
“အခု ကျောက်ပြည်ထောင်က မြေရိုင်းပြည်နယ်နဲ့ တော်ဝင်စစ်ပွဲ ဖြစ်နေတယ်… တကယ်လို့ ငါက သူ့ကို ကူညီခဲ့ရင် တော်ဝင်မြေတစ်ခုကို အပြစ် လုပ်မိလိမ့်မယ်… ဒါက ငါ့အတွက် ပြဿနာသိပ်မရှိဘူးဆိုပေမဲ့ နောက်ပြဿနာ တစ်ခုရှိတယ်… သူ့ကို ရှန့်ထိုအဆင့်သို့ တက်လှမ်းနိုင်အောင် အထိဆိုရင် ငါက ဘယ်လိုဆေးဝါးတွေ သုံးရမယ်လို့ မင်းထင်လဲ…” ရှန့်ထိုကျန့်က အေးစက်စွာ ပြောသည်… “သူ့ကို ကူညီဖို့ အကြောင်းပြချက် ပေးပါ…”
ရီဖူရှင်းက ရှန့်ထိုကျန့်၏ စကားကို ကြားကာ တိတ်ဆိတ်နေသည်။ သူက ရှန့်ထိုကျန့်၏ စကားကို မငြင်းပယ်နိုင်ပေ။ သူတို့က မည်သို့မှ သက်ဆိုင်ခြင်း မရှိသည့်အပြင် ယခုမှ တွေ့ဆုံခြင်းလည်း ဖြစ်သည်။ သူ၏ တော်ဝင်ကျဲနန်းတော် သခင်ဟူသော နေရာက ရှန့်ထိုကျန့်အတွက် မည်သို့မှ အရေးမပါပေ။
ရှန့်ထိုကျန့်တွင် သူ့အား ကူညီရန် မည်သည့် အကြောင်းပြချက်မှ မရှိပေ။
ရှန့်ထိုကျန့်က ကျောက်ပြည်ထောင် ဘုရင်ကို ဂရုမစိုက်မည် မဟုတ်သော်လည်း လူစိမ်းတစ်ယောက် အတွက် ရန်မီးတစ်ခု ပွားစရာ အကြောင်းလည်း မရှိပေ။ ထို့အပြင် သူက ထောင်ကျန်းအတွက် များစွာသော ဆေးဝါးများအား သုံးစွဲရပေဦးမည်။
သက်ပြင်းတစ်ချက် ရှိုက်လိုက်ကာ ရီဖူရှင်းက ဦးညွှတ်လျက် ပြောသည်… “ကျွန်တော့်မှာ စီနီယာအတွက် မက်လောက်စရာ ဘာမှ မရှိတာ သိပါတယ် … တော်ဝင်ကျဲနန်းတော်က ပေးနိုင်တဲ့ တန်ဖိုးအရှိဆုံး ပစ္စည်းက ရှန့်ထို ရတနာတွေပါပဲ… ကျွန်တော်က စီနီယာရဲ့ ဆေးဝါးတွေအတွက် ရှန့်ထိုရတနာတွေနဲ့ လှဲလှယ် နိုင်ပါတယ်… တကယ်လို့ စီနီယာမှာ တခြား လိုအပ်တာ ရှိသေးရင်လည်း ပွင့်ပွင့်လင်းလင်း ပြောလို့ ရပါတယ်… ကျွန်တော်တို့က အတတ်နိုင်ဆုံး ပြည့်မီအောင် ကြိုးစားမှာပါ…”
“ငါက ရှန့်ထိုရတနာ မလိုအပ်ဘူး…” ရှန့်ထိုကျန့်က ထူးမခြားနားစွာ ပြောသည်။ ထို့နောက် သူက မေးသည်… “တော်ဝင်ကျဲ နန်းတော်ရဲ့တပည့် ယူချင်းက ပြည်နယ်ကိုးခု ညီလာခံမှာ ပထမရပြီးတော့ ပြိုင်ဘက်ကင်း ခန္ဓာကိုယ်ကို ပိုင်ဆိုင်တယ်ဆို… အဲဒါမင်းလား…” ရှန့်ထိုကျန့်၏ အကြည့်က ယူချင်းထံကို ရောက်လာသည်။
