ထာဝရကို စွန့်ခွာခြင်း
Vol. 11 Ch. 6
ဝင်လုဆဲဲဆဲနေလုံးကြီးက ပင်လယ်ပြင်မှာမေးတင်လို့။ ကမ်းခြေကနေ လှမ်းကြည့်လိုက်ရင် နေလုံးကြီးက ရေပြင်နဲ့တဖြည်းဖြည်းနီးကပ်လာတာကို ခံစားကြည့်နိုင်ပါတယ်။
အနောက်တိုင်းဝတ်စုံကို စနစ်တကျဝတ်ဆင်ထားပြီး ဦးထုပ်ဝိုင်းကိုဆောင်းထားတဲ့ လူငယ်လေးက ကမ်းခြေတစ်နေရာမှာ လမ်းလျှောက်နေတယ်။ သူက ကျောက်ဆောင်တွေနဲ့ပြည့်နေတဲ့ ကမ်းခြေနေရာတစ်ခုကို သွားနေတာဖြစ်ပြီး သူ့မျက်နှာမှာတော့ အပြုံးဖျော့ဖျော့ကိုတွေ့နိုင်ပါတယ်။
ကျောက်ဆောင်တွေပေါ်မှာတော့ မိန်းကလေးတစ်ယောက်ရှိနေပြီး အသံကောင်းကောင်းနဲ့ ရှေးတေးသီချင်းတစ်ပုဒ်ကို ညည်းဆိုလို့နေပါတယ်။ သူမရဲ့အနီရောင်ဆံပင်တွေက ခပ်ပါးပါးဆိုပေမဲ့ ကြည့်လို့ကောင်းပြီး ရေတံခွန်လိုမျိုး ကျောနောက်မှာဖြာကျနေပါတယ်။ အသားအရေက ပုံမှန်လူတစ်ယောက်ဖြစ်ဖို့ ဖျော့တော့လွန်းပြီး သူ့ရဲ့ခန္ဓာကိုယ်ကလည်း ပိန်သွယ်လှပါတယ်။ နှာတံပေါ်ပေါ် မေးရှည်ရှည်ရှိပြီး နီညိုရောင်မျက်လုံးတွေကို ပိုင်ဆိုင်ထားတဲ့ လှပသူလေးပါ။
ယင်ကောင်က မိန်းမငယ်လေးရှိနေတဲ့ ကျောက်ဆောင် နားကိုရောက်တာနဲ့ ဆက်မသွားတော့ဘဲ ဒီအတိုင်းတာ မိန်းကလေးကို စောင့်ကြည့်နေခဲ့တယ်။ လုံးဝ အသံမထွက်ဘဲ မိန်းကလေးသီချင်းဆိုနေတာကို မနှောင့်ယှက်ဘဲ သီချင်းကိုသာ နားထောင်နေခဲ့တာ။
သီချင်းစာသားတွေက ရှေးကျလွန်းတဲ့ ဘာသာစကားနဲ့မလို့ ယင်ကောင်နားမလည်ပါဘူး။
“ရှင်... ဘာမှမပြောဘဲနဲ့ ကျွန်မသီချင်းဆိုတဲ့အချိန်တိုင်း ဒီနေရာမှာ လာနားထောင်နေတာ နေ့တိုင်းလိုလိုဖြစ်နေပြီနော်။”
မိန်းကလေးက သီချင်းဆိုနေတာကို အဆုံးသတ်လိုက်ပြီး ယင်ကောင်ကို မေးငေါ့ကာ ကြည့်လိုက်ပါတယ်။ ခိုးနားထောင်နေတာ လူမိသွားတဲ့ ယင်ကောင်ကတော့ ရှက်သွေးဖြာသွားတယ်။ ပြီးတော့မှ သူ့မျက်နှာကိုယ်သူ လက်နဲ့ပြန်ကိုင်ကြည့်လိုက်ပြီး မျက်နှာက ပုံမှန်အနေအထားမှာ ပြန်ရောက်သွားတယ်။
“အဲဒီသီချင်းကို ငါအင်တာနက်ပေါ်မှာ ရှာကြည့်ခဲ့ပေမဲ့ မတွေ့ဘူးလေ။ စာသားတွေက ဆူမေးရီးယားဘာသာနဲ့တူပေမဲ့ ပိုပြီးတော့တောင် ရှေးကျနေသလိုပဲ။”
