← Chapters

အရူးကောင် ငါ့နောက်လိုက်လာပြီ

Vol. 11 Ch. 7

အရူးကောင် ငါ့နောက်လိုက်လာပြီ

Vol. 11 Ch. 7

https://mmxianxia.com/wp-content/uploads/2024/09/IMG_20240831_191115_998-195x300.png

“လူသားတွေရဲ့ခံစားချက်က ကြောက်ဖို့ကောင်းတာပဲ။ ဘာတွေလဲ... ဒီခံစားချက်က။ ဘာလို့လူသားမဟုတ်တဲ့ ငါ့မှာပဲ ရှိနေရတာလဲ။”

ယင်ကောင်က အလောင်းကောင်ပုံကြီးရဲ့အလယ်မှာ ထိုင်နေပြီး သူ့ခေါင်းက ဆံပင်တွေကိုသူ ဆုပ်ကိုင်ထားပါတယ်။ သူစိတ်မထိန်းနိုင်တော့ဘဲ ရွာတစ်ရွာလုံးကို သတ်ပစ်ခဲ့တာ။ အဲဒီနောက်တော့ သူက အိပ်ရာပေါ်က ထာဝရအိပ်မောကျသွားတဲ့ ပုလဲကို ကြည့်လိုက်ပါတယ်။

“မင်းကို ငါက သေခွင့်ပေးမယ်ထင်နေတာလား။” ယင်ကောင်က သူ့လက်ကိုဖြန့်လိုက်တယ်။ ပိုးကောင် ကပ်ပါးဥတစ်လုံးက သူ့လက်ထဲမှာပေါ်လာတယ်။ သူက ပုလဲကို ပိုးကောင်တစ်ကောင်အဖြစ်ပြောင်းလဲဖို့ ဆုံးဖြတ်ပြီးပါပြီ။

“ဒီဥကို ငါက ပုစဥ်းပိုးကောင်မိခင်ကြီးဆီကနေ ရလာခဲ့တာ။ အခုတော့ မင်းအတွက်ပေါ့။ သွေးမျိုးနွယ်အဖြစ် အသက်မရှင်ချင်ရင်လဲနေပါ။ အဲဒီအစား ပုစဥ်းပိုးကောင်ဗိုလ်ချုပ်အဖြစ် ငါ့ဘေးနားမှာ ရပ်တည်ပေး။ ကျေးဇူးပြုပြီးတော့... မသေလိုက်နဲ့....”

ယင်ကောင်က ပုစဥ်းဥကိုကိုင်ပြီး ပုလဲနားကို ဖြည်းဖြည်းချင်း ကပ်သွားပါတယ်။ ဒါပေမဲ့ အနားမရောက်ခင်မှာပဲ ရွှေရောင်အလင်းရောင်တစ်ခုက မိုးကောင်းကင်ကိုဖြတ်သန်းပြီး ပုလဲရဲ့ခန္ဓာကိုယ်ကို လာရောက်ထိမှန်တယ်။

ဘုန်း....

ယင်ကောင်ရဲ့မျက်စိရှေ့မှာပဲ ပုလဲရဲ့ခန္ဓာကိုယ်က တစ်စစီပျက်စီးသွားခဲ့ပါပြီ။ ယင်ကောင်က ရွှေရောင် အလင်းတန်းလာရာဘက်ကို ကြည့်လိုက်ပြီး ကျိန်ဆဲလိုက်တယ်။

“ သူရိယရာဇာ၊ မင်းလား။” ဒီအလင်းတန်းက သူရိယရာဇရဲ့အရိန္နမာလှံကနေ ဖြစ်လာတာမှန်း ယင်ကောင်သိတယ်။ သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီးတော့ နန်းမြို့တော်ရှိရာကို ပျံသန်းသွားချင်ပေမဲ့ ချက်ချင်းပဲ သူ့ကိုယ်သူပြန်ထိန်းလိုက်တယ်။

“ငါဘာတွေလုပ်နေတာလဲ၊ ငါလှုပ်ရှားလိုက်မယ်ဆိုရင် ဒီနေရာကို မဟာမိတ်စစ်တပ်က ရောက်လာလိမ့်မယ်။ ဒါဆိုရင် မဟာမိတ်စစ်တပ်ကို ကြိုသတိရှိသွားအောင် လုပ်သလိုဖြစ်ပြီး ငါ့ရဲ့မဟာဗျူဟာလည်း ကမောက်ကမဖြစ်သွားလိမ့်မယ်။”

ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ယင်ကောင်က သူ့နှလုံးသားထဲကနေ နာကျင်မှုကို ခံစားမိပြီး ဒူးထောက်ကျသွားတယ်။

