ကျောက်ပြည်ထောင်ဘုရင် ရောက်လာခြင်း
Vol. 009 Ch. 858
ရီဖူရှင်းနှင့် ထောင်ကျန်းတို့က နောက်တစ်နေ့ ဆေးရည်ကန် ရှိရာသို့ ရောက်လာကြသည်။
ရှန့်ထိုကျန့်၊ လိပ်ပြာလေးနှင် စုချီဟန်တို့အားလုံး ထိုနေရာတွင် ရှိနေကြသည်။ ရီဖူရှင်းက ရှေ့ကို တက်သွားကာ ရှန့်ထိုကျန့်အား ခေါ်သည်… “စီနီယာ…”
“ထောင်ကျန်းအတွက် အရင်ဆုံး စီစဉ်မယ်…” ရှန့်ထိုကျန့်က ပြောသည်။ အားလုံးက ခေါင်းညိတ်ကာ ဆေးရည်ကန် တစ်ခုထံသို့ ရောက်လာ ကြသည်။
ရေကန်ကား ထိုနေရာတွင် ရှိသော ရေကန်များအနက် အနက်ဆုံးကန် ဖြစ်ဟန်ရပြီး အမှန်တကယ်ပင် အလယ်၌ ဝဲဂယက် တစ်ခုအား မြင်ကြရသည်။
“သတိရပါ… မင်းက အဲဒီကို ခန္ဓာကိုယ် ကြံ့ခိုင်ဖို့ သွားစိမ်တာပဲ ဖြစ်တယ်… မင်းရဲ့ စွမ်းအင်တွေကို သုံးမိတာနဲ့ နတ်ဘုရား ပြစ်ဒဏ်ကျဆင်း လာလိမ့်မယ်… အစပိုင်း နည်းနည်းဖိအား ရှိတယ်ဆိုပေမဲ့ နောက်ပိုင်း တစ်ကြိမ်စီတိုင်းမှာ မင်းရဲ့ခန္ဓာကိုယ်က ပိုပြီး အားကောင်း လာလိမ့်မယ်…”
“နားလည်ပါပြီ…” ထောင်ကျန်းက ခေါင်းညိတ်သည်။ သူကိုယ်တိုင် အတွက်မူကား ထောင်ကျန်းက သိပ်စိတ်မပူပေ။ သူစိတ်ပူသည်ကား ရီဖူရှင်းဖြစ်၏။ သို့သော်လည်း လက်ရှိ ရီဖူရှင်း၏ပုံစံကို မြင်လျှင် သိပ်စိုးရိမ်စရာ မရှိဟု သူယူဆသည်။
“ဒါဆို သွားတော့…” ရှန့်ထိုကျန့်က ပြောသည်။ ထောင်ကျန်းက ခေါင်းညိတ်ကာ ဆေးကန်ထဲကို ဆင်းသွားသည်။ သူက သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။ သူက ဖိအားတချို့အား ခံရကာ စွမ်းအားဖြင့် ခုခံရန် ကြံလိုက်ပြီးမှ ရှန့်ထိုကျန့်၏ သတိပေးမှုကို သတိရလိုက်သည်။ ထို့ကြောင့် သူက သည်အတိုင်း ခန္ဓာကိုယ်၏ ခွန်အား သက်သက်ဖြင့် ခုခံရန် ဖြစ်လာသည်။ သူက မျက်လုံးကို မှိတ်ကာ ဆေးရည်၏ ခန္ဓာကိုယ်အတွင်း စိမ့်ဝင်မှုအား ဖြည်းညင်းစွာ ခံစားလျက် ထိုင်နေလိုက်သည်။
“စီနီယာ… ဆရာက တစ်ခုခု ဖြစ်သွားမလား…” ရီဖူရှင်းက သူ၏ အတွေ့အကြုံများကို ပြန်တွေးကာ မေးလိုက်သည်။
“စိတ်ချ … မင်းက ဆေးစမ်းတာ ဖြစ်ပြီးတော့ သူကတော့ ဆေးကုသခံမှု ခံယူနေတာ.. နာကျင်မှု အနည်းငယ် ရှိတယ်ဆိုပေမဲ့ ဒါက သူ့ခန္ဓာကိုယ်ကို ပြန်လည် သန်စွမ်းလာအောင် ကုစားနေတာပဲ…. ဆေးရည်စိမ်ခြင်း လုပ်ငန်းစဉ် ပြီးသွားရင် သူက နတ်ဘုရား ပြစ်ဒဏ်ကို ခံနိုင်လောက်တဲ့အထိ သန်မာ လာလိမ့်မယ်…” ရှန့်ထိုကျန့်က ဆက်ပြောသည်… “မင်းလည်း သွားစိမ်တော့…”