မိန်းကလေးက နားမလည်နိုင်တဲ့မျက်နှာနဲ့ သူ့ကိုကြည့်နေတဲ့ ယင်ကောင်ကို ယောင်ယောင်လေး ပြုံးပြလိုက်ပါတယ်။
“ဒီသီချင်းကို ရှင်ဘယ်မှာမှရှာမတွေ့တာ အဆန်းမဟုတ်ပါဘူး။ ဒါက ကျွန်မတို့မျိုးနွယ်က အမျိုးသမီးတွေ အမေကနေ သမီးကို လက်ဆင့်ကမ်းပေးခဲ့တဲ့ လျှို့ဝှက်တေးသံလေ။”
ယင်ကောင်က အခုထိအဲဒီတေးသီချင်းနဲ့ပတ်သက်ပြီး နားမလည်တဲ့ကိစ္စတွေ အများကြီးရှိနေသေးတယ်။ အထူးသဖြင့် တေးဂီတကိုရေးဖွဲ့ထားတဲ့ဘာသာစကား။ အဲဒီဘာသာကို သူဘယ်မှာမှရှာလို့မတွေ့ခဲ့ဘူး။
“အဲဒီဘာသာစကားက ဘာများလဲ၊ ပြီးတော့ သီချင်းစာသားတွေကရော။ ဘာလို့ကျုပ်လိုလူတစ်ယောက်ရဲ့နှလုံးသားကို အဲဒီစာသားတွေက လှုပ်ခတ်စေရတာလဲ။”
မိန်းကလေးက ယင်ကောင်ရဲ့မျက်လုံးတွေထဲကို ကြည့်လိုက်တယ်။ အဲဒီနောက် ယောင်ယောင်လေး ပြုံးလိုက်တယ်။ ယင်ကောင်ကတော့ သူ့ရင်ဘတ်ကိုသူကိုင်ပြီး နောက်ကိုတစ်လှမ်းချင်းဆုတ်သွားတယ်။ သူ့ရှေ့က မိန်းကလေးကို သူက အန္တရာယ်တစ်ခုလိုမြင်နေမိတာ။
“ရှင့်ရင်ဘတ်တစ်ခုလုံး လှုပ်ခတ်သွားရတာ တေးစာသားတွေကြောင့်ပဲလား၊ ဒါမှမဟုတ် ကျွန်မကြောင့်ရောပါသေးလား။”
“.....” ယင်ကောင်က သဲသောင်ပြင်ကို စိုက်ကြည့်နေရင်း ဘာမှပြန်မဖြေနိုင်ခဲ့ဘူး။ မိန်းကလေးက သူ့ကိုကြည့်ရင်း ပိုပြီးပီပီသသပြုံးလိုက်တယ်။ နောက်တော့ တအားနာကျင်နေတဲ့ပုံစံနဲ့ ချောင်းဆိုးလိုက်တယ်။ ယင်ကောင်က အားနည်းလွန်းတဲ့ မိန်းကလေးရဲ့ပုံစံကို ကြည့်နေရင်းကနေ သူ့မျက်လုံးအိမ်တွေ လှုပ်ခတ်လာတယ်။ တစ်စုံတစ်ခုကို စိုးရိမ်ပူပန်နေသလိုမျိုး၊ တိတိကျကျပြောရရင် သူ့ရှေ့က မိန်းကလေး ကွယ်ပျောက်သွားမှာကို သူစိုးရိမ်မိနေသလိုမျိုး။
ချောင်းဆိုးလို့အပြီးမှာတော့ မိန်းကလေးရဲ့အပြုံးက မျက်နှာပေါ် ပြန်ရောက်လာပြီး ညင်သာနူးညံ့တဲ့လေသံနဲ့ ပြောလိုက်ပါတယ်။
“တေးဂီတကို ရေးထားတဲ့စာသားက ဆူချန်ဒီယန်း ဘာသာစကားပဲ။ ရှင်ပြောသလိုပဲ ဆူမေးရီးယန်းတွေထက် အများကြီးပိုစောတယ်။ ဒီကမ္ဘာကြီးထက်တောင် ရှေးကျနေမလား မပြောတတ်ဘူး။”
