ရှန့်ထိုကျန့်
Vol. 009 Ch. 857
ဆေးရေကန်ထဲတွင် ရီဖူရှင်းက တိတ်ဆိတ် ငြိမ်သက်စွာ ထိုင်နေ၏။
ဆေးရေကန်ထဲကို မဝင်မီ စကားအနည်းငယ် ပြောခဲ့ခြင်းက သူ၏ စိုးရိမ်စိတ်ကို အနည်းငယ် ပြေလျော့ခဲ့စေ သော်လည်း ဆေးစမ်းသပ်ခြင်းက သိပ်လွယ်ကူသောကိစ္စ မဟုတ်သည်ကိုလည်း နားလည်သည်။ ရေငွေ့ပူများကို ခံစားခြင်းရင်း ထိုအရာက သူ၏ခန္ဓာကိုယ် အစိတ်အပိုင်း တိုင်းအား ဖျက်ဆီးလိုဟန် ရနေသည်။
ရီဖူရှင်းမှာ သူကိုယ်တိုင် လူတစ်ယောက် မဟုတ်တော့ဘဲ မရေမတွက်နိုင်သော အမှုန်အမွှားများ ဖြစ်သွားပြီဟု ခံစားလာရသည်။ သူက ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းမှ အမှုန်အမွှားတိုင်း၏ နာကျင်မှုကို ခံစားရသည်။
သူ၏ခန္ဓာကိုယ်က အနည်းငယ် တုန်ယင် သွားသည်။ ထိုအရာက ရီဖူရှင်းကိုယ်တိုင် တုန်ယင်ခြင်း မဟုတ်ဘဲ သူ့အသွေးအသားကို တည်ဆောက် ထားသော အမှုန်အမွှားများ၏ အကြောက်တရားကြောင့် ဖြစ်လာရခြင်းလည်း ဖြစ်သည်။
ထိုအခိုက်တွင် သည်ခံစားချက်မျိုးမှာ ယူချင်း၏ မိစ္ဆာပညာရပ် လေ့ကျင့်မှုမှ ရသော နာကျင်မှုမျိုး ဖြစ်လေမလားဟု ရီဖူရှင်းက တွေးမိသည်။
ဆေးရည်ကန်ဘေးတွင် လိပ်ပြာလေးကား အလွန် စိုးရိမ်နေဟန် ရသည်။ သူမ၏နဖူးပြင်လေးမှ ချွေးစေးများက စုဝေးလာကာ ချွေးစက်ငယ်အဖြစ် ပါးပြင်ပေါ်ကို စီးကျလာနေပြီ ဖြစ်သည်။
ပထမဆုံး ဆေးစမ်းသပ်မှုက အပြင်းဆုံး မဟုတ်သော်လည်း သည်စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခြင်း မကျော်ဖြတ်နိုင်ခြင်းမူကား သေချာခြင်း မရှိပေ။ အန္တရာယ်ကလည်း အလွန်ကြီးပေသည်။
အချိန်ကြာလာသောအခါ ရီဖူရှင်း၏ ခန္ဓာကိုယ် တုန်ယင်မှုမှာလည်း တဖြည်းဖြည်း လျော့နည်းလာပြီး နောက်ဆုံးတွင် လုံးဝ တည်ငြိမ် သွားတော့သည်။ ထိုသို့ ဖြစ်သွားခြင်းမှာ နာကျင်မှု လျော့နည်း သွားခြင်းကြောင့် မဟုတ်ဘဲ ရီဖူရှင်း ကိုယ်တိုင်က ထုံကျဉ် သွားခြင်းကြောင့်သာ ဖြစ်ပေသည်။