“ငါ့ကို အစားထိုးခွင့်တောင်မပေးဘူးပဲ။” ယင်ကောင်က ညည်းညူလိုက်တယ်။ ပိုးကောင်တစ်ကောင်ဖြစ်လာပြီးတာနဲ့ အဲဒီလူက အရင်လူမဟုတ်တော့ဘူးဆိုတာ ယင်ကောင်သိတယ်။ ဒါတောင်မှ သူက လှုပ်ရှားအသက်ရှင်နေတဲ့ ပုလဲကို မြင်ချင်နေတုန်းပဲ။ နောက်တော့ သူက သူ့လိုလူတွေရှိနေသေးမှန်းကို သတိထားမိလိုက်တယ်။

“အဲဒီလူတွေ... ဘုရင်မရဲ့ညီမနဲ့သူငယ်ချင်းဆိုတဲ့သူတွေက ဘုရင်မဟာ သူတို့သိတဲ့သူမဟုတ်တော့မှန်း သိနေတာတောင်မှ ပြန်လိုချင်နေကြတုန်းပဲ။ ဒီလိုလား... အဲဒီခံစားချက်က... လူသားတွေရဲ့သက်တမ်းက လေထဲပါသွားတဲ့ သဲမှုန်လေးတွေလိုပဲ တိုတောင်းတယ်။ ဒါပေမဲ့ အဲဒါက တောက်ပနေတယ်။ အစွဲအလမ်းကြီးတယ်၊ လောဘကြီးတယ်၊ လိုချင်တာတွေများလွန်းတယ်...”

ယင်ကောင်က ငိုကြွေးနေရင်းကနေ ပြုံးလိုက်တယ်။.သူ လူသားတွေအကြောင်းကို ဖြည်းဖြည်းချင်းနားလည်လာပြီလို့ ခံစားမိလိုက်တယ်။ ဒါပေမဲ့ အလုံးစုံနားလည်နေတာမျိုးတော့ မဟုတ်ပါဘူး။

“အဲဒါက တစ်ခဏအတွင်းငြိမ်းတော့မယ့် ဖယောင်းတိုင်မီးလိုပဲ... တောက်ပတယ်၊ ဒါပေမဲ့ သက်တမ်းက တိုတောင်းလွန်းတယ်။”

ဟားဟားဟား....

ယင်ကောင်က စပြီးရယ်မောတယ်။ အဲဒီနောက်တော့ သူ့မျက်လုံးတွေရဲ့အကြည့်က အလောင်းကောင်ပုံကြားထဲမှာ မသေဘဲရှိနေကြသေးတဲ့ ရှစ်နှစ်ကိုးနှစ်အရွယ် မောင်နှမနှစ်ယောက်ဆီ ရောက်သွားတယ်။ ကလေးမလေးက ငိုနေပြီးတော့ ကောင်လေးက ကလေးမလေးကို ဖက်ထားကာ ကာကွယ်ပေးဖို့လုပ်နေတယ်။ ဒါပေမဲ့ ယင်ကောင်က လက်ချောင်းလေးတစ်ချောင်းလှုပ်လိုက်တာနဲ့ ကလေးမလေး အသက်ပျောက်သွားတယ်။ အစ်ကိုလုပ်တဲ့သူကတော့ ဒေါသထွက်ပြီး ယင်ကောင်ကို တွေ့ရာလက်နက်ဖြစ်တဲ့ သစ်ကိုင်းခြောက်ကိုဆွဲပြီး ပြေးရိုက်တာပေါ့။

“အလကားပဲ...” ယင်ကောင်က ခြေတစ်ချက်လှုပ်လိုက်ရုံနဲ့ အဲဒီကလေးကို အစဖျောက်ပစ်လိုက်ပြန်တယ်။

“လူသားတွေရဲ့စွမ်းအားက အားနည်းလွန်းပြီး သူတို့ရုန်းကန်သမျှက အလကားဖြစ်နေတာတောင်မှ သူတို့ချစ်တဲ့အရာတွေကို ကာကွယ်ပေးချင်ကြသေးတယ်။ ဘာကြောင့်များလဲ... အံ့ဩဖို့ကောင်းလိုက်တာ... အံ့ဩဖို့ကောင်းလိုက်တာ... အံ့ဩဖို့ကောင်းလိုက်တာ... လူသားတွေရဲ့ခံစားချက်တိုင်းကို ငါသိချင်တယ်... ငါသိချင်တယ်... ငါသိချင်တယ်....ငါသိချင်တယ်...”

ယင်ကောင်က သူ့ဆံပင်တွေကို ဆောင့်ဆွဲနေရင်းကနေ တဖြည်းဖြည်းပိုးကောင်တစ်ဝက်အဖြစ် ပြောင်းသွားခဲ့ပါပြီ။ သူ့ရဲ့ခန္ဓာကိုယ်က အမည်းရောင်ကနေ အခွံတွေပေါ်မှာ ရွှေဝါရောင် အကွက်တွေပေါ်လာတယ်။ နောက်ထပ်တစ်ဆင့် ထပ်ပြီးဆင့်ကဲပြောင်းလဲသွားပြန်ပြီ။

“အား... သိချင်လွန်းလို့ ငါ့ဦးနောက်တွေ တုန်ခါနေပြီ။”