ယင်ကောင်က စိတ်ဝင်တစားနဲ့ ဆက်ပြီးနားထောင်နေပါတယ်။ အခုသူရောက်နေတဲ့နေရာမှာ အခုလိုဘာသာစကားတစ်ခုက တေးသီချင်းကို ကြားရလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး။
“ငါရောက်နေတာ မြန်မာမှာပါ။ ဘယ်လိုလုပ်ပြီး ဒီလောက်ရှေးကျတဲ့ ဘာသာစကားတစ်ခုကို လာတွေ့နေရတာလဲ။ ပြီးတော့ တခြားဘယ်ဘာသာစကားနဲ့မှ ဆက်စပ်မှုမရှိတဲ့ သီးခြားဘာသာစကားဖြစ်တဲ့ ဆူမေးရီးယန်းဘာသာနဲ့တောင် အမျိုးတော်စပ်နေပုံပဲ။”
“ဆူမေးရီးယန်းဘာသာက ဆူချန်ဒီးယန်းဘာသာကနေ ဆင်းသက်လာတာလို့ပြောရင်ရော ရှင်ယုံမှာမလို့လား။”
မိန်းကလေးက ကျောက်ဆောင်ပေါ်မှ ခြေချိတ်ပြီးထိုင်နေရာကနေ ခြေထောက်ကိုချပြီး စတင်လွှဲယမ်းတယ်။ သူ့ရဲ့လွတ်လပ်ပြီး ပျော်တတ်တဲ့ နေပုံထိုင်ပုံကိုမြင်ရရုံနဲ့တင် ယင်ကောင်ရဲ့မျက်လုံးတွေက ပြန်လည်တည်ုငြိမ်သွားခဲ့ပါတယ်။ နောက်တော့ သူက တခြားမေးခွန်းတစ်ခုကို မေးလိုက်တယ်။
“ဒါဆိုရင် အဲဒီတေးသီချင်းရဲ့စာသားတွေက ဘာကိုဆိုလိုတာလဲ။ ငါက အဲဒီဘာသာစကားကို နားမလာ်တာတောင် ဘာကြောင့် ဒီလောက်တောင် ဝမ်းနည်းစရာကောင်းတယ်လို့ ခံစားနေရတာလဲ။”
‘ဟီဟီ’ မိန်းကလေးရဲ့ရယ်သံလွင်လွင်လေးက ကမ်းခြေက ပင်လယ်လှိုင်းသံတွေအောက်မှာ ပျောက်ဆုံးသွားတယ်။ ယင်ကောင်ရဲ့အမေးကိုဖြေဖို့ မိန်းကလေးမှာ အဖြေရှိတယ်ဆိုတာ သေချာပြီးသား။ မိန်းကလေးက ခြေကိုလွှဲယမ်းနေတာကို ရပ်လိုက်ပြီး အဝေးကိုမျှော်ကြည့်ကာ ဖြေလိုက်ပါတယ်။
“ဒီသီချင်းက အစားထိုးခံအဖြစ်နဲ့ တည်ရှိနေရတဲ့ မိန်းကလေးတစ်ယောက်အကြောင်းကို ဖွဲ့တည်ထားခဲ့တာ။ အခုခေတ်ဗမာစာနဲ့ ဘာသာပြန်ထားတဲ့ တေးသီချင်းစာသားတွေရှိပေမဲ့ မူလအဓိပ္ပါယ်တချို့ပျောက်ဆုံးသွားပြီး သိပ်နားထောင်မကောင်းတော့ဘူး။ အဲဒီလိုဆိုရင်တောင်မှ ရှင်နားထောင်ချင်သေးလား။”
ယင်ကောင်က ခေါင်းညိတ်လိုက်တယ်။ မိန်းကလေးက လည်ချောင်းရှင်းပြီး သီချင်းစဆိုတယ်။