အတန်ကြာသောအခါ ရီဖူရှင်းက သူ၏နာကျင်မှုနှင့် အနည်းငယ် အသားကျလာပြီး အသိစိတ်ကိုလည်း ပြန်ထိန်းချုပ် လာနိုင်ခဲ့သည်။ ခန္ဓာကိုယ် အတွင်းတွင် ကမ္ဘာသစ်ပင်၏ အသက်ဓာတ် စွမ်းအင်ကြောင့် အစိတ်စိတ် အမြွှာမြွှာကွဲကြေသွားသော ကလီစာများ၊ သွေးကြောများနှင့် အသွေးအသားများ အားလုံးမှာ တဖြည်းဖြည်းဖြင့် ပြန်လည် ရှင်သန် မွေးဖွား လာကြသည်။
မျက်လုံးကို ဖွင့်လိုက်ပြီး ရီဖူရှင်းက လိပ်ပြာလေးကို ကြည့်ကာ ပြုံးပြသည်။ သူ၏အပြုံးကို မြင်သောအခါမှ လိပ်ပြာလေးမှာ စိတ်သက်သာရာ ရသွားပြီး လှပစွာ ပြုံးသည်။ သူမက တီးတိုးပြောသည်… “ရှင် ထလာလို့ရပြီ…”
“အင်း…” ရီဖူရှင်းက ဆေးရည်ကန်ထဲမှ ထွက်လာခဲ့သည်။ အပေါ်ပိုင်း ဗလာကျင်းနေသော ရီဖူရှင်းအား မြင်သည်တွင် လိပ်ပြာလေး၏ မျက်နှာက နီမြန်းသွားကာ တစ်ဖက်ကို မြန်ဆန်စွာ လှည့်လိုက်သည်။ ဤမတိုင်မှီက စိုးရိမ်စိတ်ကြောင့် ထိုသို့ရှက်ရွံ့မှုကို မခံစားခဲ့ရသော်လည်း စိုးရိမ်စိတ်များ ဖယ်ခွာ သွားသောအခါ မိန်းကလေး တစ်ယောက်၏ သာမန် စိတ်ခံစားချက်များ ပြန်ဝင်လာခဲ့ဟန် ရသည်။
လိပ်ပြာလေး ရှက်ရွံ့သွားသည်ကို မြင်လျှင် ရီဖူရှင်းက ရယ်မော၍ ပြောသည်… “မင်း မြင်ပြီးသွားပြီးပြီလေ…”
လိပ်ပြာလေး၏ ပါးပြင်က ပိုမို၍ နီရဲလာခဲ့သည်။ သူမက တီးတိုးပြောသည်… “ပထမအဆင့် ဆေးရည်စိမ်တာမှာ ၈၁ကြိမ် ရှိပြီးတော့ ကိုးဆင့်ခွဲထားတယ်… ဆေးရည်တိုင်းက အတူတူပဲဆိုပေမဲ့ တစ်ကြိမ်စီတိုင်းမှာ ပိုမို ပြင်းထန် လာလိမ့်မယ်… ရှင်က ပထမဆုံး အကြိမ်ကို ခံနိုင်ရည်ရှိတယ် ဆိုတော့ ပထမအဆင့်တွေ ကတော့ အန္တရာယ် မရှိတော့ဘူး…”
“ကောင်းပြီ … လိပ်ပြာလေး… အခုလို ကြိုးစားပေးတာ ကျေးဇူးတင်ပါတယ်…”
“နောက်တစ်ခေါက် အတွက် မနက်ဖြန် လာခဲ့ပါ… ကျွန်မက ငါက ဆရာကို သွားပြောလိုက်ဦးမယ်…” လိပ်ပြာလေးက ပြောကာ ထွက်သွားသည်။
ရီဖူရှင်းက သူ၏ အဝတ်အစားများအား ဝတ်ဆင်လိုက်ပြီး သူ၏ ခန္ဓာကိုယ်အား ပြန်လည် ခံစားကြည့်သည်။ ဆေးရည် စမ်းသပ်မှု အပြီးတွင် သူ၏ခန္ဓာကိုယ်က အလွန်အမင်း သက်သောင့်သက်သာ ခံစားရကာ ပတ်ဝန်းကျင်မှ သဘာဝစွမ်းအင်များ ကိုလည်း ပိုမို အားကောင်းစွာ ခံစားနိုင်စွမ်း ရှိလာခဲ့သည်။