“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။
“ဒီမှာနေပြီး သူ့ကို စောင့်ကြည့်နေ…” ရှန့်ထိုကျန့်က စုချီဟန်ကိုပြောကာ ရီဖူရှင်းနှင့် လိပ်ပြာလေးတို့ကို ခေါ်ကာ ရီဖူရှင်း စိမ်ရမည့် ဆေးကန်ဘက်သို့ ထွက်လာခဲ့သည်။
ယခုကား ဆေးစမ်းခြင်း၏ ဒုတိယအဆင့် ဖြစ်သည်။ ဆေးရည်များကား ပထမအဆင့် ဆေးရည်များနှင့် လုံးဝ ကွာခြားသွားပြီ ဖြစ်သည်။ ဆေးရည်တွင် အနက်ရောင်စီးကြောင်း ငယ်လေးများ ပျော်ဝင်နေသည်ကို တွေ့မြင်နိုင်ပြီး ကြောက်မက်ဖွယ်ရာ အငွေ့အသက်များ ရိုက်ခတ် နေသည်။ ထိုဆေးရည်များကို ကြည့်ရုံမျှဖြင့်ပင် ရီဖူရှင်းကား ကျောချမ်း ရသည်။
သူ့ဘေးမှ လိပ်ပြာလေး၏ မျက်နှာမှာလည်း သိသိသာသာ ပျက်ယွင်း နေသည်။
ဆေးစမ်းမှု၏ တစ်ဆင့်စီတိုင်းက အန္တရာယ် များပေသည်။ ရီဖူရှင်းက သည်အဆင့်ကို ကျော်ဖြတ် နိုင်မည်လားကို သူမသေချာ မသိပေ။
ရီဖူရှင်းအတွက် စမ်းသပ်မှု တစ်ခုစီတိုင်းက သေမင်းကိုယ်တိုင် လာရောက် လည်ပတ်သည်နှင့် တူညီပေသည်။
“မင်း သေသွားရင် တောင်မှ မင်းဆရာရဲ့ ခန္ဓာကိုယ် သန်မာအောင် လုပ်တဲ့အပိုင်းမှာ ငါက ဆက်ကူညီပေး သွားမယ်…” ရှန့်ထိုကျန့်က ပြောသည်။ ရီဖူရှင်းက တီးတိုး ရယ်လိုက်သည်။ သေစမ်း…။
“ကျေးဇူးတင်ပါတယ်… စီနီယာ.. သေပေမဲ့ ကျွန်တော်ကတော့ သေမယ် မထင်ပါဘူး…” ရီဖူရှင်းက ပြောကာ ကန်အတွင်းသို့ ခုန်ဆင်းလိုက်သည်။ သည်တစ်ခေါက် ဆေးရည်များက သူ့ခန္ဓာကိုယ် အတွင်းသို့ ပိုမိုရုန့်ရင်း ကြမ်းတမ်းစွာ စိမ့်ဝင်လာကြသည်။ ယခင် ပထမတစ်ကြိမ် ဆေးစိမ်ခြင်းက အဆများစွာ သာလွန်သော နာကျင်မှုအား ရီဖူရှင်း ခံစားလိုက် ရသည်။
အနက်ရောင် စီးကြောင်းများက သူ၏ခန္ဓာကိုယ် အတွင်းသို့ ဆက်လက် စီးဝင်လာသည်ကို သူခံစားရသည်။ သူ၏သွေးကြောများ တစ်လျှောက်မှသည် ကိုယ်အင်္ဂါ အစိတ်အပိုင်းအနှံ့ကို ဖြတ်သန်း စီးသွားကာ သူ့ဦးနှောက် သွေးကြောများသို့ အထိပင် ရောက်လာသည်။ အကယ်၍ ရီဖူရှင်းက သူ့ခန္ဓာကိုယ်ကို ပြန်ကြည့်ပါက အနက်ရောင်သို့ ပြောင်းလဲ သွားသည်ကို မြင်ပေလိမ့်မည်။