ယင်ကောင်က ရယ်မောနေတာကို ရပ်လိုက်တယ်။ ဒါပေမဲ့ သူ့မျက်နှာပေါ်မှာ ရက်စက်တဲ့အပြုံးကတော့ ရှိနေဆဲပဲ။

“လူသားတွေရဲ့ခံစားချက်တွေ ပေါက်ကွဲထွက်လာအောင် ငါတွန်းပို့နိုင်မယ်ဆိုရင် သူတို့ခံစားချက်တွေအကြောင်း ငါပိုသိနိုင်မယ်မဟုတ်လား။ ဟုတ်တယ်... ဟုတ်တယ်... ငါအဲဒီလိုလုပ်ရမယ်။ ဒါဆိုရင် သူတို့ရဲ့အချစ်ကို ငါနားလည်လာမယ်၊ သူတို့ရဲ့အမုန်းကိုလည်း ငါနားလည်လာမယ်...”

ယင်ကောင်က သူ့အတောင်ပံကို ဖြန့်လိုက်တယ်။ သူ့ရဲ့ရဲဘော်တွေကို စောင့်ကြည့်မယ့်အစီအစဥ်ကို ဖျက်သိမ်းလိုက်ပြီ။ ဒါပေမဲ့ အာဆီယံစစ်ဒေသကို တိုက်ဖို့လည်း သူစိတ်မဝင်စားဘူး။ အဲဒီအစား သူက အရှေ့မြောက်ပိုင်းကို ပျံသန်းထွက်ခွာသွားခဲ့တယ်။ ဆုဗာနာရှိရာဆီကိုပေါ့။

...

“ဒီကောင်တွေ လှုပ်ရှားနေပေမဲ့ သူတို့ဘယ်ကိုတိုက်မှာလဲ။”

ဖရာလီတာက မြေပုံပေါ်က ပိုးကောင်စစ်တပ်ရဲ့လှုပ်ရှားမှုတွေကို လေ့လာကြည့်ပြီး ခေါင်းကိုက်နေပါတယ်။ ဂြိုဟ်တုထောက်လှမ်းမှုတွေအရ မြောက်အမေရိကကုန်းမြေတိုက်ကနေ ပိုးကောင်ဗိုလ်ချုပ်တွေ ထွက်ခွာနေကြမှန်း သူတို့သိပြီးပြီ။ ပြဿနာက ဝင်ရောက်တိုက်ခိုက်နိုင်ခြေရှိတဲ့ ဒေသတွေများနေပြီး ဘယ်တစ်ခုလဲဆိုတာကို ဂိုင်ယာကိုယ်တိုင်က မခန့်မှန်းနိုင်တာပဲ။

“ပြီးတော့ ယင်ကောင်က အာဆီယံစစ်ဒေသကိုရောက်လာပြီး ရွာတစ်ရွာကိုပဲ ဖျက်ဆီးသွားတယ်။ ပြီးတော့ သူရိယရာဇာက တစ်ခုခုလှုပ်ရှားခဲ့ပေမဲ့ ယင်ကောင်နဲ့တိုက်ရိုက်တိုက်တာမျိုးမရှိခဲ့ဘူး။ စွမ်းအားကွာခြားချက်ကြောင့် သူရိယရာဇာက ယင်ကောင်ကို တိုက်ရိုက်မတိုက်တာ နားလည်လို့ရပေမဲ့ ယင်ကောင်ကရော ဘာကြောင့် သူရိယရာဇာရဲ့အားနည်းတဲ့တိုက်ကွက်ကို ပြန်မတုံ့ပြန်ရတာလဲ။”

သူရိယရာဇာရဲ့တိုက်ကွက်က ယင်ကောင်ကို ထိခိုက်စေဖို့အတွက်ဆိုရင် အတော်လေးအားနည်းပါတယ်။ ဒါပေမဲ့ ယင်ကောင်လိုလူမျိုးက တကယ်စိတ်ပါရင် သူရိယရာဇာကို အဲဒီတိုက်ကွက်လေးတစ်ခုအတွက်နဲ့ ရအောင်လိုက်သတ်နိုင်စွမ်းရှိသူမျိုးပါ။

“ယင်ကောင်ရဲ့နောက်ကွယ်မှာ အကြံတစ်ခုရှိနေပြီး အဲဒီအကြံကို သူက မဖျက်ဆီးချင်လို့ မလှုပ်ရှားတာ ဖြစ်နိုင်တယ်။”

ဖရာလီတာက တွေးလိုက်တယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာ တစ်ခုခုလစ်ဟာနေသလို ခံစားချက်မျိုးကို ရနေပါသေးတယ်။ ဂိုင်ယာက ဖရာလီတာရဲ့ခံစားချက်ကို သတိထားမိပြီး ထောက်ပြလိုက်တယ်။

