ကောင်းကင်နတ်အရှင်ယွင်၏ ပျောက်ကွယ်သွားမှု
Vol. 81 Ch. 1046
ကောင်းကင်နတ်အရှင်ယွဲ့က မယုံပေ။ “နင်က ကောင်းကင်နတ်အရှင်မူအစစ် မဟုတ်ဘဲ ငါ အတွေးလွန်နေမှန်း ဘယ်လိုသိလဲ”
ချင်မူ ခေါင်းယမ်းလိုက်သော်လည်း ဖြေရှင်းချက် ထပ်မပေးတော့ပေ။
မူချင်းဆိုသည့်နာမည်မှာ ချင်မူနှင့် ချင်ဖုန်းကျင့်ကို ပေါင်းထားခြင်း ဖြစ်သည်။ ထိုအချိန်က သူသည် သူ့ကိုယ်သူ ချင်ဖုန်းကျင့်ဟု ထင်ခဲ့ဖူး၏။ ယခုတွင် ထိုသို့မဟုတ်တော့ချေ။
ကောင်းကင်နတ်အရှင်ယွဲ့၏ မျက်ဝန်းများက သူ့ကို ကြည့်ရင်း ဝင်းလက်လာသည်။ ‘သူက ကောင်းကင်နတ်အရှင်ယွင်တော့ မဟုတ်လောက်ဘူး....’
ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံသို့ ပြန်ရောက်လာပြီးနောက် ကောင်းကင်နတ်အရှင်ယွဲ့သည် နတ်ဧကရာဇ်လန်ရွှမ်၏ ပိုင်နက်များမှ လူသားများကို ဤနေရာသို့ ရွှေ့ပြောင်းပေးဖို့ လူသားမျိုးနွယ်နတ်ဘုရားများအား ချက်ချင်း ခိုင်းစေလိုက်သည်။ ထို့နောက် မပြောင်းလဲသည့် ကောင်းကင်နတ်သိုင်းဆိုသည့် အရာအပေါ် စိတ်၀င်တစားလေ့လာနေသော ကောင်းကင်နတ်အရှင်လင်ကိုလည်း ကောင်းကင်နတ်မြစ်ဘေးတွင် သွားရှာသည်။
“ညီမလင်၊ ကောင်းကင်နတ်အရှင်မူက နတ်ဧကရာဇ်လန်ရွှမ်နဲ့ သဘောတူညီချက် ယူခဲ့ပြီးပြီ... ငါတို့ သူ့ပိုင်နက်တွေက လူသားတွေကို ဒီနေရာဆီ ခေါ်လာလို့ရပြီ... အဲ့ဒီအတွက် နင့်အကူအညီ လိုတယ်.... ဆံထိုးကို ရှာတွေ့ပြီလား” ကောင်းကင်နတ်အရှင်လင်၏ ဦးခေါင်းထက်တွင် ဆံထိုးကို တွေ့လိုက်ရသဖြင့် ကောင်းကင်နတ်အရှင်ယွဲ့မှာ အံ့အားသင့်သွားလေသည်။
ကောင်းကင်နတ်အရှင်လင်မှာ သတိဝင်သွားကာ သူမခေါင်းကို ကိုင်ကြည့်လိုက်၏။ ဆံထိုးကို စမ်းမိသဖြင့် ဇဝေဇဝါ ဖြစ်သွားသည်။ “ပျောက်သွားတာ သေချာပါတယ်.... ဘယ်လိုလုပ် ပြန်ပေါ်လာရတာလဲ”
သူမက ဆံထိုးကို ချွတ်၍ ထပ်ခါထပ်ခါ ကြည့်ရင်း ပို၍ပင် ဇဝေဇဝါဖြစ်နေသည်။ မက်မွန်သစ်သားဆံထိုးမှာ သိသိသာသာပင် ပျောက်သွားခဲ့သည်မဟုတ်ပါလော။ မည်သို့ပင်ရှာဖွေပါစေ ရှာမတွေ့ခဲ့ချေ။ ယခုတွင်မူ ဆိုင်းမဆင့် ဗုံမဆင့် ပြန်ပေါ်လာသဖြင့် သူမမှာ အနည်းငယ် စိတ်ရှုပ်ထွေးမိလေသည်။
သူမက မက်မွန်သစ်သားဆံထိုးကို ကိုက်၍ လက်နှစ်ဖက်ဖြင့် ဆံပင်များကို ထုံးဖွဲ့စည်းနှောင်ပြီးနောက် ဆံထိုးကို ပြန်ထိုးလိုက်သည်။ “ယွဲ့၊ ခုနက ဘာပြောလိုက်တာလဲ... သေသေချာချာ မကြားလိုက်လို့”
ကောင်းကင်နတ်အရှင်ယွဲ့မှာ ထပ်မံပြောရပြန်သည်။ ကောင်းကင်နတ်အရှင်လင်မှာ သိပ်စိတ်မပါလှသော်လည်း ဤကိစ္စမှာ အရေးကြီးချေသည်။ ထို့ကြောင့် လေ့လာမှုကို ရပ်ကာ ကောင်းကင်နတ်အရှင်ယွဲ့နှင့် လိုက်သွား၏။
မိန်းကလေးနှစ်ဦး ချင်မူ့ဘေးမှ ဖြတ်သွားစဉ် ကောင်းကင်နတ်အရှင်လင်က မေးသည်။ “ထူးဆန်းလိုက်တာ... ငါ့ဆံထိုးက ဘယ်လိုလုပ် ပြန်ပေါ်လာပါလိမ့်”
“ငါ ဘယ်လိုသိမှာတုန်း”