“သွားမယ်…” ရီဖူရှင်းက ယူချင်းကို ပြောသည်။ သည်တစ်ကြိမ်တွင် အဆင်ပြေ သွားမှတော့ နောက်လာမည့် ဆေးစမ်းသပ်မှုများတွင် ပြဿနာ မရှိနိုင်တော့ပေ။
ဆေးရည်ကန်မှ ထွက်လာပြီးနောက် လိပ်ပြာလေးက ရှန့်ထိုကျန့် နေထိုင်ရာ နေရာသို့ ရောက်လာခဲ့သည်။
“ဆရာ…” လိပ်ပြာလေးက တီးတိုးခေါ်သည်။
“လိပ်ပြာလေး… သူ ဘယ်လိုနေလဲ…” ရှန့်ထိုကျန့်က လိပ်ပြာလေးကို မေးသည်။
“ပထမ စမ်းသပ်မှုက ပြဿနာ မရှိဘူး… ဒီအဆင့်မှာ သူအန္တရာယ် မရှိလောက်ဘူး…” လိပ်ပြာလေးက ပြောသည်။
“သူ့ရဲ့ ပြန်လည် ကုစားနိုင်စွမ်းကရော…” ရှန့်ထိုကျန့်က မေးသည်။
လိပ်ပြာလေး၏ မျက်လုံးများတွင် ထူးခြားသော အမူအရာများ ဖြစ်ပေါ်လာကာ တီးတိုးပြောသည်… “အရမ်း ကောင်းတယ်…”
ရှန့်ထိုကျန့်က ခေါင်းညိတ်ကာ ပြောသည်… “ပြည်နယ်ကိုးခု တော်ဝင်မြေတွေရဲ့ အသက်အငယ်ဆုံး နန်းတော်သခင်က ကျုပ်ကို စိတ်မပျက်စေဖို့ မျှော်လင့်တယ်… သူက ပြောပြီး လက်ဝှေ့ယမ်း လိုက်သည်တွင် စာရွက်ငယ် တစ်ရွက်က လိပ်ပြာလေးထံကို ရောက်လာသည်။ စာရွက်ထဲတွင် ဆေးအမယ်များအား ရေးသားထား၏။
“နည်းလမ်းနဲ့ ထည့်သွင်းရမယ့် ဆေးအချိုး၊ ဆေးနာမည်တွေကို ရေးပေးထားတယ်… ပထမအဆင့် မပြီးခင် ဒုတိယအဆင့် အတွက် မင်းက ဒါတွေကို ကြိုပြင်ဆင် ထားရမယ်…” ရှန့်ထိုကျန့်က ပြောသည်။
လိပ်ပြာလေးက ဆေးစာရွက်ကို ကြည့်ကာ တုန်လှုပ် သွားဟန်ဖြင့် ပြောသည်… “ဆရာ… ဒုတိယအဆင့်မှာတင် ဒီလောက် အားကောင်းတဲ့ ဆေးတွေကို သုံးတယ်… ဒါကို သူခံနိုင်ပါ့မလား…”
ရှန့်ထိုကျန့်က လိပ်ပြာလေးကို ကြည့်သည်။ လိပ်ပြာလေးကလည်း သူမ၏ဆရာကို ပြန်ကြည့်ကာ ပြောသည်… “ဆရာ… ဒီစမ်းသပ်မှုရဲ့ ရည်ရွယ်ချက်ကို သိချင်ပါတယ်… ဆရာရဲ့ တန်ခိုးအဆင့်နဲ့ဆို ဒီလိုလုပ်နေစရာ မလိုဘူးမလား… ဆရာက ဘာကို သက်သေပြဖို့ ကြိုးစားနေတာလဲ…”
ရှန့်ထိုကျန့်က သူ၏တပည့်မအား ကြည့်သည်။ လိပ်ပြာလေးက သန့်စင်ကာ စိတ်ထား ကောင်းသည်ကို သူသိသည်။ ထို့ကြောင့်ပင် သူကိုယ်တိုင်က သူမအား ဆေးပညာများအား သင်ပေးကာ သူ့သမီးအရင်းကဲ့သို့ ဆက်ဆံပေသည်။