“ဟုတ်ပါတယ်…” ယူချင်းက ခေါင်းညိတ်သည်။
“ထောင်ကျန်းကို ကူညီနိုင်တယ်… ဒါပေမဲ့ ငါ့ဆေးတွေကို စမ်းသပ်ဖို့ လူတစ်ယောက် လိုတယ်…”
ရီဖူရှင်း၏မျက်နှာက မသာမယာ ဖြစ်သွားကာ မေးသည်… “အဲဒါက ဘယ်လောက် အန္တရာယ်များလဲ…”
“ငါမင်းကို အတင်း ဖိအားမပေးဘူး… အတိတ်က ငါ့စမ်းသပ်မှုကို ဘယ်သူမှ မအောင်မြင်ခဲ့ကြဘူး… သူတို့အားလုံး ထူးခြား ထက်မြက်တဲ့ လူတွေချည်းပဲ… ဒါပေမဲ့ သူတို့အားလုံး ကျရှုံးခဲ့ကြတယ်… အကျိုးဆက်က သေဆုံးခြင်းပဲ…” ရှန့်ထိုကျန့်က အေးစက်စွာ ပြောသည်။
ရီဖူရှင်းက ရှန့်ထိုကျန့်အား ကြည့်သည်။ ကောလာဟလများကား မှန်ကန်ပေသည်။ ရှန့်ထိုကျန့်က မရေမတွက်နိုင်သော လူများကို သတ်ဖြတ်ခဲ့သည် ဆိုခြင်းမှာ သူ၏ဆေးကို စမ်းသပ်ခြင်း ဖြစ်ရပေမည်။
“သူ့လက်ရှိ အခြေအနေနဲ့ဆို နတ်ဘုရားပြစ်ဒဏ်ကို ခံနိုင်ဖို့မလွယ်ဘူး… ဒါပေမဲ့ ငါမင်းကို အတင်း မတောင်းဆိုဘူး… မင်းက ဆုံးဖြတ်ပါ…” ရှန့်ထိုကျန့်က ထောင်ကျန်းကို ကြည့်ကာ ပြောသည်။
“မဖြစ်နိုင်ဘူး…”
“ကောင်းပြီ…”
အသံနှစ်သံ တစ်ပြိုင်နက်တည်း ထွက်လာသည်။ ရှန့်ထိုကျန့်၏ မျက်နှာတွင် အံ့အားသင့်ဟန် ပေါ်လာသည်။ ငြင်းပယ်လိုက်သူကား ရီဖူရှင်းဖြစ်ကာ လက်ခံလိုက်သူကား ယူချင်း ဖြစ်သည်။
“မဖြစ်နိုင်ဘူး…” ထောင်ကျန်းက ပြောသည်… “ကျုပ်ခန္ဓာက ဆုတ်ယုတ်နေပြီ… ယူချင်းနဲ့ အလှဲအလှယ်လုပ်ဖို့ မတန်ဘူး… ယူချင်းက အနာဂတ်မှာ ရှန့်ထိုဖြစ်မယ့်လူပဲ… အချိန်တစ်ခုပဲ လိုတယ်… မြေရိုင်းပြည်နယ်က ရှန့်ထိုသေချာပေါက် ထပ်မွေးဖွားလာမှာ … သွားရအောင်…”
ရီဖူရှင်း၏မျက်နှာက သိပ်မကောင်းပေ။ သူ့ဆရာအတွက် သူက မည်သည့် တန်ဖိုးကိုမဆို ပေးနိုင်သော်လည်း ရှန့်ထိုကျန့်က ယူချင်း၏ ခန္ဓာဖြင့် အဆိပ်ကို စမ်းသပ်လိုသည်။ သူက မည်သို့ လက်ခံနိုင် မည်နည်း။