“ဂြိုဟ်တုမှတ်တမ်းတွေအရ သူရိယရာဇာရဲ့တိုက်ကွက်က ယင်ကောင်အပေါ်ကို တိတိကျကျဦးတည်ခဲ့တာမဟုတ်ပါဘူး။ ပစ်မှတ်အစစ်က ယင်ကောင်နဲ့နီးနီးကပ်ကပ်ရှိနေခဲ့ပေမဲ့ ဂြိုဟ်တုရဲ့လုပ်နိုင်စွမ်းကန့်သတ်ချက်ကြောင့် အတိအကျသိဖို့မဖြစ်နိုင်ပါဘူး။”

ဖရာလီတာက နယ်ဆင်သင်္ဘောပျံထိန်းချုပ်ခန်းမှာ ထိုင်နေရင်းကနေ မျက်မှောင်ကြုတ်လိုက်ပါတယ်။ သူ့စိတ်ထဲမှာ ဘုရင်သူရိယရာဇာရဲ့မျက်နှာကြီးကို မြင်​ယောင်လာတယ်။

“ကြည့်ရတာ သူရိယရာဇာမှာလည်း လျှို့ဝှက်ချက်တစ်ခုခုရှိနေပြီး အဲဒီလျှို့ဝှက်ချက်ကို ယင်ကောင်ရမသွားအောင် ကာကွယ်လိုက်တာဖြစ်မယ်။ နယ်ဆင်၊ ငါတို့ရန်ကုန်ကိုသွားမယ်။ အဲဒီအရူးကောင်ကို ထပ်တွေ့ကြတာပေါ့။”

ဒါပေမဲ့ ဖရာလီတာအနေနဲ့ ဒုတိယကုန်းဘောင်အင်ပါယာရဲ့မြို့တော် ရန်ကုန်ကို ချက်ချင်းခရီးနှင်လို့မရသေးပါဘူး။ သူ့အနေနဲ့ မဟာမိတ်မစ်ရှင်အဖွဲ့ကို နေရာချဖို့လိုပါသေးတယ်။ ဒါမှ တစ်ခုခု အရေးအကြောင်းဖြစ်လာခဲ့ရင် ခုခံလို့ရမှာပါ။

“ဂိုင်ယာ၊ အားလုံးကို ဆက်သွယ်လိုက်။ မဟာမိတ်မစ်ရှင်အဖွဲ့အနေနဲ့ အရေးကြီးအစည်းအဝေးလုပ်ဖို့ရှိတယ်။ မစ်ရှင်အဖွဲ့တင်မဟုတ်ဘဲ စစ်ဒေသခေါင်းဆောင်တွေကိုပါ အစည်းအဝေးတက်ခိုင်းလိုက်။”

....

မကြာခင်မှာပဲ အေမီ၊ ဆိုဖီယာ၊ ဖရက်၊ ဖလေရာ၊ လင်ဒါ၊ ဖရန့်၊ ဓားနတ်​ဆိုး တို့ စစ်သင်္ဘောပျံပေါ်က အစည်းအဝေးခန်းထဲ ရောက်လာကြပါတယ်။ အဝေးမှာရှိနေတဲ့ စစ်ဒေသ ခေါင်းဆောင်တွေကတော့ ဗီဒီယိုကွန်ဖရန့်နဲ့ အစည်းအဝေးတက်ကြပါတယ်။

စစ်ဒေသခေါင်းဆောင်တွေထဲမှာ ရင်းနှီးတဲ့သူတွေရဲ့မျက်နှာကိုလည်း မြင်နိုင်ပြီးတော့ အဲဒီထဲက တချို့ကတော့ အရှေ့စွန်းဖျားဒေသတွေကို ကာကွယ်နေရတဲ့ အာကိုင်းဂါမီကိုင်းတို၊ ပူးတွဲအာဆီယံ ကာကွယ်သူတွေဖြစ်တဲ့ နယ်စားမင်းသား ဒီပ၊ ဘုရင်သူရိယရာဇာ၊ ဥရောပရဲ့ကာကွယ်သူနဲ့ မဟာမိတ်ဘုတ်အဖွဲ့ခေါင်းဆောင် ဗြိတိန်မင်းသမီးလီလီယာ စတဲ့သူတွေပါ။

ဖရာလီတာက တက်ရောက်လာသူအားလုံးကို ကြည့်ပြီး ခေါင်းညိတ်လိုက်တယ်။ အဲဒီနောက်တော့ ဂိုင်ယာက တွက်ချက်ထားတဲ့ ကိန်းဂဏန်းတွေနဲ့အချက်အလက်သစ်တွေကို ဧရာမဖန်သားပြင်ကြီးပေါ်မှာ စတင်ပြသပါတယ်။