ကောင်းကင်နတ်အရှင်ယွဲ့က ပြောသည်။ “နင်တောင် မသိဘူးဆိုမှတော့ ငါလည်း မသိတာ ပုံမှန်ပဲလေ... တစ်ယောက်ယောက်က ခိုးသွားပြီး တိတ်တဆိတ် ပြန်လာပေးခဲ့တာများလား”
ချင်မူက သူတို့ထွက်သွားသည်ကို ကြည့်နေသည်။ သူလည်း တွေဝေနေချေသည်။ တစ်ထေရာတည်း တူသည့် အရာ၀တ္ထုနှစ်ခုသည် တူညီသော အချိန်နှင့်နေရာတွင် မတည်ရှိနိုင်ပေ။ ကောင်းကင်နတ်အရှင်လင်၏ဆံထိုးမှာ အမှန်တကယ် ပျောက်သွားခဲ့ခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် ဤဆံထိုးမှာ ပြန်ပေါ်လာခဲ့သနည်း။
သူက သူ့မျက်ခုံးကြားရှိ ချင်စကားလုံးနယ်မြေထဲတွင် ဝှက်ထားသည့် မက်မွန်သစ်သားဆံထိုးကို ထုတ်လိုက်သည်။ အဝေးရှိ ကောင်းကင်နတ်အရှင်လင်မှာ သူမဆံပင်များ ပြေကျသွားသဖြင့် အလန့်တကြား အော်လိုက်၏။ သူမက ဒေါသတကြီး ပြောသည်။ “ငါ့ဆံထိုးကို တစ်ယောက်ယောက် ယူသွားပြန်ပြီ”
ချင်မူ ရင်ထဲ ထိတ်သွားသည်။ သူက မက်မွန်သားဆံထိုးကို ချင်စာလုံးမြေပြင်ထဲသို့ ကပျာကယာ ပြန်ထည့်လိုက်၏။ ထိုအခါ ဆံထိုးတစ်လက်သည် ကောင်းကင်နတ်အရှင်လင်၏ ရှုပ်ပွသွားသော ဆံပင်ကြား၌ ပြန်ပေါ်လာသည်။ ကောင်းကင်နတ်အရှင်ယွဲ့၏အသံက ပျံ့လွင့်လာသည်။ “နင့်ဆံပင်ထဲမှာ ရှိနေသေးတယ် မဟုတ်လား”
ကောင်းကင်နတ်အရှင်လင်မှာ ဆံထိုးကို စမ်း၍ ယခင်ကအတိုင်း ပါးစပ်ဖြင့် ကိုက်ထားရင်း ဆံပင်များကို ထုံးနေသည်။ သူမက ဗလုံးဗထွေး ပြော၏။ “စောစောကပဲ ပျောက်သွားတာပါ... ဒီဆံထိုးရဲ့ ဒြပ်ထုတွေက မတည်ငြိမ်သလို ခံစားနေရတယ်... ထူးဆန်းတာ တစ်ခုခုတော့ ဖြစ်နေပြီ....”
ဤမြင်ကွင်းကို မြင်နေသည့် ချင်မူက ဆံထိုးကို ထုတ်လိုက်ပြန်သည်။ ကောင်းကင်နတ်အရှင်လင်၏ ပါးစပ်ထဲရှိ ဆံထိုးမှာ ရုတ်တရက် ပျောက်သွားပြန်သည်။
ကောင်းကင်နတ်အရှင်လင် အမျက်တစ်ချောင်းချောင်း ထွက်သွား၏။ “ချီးလိုပဲ ဘယ်သူ လုပ်နေတာတုန်း... ထွက်လာပြီး အပြစ်ဒဏ် ခံယူစမ်း”
ကောင်းကင်နတ်အရှင်ယွဲ့မှာ ဖြစ်ပျက်သွားသည်ကို မြင်လျှင် နေ့ခင်းကြောင်တောင် သရဲခြောက်ခံလိုက်ရသကဲ့သို့ ထိတ်လန့်သွားပြီး ပတ်ဝန်းကျင်ကို ကပျာကယာ ကြည့်လိုက်သည်။
ချင်မူက ဆံထိုးကို ချင်စာလုံးမြေပြင်ထဲ ကပျာကယာ ပြန်ထည့်လိုက်သည်။ ကောင်းကင်နတ်အရှင်လင်မှာ ဆံထိုးကို ကိုက်ထားလျက်သာ ပြန်ဖြစ်နေသည်ကို မြင်လျှင် ငေးကြောင်သွားတော့သည်။ ရုတ်တရက် သူမက တစုံတခုကို တွေးမိလိုက်သဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်၏။ “မပြောင်းလဲတဲ့ ဒြပ်ထု.... မပြောင်းလဲတဲ့ ဒြပ်ထု... ငါ့ဆံထိုးနေရာမှာ အစားထိုးသွားနိုင်မယ့် ချွတ်စွတ်တူနေတဲ့ ဒြပ်ထုနောက်တစ်ခု ရှိနေတာများ ဖြစ်နိုင်မလား... ဒီနောက်ကွယ်က သီအိုရီကို ငါ လေ့လာကြည့်ရမယ်”
သူမသည် ဆောင့်ကြောင့်ထိုင်၍ ဆံထိုးကို သုံးကာ မြေပြင်ပေါ်တွင် ဆွဲလိုက်၏။