“ဆရာ.. ကျွန်တော် မကျရှုံးနိုင်ဘူး…” ယူချင်းက ထောင်ကျန်းကို ပြောသည်… “ကျွန်တော် စမ်းကြည့်ချင်တယ်…”
“မဖြစ်နိုင်ဘူး…” ထောင်ကျန်းက ပြတ်သားစွာ ပြောသည်။
“စီနီယာ … တခြား တောင်းဆိုမှုတွေ လုပ်လို့ မရဘူးလား…” ရီဖူရှင်းက မေးသည်။
ရှန့်ထိုကျန့်က ခေါင်းယမ်းသည်… “လောကကြီးမှာ တစ်ခုရဖို့ တစ်ခု ပေးဆပ်ရမှာပဲ… မင်းဆရာက ဒါကို ခံစားကြည့်ဖူးပြီးပြီ… ရှန့်ထိုဖြစ်ဖို့ဆိုရင် နတ်ဘုရား ပြစ်ဒဏ်ကို ဖြတ်ကျော်ရတယ် … ဒါက ပေးရတဲ့တန်ဖိုးပဲ… မင်းက သူ့ကို ရှန့်ထို ဖြစ်စေချင်တယ် ဆိုမှတော့ သူက တူညီတဲ့ တန်ဖိုးကို ပေးရမှာပဲ… မဟုတ်ရင် မင်းတို့ ထွက်သွားနိုင်ပြီ…”
ရီဖူရှင်း၏ မျက်လုံးများက တစ်စုံတစ်ခုကို ဆုံးဖြတ်လိုက်ဟန် ပေါ်လာသည်။ သူက လက်သီးကို ဆုပ်ကာ ပြောသည်… “ကျွန်တော်က ယူချင်းကိုယ်စား စီနီယာအတွက် အဆိပ်စမ်းသပ်မှုကို ခံယူပါမယ်…”
“မင်းလား…” ရှန့်ထိုကျန်းက ရီဖူရှင်းကို ကြည့်ကာ ပြောသည်.. “ဆေးစမ်းသပ်မှု အတွက် ပထမဆုံး လိုအပ်ချက်က မင်းမှာ ကြံ့ခိုင်သန်မာတဲ့ ခန္ဓာကိုယ် ရှိဖို့လိုတယ်… မင်းခန္ဓာကိုယ်က လုံလောက်တဲ့ သန်မာမှုမရှိရင် အလွယ်တကူပဲ သေသွားလိမ့်မယ်… မင်းက စမ်းသပ်မှု ခံယူဖို့မလိုဘူး…”
“ကျွန်တော်ကလည်း ကာယ လေ့ကျင့်တဲ့သူပဲ… ကျွန်တော့်ခန္ဓာကိုယ်က ယူချင်းလိုပဲ သန်မာတယ်…” ရီဖူရှင်းက ပြောသည်။ သူက လက်သီးကို ဆုပ်လိုက်သည်တွင် သူ၏ ဆံပင်ရှည်များက လေထဲ လွင့်သွားသည်။ ရုန့်ရင်းသော ကိုယ်ရောင်ကိုယ်ဝါက ထွက်လာသည်တွင် အပေါ်ပိုင်းမှ အဝတ်အစားများက အစိတ်စိတ် အမြွှာမြွှာ ကွဲထွက်သွားပြီး ခန္ဓာကိုယ် ဗလာကျင်း ဖြစ်သွားသည်။ သူ၏ခန္ဓာကိုယ်အား ရွှေရောင် အငွေ့အသက်များ လွှမ်းခြုံထားကာ ကြမ်းတမ်းသော စွမ်းအားများ စီးဆင်းနေသည်ကို အားလုံးက ခံစားနိုင်ပေသည်။
ရှန့်ထိုကျန့်က ရီဖူရှင်းအား အံ့အားသင့်စွာ ကြည့်သည်။ ယူချင်းက ပြည်နယ်ကိုးခု ညီလာခံတွင် ပထမရခဲ့ကာ ပြိုင်ဘက်ကင်း ရုပ်ခန္ဓာအား ပိုင်ဆိုင်သည်ဟုသာ သူကြားဖူးသည်။ ရီဖူရှင်းနှင့် ပတ်သက်လျှင်မူကား သူ၏မှော်ပညာကိုသာ လူအများက သိကြကာ ရုပ်ခန္ဓာသန်မာမှုနှင့် ပတ်သက်၍ သိပ်မသိကြပေ။