“ဆရာက ရက်စက်တယ်လို့ မင်းထင်လား…” ရှန့်ထိုကျန့်က မေးသည်။
“မထင်ရဲပါဘူး…” လိပ်ပြာလေးက ဦးညွှတ်သည်။
“လောကကြီးက ငါ့ကို သမားတော် ရှန့်ထိုလို့ခေါ်ပြီး တစ်ဖက်က အဆိပ်ရှန့်ထိုလို့လည်း ခေါ်ကြတယ် … သဘာဝအားဖြင့် ငါက ရက်စက်သူပဲ … ဒါပေမဲ့ ဒါတွေကလည်း ထူးဆန်းတာ မဟုတ်ဘူး… ဘယ်လိုပြောပြော တချို့ကိစ္စတွေမှာ တချို့လူတွေအပေါ် ဒီလိုလုပ်ဖို့ လိုတယ်…” ရှန့်ထိုကျန့်က သူ့ကိုယ်သူ ပြောနေဟန်ရသည်။ အတန်ကြာပြီးမှ သူက လိပ်ပြာလေးကို ပြောသည်… “သွား… ငါပြောသလိုလုပ်…”
လိပ်ပြာလေးက သူမ၏နှုတ်ခမ်းအား ကိုက်လိုက်ကာ ခေါင်းငုံ့လိုက်သည်။ ရှန့်ထိုကျန့်က အမိန့်အာဏာဆန်သော လေသံဖြင့် ပြောသောအခါတွင်ကား သူမလည်း မည်သို့မှ မတတ်နိုင်တော့ဘဲ ခေါင်းညိတ်ရသည်… “ဆရာပြောတဲ့အတိုင်း စီစဉ်လိုက်ပါ့မယ်…” ထို့နောက် သူမကလည်း နောက်လှည့်ကာ ထွက်သွားသည်။
ရှန့်ထိုကျန့်က လိပ်ပြာလေး၏ နောက်ကျောကို ကြည့်ကာ တီးတိုးပြောသည်… “မိန်းကလေးက မင်းနဲ့ တကယ်တူတယ်…” သူပြောကာ ရှေးဆန်သော အခန်းတွင်းသို့ ဝင်လိုက်သည်။ အယ်တွင် တံခါးတစ်ချပ် ဖွင့်ထားကာ အတွင်းကို ဝင်လိုက်သည်နှင့် နောက်ထပ် ကမ္ဘာတစ်ခုထဲကို ရောက်သွားဟန် ရသည်။
အခန်းအတွင်းမှ အပြင်အဆင်ကား ရှေးဆန်ကာ အရာအားလုံးက အိုဟောင်း နေသည်။ ထို့အပြင် လေထုကလည်း အလွန်အေးစက်ကာ မြေပြင်ကပင် ရေခဲမှုန်များဖြင့် ဖုံးလွှမ်းနေ၏။ အသုံးအဆောင်များ အားလုံးမှာ ရေခဲမှုန်များ ကပ်ငြိနေပြီး အလယ်တွင်ကား ရေခဲရုပ်တု တစ်ခုရှိကာ ရုပ်တုအတွင်း၌ မိန်းမတစ်ယောက်၏ ပုံသဏ္ဌာန်အား ရှင်းရှင်းလင်းလင်း မြင်ရသည်။ သူမကား အတွင်း၌ တိတ်ဆိတ်စွာ ထိုင်နေသည်။ ရုပ်တုကား အသက်ရှိသည့်အလား ထင်မှတ်ရကာ တကယ့်လူ တစ်ယောက်နှင့် တူလှပေသည်။
ရှန့်ထိုကျန့်က ရေခဲရုပ်တုအား ညင်သာစွာ ထိတွေ့သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ပြည်နယ်ကိုးခု၌ ရှန့်ထိုကျန့်လည်း မရှိသလို သမားတော် ရှန့်ထိုဟူသော နာမည်လည်း မရှိပေ။ ထိုစဉ်က သူသည် ဆေးပညာကိုလည်း နားမလည်ခဲ့ပေ။ နောက်ပိုင်း ဆေးပညာကို လေ့လာ လိုက်စားသော သူမအား တွေ့ဆုံခဲ့သည်။