“အဆိပ်ထဲမှာ လောကဓာတ်ကို ပေါင်းစပ် ထားတာလား….” ရီဖူရှင်း၏ ခေါင်းထဲကို ထူးဆန်းသော အတွေးတစ်ခု ဝင်လာသည်။ အဆိပ်က သူ၏ခန္ဓာကိုယ်ကိုသာ စိတ်ဝိညာဉ်သို့ အထိပါ စီးဝင်လာပြီး တစ်ကိုယ်လုံးကို ဝါးမျိုလာသည့် ခံစားချက်ကို သူရသည်။
“ခွပ်…” ယူချင်းက လက်သီးကို တင်းတင်း ဆုပ်သည်။ ရီဖူရှင်းက ယခုတွင် မည်မျှ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားအား ခံစားနေရသည်ကို သူခံစားမိသည်။
လိပ်ပြာလေးမူကား ရီဖူရှင်းကို မကြည့်ရဲတော့ဟန်ဖြင့် တစ်ဖက်ကို လွှဲလိုက်သည်။ သူမက သည်ဆေးများကို ပြင်ဆင်ရာတွင် ပါဝင်ခဲ့ပေသည်။ ဆေးစမ်းသပ်မှု ဟူသည်ကား အဆိပ်စမ်းသပ်မှုသာ ဖြစ်ပေသည်။
သူမက ဆေးပညာကို အဓိကထား လေ့လာသော်လည်း သူမက ရှန့်ထိုကျန့်၏ တပည့်ဖြစ်ရာ အဆိပ်ပညာကိုလည်း အတိုင်းအတာတစ်ခုအထိ နားလည် သဘောပေါက် ပေသည်။
တခြားတစ်ဖက်တွင် ရှန့်ထိုကျန့်ကား ရီဖူရှင်းကို ထူးမခြားနားစွာ ကြည့်သည်။ သူ၏အမူအရာတွင် မည်သည့် လှုပ်ရှားမှုကိုမှ မတွေ့ရပေ။ ယခင်က များစွာသော စမ်းသပ်မှုများကို လုပ်ခဲ့ဖူးကာ မည်သူမှလည်း အသက်မရှင်ခဲ့ပေ။ အကယ်၍ စမ်းသပ်မှုက ရီဖူရှင်းဖြင့် ကျရှုံးခဲ့လျှင် သူ၏နည်းလမ်းက မှားယွင်းနေသေးသည်ဟုသာ ပြောနိုင်ပေသည်။
ရီဖူရှင်းကား တိတ်ဆိတ်နေကာ သူကား အမှန်တကယ် တိုက်ပွဲတစ်ခုကို ဆင်နွှဲနေသည့်ပုံစံကို မြင်နေရသည်။
စိတ်ဝိညာဉ် တိုက်စားမှုကို သူခံရလေလေ သူ၏စိတ်က ပိုမိုခိုင်မာလေလေ ဖြစ်သည်။ သူ၏စိတ်အသိထဲတွင် နတ်ဘုရားအလား သဏ္ဌာန်တစ်ခု ထိုင်နေကာ အနက်ရောင် အငွေ့အသက်များ တိုက်စားမှုကို ငြိမ်သက်စွာ ခုခံနေသည်။
နောက်ဆုံးတွင် ပြိုပျက်နေသော အပိုင်းများက မြန်ဆန်စွာပင် ပြန်လည် ရှင်သန် မွေးဖွား လာကြတော့သည်။ သက်စောင့် ဟော်နန်းထဲမှ အစိမ်းရောင်ငွေ့အသက်များက သူ့ခန္ဓာကိုယ် တစ်ခုလုံးကို စတင် ပျံ့နှံ့လာကာ စွမ်းအား နှစ်ခုက အမှန်တကယ်ပင် တိုက်ခိုက် နေကြဟန် ရသည်။
ဖျက်ဆီးခြင်း စွမ်းအားက သူ၏ခန္ဓာကိုယ် အတွင်း တိုက်ခိုက် ဖျက်ဆီးနေစဉ် တစ်ဖက်တွင်လည်း ပြန်လည် ရှန်သန်နိုင်သော စွမ်းအားများက ပျက်စီးသွားသော အစိတ်အပိုင်းများအား အဆက်မပြတ် ပြန်လည် ကုစားနေကြသည်။ သို့တိုင်အောင် ထိုအခိုက်အတန့် တိုင်းက သူ့အတွက် မယုံကြည်နိုင်ဖွယ် ကောင်းသော နာကျင်မှုများအား ပေးစွမ်းပေသည်။