ကောင်းကင်နတ်အရှင်ယွဲ့မှာ ကြောက်လန့်သွားပြန်ပြီး ပတ်ဝန်းကျင်ကို အထိတ်ထိတ်အပျာပျာ ကြည့်လိုက်သည်။ ချင်မူက နဂါးချီလင်၏ ခန္ဓာကိုယ်ကြီးနောက်၌ အလျင်အမြန် ပြေးပုန်းလိုက်သည်။
ကောင်းကင်နတ်အရှင်ယွဲ့မှာ ဆံထိုးကို ခိုးလိုက်၊ ပြန်ထားလိုက် လုပ်နေသော တရားခံကို ရှာမတွေ့ပေ။ ကောင်းကင်နတ်အရှင်လင်မှာတော့ သူမကို လျစ်လျူရှုရင်း ရူးသွပ်သွားပြန်သဖြင့် သူမမှာ အခြားသူများကိုသာ သွားရှာနိုင်တော့သည်။
ချင်မူ့တွင် ထူးဆန်းသောအမူအရာ ရှိနေ၏။ သူက တွေးနေသည်။ “ထပ်တူညီတဲ့ ဒြပ်ထုနှစ်ခု တစ်ကမ္ဘာတည်းမှာ အတူတူ ရှိနေရင် အစားထိုးတဲ့ သက်ရောက်မှုတစ်ခု ဖြစ်လာသလိုပဲ... ငါ ငါ့ခေတ်ကို ပြန်သွားရင် ငါအခြားတစ်ယောက်က ပျောက်ကွယ်သွားမယ်... ငါ အဲဒီကမ္ဘာနေ ထွက်သွားရင် ငါအခြားတစ်ယောက် ပေါ်လာမယ် အဲ့လိုမျိုးလား”
သူ အတွေးထဲ နစ်မျောသွားသည်။ သူ့မျက်ခုံးနှစ်ဖက်ကြားသည် သီးသန့်တည်ရှိနေသော အခြားနေရာနှင့် အချိန်သဖွယ် ဖြစ်၏။ ထိုနေရာနှင့် အချိန်ထဲ၌ ချင်စာလုံးမြေပြင်၊ မဟာကမ္ဘာဦးအစ မူလကျောက်တုံးနှင့် ကောင်းကင်နတ်ဧကရာဇ်၏ ဥခွံတို့ အတူစုပေါင်း တည်ရှိနေသည်။
ဆံထိုးကို အထဲ ထည့်လိုက်သည့်အခါ နဂါးဟန်ခေတ်ဆီမှ သီးသန့်ခွဲထွက်သွားသောကြောင့် ကောင်းကင်နတ်အရှင်လင်၏ ဆံထိုးက ပြန်ပေါ်လာမည်။ ချင်မူ ဆံထိုးကို ထုတ်လိုက်ပါက ကောင်းကင်နတ်အရှင်လင်၏ ဆံထိုးသည် ပျောက်ကွယ်သွားလိမ့်မည်။
‘ငါ့မျက်လုံးထဲမှာ ကောင်းကင်နတ်အရှင်ယွင်နဲ့ ယွမ်မုရဲ့ အလောင်းတွေလည်း ရှိနေတယ်... ငါ ကောင်းကင်နတ်အရှင်ယွင်ရဲ့ ရုပ်ခန္ဓာကို ထုတ်လိုက်ရင် ဒီခေတ်ရဲ့ ကောင်းကင်နတ်အရှင်ယွင် ပျောက်ကွယ်သွားမှာလား’
ချင်မူ မျက်တောင်ပုတ်ခတ်လျက် တွေးနေမိသည်။ ‘ခဏလောက် ထုတ်ကြည့်လိုက်လို့ ဘာမှမဖြစ်လောက်ပါဘူးနော်... ဟုတ်တယ်မလား... ထုတ်ကြည့်သင့်လား’
ချင်မူမှာ ထိုသို့တွေးမိသွားသည့်အချိန်တွင် စိတ်မလှုပ်ရှားလာဘဲ မနေတော့ပေ။ သူက ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံ၏ နတ်ကောင်းကင်ခန်းမဆီ ဝင်သွားပြီး နဂါးချီလင်နှင့် ယန်အာကို တံခါးစောင့်ခိုင်းထားတာ မည်သူ့ကိုမှ ဝင်ခွင့်မပေးရန် မှာလိုက်သည်။
ထို့နောက် မောင်စပ်စုစိန်ကား ကောင်းကင်နတ်အရှင်ယွင်၏ အလောင်းအား ထုတ်ကြည့်တော့သည်။ ရှေးဟောင်းကောင်းကင်နတ်အရှင် ရုပ်ခန္ဓာသည် နတ်ကောင်းကင်ခန်းမ၏အတွင်းထဲ၌ ပေါ်လာ၏။ ထိုစဉ် ကောင်းကင်နတ်ဘုံ၌ ကောင်းကင်နတ်အရှင်ယွင်မှာ ကောင်းကင်နတ်အရှင်ဟွေ့နှင့် စကားပြောနေသည်။ ရုတ်တရက် သူ၏ခန္ဓာကိုယ်မှာ ကြည်လဲ့လာပြီး ကောင်းကင်နတ်အရှင်ဟွေ့၏ ထိတ်လန့်နေသော မျက်လုံးများအောက်တွင် ပျောက်ကွယ်သွားတော့သည်။
နတ်ကောင်းကင်ခန်းမအတွင်းတွင် ကောင်းကင်နတ်အရှင်ယွင်၏ အလောင်းသည် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာပြီး ပတ်ဝန်းကျင်ကို ငေးငေးကြောင်ကြောင် ကြည့်နေသည်။ “ဒါက .... ကောင်းကင်နတ်အရှင်မူလား”