“ဒဏ္ဍာရီထဲက အဝေးတိုင်းပြည်မှာ နေနတ်ဘုရားစိုးစံလေတယ်။ သူ့နှလုံးသားကို ဖီးနစ်ဘုရင်မထံ သူပေးအပ်လို့ အတူတကွ ရန်အပေါင်းကို တိုက်ခိုက်ခဲ့လေတယ်။
ကံကြမ္မာရယ်နှောင့်ယှက်လို့ ဖီးနစ်မှာ ပြာအဖြစ်ပြောင်းသွားခဲ့။ နေနတ်ဘုရားမှာတော့ အထီးကျန်စွာ လောကတစ်ခွင်လှည့်ပတ်လို့။
တစ်ခါဝယ် အိပ်စက်နေသော သွေးနတ်မိမယ်ကို သူနှိုးခဲ့မိ။ နတ်မိမယ်မှာ နေနတ်သားကို မြင်မြင်ချင်း ချစ်မိလေရယ်။ သို့သော် နေနတ်ဘုရားရင်မှာ ဖီးနစ်ရဲ့ပုံရိပ်တွေနဲ့ ပြည့်ကျပ်လို့။
နတ်မိမယ်မှာ နေနတ်ဘုရားအကြိုက်ဆောင်ဖို့ ဆံနွယ်တွေကို နီစေလို့။ တူသောအသံ၊ တူသောအဆင်းကို ဖန်ဆင်းလေတယ်။ ချစ်သောသူနှင့်တူရင် သူလှည့်ကြည့်လေမလား။
သို့သော်လည်း ထိုသူ့အထီးကျန်ဝေဒနါမှာ ကြီးမားလို့ ထာဝရကိုစွန့်ခွာလေတယ်။ သက်မဲ့နေကြီးထီးထီးသာ ကျန်ခဲ့တယ်။။
အထီးကျန်မှုကို ဆက်ခံမိသော နတ်မိမယ်မှာလည်း သွေးစက်တို့ကို ကမ္ဘာမြေပေါ်ဖြန့်ကျဲလို့ သားသမီးအပေါင်းကို ဖန်တီးလေတယ်။ သူမကိုယ်တိုင်ကတော့ ရွှေနန်းဆောင်မှာအိပ်စက်ရင်း အရာအားလုံးကို မေ့ပျောက်ဖို့ ကြိုးစားလို့ပေါ့။”
ယင်ကောင်က သီချင်းကိုအဆုံးအထိနားထောင်ပြီးချိန်မှာ ကောင်းကင်က နေလုံးကြီးကို မော့ကြည့်လိုက်ပါတယ်။ ကဗျာထဲက အထီးကျန်မှုကို သူလည်းခံစားမိလို့လား၊ ဒါမှမဟုတ် နေလုံးရဲ့အပူရှိန်ကြောင့်လားမသိပေမဲ့ မျက်ရည်တချို့ ပါးပြင်ပေါ်ကို စီးကျလာတယ်။
“ဒီတော့ မင်းတို့မျိုးနွယ်ဆိုတာက...”
“ကျွန်မတို့က သွေးနတ်ဘုရားမရဲ့တိုက်ရိုက်မျိုးဆက်တွေပါ။ သူ့ရဲ့သွေးစက်ကနေ ပထမဆုံးမွေးဖွားလာခဲ့သူတွေ။ ဒါပေမဲ့ အခုအချိန်မှာတော့ ကျွန်မတစ်ယောက်ပဲ ကျန်ပါတော့တယ်။”
မိန်းကလေးက ထိုင်နေရာကနေ ထလိုက်တယ်။ ပြီးတဲ့နောက် အဝေးမှာရှိနေတဲ့ လှမ်းမြင်နေရတဲ့ ရွာငယ်လေးဆီ ဖြည်းဖြည်းချင်းလျှောက်သွားပါတယ်။ ယင်ကောင်ကတော့ ဘောင်းဘီအိတ်ထဲ လက်နှိုက်ထားရင်း မိန်းကလေးရဲ့ကျောပြင်ကိုကြည့်ကာ မေးလိုက်ပါတယ်။
“နောက်နေ့၊ မင်းထပ်လာဦးမှာလား။”
“ကျွန်မအသက်ရှင်နေသ၍တော့ ဒီသီချင်းကို ဒီနေရာမှာ ဆက်ပြီးဆိုနေဦးမှာပါ။”
...