“လိပ်ပြာလေးရဲ့ အပြုအမူ အပြောအဆိုနဲ့ စိတ်နေ သဘောထားတွေက အစ မင်းနဲ့ ပိုပိုပြီး တူလာတယ်…” ရှန့်ထိုကျန့်က နူးညံ့သိမ်မွေ့စွာ ပြောသည်… “ရက်စက်တဲ့ မဟာလမ်းစဉ်က မင်းကို ခေါ်ဆောင် သွားတယ်… လိပ်ပြာလေးကိုလည်း ဒီလိုအဖြစ်ခံမှာ မဟုတ်ဘူး…”
***
နောက်ပိုင်း နေ့ရက်များတွင် ရီဖူရှင်းမှာ နေ့တိုင်း ဆေးရည် စိမ်ရသည်။ ဆေးရည် စိမ်ပြီးနောက် သူက မိမိအခန်းကို ပြန်လာကာ ခန္ဓာကိုယ်မှ အပြောင်းအလဲများကို ခံစားပြီး ထပ်မံ၍ လေ့ကျင့်သည်။ ဆေးရည်စိမ်ခြင်း တစ်ကြိမ်ပြီးတိုင်း သူ၏ခန္ဓာကိုယ်က ပိုမိုသန်မာ အားကောင်း လာခဲ့သည်။
ပထမကိုးရက်တွင် သူ၏ဆေးရည်စိမ်ခြင်း ပထမအဆင့် ပြီးဆုံးသွားပြီဟု ပြော၍ရသည်။ လိပ်ပြာလေး၏ ပြောစကားအရ နောက်တစ်ဆင့်တွင် သူက ပိုမိုပြင်းထန်သော ဆေးရည်များဖြင့် စိမ်ရမည်ဟု သိထားသည်။
သို့သော်လည်း ယခုကား ရီဖူရှင်းက မိမိကိုယ်ကို အတော်အတန် ယုံကြည်မှု ရှိနေပြီဖြစ်သည်။
ညအချိန်အခါ ရောက်လာပြီး ဖြစ်သော်လည်း ရီဖူရှင်းကား အခန်းထဲတွင် တိတ်ဆိတ်စွာ လေ့ကျင့်နေမြဲ ဖြစ်သည်။ ရီဖူရှင်း၏အနီးတွင် သဘာဝ စွမ်းအင်များနှင့် လောကဓာတ်များ လှုပ်ရှား လည်ပတ်နေကြကာ ရီဖူရှင်းကလည်း ကောင်းကင်နှင့်မြေပြင် အကြားမှ လောကဓာတ်များအား တဖြည်းဖြည်းချင်း ခွဲခြမ်းစိတ်ဖြာကာ ဆင်ခြင် စဉ်းစားနေသည်။
ရောင်စဉ်များက သူ၏ခန္ဓာကိုယ်ကို ခြုံလွှမ်းထား၏။ မီးလောကဓာတ်က မီးလျှံများ အဖြစ် ပြောင်းလဲကြကာ သူ့ခန္ဓာကိုယ်ထဲကို တတိတိ စိမ့်ဝင်နေကြပြီး လျှပ်စီး လောကဓာတ်များ ကလည်း လျှပ်စီးဓာတ်များ အဖြစ် ပြောင်းလဲကာ သူ့ခန္ဓာကိုယ်ကို ဖြတ်သန်း စီးဆင်းကြသည်။
တစ်မျိုးတည်း အထူးပြဓာတ်မှာ လောကဓာတ်များ၏ အရိုးရှင်းဆုံးပုံစံ ဖြစ်ပြီး ရီဖူရှင်းက အစောပိုင်း နေ့ရက်များကတည်းက နားလည် ဆင်ခြင်ထားပြီး ဖြစ်သည်။ သူ့အတွက် တိုက်ခိုက်ခြင်းတွင် အရေးအပါဆုံးက အကောင်းမွန်ဆုံးသော လောကဓာတ်များ ဖြစ်သည့်တိုင် လောကဓာတ်များကို နားလည် ဆင်ခြင်ခြင်းကလည်း မဖြစ်မနေ အရေးပါသော အပိုင်း ဖြစ်ပေသည်။