ချင်မူ့ကို မြင်လျှင် သူ့မှာ အကြီးအကျယ် အံ့အားသင့်သွားသည်။
ချင်မူက သူ့ကို ဝိုင်းကြီးပတ်ပတ် လှည့်လျှောက်နေပြီး ဝမ်းသာလာသည်။ “ဒီလိုအရာမျိုး ဖြစ်နိုင်တယ်ထင်တယ်.... အခြားကောင်းကင်နတ်အရှင်ယွင် ပေါ်လာရင် သူ့အသိစိတ်အလျဉ်က ဒီကောင်းကင်နတ်အရှင်ယွင်ရဲ့ ခန္ဓာကိုယ်ထဲ ရောက်လာပြီး အခြားကောင်းကင်နတ်အရှင်ယွင် ပျောက်ကွယ်သွားတယ်... ဒါက ဒြပ်ထု မပြောင်းလဲသွားတဲ့ သဘာဝပဲ.... ကောင်းကင်နတ်အရှင်ယွင်၊ နောက်ဆုံးတော့ ကျွန်တော်တို့ တွေ့ပြီ”
ကောင်းကင်နတ်အရှင်ယွင်မှာ မတ်တပ်ထ၍ စကားပြောတော့မည့်အချိန် ရုတ်တရက် တောက်ပသောအလင်းရောင်က ချင်မူ၏မျက်ခုံးနှစ်ဖက်ကြားမှ ထွက်လာကာ သူ့ကို ဝှစ်ခနဲ စုပ်ယူသွားသည်။
ကောင်းကင်နတ်ဘုံတွင်တော့ ကောင်းကင်နတ်အရှင်ဟွေ့သည် ကောင်းကင်နတ်အရှင်ယွင် ပြန်ပေါ်လာသည်ကို ကြောက်လန့်တကြား ကြည့်နေ၏။ သူက သရဲတစ်ကောင် မြင်နေရသကဲ့သို့ သူ့ကို လက်ညှိုးထိုးရင်း ဆွံ့အနေတော့သည်။
ကောင်းကင်နတ်အရှင်ယွင်မှာလည်း မျက်လုံးအပြူးသားဖြင့် ပတ်ဝန်းကျင်ကို မယုံကြည်နိုင်စွာ ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်နေသည်။ “ငါ အခုလေးတင် မတူညီတဲ့ နေရာနဲ့အချိန်ဆီ ရောက်သွားပြီး အများကြီး အိုသွားသလိုပဲ... မိတ်ဆွေတစ်ယောက်နဲ့တောင် တွေ့ခဲ့သေးတယ်... အိပ်မက်မက်နေတာများလား”
ကောင်းကင်နတ်အရှင်ဟွေ့က ရင်ထဲ တဒိန်းဒိန်း ခုန်နေသည်ကို မနည်းထိန်းချုပ်ရင်း မေးသည်။ “နောင်တော်ယွင်၊ စောစောက နောင်တော်ယွင် ပျောက်သွားတာ ဘယ်ရောက်သွားတာလဲ”
ကောင်းကင်နတ်အရှင်ယွင်သည် ဣန္ဒြေဆည်ပြီး အံ့ဖွယ်အတွေ့အကြုံကို ခဏဘေးချိတ်ကာ ပြောလက်စစကားကို ဆက်ပြော၏။ “ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်နတ်အရှင်ယွီကို သတ်ခဲ့တဲ့ တရားခံ... အဲဒီကိစ္စနောက်ကွယ်မှာ ကောင်းကင်နတ်ဧကရာဇ် ရှိနေတယ်... ကောင်းကင်နတ်ဧကရာဇ်အတွက် လန်ယွီထျန်းရဲ့ ဂုဏ်သတင်းက ကြီးမားလွန်းတဲ့အတွက် သူ့ကို သေစေချင်ခဲ့တာပဲ.... ကောင်းကင်နတ်အရှင်ဟောင်က သူ့သား မဟုတ်လား... ဟောင် လန်ယွီထျန်းကို သတ်လိုက်တဲ့အချိန်မှာ ကမ္ဘခေတ်ဦးမျိုးနွယ်တွေနဲ့ နတ်ဘုရားတစ်ပိုင်းတွေရဲ့ ထောက်ခံမှုကို ရသွားမယ်... ဒါက ကောင်းကင်နတ်ဧကရာဇ်ရဲ့ ဥပဒေအာဏာစက်အတွက် အင်မတန် အရေးပါတယ်... မင်းက ဉာဏ်ကောင်းတဲ့သူပါ ဒါကို မြင်နိုင်သင့်ပါတယ်... အခု လူသားမျိုးနွယ်က အားနည်းနေတယ်... သူတို့အခက်အခဲတွေကနေ လမ်းအသစ်ဖောက်ပေးဖို့ မင်းကို လိုအပ်တယ်... ဒါပေမဲ့ မင်းက ဟောင်ကို ရွေးချယ်ခဲ့တယ်... ငါ ဒါကို နားမလည်တာပဲ”
ကောင်းကင်နတ်အရှင်ဟွေ့က တိတ်ဆိတ်နေသည်။