“အားလုံးပဲ၊ ကျွန်မကြိုတင်အစီအရင်ခံထားတဲ့အတိုင်း ပိုးကောင်စစ်တပ်ဗိုလ်ချုပ်တွေက မြောက်အမေရိက စစ်မြေပြင်မှာ စုဝေးမနေကြတော့ဘဲ တပ်ဖြန့်လိုက်ကြပါပြီ။ တစ်နည်းအားဖြင့် တစ်နေရာတည်းကို အင်အားကုန်တိုက်မယ့်အစား ကျွန်မတို့အားလုံးကို အဖက်ဖက်ကနေ တိုက်ကြတော့မှာပါ။ ပိုးကောင်နန်းတော်ထဲမှာ ဘုရင်မ ဥစာကီရှိနေသေးတယ်လို့ ယူဆရပြီး တချို့ပိုးကောင်ဗိုလ်ချုပ်တွေရဲ့လှုပ်ရှားမှုကို မြောက်အမေရိကမှာ မတွေ့ရတော့ပါဘူး။ လက်ရှိ ရန်သူ့အင်အားစာရင်းက ယင်ကောင်၊ ပိုးဖလံ၊ ပျစားပိုး၊ သစ်ကိုင်းပိုး၊ ပိုးစုန်းကြူးနဲ့ နောက်ဆုံးပေါ်လာတဲ့ နွားချေးပိုးထိုးတို့ပါ။”

အဲဒီနောက်တော့ ဖရာလီတာက ဖန်သားပြင်မှာ ပိုးစုန်းကြူးရဲ့ပုံကို အကျယ်ချဲ့ပြလိုက်ပါတယ်။ “ဂိုင်ယာရဲ့တွက်ချက်မှုအရ ပိုးစုန်းကြူးရဲ့ဉာဏ်ရည်က ၃နှစ်ကလေးတစ်ယောက်ရဲ့ဉာဏ်ရည်ပဲရှိတာကြောင့် အမိန့်ပေးသူမရှိရင် ကိုယ်ပိုင်တိုက်ခိုက်မှုတွေကို မလုပ်နိုင်ဘူး။ သူ့ကိုအမိန့်ပေးနိုင်တဲ့သူကလည်း ဘုရင်မပဲဖြစ်တာကြောင့် ဘုရင်မနဲ့အတူတူရှိနေမယ်လို့ ယူဆရပါတယ်။ ဖြစ်နိုင်ခြေက ၆၂%ပါ။”

ဖရာလီတာက လေပူတွေမှုတ်ထုတ်လိုက်ပြီးပြောတယ်။ “တစ်နည်းအားဖြင့် ပိုးစုန်းကြူးနဲ့ဘုရင်မက တခြားစစ်ဒေသတွေဆီ ရောက်လာဖို့ ဖြစ်နိုင်ခြေနည်းတယ်။”

ဘရာဇီးနိုင်ငံရဲ့သမ္မတလူဇစ်ကတော့ သက်ပြင်းချလိုက်ပြီး ပြောလိုက်ပါတယ်။ “ဒါပေမဲ့ ဖြစ်နိုင်​ခြေမရှိတာတော့ မဟုတ်ဘူးမဟုတ်လား။ မင်းရဲ့တွက်ချက်မှုအဖြေက ၆၂% ထဲလေ။ ငါးဆယ်ရာခိုင်နှုန်းထက် နည်းနည်းလေးပဲပိုတယ်။ ဒေါ်လာဘီလီယံရာချီအကုန်ခံထားတဲ့ ဂြိုဟ်တုဂိုင်ယာက ဘာလို့အဲဒီလောက်တောင် အားမကိုးရဖြစ်နေတာလဲ။”

ဖရာလီတာက ဒေါသထွက်နေပေမဲ့ လက်သီးကို ကျစ်ကျစ်ပါအောင်​ဆုပ်ပြီး စိတ်ကိုထိန်းထားတယ်။ အဲဒီနောက် ဘရာဇီးနိုင်ငံသမ္မတကို ကြည့်ပြီးပြောလိုက်တယ်။

“အခုရန်သူက သူတို့ရဲ့ပထမဆုံးခြေလှမ်းကိုတောင် မလှမ်းရသေးဘူး။ ကျွန်မတို့က သူတို့ဗျူဟာကို ခန့်မှန်းမိရုံပဲရှိသေးတယ်။ သူတို့တွေ စစ်ဒေသတစ်ခုခုကို တိုက်ဖို့ပြင်နေပြီဆိုတာနဲ့ ဂိုင်ယာက ချက်ချင်းသိမှာပါ။”

“ဒါပေမဲ့ အဲဒီအချိန်ကျရင် နောက်ကျနေလောက်ပြီမဟုတ်လား။ မင်းတို့မစ်ရှင်အဖွဲ့က နေရာတိုင်းကို တစ်ပြိုင်နက်တည်း မကာကွယ်နိုင်ဘူးလေ။ မစ်ရှင်အဖွဲ့နဲ့ဝေးတဲ့နေရာတွေဆိုရင် မင်းတို့စစ်ကူရောက်လာမှာကို အကြာကြီးစောင့်ရတော့မှာ။”