ဤသို့ဆိုလျှင် ရီဖူရှင်းကား ရုပ်နှင့်စိတ်ဝိညာဉ် အလွန်အားကောင်းရာ ယူချင်းထက်ပင် ပိုသင့်တော်သည်ဟု ဆိုနိုင်ပေသည်။
သူ့ဘေးတွင် စုချီဟန်နှင့် နတ်မိမယ်ဒီးတို့ ကလည်း ရီဖူရှင်းကို ထိတ်လန့်စွာ ကြည့်ကြသည်။ အထူးသဖြင့် နတ်မိမယ်ဒီး ကြားထားသည်မှာ ရီဖူရှင်းကား မရဏဝင်္ကပါကို အသက်သွင်းခဲ့ပြီး ဝင်္ကပါပညာ၌ ထူးချွန်သည်။ တစ်ဖက်တွင် သူ၏ကု့ချင်းပညာမှာလည်း အဆင့်မြင့်မား၏။ ယခု သူက ရုပ်ခန္ဓာ လေ့ကျင့်မှုတွင်လည်း တစ်ဖက်ကမ်းခတ်သည်။ သူက မည်သို့သော လူပေနည်း။
ကောင်းပြီ… ရှန့်ထိုကျန့်က ရီဖူရှင်းအား ယူချင်းနှင့် အစားထိုးရန် သဘောတူသည်။
“ကျုပ် သဘောမတူဘူး…” ထောင်ကျန်းက ပြောသည်… “ကျုပ်တို့ ခင်ဗျားရဲ့ အကူအညီကို မလိုအပ်တော့ဘူး…” ထိုသို့ပြောရင်းက ထွက်သွားရန် ဟန်ပြင်သည်။ သူကား ရီဖူရှင်းကိုထား… ယူချင်းကို စမ်းသပ်ရန်ပင် လက်ခံသည် မဟုတ်ပေ။
ရီဖူရှင်းကား ယခု မြေရိုင်းပြည်နယ်၏ ခေါင်းဆောင်ဖြစ်ကာ မြေရိုင်းပြည်နယ် တစ်ခုလုံး၏ မျှော်လင့်ချက်များအား ထမ်းပိုးထားသည်။ ထို့အပြင် ရီဖူရှင်း၏ အနာဂတ်ကား ရှန့်ထိုထက်ပင် မြင့်မားနိုင်ပေသည်။ ရီဖူရှင်းအား သူ့အတွက် မည်သို့ အစမ်းသပ်ခံ လုပ်ခွင့်ပေးနိုင်မည်နည်း။
ရီဖူရှင်းသာ တစ်ခုခု ဖြစ်သွားပါက မည်သို့ အဓိပ္ပာယ် ရှိတော့မည်နည်း။
သူက အပြစ်ရှိသူ ဖြစ်သွားပေလိမ့်မည်။
ဓားမိစ္ဆာနှင့် တခြား လူများကလည်း သက်ပြင်း ချလိုက်ကြသည်။
ရီဖူရှင်းနှင့် ယူချင်းတို့ကား မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲနန်းတော် အတွက် အနာဂတ် မျှော်လင့်ချက် ဖြစ်သည်။ သူတို့က တော်ဝင်လမ်းကို တက်လှမ်းကာ ကျောက်ပြည်ထောင် ဘုရင်ကို ကျော်ဖြတ်ရန် သေချာပေသည်။ ထောင်ကျန်းအတွက် သူတို့ထဲမှ တစ်ယောက်ကို စတေးခြင်းက မထိုက်တန်လှပေ။