ကောင်းကင်နတ်အရှင်ယွင်သည် လက်ဆန့်ထုတ်ပေးပြီး ရိုးသားစွာ ပြော၏။ “လူသားမျိုးနွယ်မှာ အစွမ်းထက်သိုင်းပညာရှင်တွေ မရှိကြဘူး... နတ်ဘုရားတစ်ပိုင်းတွေရဲ့ မွေးရာပါအစွမ်းအစတွေ ... ရှေးဟောင်းနတ်ဘုရားတွေရဲ့ ထောက်ပံ့ပေးမှုတွေကိုလည်း မရထားကြဘူး... ငါတို့က မွေးကတည်းက အားနည်းနေကြသလို ငါ့သွေးကြောထဲမှာ စီးဆင်းနေတဲ့ သွေးဆက်စွမ်းအားလည်း မရှိကြဘူး.. ဒါပေမဲ့ ငါတို့က ဉာဏ်ကောင်းတယ်... ဉာဏ်ပညာနဲ့ ဇွဲလုံ့လကို သုံးပြီး အသက်ရှင်သန်နိုင်ရေးအတွက် တိုက်ခိုက်ပိုင်ခွင့် ရှိတယ်... ကမ္ဘာဦးဘုံမှာ ကူညီဖို့ ငါနဲ့ လိုက်ခဲ့ပေးပါ”
ကောင်းကင်နတ်အရှင်ဟွေ့က ခေါင်းယမ်းသည်။ “နောင်တော်၊ အခုထိ မပြောနိုင်သေးဘူးလား”
ကောာင်းကင်နတ်အရှင်ယွင်က မျက်ခုံးပင့်လိုက်သဖြင့် ကောင်းကင်နတ်အရှင်ဟွေ့က ဆက်ပြောသည်။ “ကောင်းကင်နတ်အရှင်ယွီ သေဆုံးသွားတဲ့ နောက်ပိုင်း ငါ တစ်ခု သဘောပေါက်သွားတယ်... လူသားမျိုးနွယ် အသက်ရှင်ချင်ရင် အင်အားကြီးမားတဲ့သူအောက်မှာ အညံ့ခံဖို့ လိုတယ်... ကောင်းကင်နတ်ဧကရာဇ်က အဲဒီသူပဲ... ကောင်းကင်နတ်အရှင်ဟွေ့ကလည်း အဲဒီအင်အားမှာ တစ်စိတ်တစ်ပိုင်း ပါပြီး အလားအလာအရှိဆုံးတစ်ယောက်ပဲ.... နောင်တော် အောက်ဘုံမှာ ကြိုးစားနေတာတွေက စိတ်ကူးယဉ်နေတာထက် မပိုဘူး... နောင်တော်တို့ လူသားမျိုးနွယ် တည်ဆောက်ထားတဲ့ အင်အားက ပြာကျသွားလိမ့်မယ်... ဒါပေမဲ့ ကောင်းကင်နတ်အရှင်ဟောင်ကတော့ မတူဘူး”
ကောင်းကင်နတ်အရှင်ယွင် စိတ်တိုသွားမိသည်။ “ဟောင်က ကောင်းကင်နတ်အရှင်ယွီကို သတ်ခဲ့တာ... သူက ကောင်းကင်နတ်ဧကရာဇ်ရဲ့ သားတော်... ငါတို့နဲ့ မျိုးနွယ်မတူဘူး”
“သူကလည်း လူသားတစ်ပိုင်းပဲလေ”
ကောင်းကင်နတ်အရှင်ဟွေ့က ပြောသည်။ “သူ့မှာ ရည်မှန်းချက်တွေ၊ အစီအစဉ်တွေ ရှိတယ်... သူ လောင်းရိပ်အောက်ကနေလည်း ထွက်လာနိုင်ခဲ့ပြီ... သူက နတ်ဘုရားတစ်ပိုင်းအဖြစ် အလေးစားခံရထားပေမယ့် လူသားတစ်ပိုင်းလည်း ဟုတ်တာပဲ... သူ အာဏာရလာရင် လူသားမျိုးနွယ်လည်း အသက်ရှင်နိုင်မယ့် အခွင့်အရေး ရလိမ့်မယ်... ဒါက ငါ နှစ်ပေါင်းများစွာ အဘက်ဘက်ကနေ တွေးထားတဲ့ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာနဲ့ အနာဂတ်အတွက် အကောင်းဆုံးအဖြေပဲ... မင်း အောက်ဘုံမှာ လျှောက်တည်ထောင်နေတဲ့ လူသားကောင်းကင်နတ်ဘုံက မင်းကို ကောင်းကင်နတ်အရှင်ယွီလိုပဲ ဖြစ်စေလိမ့်မယ်.... အနှေးနဲ့အမြန် မင်းလည်း သူ့လို ဖြစ်သွားလိမ့်မယ်”
ကောင်းကင်နတ်အရှင်ယွင်သည် ငေါက်ခနဲ ထရပ်လိုက်ပြီး ကောင်းကင်နတ်အရှင်ဟွေ့ကလည်း ထရပ်သည်။ နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြ၏။
ကောင်းကင်နတ်အရှင်ဟွေ့က အလေးအနက် ပြောသည်။ “ကောင်းကင်နတ်ကရာဇ် မင်းကို လူသားကောင်းကင်နတ်ဘုံ တည်ဆောက်ခွင့် ပေးခဲ့တာ ငါ သိတယ်... ဒါပေမဲ့ မင်း မသိတာက သူက ကောင်းကင်နတ်အရှင်ဟောင်ကိုလည်း နတ်ဘုရားတစ်ပိုင်း ကောင်းကင်နတ်ဘုံ တည်ဆောက်ခွင့် ပေးထားတာကိုပဲ.... အဲဒီကောင်းကင်နတ်ဘုံကလည်း ကမ္ဘာဦးဘုံမှာ တည်ရှိတယ်... အဲဒီအဓိပ္ပါယ်ကို မင်း နားလည်လား”