အာဖရိကနဲ့အရှေ့အလယ်ပိုင်းဒေသတွေကို ကွပ်ကဲရတဲ့ အာရပ်စော်ဘွားများပြည်ထောင်စု စစ်ဗိုလ်ချုပ်ကြီးမာလစ်အလီကလည်း စားပွဲခုံကို လက်နဲ့ထုလိုက်ပြီး ကြိမ်းမောင်းလိုက်တယ်။

“ဒီအတွက်လည်း ကျွန်မတို့မစ်ရှင်အဖွဲ့က ပြင်ဆင်ထားပါတယ်။ မစ်ရှင်အဖွဲ့နဲ့ဝေးတဲ့ နေရာတိုင်းကို အယ်ဖာအဆင့်တွေပို့မှာဖြစ်ပြီး နီးတဲ့နေရာတွေကိုတော့ S rank တွေစေလွှတ်ပါမယ်။ လက်ရှိမစ်ရှင်အဖွဲ့ရဲ့အရေအတွက်က နည်းတယ်ဆိုပေမဲ့ ကျွန်မတို့မှာ အရန်အင်အားရှိပါသေးတယ်။”

“မင်းပြောတဲ့ အရန်အင်အားဆိုတာ နယူး​​​ယောက်ဟီးရိုးကျောင်းက သောက်ကလေးတွေပဲ မဟုတ်ဘူးလား။ သူတို့က ဘယ်လော​က်အသုံးဝင်မှာမလို့လဲ။”

ဘရာဇီးသမ္မတက ဒေါသတကြီးနဲ့ပေါက်ကွဲပြတယ်။ မင်းသမီးလီလီယာကလည်း စိတ်မရှည်နိုင်တော့ဘဲ ယပ်တောင်ကိုဖြန့်ကာ ပြောလိုက်တယ်။

“သမ္မတလူဇစ်၊ ရှင်စိုးရိမ်နေတာကို ကျွန်မနားလည်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရှင့်တောင်အမေရိကစစ်မြေပြင်က မြောက်အမေရိကစစ်ဒေသနဲ့ဆက်နေတာလေ။ ဒီလောက်ကြီးဝေးတာမဟုတ်လို့ စိတ်ပူစရာမလိုသေးပါဘူး။ ကျန်တဲ့ အရှေ့စွန်းဖျားတို့ အာဆီယံတို့က ပေါက်ကွဲဖို့ချန်ပါဦး။”

ဒီတော့မှ သမ္မတလူဇစ်လည်း ဒေါနဲ့မောနဲ့စကားပြောနေတာကို ရပ်လိုက်တယ်။ ဘာပဲပြောပြော အခုဘရာဇီးက သူတို့စစ်ပွဲတွေမှာ ဗြိတိန်နဲ့မဟာမိတ်ဥရောပနိုင်ငံတွေကရတဲ့ လက်နက်တွေကို အားကိုးနေရတာဖြစ်ပြီး မှီခိုခံနိုင်ငံတစ်ခုဖြစ်တာကြောင့် လက်ရှိမစ်ရှင်အဖွဲ့ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ ဗစ်ကောင့်ဖရာလီတာနဲ့ ဘုတ်အဖွဲ့ခေါင်းဆောင် မင်းသမီးလီလီယာကို သွားပြီး လေသံမာလို့မရသေးပါဘူး​။

အားလုံးပြန်တိတ်ဆိတ်သွားမှပဲ ဖရာလီတာက ဆက်ပြီးစကားပြောတယ်။ “တောင်အမေရိကစစ်ဒေသက သိပ်မဝေးတဲ့အတွက် ယုဆနဲ့မိရိုင်ကို မစ်ရှင်အဖွဲ့ကိုယ်စားလှယ်တွေအဖြစ် စေလွှတ်မယ်။ ဥရောပစစ်မြေပြင်ကိုတော့ အေမီ၊ လီနာနဲ့ဓားနတ်ဆိုးကို စေလွှတ်ပေးမယ်။ အရှေ့အလယ်ပိုင်းအတွက်က ဖရန့်ကို စေလွှတ််မယ်။ အဝေးဆုံးဒေသတွေထဲက တစ်ခုဖြစ်တဲ့ အရှေ့စွန်းဖျားကိုတော့ ဖရက်၊ ဖလေရာ၊ လင်ဒါ စတဲ့သူတွေကို စေလွှတ်မယ်။ အာဆီယံအတွက်ကတော့ ကျွန်မ၊ အီဗန်နဲ့လီဆာပေါ့။ မြောက်အမေရိကမှာ ဖရက်က ကျန်ခဲ့လိမ့်မယ်။

ကျွန်မတို့ကျောင်းက ဒုတိယနှစ်ကလေးတွေက နဂိုကတည်းက အတွေ့အကြုံရှိပြီးသားမလို့ စိတ်ချရပါတယ်။ သူတို့တွေက ရှင်တို့နိုင်ငံအသီးသီးမှာ သူတို့ရဲ့ဒုတိယနှစ်ဝက် လက်တွေ့ဟီးရိုးမစ်ရှင်အတွက် ကြိုးစားကြပါလိမ့်မယ်။”