ယခု ရီဖူရှင်းက လောကဓာတ် တစ်ခုစီချင်းအား သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစည်းစေကာ ဖြည်းဖြည်းချင်း နားလည် ခံစားသည်။ သူက ဆေးရည်စိမ်ခြင်း၌ ခံစားရသော အသိများအား ပြန်တွေးသည်တွင် သူက လေထု လှုပ်ရှားမှုများအား နှေးကွေးစေပြီး လောကဓာတ်များအား သူ့ခန္ဓာ အစိတ်အပိုင်းမှသည် အမှုန်အမွှားများသို့ အထိ ပေါင်းစည်းစေသည်။
ကျင့်ကြံခြင်း၌ ကိုယ်တိုင် ဆင်ခြင် တွေးတောခြင်းကို မူတည်ပေသည်။ မဟာလမ်းစဉ်ကား ယင်နှင့် ယန်တို့အတူတကွ တည်ရှိခြင်းနှင့် ဆက်စပ်၏။ ယင်စွမ်းအားက အားကောင်းခြင်းမှာ ယန်စွမ်းအားက အားနည်းသောကြောင့် မဟုတ်ပေ။
တူညီသော သဘောတရားတွင် ထောင်ကျန်းခန္ဓာ၊ အဆုံးမဲ့ခန္ဓာနှင့် အရာခပ်သိမ်း ဖန်ဆင်းခြင်း စွမ်းအားတို့ အားလုံးမှာ နတ်ဘုရားများ၏ ခန္ဓာကိုယ်ကို ပုံစံပွား ဖြစ်တည်စေလျက် သူတို့၏ တိုက်ခိုက်ရေး စွမ်းအားကို မြှင့်တင်ခြင်း ဖြစ်သည်။
အရွယ်အစား ကြီးခြင်းက ခွန်အားကို ကြီးမားစေသည်။
ဤတွင် အရွယ်အစား သေးငယ်စေခြင်း ကကော။
ဆုံမှတ်တစ်ခုအား အသေးငယ်ဆုံးသော ဖောက်ထွင်းအားဖြင့် တူညီသော လောကဓာတ်ကို ပေါင်းစည်း တိုက်ခိုက်လျှင် မည်သို့ ဖြစ်မည်နည်း။
ရီဖူရှင်းက ထိုအသိများအား ဆေးရည်စိမ်ခြင်း ကာလ၌ နားလည် ဆင်ခြင်နိုင်ခဲ့ရာ သူ၏ကျင့်ကြံခြင်း၌ ဆက်လက်၍ ပိုမိုသိနားလည်ရန် ကြိုးပမ်းနေခဲ့သည်။
ကြယ်တာရာ အလင်းများ ထွန်းလင်း လာခဲ့သည်။ ရီဖူရှင်းအနီးတွင် ကြယ်တာရာ ကောင်းကင်တစ်ခု ဖြစ်ပေါ်လာကာ ကြယ်များ လှုပ်ရှား လည်ပတ်ကြသည်။ ထို့အပြင် ကြယ်များက သူတို့၏ စွမ်းအင်များအား အသေးငယ်ဆုံးသော နေရာများ၌ စုစည်းထားကြသည်။ သို့သော်လည်း အကန့်အသတ် တစ်ခုသို့ ရောက်သောအခါ ရီဖူရှင်းက ဆက်လက် ပြုလုပ်နိုင်စွမ်း မရှိတော့ပေ။ စွမ်းအင်များအား အဆက်မပြတ် စုဆောင်းခြင်းက အရွယ်အစားကို အကန့်အသတ်မဲ့ ကြီးမား စေသော်လည်း ပိုမိုသေးငယ်စေခြင်းက လောက စည်းမျဉ်းကို ဆန့်ကျင်ပေသည်။