ကောင်းကင်နတ်အရှင်ယွင်၏ခန္ဓာကိုယ် အနည်းငယ် တုန်ရီသွားပြီး သူ့အသံသည်လည်း အနည်းငယ် အက်ကွဲလာ၏။ “ဒါကြောင့် မင်းက ကောင်းကင်နတ်အရှင်ဟောင်ဆီမှာ အညံ့ခံခဲ့ပြီး သူ့အပေါ် ဒီလောက် သစ္စာရှိနေတာလား”
ကောင်းကင်နတ်အရှင်ဟွေ့က ပြောသည်။ “ရွေးချယ်စရာ နှစ်ခု ရှိတယ်.. တစ်ခုက အောင်မြင်နိုင်ခြေရှိတဲ့ အခွင့်အရေး... တစ်ခုက မရှိတဲ့အခွင့်အရေး... ဒါကြောင့် ပထမတစ်ခုကိုပဲ ငါ ရွေးတယ်”
ကောင်းကင်နတ်အရှင်ယွင်မှာ အသက်ပြင်းပြင်းရှူလိုက်သည်။ “နတ်ဘုရားတစ်ပိုင်း ကောင်းကင်နတ်ဘုံနဲ့ လူသားမျိုးနွယ် ကောင်းကင်နတ်ဘုံ ကမ္ဘာဦးဘုံမှာ အတူတူ တည်ရှိရင် ပဋိပက္ခတွေ ဖြစ်လာမှာပဲ.. မင်း ဘယ်တစ်ခုကို ရွေးချယ်မှာလဲ”
“စောစောက ပြောလိုက်တဲ့အတိုင်းပဲ အောင်မြင်နိုင်ခြေရှိတဲ့ အခွင့်အရေးကိုပဲ ငါ ရွေးမယ်”
ကောင်းကင်နတ်အရှင်ဟွေ့သည် အေးဆေးနေသော လေသံဖြင့် ပြော၏။ “ငါ အင်အားကြီးတဲ့ဘက်မှာပဲ အညံ့ခံမယ်.... အင်အားကြီးတဲ့သူ အနိုင်ရရင် လူသားမျိုးနွယ်လည်း အသက်ရှင်နိုင်မယ့် အခွင့်အရေး ရှိလာလိမ့်မယ်”
“နားလည်ပြီ”
ကောင်းကင်နတ်အရှင်ယွင်က ခေါင်းညိတ်၍ လှည့်ထွက်သွားသည်။ “နှုတ်ဆက်ပါတယ်”
ကောင်းကင်နတ်အရှင်ဟွေ့က သူ့ကို လိုက်မပို့ပေ။ ကောင်းကင်နတ်အရှင်ယွင်မှာ တံခါးဝသို့ ရောက်သည့်အခါ နောက်ပြန်လှည့်၍ သူ၏တာအိုမိတ်ဆွေဆီ ကြည့်သည်။ ထို့နောက် ဆို့နင့်ကြေကွဲနေသော အသံဖြင့် ပြောလေသည်။ “ဟွေ့၊ မင်းက အရင်တုန်းကလို မဟုတ်တော့ဘူး”
ကောင်းကင်နတ်အရှင်ဟွေ့မှာ အနည်းငယ် တုန်ရီသွားပြီး သူ၏မျက်ဝန်းများအား စိုက်ကြည့်သည်။ “ကောင်းကင်နတ်အရှင်ယွီ သေဆုံးသွားကတည်းက ငါက ရိုးသားဖြူစင်တဲ့ ကောင်းကင်နတ်အရှင်ဟွေ့ မဟုတ်တော့ဘူး... ငါ ပြောင်းလဲသွားတာ မှန်ပေမယ့် မင်းကရော မပြောင်းလဲလို့လား .... မင်း၊ ယွဲ့နဲ့ လင်တို့ရော မပြောင်းလဲသွားကြဘူးလား... နဂါးသွဲ့ရေကန်က အပြောင်းအလဲနောက်ပိုင်းကစပြီး ငါတို့အားလုံး ပြောင်းလဲသွားကြတာပဲလေ”
ကောင်းကင်နတ်အရှင်ယွဲ့သည် အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ကောင်းကင်နတ်အရှင်ဟွေ့၏ အခန်းထဲမှ ထွက်သွား၏။ သူ့အသံက လွမ်းဆွေးမှုအပြည့်ဖြင့် အပြင်မှ ပျံ့လွင့်လာသည်။ “ဟုတ်တယ် ငါတို့အားလုံး ပြောင်းလဲသွားကြပြီ”
ကောင်းကင်နတ်အရှင်ဟွေ့က သူ ထွက်သွားသည်ကို ကြည့်နေသည်။ ကန့်လန့်ကာ၏အနောက်မှ ကောင်းကင်နတ်အရှင်ဟောင်က ဖြည်းဖြည်းချင်း ထွက်လာပြီး ပြုံးလိုက်၏။ “ကောင်းကင်နတ်အရှင်ဟွေ့၊ မင်း လုပ်တာ ကောင်းတယ်”