သမ္မတလူဇစ်က ခေါင်းခါလိုက်ပြန်တယ်။ “ဘာလို့ ငါ့တစ်နေရာတည်း အယ်ဖာအဆင့်မရရတာလဲ။”

“အယ်ဖာအဆင့်အရေအတွက်ဆိုတာက ဂေါ်ဖီထုပ်တွေလို ပေါသောနေတာမဟုတ်ဘူး။ ရှင့်နယ်မြေက ကျွန်မတို့ထဲက ခရီးသွားနှုန်းအမြင့်ဆုံး ဆိုဖီယာရှိတဲ့နေရာနဲ့နီးတယ်။ သူက ရှင်တို့ကို ကာကွယ်ပေးပါလိမ့်မယ်။”

နောက်ဆုံးတော့ အစည်းအဝေးက ပြီးသွားခဲ့ပါပြီ။ ဖရာလီတာက လိုင်းပေါ်ကဆင်းသွားတဲ့ ဘုရင်သူရိယရာဇာကို ကြည့်ပြီးပြုံးလိုက်တယ်။

“ရှင့်နိုင်ငံရဲ့လျှို့ဝှက်ချက်က ဘာများလည်း ကြည့်ရသေးတာပေါ့။”

...

အီဗန်ကတော့ ယာယီကျောင်းအုပ်ဆီကနေ ပို့လိုက်ပါတယ်ဆိုတဲ့ သတိပေးနို့တစ်စာကိုကြည့်​ပြီး ခေါင်းကိုကုပ်လိုက်တယ်။ သူက အခုတစ်ယောက်တည်း ထိုင်နေရတာ။ ပြဇာတ်တုန်းက နျူရေကို ချစ်ခွင့်ပန်မိကတည်းက နျူရေက သူ့အနားအကပ်မခံတော့ဘူး။ ဒါကြောင့် အခုလိုနေ့တိုင်း သူပျင်းပျင်းနဲ့ အသည်းပုံရေကန်နားက ခုံတန်းမှာ တစ်ယောက်တည်းလာထိုင်မိတော့တာပဲ။

“နောက်တစ်ခါ လက်တွေ့ဟီးရိုးမစ်ရှင်လုပ်ဖို့အချိန် ရောက်လာပြန်ပြီလား။ ဒီတစ်ခါ ငါရတဲ့မစ်ရှင်က တော်တော်ကြီးတာပဲ။”

အီဗန်ရထားတဲ့မစ်ရှင်က ဒုတိယကုန်းဘောင်မင်းဆက်က ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံကို မစ်ရှင်အဖွဲ့ကိုယ်စားလှယ်အဖြစ်သွားဖို့ပါ။ တစ်နည်းအားဖြင့် သူက မဟာမိတ်အဖွဲ့ရဲ့အရာရှိအနေနဲ့ နိုင်ငံတစ်ခုကို ကာကွယ်ရတော့မှာ။ အရင်တစ်ခါလုပ်ခဲ့တဲ့ မြို့ငယ်လေးတစ်မြို့က လူမိုက်ဂိုဏ်းကိုဖြိုခွင်းတာနဲ့ယှဥ်ရင် တကယ့်အကြီးကြီးပဲ။

“ဒီကမ္ဘာမှာ နယူး​ယောက်ဟီးရိုးကျောင်းတစ်ခုပဲ သူတို့ကျောင်းသားတွေကို နိုင်ငံကာကွယ်သူတစ်ယောက်အဖြစ် မစ်ရှင်ပေးခိုင်းနိုင်မယ်ထင်တယ်။”

ဖရက်က စာရွက်ကို ပြန်သိမ်းထားလိုက်ပြီး နဖူးပေါ် လက်တင်ကာ စဥ်းစားလိုက်တယ်။

“A rankနဲ့အထက်ကျောင်းသားတွေကို မစ်ရှင်ကြီးတွေပေးပြီး တခြားအထူးတန်းကျောင်းသားတွေက ပုံမှန်မစ်ရှင်တွေလုပ်မယ့် ပထမနှစ်ကျောင်းသားတွေကို ကာကွယ်ဖို့ တာဝန်ရထားတာပဲ။ ငါ A rank ဖြစ်နေတာ ကောင်းတာလား ဆိုးတာလား။”

တကယ်တော့ A rank ဆိုတာက သာမန်နိုင်ငံတွေမှာ အင်အားအကြီးဆုံး နိုင်ငံကာကွယ်သူဟီးရိုးတွေ ဖြစ်နေကြပြီမလို့ အီဗန်တစ်ယောက် အဲဒီတာဝန်ကို ယူရတာ သိပ်ပြီးမထူးဆန်းပါဘူး။ ဥရောပအစည်းအရုံးတွေမှာဆိုရင်လည်း A rank တွေကို အထူးအေးဂျင့်တွေအဖြစ် ရာထူးခန့်အပ်တတ်ကြတယ်မဟုတ်လား။