နောက်တစ်နေ့မှာလည်း ယင်ကောင်က တူညီတဲ့နေရာမှာ သွားစောင့်နေခဲ့တယ်။ ဒီလိုလုပ်တာက သူ့အတွက် နေ့တိုင်းလုပ်နေကျ အလေ့အကျင့်တစ်ခုလိုဖြစ်နေပြီ။ ယင်ကောင်ကျောက်ဆောင်ဆီကိုရောက်တော့ ဘယ်သူမှရှိမနေဘူး။ သူနာရီကိုငုံကြည့်တော့ ရောက်နေတာ မိနစ်အနည်းငယ်လောက်စောနေမှန်း သတိထားမိပြီး သူသက်ပြင်းချမိ။
“ရှင်အစောကြီးရောက်နေပါလား၊ ကျွန်မကို အဲဒီလောက်အထိတောင် တွေ့ချင်နေတာလား။”
နောက်ကနေ မိန်းကလေးရဲ့အသံကို ကြားလိုက်ရတော့ သူအလိုလိုပြုံးလိုက်မိတယ်။ ဒါပေမဲ့ သူက ချက်ချင်းတည်တံ့သွားပြီး ပြောလိုက်ပါတယ်။
“ဒီနေ့ရော အဲဒီသီချင်းကို ဆက်နားထောင်လို့ရမလား။”
“ရတာပေါ့၊ ဒါပေမဲ့ ကျွန်မတို့အချင်းချင်း အရင်မိတ်ဆက်ကြရင် မကောင်းဘူးလား။ နေ့တိုင်းတွေ့နေပြီး တစ်ယောက်နာမည်တစ်ယောက် မသိရင် မထူးဆန်းဘူးလား။”
ယင်ကောင်က ဒီတော့မှ သူအမှားလုပ်မိပြီမှန်း သတိထားမိပြီး ဦးထုပ်ကိုချွတ်ကာ မိန်းကလေးကို ဦးညွှတ်ပြီး သူ့ကိုယ်သူမိတ်ဆက်လိုက်ပါတယ်။
“ကျွန်တော့်နာမည်ကို ဘလိဇဘက်လို့ပဲ မှတ်ထားပေးရင် ရပါတယ်။”
“ရှင့်နာမည်က ဒဏ္ဍာရီထဲက နတ်ဆိုးလိုလိုဘာလိုလိုနဲ့။ ထားပါတော့လေ... ဒါနဲ့ရှင်က ဘယ်မှာနေနေတာလဲ။”
“အလုပ်ကိစ္စရှိလို့ ဒီရွာနားက ဗီလာတစ်လုံးငှားပြီး နေနေပါတယ်။”
“ရှင်က ချမ်းသာသားပဲ။ ကျွန်မနာမည်က ပုလဲပါ။ ဒီနားက ရွာအပြင်မှာနေတာလေ။”
ရွာအပြင်မှာနေတယ်ဆိုတဲ့စကားကို ယင်ကောင် သိပ်နားမလည်ချင်။ အဲဒီအစား မိန်းကလေးကိုပဲ ဆက်ကြည့်နေမိတယ်။ မိန်းကလေးကတော့ ကျောက်ဆောင်ရဲ့ဘေးအစွန်းကို ရွှေ့ထိုင်လိုက်ပြီး လွတ်နေတဲ့နေရာကို လက်နဲ့ပုတ်ပြလိုက်တယ်။
“ရှင်က အခုကျွန်မရဲ့ဧည့်သည်ဖြစ်သွားပြီဆိုတော့ အထူးတန်းမှာထိုင်ပြီး သီချင်းနားထောင်တာ မကောင်းဘူးလား။”