သည်အရာက သူတို့၏ အကျိုးအမြတ်အတွက် မဟုတ်ဘဲမြေရိုင်းပြည်နယ် တစ်ခုလုံး၏ အကျိုးအတွက် စဉ်းစား တွေးတောကြခြင်း ဖြစ်သည်။ မည်သို့ဆိုစေ သူတို့အားလုံးက ကျောက်ပြည်ထောင်နှင့် တော်ဝင်စစ်ပွဲကို ရင်ဆိုင် တိုက်ခိုက် နေရပေသည်။
“ဆရာ ... ခဏစောင့်ပါဦး…” ရီဖူရှင်းက ထောင်ကျန်းကို ခေါ်လိုက်သည်။ ထောင်ကျန်းက ရပ်လိုက်ကာ ရီဖူရှင်းအား ကြည့်လျက် ပြောသည်… “ရီဖူရှင်း… နန်းတော် အပြင်ဘက်မှာ ငါက ဘာလို့ အသက်နဲ့ရင်းပြီး တိုက်ခိုက်ခဲ့တာလဲ…. ဒါက မျှော်လင့်ချက် အတွက် မဟုတ်ဘူးလား… မင်းက နန်းတော်ရဲ့ မျှော်လင့်ချက်ပဲ… မင်းက အသက်နဲ့ရင်းပြီး ငါ့အတွက် စမ်းသပ်မှုခံယူတယ် ဆိုရင် ဘာအဓိပ္ပာယ် ရှိတော့မလဲ…”
“ဆရာ … ရှန့်ထိုကျန့်က ဆေးစပ်းသပ်မှု လုပ်တယ် ဆိုတာ လူသတ်ဖို့ မဟုတ်ပါဘူး… မဟုတ်ရင် သူက ကျွန်တော့်အသက်နဲ့ တိုက်ရိုက် လှဲလှယ်မှာပေါ့… သူက ဆေးစမ်းသပ်မှု လုပ်မယ် ဆိုမှတော့ သူက ကျွန်တော့်ရဲ့ ခံနိုင်ရည်အားကို ချိန်ပြီးမှ ဖိနှိပ်ဖို့ ကြိုးစားမှာပဲ…” သူက ရှန့်ထိုကျန့်ကို ကြည့်ကာ ပြောသည်… “စီနီယာ… ကျွန်တော် ပြောတာ မှန်ပါသလား…”
“ဒါက မင်းရဲ့ခံနိုင်ရည်ကို အဆက်မပြတ် မြင့်တက်စေလိမ့်မယ်… တစ်ဖက်က ဆေးစမ်းသပ်မှုကလည်း ပိုပြင်းထန် လာလိမ့်မယ်…” ရှန့်ထိုကျန့်က ပြောသည်။
“ဒါပဲ…” ရီဖူရှင်းက ပြုံးလျက် ဆက်ပြောသည်… “ဆရာ… ကျွန်တော်က မိုးမြေကောင်းကင်မြို့မှာ ကျွန်တော့်ရဲ့သွေးကြောတွေ၊ အတွင်းကလီစာတွေ အကုန် ဖျက်ဆီးခံခဲ့ရပါတယ်… ဒါပေမဲ့ ကျွန်တော့်ရဲ့ အသက်ဓာတ်က ဒါတွေကို ပြန်ရှင်သန်စေ နိုင်ခဲ့ပြီးတော့ ပုံမှန်အခြေအနေသို့ ပြန်ရောက် စေခဲ့ပါတယ်…”
“ဒါက ကျွန်တော့်ရဲ့ ခံနိုင်ရည်အားကို မြင့်တက်စေအောင် ဖိနှိပ်တဲ့နည်းလမ်းပဲ… ဒါက ကျွန်တော့်အတွက် ပထမဆုံးအကြိမ် မဟုတ်ပါဘူး…” ရီဖူရှင်းက အေးအေးဆေးဆေး ဟန်ပင်ဖြင့် ပြောသည်။
“မဖြစ်နိုင်ဘူး…” ထောင်ကျန်းက ခိုင်မာစွာ ပြောသည်။ ရှန့်ထိုကျန့်၏ ဆေးစမ်းသပ်မှုက မည်သို့မှ မရိုးရှင်းနိုင်ပေ။