သူတွေးနေတဲ့အချိန်မှာပဲ သူ့ခေါင်းကို တစ်ယောက်ယောက်က ထိုးနှက်လိုက်တာကြောင့် နာကျင်သွားပြီး မော့ကြည့်လိုက်တယ်။ ခေါင်းနီနီကို မြင်တာနဲ့ ဘယ်သူမှန်းသူချက်ချင်းသိသွားပါလေရော။

“ဟေ့ဟေ့ ဖီးလစ်၊ ရုတ်တရက်ကြီး ဘာထလုပ်တာလဲ။”

လက်သည်က တခြားမဟုတ်ဘဲ သူ့ကိုလိုက်ဖက်ကိုက်နေကျ ဖီးနစ်ရူးဖီးလစ်ဖြစ်နေလေရဲ့။ ဖီးလစ်က သူ့ကို ခါးထောက်ကြည့်နေတယ်။

“မင်းက နိုင်ငံကာကွယ်ရေးတာဝန်ရလာတယ်ပေါ့။ မနာလိုလိုက်တာ A rank ချင်းအတူတူ အနှိမ်ခံရတယ်လို့ခံစားရတယ်။”

ပထမနှစ်ဖြစ်တဲ့ ဖီးလစ်ကတော့ အီဗန်လိုပဲ A rank ဖြစ်ပေမဲ့ အတွေ့အကြုံမရှိတာကြောင့် သာမန်မစ်ရှင် တစ်ခုပဲရခဲ့ပါတယ်။

“လက်တွေ့ဟီးရိုးမစ်ရှင်ဆိုတာက လွယ်တဲ့ကိစ္စမဟုတ်ဘူးကွ။ မထင်မှတ်ထားတာတွေ ဖြစ်တတ်တဲ့အလုပ်မျိုး။ အရင်ဆုံးကိစ္စသေးသေးလေးတွေလုပ် အတွေ့အကြုံယူပြီးမှ ကိစ္စကြီးတွေလုပ်သင့်တယ်။”

အီဗန်က ပြောလိုက်တယ်။ သူပထမနှစ်မှာတုန်းက လုပ်ခဲ့တဲ့ မစ်ရှင်အကြောင်း သတိရနေတုန်းပဲ။ အဲဒီတုန်းက ကျောင်းအုပ်သာမကယ်ရင် သူသေနေလောက်ပြီ။

“မင်းပြောတဲ့အကြောင်းကို ငါနားလည်ပါတယ်ကွ။ ငါလည်း သူတို့ပေးတဲ့ မစ်ရှင်သေးသေးလေးကို အရင်လုပ်လိုက်ပြီ။ နယူးယောက်မြို့ထဲက B+ တစ်ကောင်ဦးဆောင်တဲ့ ဂိုဏ်းစတားတစ်အုပ်ကို သွားဖြိုရုံပဲဆိုလို့ ဒီမနက်သွားပြီပြန်လာတာလေ။ အခုလုပ်စရာမရှိတော့ဘူး။”

“ဟမ်....” အီဗန်က ဖီးနစ်ကို မယုံနိုင်တဲ့အကြည့်တွေနဲ့ ကြည့်လိုက်ပါတယ်။ ‘ဒီကောင် တကယ်ကြီး မစ်ရှင်ကို နေ့ချင်းပြီးလုပ်လိုက်တာလား။' ဆိုတဲ့အကြည့်။ ဖီးလစ်ကတော့ မင်းတော့လားဆိုတဲ့အပြုံးနဲ့ ပြောလိုက်ပါပြီ။

“ငါအခု အတန်းပိုင်ဆရာကိုပြောပြီး မင်းနဲ့အတူလိုက်ဖို့ ခွင့်တောင်းပြီးပြီ။ မစ်ရှင်မှာ ဘယ်သူက ပိုပြီးကောင်းကောင်းလုပ်နိုင်လည်း ကြည့်ကြတာပေါ့၊ စီနီယာ...”

ဖီးလစ်က ခနဲ့တဲ့တဲ့လေသံနဲ့ ပြောလိုက်တယ်။ သူတို့ကျောင်းသားတွေက ပုံမှန်ဆိုရင် လက်တွေ့ မစ်ရှင်ပြီးတာနဲ့ လုပ်စရာမရှိတော့ဘဲ ပိတ်ရက်ရှည်ရမှာပါ။ ဒါပေမဲ့အရူးကောင်ဖီးလစ်က သူ့ပိတ်ရက်ရှည်မှာ အီဗန်ကိုလိုက်ရှုပ်ဖို့ ဆုံးဖြတ်လိုက်ပုံပဲ။

‘ချီးထဲမှ၊ မစ်ရှင်မှာ နျူရေမပါရတဲ့အထိ ဒီအရူးကောင်နဲ့ငါနဲ့က တစ်ဖွဲ့တည်းသွားရမှာလား။' ဖီးနစ်ဘယ်လောက် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်ဆိုတာ အီဗန်အသိဆုံး။

All Chapters