ယူချင်းက လက်သီးကို တင်းတင်း ဆုပ်ထားကာ သူ၏သွေးကြောများပင် ထောင်တက် လာသည်ဟု ထင်ရသည်။ လိပ်ပြာလေးက မျက်လုံးကို ဖွင့်ကြည့်သည်တွင် ရီဖူရှင်း၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေသည်ကို မြင်ရ၏။
စက္ကန့်တိုင်းက နာကျင်မှု ဖြစ်သည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံး သွားသည်။
ရီဖူရှင်း၏ ကိုယ်ဟန်က တဖြည်းဖြည်း ပိုမို သက်သောင့်သက်သာ ဖြစ်လာဟန် ရသည်။ ဖျက်ဆီးအားက ပြင်းထန်နေဆဲ ဖြစ်သော်လည်း ဆေးအာနိသင်က သူ့အား သိပ်သက်ရောက်နိုင်စွမ်း ရှိဟန် မရတော့ပေ။ တစ်ဖက်တွင် သူ၏ပြန်လည် ကုစားနိုင်စွမ်းက အနည်းငယ်မျှပင် လျော့ပါးသွားဟန် မရပေ။ အစိမ်းရောင် အငွေ့အသက်များက သူ့အား အဆက်မပြတ် စီးဆင်း ရစ်ပတ်နေကြသည်။
အချိန်မည်မျှ ကြာသွားသည်ကို မည်သူမှ မသိပေ။ ရီဖူရှင်းကား ဆေးရည်ကန် ထဲမှာပင် ရှိသေးသည်။ ထောင်ကျန်း၏ ဆေးရည်စိမ်ခြင်းကား ပြီးဆုံးသွားကာ သူ့တပည့်၏ ဆေးရည်ကန်သို့ ရောက်လာသည်။ စုချီဟန်ကလည်း လာကြည့်ကာ ဘာမှပြောခြင်း မရှိပေ။
ထောင်ကျန်းက ထိုမြင်ကွင်းကို ကြည့်ကာ အလွန်အမင်း မျက်နှာပျက် သွားသည်။ ဆေးစမ်းသပ်ခြင်း ဆိုသည်မှာ သည်အရာလား…။
သူ၏တပည့်က သည်စမ်းသပ်မှုတွင် အသက်ကို ရင်းထားရဟန် ရှိသည်။
တဖြည်းဖြည်းဖြင့် ရီဖူရှင်း၏ အစိမ်းရောင် အလင်းများက အနက်ရောင် အငွေ့အသက်များကို အနိုင်ရလာဟန် ရှိသည်။ သူ၏မျက်လုံးက ရုတ်တရက် ဖွင့်လိုက်သည်တွင် ကြည်လင် တောက်ပသော မျက်လုံးအစုံကို မြင်ကြရသည်။
“ခင်ဗျားတို့ အားလုံးက ကျုပ်ကို ဒီလိုပဲ စိုက်ကြည့် နေကြတော့မှာလား…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ သူ၏စကားက အားလုံးကို အံ့အားသင့် သွားစေသည်။ လိပ်ပြာလေး၏ မျက်လုံးများ၏ ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာ၏။ သူကား သည်ကဲ့သို့သော အချိန်တွင်ပင် ဟာသ ပြောနိုင်ပေသည်။
စမ်းသပ်မှုကား နောက်ဆုံးတွင် ပြီးသွားလေပြီ။
“ငါတို့က အရင်တုန်းက မမြင်ဖူးတာလည်း မဟုတ်ဘူး…” လိပ်ပြာလေးက စိတ်အေးလက်အေး ပုံစံဖြင့် ပြောသည်။ သို့သော်လည်း သူမ၏စကားက ရုတ်တရက် ထူးဆန်းသည်ဟု ခံစားလိုက်ရကာ မျက်နှာက နီမြန်း သွားသည်။