ကောင်းကင်နတ်အရှင်ဟွေ့၏ ခန္ဓာကိုယ် တောင့်တင်းသွားသည်။ သူက နောက်လှည့်ပြီး အေးစက်စက် ပြောလိုက်၏။ “အမြော်အမြင်ရှိတဲ့ လူတစ်ယောက်က အခြေအနေနဲ့ အချိန်အခါကို နားလည်နိုင်ပြီး အခြေအနေနဲ့ အချိန်အခါအလိုက် ပြုမူဆောင်ရွက်ရတယ်... ဒါပေမဲ့ ယွင်က အဲဒီလိုမဟုတ်တဲ့အတွက် နောင်တစ်ချိန်မှာ သေချာပေါက် ရှုံးနိမ့်မှာပဲ”
ကောင်းကင်နတ်အရှင်ဟောင်သည် ကျောနောက် လက်ပစ်လိုက်ပြီး ပြတင်းပေါက်၏ အပြင်၌ တောက်ပထည်ဝါနေသော ကောင်းကင်နတ်ဘုံဆီသို့ ကြည့်လိုက်၏။ “နှစ်ပေါင်းတစ်ထောင်ကျော် ကုန်လွန်သွားပေမယ့် နဂါးသွဲ့ရေကန် အပြောင်းအလဲက ငါ့စိတ်ထဲမှာ စွဲထင်နေတုန်းပဲ... ငါ အိပ်ရာထဲ လဲနေပြီး အရူးတစ်ယောက်လို ခံပြင်းနေခဲ့တာ နှစ်တစ်ထောင်ကျော် ကြာခဲ့တယ်... ငါ ရှုံးခဲ့တဲ့ အချိန်ကို ပြန်တွေးလိုက်တိုင်း အကြိမ်တစ်ထောင် နောင်တရတယ်”
သူက ကောင်းကင်နတ်အရှင်ဟွေ့ဆီသို့ ခေါင်းလှည့်ကြည့်သည်။ “ဟုတ်တယ် ကောင်းကင်နတ်အရှင်ယွီက ငါ့လက်ထဲမှာ သေခဲ့ရတာ... ဒါပေမဲ့ ငါ အဲဒီလို မလုပ်ခဲ့ရင်တောင် သူ သေရဦးမှာပဲ... သူ့ကို သေစေချင်ခဲ့တာ ငါ မဟုတ်ဘူး... ကောင်းကင်နတ်ဧကရာဇ်လေ... မင်း နားလည်လား”
ကောင်းကင်နတ်အရှင်ဟွေ့က ဖြေသည်။ “နားလည်တယ်”
ကောင်းကင်နတ်အရှင်ဟောင်က ပြော၏။ “ငါက နတ်ဘုရားတစ်ပိုင်း ဆိုပေမယ့် လူသားလည်း ဟုတ်တယ်.. မင်းနဲ့ ငါဟာ ရှေးဟောင်းနတ်ဘုရားတွေရဲ့ ကောင်းချီးတွေကို လက်ခံထားရတဲ့သူတွေပဲ... ငါတို့ခေါင်းနောက်က ကောင်းချီးတွေဆိုတာ ငါတို့ကို ထောက်လှမ်းဖို့အတွက်လည်း ဖြစ်တယ်... ဒါပေမဲ့ ဒီကျောက်စိမ်းခုံရုံးမှာတော့ ကောင်းကင်နတ်ဧကရာဇ် ဒါမှမဟုတ် အခြား ရှေးဟောင်းနတ်ဘုရားတွေ နားထောင်နေမှာ စိတ်ပူစရာမလိုဘဲ လွတ်လွတ်လပ်လပ် ပြောလို့ရတယ်... မင်းက အခု ငါ့ဘက်တော်သား ဖြစ်ပြီဆိုတော့ မင်းကို တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်”
သူ စကားပြောပြီးသည့်အချိန်မှာပဲ နန်းတွင်းအဝတ်အစားများနှင့် မိန်းကလေးတစ်ယောက်က ကန့်လန့်ကာအနောက်မှ ထွက်လာသည်။
“ဒါက ငါ့မယ်တော် အရှင်မယွမ်မု”
ကောင်းကင်နတ်အရှင်ဟောင်က ပြုံးသည်။ “ဒီကျောက်စိမ်းခုံရုံးကို ငါ့မယ်တော်ရဲ့ ကောင်းကင်နတ်သိုင်းနဲ့ လွှမ်းခြုံထားတယ်... ရှေးဟောင်းနတ်ဘုရားတွေရဲ့ ကောင်းချီးတွေက ငါတို့ကို ဒီမှာ မထောက်လှမ်းနိုင်ဘူး”
ကောင်းကင်နတ်အရှင်ဟွေ့သည် ဦးညွှတ်အရိုအသေပေး၍ သူမကို နှုတ်ဆက်လိုက်၏။ “မိဖုရားကို ကျွန်တော်မျိုး ဂါဝရပြုပါတယ်”
အရှင်မယွမ်မုက တခစ်ခစ် ရယ်သည်။ “လိမ္မာတဲ့ကလေးပဲ”
ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံတွင် ချင်မူသည် ကောင်းကင်နတ်အရှင်ယွင်၏ အလောင်းကို သိမ်းပြီးနောက် မုတ်ဆိတ်မွှေးတိုတိုနှံ့နှံ့များအား ဆွဲနုတ်ရင်း တွေးနေ၏။ ‘အရှင်မယွမ်မုရဲ့ အလောင်းကို ငါ ထုတ်လိုက်ရင် လက်ရှိအရှင်မယွမ်မု ပျောက်သွားလိမ့်မယ်...’