ယင်ကောင်လည်း ခေါင်းညိတ်လိုက်ပြီး ပုလဲရဲ့ဘေးမှာ ဝင်ထိုင်ဖြစ်ပါတယ်။ ပုလဲကတော့ လည်ချောင်းရှင်းပြီး တူညီတဲ့သီချင်းကိုပဲ ဆက်ဆိုပါတယ်။ သီချင်းဆုံးတဲ့ နောက် ပုလဲက ချောင်းဆိုးလိုက်ပြီး ပိုပြီးအားအင်ချိနဲ့လာသလိုပဲ။
“ဒါနဲ့၊ ရှင်က ဒီကိုအလုပ်ကိစ္စနဲ့လာတယ်ဆိုတော့ အလုပ်ကိစ္စပြီးရင် ပြန်သွားမှာလား။”
ယင်ကောင်က ချက်ချင်းပြန်မဖြေနိုင်ခဲ့ဘူး။ ဖြစ်နိုင်ရင် ဒီကနေ သူထွက်မသွားချင်မိဘူး။ ပုလဲရယ်၊ သူမရဲ့သီချင်းသံတွေရယ်ကို သူကြားချင်နေတုန်းပဲ။
“ငါက ဒီနေရာမှာနေပြီး သူတို့ဘာလုပ်မလဲ စောင့်ကြည့်ချင်ရုံပါ။”
ယင်ကောင်က ပြောလိုက်တယ်။ တကယ်လည်း သူ မြန်မာပြည်ကိုလာခဲ့တာ ပိုးကောင်စစ်တပ်က သူမရှိဘဲ ဘယ်လောက်အထိ စွမ်းဆောင်နိုင်မလဲ သိချင်လို့ပါပါတယ်။ အာဆီယံစစ်ဒေသကို သူက အားနည်းတယ်ဆိုပြီးပြောခဲ့ပေမဲ့ အဲဒီလောက်မလွယ်ဘူးဆိုတာ သူသိနေတယ်။ အထူးသဖြင့် အခုအချိန်မှာ သူရိယရာဇာက သူ့စွမ်းအားရဲ့အထွပ်အထိပ်ရောက်နေပြီလေ။
“ရှင်လေ... ကျွန်မသီချင်းမဆိုတော့ရင်တောင်မှ ဒီကိုလာဦးမှာလား။”
“.....” ယင်ကောင်က အဖြေမပေးဘဲ ပင်လယ်ရေပြင်အောက် ပျောက်ဆုံးသွားပြီဖြစ်တဲ့ နေလုံးကြီးရှိခဲ့တဲ့နေရာကိုပဲ စိုက်ကြည့်နေခဲ့မိပါတယ်။
...
နောက်ရက်တွေမှာလည်း ယင်ကောင်က ကျောက်ဆောင်ကို နေ့တိုင်းသွားခဲ့တယ်။ ပုလဲလည်း ရောက်လာတတ်ပေမဲ့ သီချင်းမဆိုတော့ဘူး။ ယင်ကောင်က သူမရဲ့အားနည်းနေတဲ့ ခန္ဓာကိုယ်ကို ကြည့်ရင်း တစ်နေ့တခြားစိုးရိမ်လာမိတယ်။
တစ်နေ့တော့... သူပုလဲရဲ့လက်ကို ဆုပ်ကိုင်ထားလိုက်မိပါတယ်။
“ငါ့ကိုပြောစမ်းပါ... မင်းက အဲဒီနေနတ်ဘုရားလိုပဲ ပျောက်ကွယ်သွားတော့မှာ မဟုတ်လား...”