“အမ်…” ရီဖူရှင်းက ထိတ်လန့် သွားသည်။ သည်စကားက ယမန်နေ့၌ သူပြောခဲ့သော စကားဖြစ်သည်။
ရှန့်ထိုကျန့်က လိပ်ပြာလေးအား ကြည့်သလို စုချီဟန်ကလည်း သူမကို ကြည့်သည်။
ထောင်ကျန်းကလည်း ထူးဆန်းစွာ ကြည့်သည်။ သူ၏တပည့်ကား သွားလေရာတွင် မိန်းကလေး မရှားလှပေ။ သူကား အမျိုးမျိုး အစားစားသော အလှပဂေးများအား သွားလေရာတွင် ဝန်းရံ ထားနိုင်သည်။
ငယ်ရွယ်ကာ ချောမောသော သည်ကောင်လေးကား မိန်းကလေးတိုင်းကို အရူးလုပ် နေနိုင်သည်။
“ဆရာ… ကျွန်မက ဆေးတွေ သွားစီစဉ် လိုက်ဦးမယ်…” လိပ်ပြာလေးက ပြောကာ မြန်ဆန်စွာပင် ထွက်သွားသည်။ ရှန့်ထိုကျန့်က ရီဖူရှင်းကို ကြည့်ကာ ပြောသည်… “ပထမ စမ်းသပ်မှု တစ်ကျော့က ရှစ်ဆယ့်တစ်ရက် ကြာမယ်… မင်းက ဒီတစ်ကျော့လုံးကို ကျော်ဖြတ်နိုင်ရင် မင်းရဲ့ခန္ဓာကိုယ်က အသစ်ပြန်လည် မွေးဖွားလိမ့်မယ်… တကယ်လို့ မင်းက ဆေးပတ်လည် သုံးကျော့လုံးကို ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင် ရှန့်ထိုခန္ဓာကိုယ်အထိ ပိုင်ဆိုင်လိမ့်မယ်… အဲဒီနေ့အထိ မင်းအသက်ရှင်ဖို့ ငါ မျှော်လင့်ထားတယ်…”
ထိုသို့ပြောကာ ရှန့်ထိုကျန့်က ထွက်သွားသည်။ စုချီဟန်ကလည်း ယခင်အတိုင်း ရီဖူရှင်းကို အေးစက်စွာ ကြည့်ပြီး သူ့ဆရာနောက်ကို လိုက်ပါ သွားသည်။
ရီဖူရှင်းက ထိုမျှလောက်အထိ ခံနိုင်မည်ဟု သူမယုံပေ။
ရီဖူရှင်းက ဆေးစမ်းသပ်မှု၌ မည်မျှ ခံစားရသည်ကို စုချီဟန် အသိဆုံး ဖြစ်သည်။ သူကိုယ်တိုင်လည်း ထိုသို့ တူညီစွာ ခံစားဖူးပေသည်။
ရီဖူရှင်းက ဆေးရည်ကန်ထဲမှ ထွက်လာခြင်း မရှိပေ။ သူကား ရှန့်ထိုကျန့်၏ စကားများကို စဉ်းစား တွေးနေဆဲ ဖြစ်သည်။ သူက ရှန့်ထိုကျန့်နှင့် ပထမဆုံး တွေ့စဉ်က ရှန့်ထိုကျန့် ပြောခဲ့သည်မှာ လောကကြီးတွင် သူ၏ ကိုယ်ပိုင်စည်းမျဉ်း ရှိပေသည်။ အကယ်၍ တစ်စုံတစ်ယောက်က ရှန့်ထို ဖြစ်လိုသည် ဆိုပါက သူက နတ်ဘုရား ပြစ်ဒဏ်အား ကျော်ဖြတ်ရန် လိုသည်။ တစ်စုံတစ်ယောက်က သူရရှိမည့် အကျိုးကျေးဇူး အတွက် လိုအပ်သော ပေးဆပ်မှုများ ပြုလုပ်ရမည်။
အကယ်၍ သူလက်ရှိ ခံစားနေရသော နာကျင်မှုများအား အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပါက သူက တူညီသော အကျိုးကျေးဇူးများကို ရရှိပေမည်။ အမှန်တကယ်အား သူက ထိုအချက်ကို ပထမအဆင့် ဆေးစမ်းသပ်မှု အပြီး၌ပင် ခံစားမိပြီး ဖြစ်သည်။