အချိန် တစ်ခုကြာအောင် ရီဖူရှင်းက ဆက်လက် နားလည်နိုင်စွမ်း မရှိတော့သောအခါ မျက်လုံးကို ဖွင့်လိုက်သည်။ တန်ခိုးကျင့်ခြင်းကား တစ်ကြိမ် တစ်ခါတည်းဖြင့် ကြိုးစား အောင်မြင်နိုင်ခြင်း မဟုတ်ပေ။ တစ်ခါတစ်ရံ ဆက်လက် နားလည်နိုင်စွမ်း မရှိခြင်းမှာလည်း ပုံမှန်ကိစ္စသာ ဖြစ်သည်။
စိတ်စွမ်းအား ကုန်ဆုံးခြင်းကို ခံစားမိသည်တွင် ရီဖူရှင်းက ကု့ချင်းကို ထုတ်လိုက်ပြီး ညအမှောင်အား ငြိမ်သက်သော ဂီတသံဖြင့် အဖော်ပြု လိုက်သည်။ တိတ်ဆိတ်ကာ ငြိမ်သက်သော ညနက်နက်တွင် သာယာနာပျော်ဖွယ် ဂီတသံက ပတ်ဝန်းကျင် တစ်ခုလုံးအား ပျံ့လွင့် နေခဲ့သည်။
တစ်ချိန်တည်းမှာပင် ခြေသံအချို့အား ကြားရသည်။ ရောက်လာသူကား လိပ်ပြာလေး ဖြစ်သည်။ သူမက ဂီတသံ ကြားသည်တွင် ခြေသံများအား ဖွဖွနင်းက ရီဖူရှင်း၏ မနီးမဝေး၌ တိတ်ဆိတ်စွာ ထိုင်လျက် နားထောင်သည်။ ကြည်လင် ပြတ်သားကာ သာယာသော ဂီတသံက သူမ၏စိတ်နှလုံးအား ငြိမ်သက် အေးချမ်းစေသည်။
သံစဉ် ပြီးဆုံးသွားပြီးနောက် ရီဖူရှင်းက သူမအား ကြည့်ကာ ပြောသည်… “လိပ်ပြာလေး… ညနက်နေပြီ ... ဘာကိစ္စများလဲ…”
“အင်း…” လိပ်ပြာလေးက ညင်သာစွာ ခေါင်းညိတ်ကာ ပြောသည်… “မနက်ဖြန်က စမ်းသပ်မှုရဲ့ ဒုတိယအဆင့်ပဲ… ဆေးက ပိုအားကောင်း လာလိမ့်မယ်… ပြီးတော့ ရှင့်ဆရာရဲ့ ဆေးကလည်း အဆင်သင့်ဖြစ်ပြီ… ဒါကြောင့် မနက်ဖြန်ကျရင် သူလည်း ဆေးဥယျာဉ်ကို လာပြီး ဆေးရည်စိမ်လို့ရပြီ… သူ့ကိုလည်း ပိုသန်မာတဲ့ခန္ဓာ ဖြစ်ဖို့အတွက် အချိန်တစ်ခု ကြာအောင် ဆေးရည်စိမ်ခိုင်း ရလိမ့်မယ်… ဖြစ်နိုင်တာက ရှင်တို့ နှစ်ယောက်လုံးက နေ့တိုင်း ဆေးရည်စိမ် ရလိမ့်မယ်…”
“နားလည်ပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။ နတ်ဘုရား ပြစ်ဒဏ်ကို ခံနိုင်မည့် ခန္ဓာကိုယ်အား တည်ဆောင်ခြင်းက နေ့ချင်းညချင်း ဖြစ်လာမည့်အရာ မဟုတ်ပေ။
“ငါသွားလိုက်ဦးမယ်…” လိပ်ပြာလေးက ပြောသည်။ သူမက ရီဖူရှင်းအား ထိုအကြောင်းကို ပြောရန် ရောက်လာခြင်း ဖြစ်သည်။
***