ပုလဲက ဘာမှမပြောခဲ့ပေမဲ့ အဲဒီကိစ္စကို ယင်ကောင်က ခံစားမိတယ်။ ပုလဲက ပြုံးလိုက်တယ်။ အဲဒီနောက် ကျောက်ဆောင်ပေါ်က ဆင်းသွားလိုက်ပြီး သောင်ပြင်က သဲတစ်ဆုပ်ကို ဆုပ်ကိုင်ကာ လက်ကိုဖြည်းဖြည်းချင်း ဖြန့်လိုက်တယ်။ သဲတွေက လေပြေနဲ့အတူ ပင်လယ်ပြင်ဆီ လွင့်ပါသွားခဲ့တယ်။
“ဒီကမ္ဘာပေါ်က လူသားတွေရဲ့အသက်က ကျွန်မလက်ထဲက သဲတွေလိုပဲလေ။ တစ်ခဏလေးနဲ့ လွင့်ပြယ်သွားကြတာ။ တကယ်လို့ ရှင်သာ သာမန်လူတစ်ယောက်ကို စွဲလမ်းမိသွားမယ်ဆိုရင် ရှင့်ဘဝတစ်လျှောက်လုံး သွေးနတ်ဘုရားမလိုပဲ အထီးကျန်နေတော့မယ်ဆိုတာ ကျွန်မပြောရဲတယ် မိစ္ဆာကြီး ဘလိဇဘက်ရယ်။”
အဲဒီနောက်တော့ မိန်းကလေးက ရွာဘက်ကို ပြန်သွားခဲ့တယ်။ ယင်ကောင်ကတော့ ကျောက်ဆောင်မှာ ဆက်ထိုင်နေဖြစ်ပြီး မိန်းကလေး သူ့မြင်ကွင်းကနေ ပျောက်ကွယ်သွားတဲ့အထိ စောင့်ကြည့်နေခဲ့မိတယ်။
...
နောက်တစ်နေ့။
ယင်ကောင်က စောင့်နေကျနေရာမှာပဲ စောင့်နေခဲ့တယ်။ ဒါပေမဲ့ မိန်းကလေးက ရောက်မလာခဲ့ဘူး။ သူနာရီကို ငုံကြည့်တော့ လာနေကျအချိန်ထက် နာရီပေါင်းများစွာ ကြာမြင့်ခဲ့ပြီ။ ကောင်းကင်မှာ နေလုံးကြီးမရှိတော့ဘူး။ ကမ်းခြေဟာ မှောင်မိုက်နေခဲ့ပြီ။ အဝေးမှာရှိနေတဲ့ မြင်နေကျ တံငါရွာလေးက အလင်းရောင်ကလွဲလို့ ပတ်ဝန်းကျင်မှာ လူရိပ်သူရိပ်မရှိ။
“ပုလဲ...” သူနာမည်တစ်ခုကို ရေရွတ်လိုက်ပါတယ်။ အဲဒီနောက် ကျောက်ဆောင်ကနေထပြီး ဒယိမ်းဒယိုင်နဲ့ ရွာဘက်ကို ပထမဆုံးအကြိမ်အဖြစ် စလျှောက်တယ်။ သူ့မျက်လုံးထဲမှာတော့ ပုလဲကိုင်ထားတဲ့ သဲမှုန်လေးတွေ လွင့်ပြယ်သွားတဲ့မြင်ကွင်းကို မေ့မရသေးဘူး။
သူရွာကို ရောက်တဲ့အချိန်မှာတော့ ရွာသားတွေက ရွာပြင်မှာ စုပြီးအခမ်းအနားတစ်ခုကို ပြင်ဆင်နေကြပါတယ်။ အားလုံးက ပျော်ရွှင်နေကြပုံနဲ့။ အခမ်းအနားရဲ့အလယ်မှာတော့ ကုတင်တစ်လုံးရှိနေပြီး အိပ်စက်နေဟန်နဲ့ မျက်လုံးကိုတင်းတင်းပိတ်ထားတဲ့ ပုလဲရှိနေတယ်။ ယင်ကောင်က ပုလဲဆီရောက်ဖို့ စုဝေးနေကြတဲ့ ရွာသားတွေကို ဖြတ်သန်းပြီးသွားရတယ်။ ရွာသားတွေရဲ့စကားကိုလည်း သူ့နားကနေ ကြားနေရပါတယ်။