ရီဖူရှင်း၏ အမူရာက အလွန်အမင်း သုန်မှုန် သွားသည်။ သူက ထောင်ကျန်းကို စိုက်ကြည့်ကာ ပြောသည်… “ဆရာက နန်းတော်သခင်လား ကျွန်တော်က နန်းတော်သခင်လား…”
ထောင်ကျန်း၏ အမူအရာက အေးခဲသွားသည်။ ရီဖူရှင်းက သူ့အား ဤသို့ပြောခြင်းမှာ ပထမဆုံး အကြိမ်ပင်။
“ဆရာ့ကို နန်းတော်သခင် အနေနဲ့ ကျွန်တော် လက်ခံဖို့ အမိန့်ပေးတယ်…” ရီဖူရှင်း၏လေသံတွင် အထက်စီးဆန်သော အငွေ့အသက်များအား တွေ့ရပေသည်။
“ဖူရှင်း…” ထောင်ကျန်းက ရီဖူရှင်းအား ကြည့်ကာ ခေါ်လိုက်သည်။
“ဘာပဲဖြစ်ဖြစ် ဆရာက လက်ခံရမယ်… ကျွန်တော်က ဒီမှာနေပြီး ဆေးစမ်းသပ်မှုကို ခံယူမယ်…” ရီဖူရှင်းက ပြောသည်။ သူ့တွင် တခြား ရွေးစရာ မရှိပေ။ သူ၏ဆရာက သေချာပေါက် လက်ခံမည် မဟုတ်ပေ။
သည်ကိစ္စကား သူ့ဆရာ ရှန့်ထိုဖြစ်ခြင်း မဖြစ်ခြင်းထက် သူ့ဆရာ၏ အသက်အန္တရာယ်နှင့် သက်ဆိုင်ပေသည်။
သူကား သည်နေရာကို မလာမီကပင် တွေးထားပြီး ဖြစ်သည်။ မည်သည့် ပေးဆပ်မှုမဆို သူ့ဆရာအတွက် သူလုပ်မည်။
သို့သော်လည်း သူကား ဆေးစမ်းသပ်မှုတွင် သေမည်ဟု မယုံကြည်ပေ။ ရှန့်ထိုကျန့်က သူ၏ ဆေးစမ်းသပ်မှုအတွက် သန်မာသော ရုပ်ခန္ဓာ ပိုင်ဆိုင်သူများအား ရွေးချယ်သည်။ သူကား ထိုလူများကို သတ်ဖြတ်ရန် လုပ်သည် မဟုတ်ပေ။ ထို့ကြောင့် ရီဖူရှင်းက မိမိကိုယ်ကိုယ် ယုံကြည်ချက် ရှိပေသည်။ ထို့အပြင် သူ့တွင် ကမ္ဘာသစ်ပင် ဝိညာဉ်ကို ပိုင်ဆိုင်ပေသည်။
“ဒါက ဆုံးဖြတ်ပြီးပြီ… ဘယ်သူမှ မငြင်းနဲ့တော့…” ရီဖူရှင်းက အနီးမှ လူများအား ကြည့်ကာ ပြောသည်။
အားလုံး၏မျက်နှာများက ပျက်ယွင်း သွားကြသည်။ ရီဖူရှင်းက ရှန့်ထို ကျန့်ဘက်ကို လှည့်ကာ ပြောသည်… “စီနီယာ… အခု ဆုံးဖြတ်ပြီးပါပြီ… ကျွန်တော်က စီနီယာရဲ့ ဆေးစမ်းသပ်မှုကို ခံယူပါ့မယ်… ကျွန်တော့်ဆရာကို ကူညီပေးပါ…”
“ကောင်းပြီ…” ရှန့်ထိုကျန့်က ခေါင်းညိတ်သည်။ ရီဖူရှင်းကား ဆုံးဖြတ်ချက်ခိုင်မာ ပြတ်သားသူဟု သူတွေးမိသည်။
***