သူက စပ်စုလိုစိတ်ကို မြိုသိပ်ရင်း ခေါင်းယမ်းလိုက်သည်။
စောစောက ကောင်းကင်နတ်အရှင်ယွင်၏ အလောင်းကို သူ ထုတ်လိုက်တုန်းက ကောင်းကင်နတ်အရှင်ယွင်၏ အသိစိတ်အလျဉ်သည် အလောင်းအတွင်း၌ နိုးထလာခဲ့ကာ စကားပြောနိုင်၊ လှုပ်ရှားနိုင်၏။
ကောင်းကင်နတ်အရှင်ယွင်၏ လက်ရှိခန္ဓာကိုယ် ပျောက်ကွယ်သွားခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်များက မည်သို့ဖြစ်လာမည်မှန်း မသိသောကြောင့် ချင်မူမှာ ကောင်းကင်နတ်အရှင်ယွင်၏ အလောင်းကို အလျင်အမြန် ပြန်သိမ်းခဲ့ရသည်။ အရှင်မယွမ်မု၏ အလောင်းကိုသာ ထုတ်လိုက်လျှင် ကောင်းကင်နတ်ဘုံအတွင်းရှိ ယွမ်မုက ဤအလောင်းအတွင်းသို့ ရောက်ရှိလာလိမ့်မည်။ ယင်းက ကြောက်စရာကောင်းလွန်းသည် မဟုတ်လော။
‘ငါ စမ်းကြည့်လို့မရတာ ဆိုးတာပဲ’ သူ့မှာ နှမြောတသ ဖြစ်နေတော့သည်။
“ဂိုဏ်းသခင်”
နဂါးချီလင်၏အသံက ခန်းမအပြင်မှ ထွက်လာသည်။ “ဟိုလူ လော့ရှောင် ပြန်လာပြန်ပြီ.... သူက ဂိုဏ်းသခင် ကောာင်းကင်နတ်ဘုံဆီ သွားရော သွားဦးမှာလားလို့ မေးနေတယ်”
ချင်မူလည်း ပြုံးပြုံးရွှင်ရွှင်ဖြင့် အပြင်ထွက်လိုက်သည်။ “သွားမှာပေါ့”
သူ ယန်အာ့အနားမှ ဖြတ်လျှောက်သွားသည့်အချိန်တွင် ယန်အာမှာ ညှိုးငယ်နေသော မျက်နှာလေးဖြင့် မီးအိမ်အား ကိုင်ထားသည်ကို သတိထားမိလိုက်၏။ သူမမှာ မိခင်ကို ဆုံးရှုံးလိုက်ရသဖြင့် ဝမ်းနည်းကြေကွဲနေသေးပုံပင်။
ချင်မူက သူမကို အသာအယာ နှစ်သိမ့်ပေးလိုက်သည်။ “ကေင်းကင်နတ်ဘုံဆီ ပြန်ရောက်ရင် မီးငှက်ကောင်းကင်နန်းဆောင်ကို သွားပြီး မမကြီးအမေရဲ့ ရတနာတစ်ခုခု ယူပါ့မယ်.... ဒါဆို အသက်ပြန်သွင်းလို့ ရပြီ”
ယန်အာမှာ ရုတ်ခြည်း ရွှင်လန်းသွားတော့သည်။
လန်ရွှမ်နတ်နန်းတော်တွင် နတ်ဧကရာဇ်လန်ရွှမ်၏ ပိုင်နက်များအောက်မှ နတ်ဘုရားတစ်ပိုင်းများ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ သူတို့က ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်အရှင်များ ရောက်လာပြီး လူသားများကို ပြန်ခေါ်သွားချင်နေသည့်အကြောင်း တင်ပြကြ၏။ ဤသည်ကသာ နတ်ဧကရာဇ်လန်ရွှမ်ဆီမှ အမိန့်ဖြစ်လျှင် သူတို့ လိုက်နာပါ့မည်ဟု ဆိုကြသည်။
“နတ်ဧကရာဇ်၊ ဒီကိစ္စကို ဘေးဖယ်ထားတော့မှာလား”
နတ်ဘုရားတစ်ပိုင်းများအကြားမှ အကြီးအကဲတစ်ယောက်က ကြေကွဲနေသကဲ့သို့ ဝင်ပြောသည်။ “အဲဒီလူသားတွေကို ကျုပ်တို့အားလုံး လက်သပ်မွေးထားခဲ့ကြတာ... နှစ်ပေါင်းထောင်နဲ့ချီ ကြာတဲ့အထိပဲ... ကောင်းကင်နတ်အရှင်ယွင် ရောက်လာတုန်းက နတ်ဧကရာဇ်က သူတို့ကို လူသားတွေဆီ လမ်းစဉ်တွေ သင်ကြားပို့ချဖို့ ခွင့်ပြုပေးခဲ့တယ်... အဲဒါကတင် သူတို့ကို အတော်လေး မျက်နှာသာပေးထားတာ ဖြစ်နေပြီ.... အခု ကျုပ်တို့ရဲ့ အစာတွေကို တကယ်ကြီး ယူချင်နေတာ နတ်ဧကရာဇ် သည်းခံနိုင်တယ်လား”
နတ်ဧကရာဇ်လန်ရွှမ်၏ မျက်နှာ မည်းမှောင်သွားသည်။ “ငါက သည်းခံနိုင်ပါ့မလားကွ... ဒါပေမဲ့ ကောင်းကင်နတ်အရှင်မူက ရုတ်တရက်ကြီး ပေါ်လာတာလေ... သူက ကောာင်းကင်နတ်ဧကရာဇ်ကိုယ်တိုင် ကောင်းကင်နတ်သိုင်းတွေအတွက် တင်မြှောက်ထားတဲ့ ကောင်းကင်နတ်အရှင်ပဲ... သူ့ကောင်းကင်နတ်သိုင်းတွေက အများကြီး အဆင့်မြင့်တယ်... ငါ သူ့ကို ဘာမှမလုပ်နိုင်ဘူး... ငါ သူ့ကို မကိုင်တွယ်နိုင်လောက်ပေမယ့် ကိုင်တွယ်နိုင်တဲ့သူတွေတော့ ရှိပါတယ်... ငါ ဒီအကြောင်း ကောင်းကင်နတ်ဘုံဆီ စာရေးပြီး ကောင်းကင်နတ်ဧကရာဇ်ဆီ လျှောက်တင်မယ်... ဒီခွေးသူတောင်းစားကို ဖမ်းပေးဖို့ သူ့ဆီမှာ တောင်းဆိုမယ်”
နတ်ဘုရားတစ်ပိုင်း ခေါင်းဆောင်များ ဝမ်းသာသွားကြသည်။ သူတို့က မေး၏။ “အဲဒါဆို နတ်ဧကရာဇ်၊ လူသားမျိုးနွယ်ရဲ့ ကောင်းကင်နတ်အရှင်တွေ သူတို့လူသားတွေကို ပြန်ပေးဖို့ လာတောင်းရင် ကျုပ်တို့ ပေးလိုက်သင့်လား”
“ပေးရမှာပေါ့”
နတ်ဧကရာဇ်လန်ရွှမ်သည် ပြုံးနေ၏။ “အခုတော့ ပေးကြမယ်... အဲဒီ ငကြွားမူ သေသွားရင် သူတို့ ငါတို့ကို နှစ်ဆ ပြန်ပေးစေရမယ်”