“နောက်ဆုံးတော့ ကျိန်စာသင့်နေတဲ့ ဆံနီစုန်းမမျိုးဆက် ငါတို့ရွာမှာမရှိတော့ဘူးပဲ။”
“သူတို့အသက်ရှင်ဖို့အတွက် ငါတို့သွေးတွေ ပေးစရာမလိုတော့ဘူး။ ငါတို့ရွာကြီး လွတ်လပ်သွားပြီ။ စုန်းမက သူ့ဘာသာသွေးမသောက်ဘဲ သေသွားတာပဲ။”
“ ဒီအသုဘပြီးရင် ပျော်ပွဲရွှင်ပွဲ ကျင်းပသင့်တယ်။”
ယင်ကောင်ရဲ့မျက်နှာက ဒီစကားတွေကိုနားထောင်မိပြီး မည်းသည်းလာတယ်။ အဲဒီစကားတော်တော်များများကို သူနားမလည်ဘူး။ ဒါပေမဲ့ ပုလဲရဲ့အသက်မဲ့ခန္ဓာကိုယ်ဆီ သူရောက်သွားချိန်မှာတော့ ပုလဲလက်ထဲမှာ စာတစ်စောင်ကို တင်းတင်းဆုပ်ကိုင်ထားတာ သူတွေ့လိုက်ရပါတယ်။ သူက အဲဒီစာကို ဆွဲယူပြီး ဖတ်လိုက်တယ်။
“မိစ္ဆာကြီးဘလိဇဘက်... ဒါမှမဟုတ် ရှင့်ကို ပိုးကောင်ဗိုလ်ချုပ်ယင်ကောင်လို့ ခေါ်ရမလား။ ရှင့်ကို ပထမဆုံးစမြင်ကတည်းက ကျွန်မဘယ်သူမှန်းသိပါတယ်။ ပြီးတော့ နောက်ဖြစ်လာမယ့် အရာတွေကိုရောပေါ့။
ကျွန်မတို့မျိုးနွယ်က သွေးနတ်ဘုရားမရဲ့အစစ်အမှန် မျိုးဆက်ပါ။ နေနတ်ဘုရားရဲ့ကိုယ်ပွားဖြစ်တဲ့ အနီရောင်နတ်ဘုရား ပေါ်ထွက်လာကတည်းက ဒီမြေမှာ ရှိနေခဲ့တာ။
သွေးမျိုးနွယ်က အသက်ရှည်နုပျိုနိုင်ဖို့ သွေးသောက်ရတယ်။ ဒီရွာကတော့ ကျွန်မတို့မျိုးနွယ်တွေ အသက်ရှည်နုပျိုဖို့ သွေးအရင်းအမြစ်အနေနဲ့ ဖန်တီးထားခဲ့တာ။ ဒါပေမဲ့ အချိန်ဆိုတဲ့အရာကို ဘယ်သူမှမဆန့်ကျင်နိုင်ဘူးလေ။ သွေးမျိုးနွယ်က တဖြည်းဖြည်း ဆုတ်ယုတ်လာပြီး ကျွန်မတစ်ယောက်ပဲကျန်တော့တယ်။ အချိန်ကြာလာတာနဲ့အမျှ အသက်ရှည်ရတဲ့ဆင်းရဲမှုကို ကျွန်မမခံနိုင်တော့ဘူး။ ဒါပေမဲ့ ကျွန်မမှာအိပ်မက်တစ်ခုရှိခဲ့တယ်။ ကျွန်မမျိုးနွယ်ရဲ့တေးဂီတကို သာမန်လူတွေနားလည်နိုင်တဲ့ ဘာသာစကားနဲ့ ဘာသာပြန်ဖို့နဲ့ အဲဒီတေးဂီတကို ကျွန်မချစ်တဲ့သူကို နားထောင်စေချင်တာပါ။ ခုတော့ အဲဒီဆန္ဒတွေ ပြည့်သွားပြီမလို့ ကျွန်မအနေနဲ့ ဆက်ပြီးအသက်ရှင်စရာ မလိုတော့ပါဘူး။ ကဗျာထဲက နေနတ်သားလိုပဲ ကျွန်မလည်း ထာဝရကို စွန့်ခွာနိုင်ခဲ့ပါပြီ။”