အကောင်းနှင့်အဆိုးမှာ ဒင်္ဂါးပြားလို ဖြစ်သည်။ သည်ဆေးစမ်းသပ်မှုမှာ သူ့အတွက် ဆိုးသည့် ကိစ္စဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်။
သူ၏ဆေးစမ်းသပ်မှုတွင် အသုံးပြုရသော ဆေးဝါးများမှာပင် အလွန်တရာ တန်ဖိုးကြီးမား ရပေမည်။
“ဆရာ… အခု ဘယ်လိုနေလဲ…” ရီဖူရှင်းက ဆေးကန်ထဲမှ ထွက်လာပြီးနောက် ထောင်ကျန်းကို မေးသည်။
“အရမ်းကောင်းတယ်…” ထောင်ကျန်းက ပြောသည်… “မင်းက ဆေးစမ်းသပ်မှုကို အောင်မြင်ရင် မင်းရဲ့ခန္ဓာက ပြန်မွေးဖွားမယ်ဆို ... ဟုတ်လား…”
“ဟုတ်တယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်… “ဆရာလည်း ဒီအတိုင်းပဲ… ဆေးရည်တွေ စိမ်တာ ပြီးသွားရင် ဆရာက နတ်ဘုရား ပြစ်ဒဏ်ကို ကျော်ဖြတ်ပြီး ရှန့်ထို ဖြစ်နိုင်ပြီ…”
“ဆရာနဲ့တပည့် အကြားက ငါတို့ရဲ့ ကတိပဲ…” ထောင်ကျန်းကလည်း ပြုံးလျက် ပြောသည်။
“အမှန်ပဲ…” ရီဖူရှင်းကလည်း ပြုံးလျက် ပြောသည်။
***
အချိန်များ ကုန်ဆုံးသွားကာ ဆောင်းဦး ကာလကို ရောက်လာသည်။ ကောင်းကင် ပြက္ခဒိန်၏ ၁၀၀၁၂ခုနစ်ကား ကုန်ဆုံးခါနီးပြီ ဖြစ်သည်။
ပြည်နယ်ကိုးခု ကျောင်းတော်က တဖြည်းဖြည်း ပိုမို၍ စည်ကားလာသယောင် ထင်ရသည်။ ပြင်ပလောကသို့ အတွေ့အကြုံ သွားရှာကြသော တပည့်များစွာ မှာလည်း ကျောင်းတော်သို့ ပြန်ရောက် လာခဲ့ကြသည်။ နှစ်ကုန် အချိန်ကာလကား အားလုံး၏ တိုးတက်မှုကို ပြန်လည် အကဲဖြတ် ဆန်းစစ်သော အချိန်အခါလည်း ဖြစ်သည်။
ကောလာဟလများအရ ရီဖူရှင်းက ကောင်းကောင်းမွန်မွန် ရှိနေဆဲဟူ၏။ သူကား သည်စမ်းသပ်မှုကို ၇၂ရက်တိတိ ဆက်တိုက် လုပ်ဆောင်ခဲ့သည်။ ဆေးဥယျာဉ်မှ လာသော သတင်းများအရ ရီဖူရှင်း၏ စမ်းသပ်မှု ပထမအကျော့မှာ နောက်ထပ် တစ်ကြိမ်သာ ကျန်တော့၏။ ထိုအရာက ရှန့်ထိုကျန့်လက်အောက်တွင် မည်သူမှ မအောင်မြင်ခဲ့သော အကြိမ်အရေ အတွက်လည်း ဖြစ်သည်။
ထို့အပြင် ကျင့်ရွှမ်၏ စကားများအရ ရီဖူရှင်းကို စမ်းသပ်ပေးနေသူမှာ နတ်မိမယ်ဒီး ဖြစ်သည်။ ထို့ကြောင့်ပင် နတ်မိမယ်ဒီးနှင့် ရီဖူရှင်းတို့အကြား ထူးခြားသော ဆက်နွှယ်မှုများ ရှိနေသည်ဟု လူအများက ထင်မြင် ပြောဆို လာခဲ့ကြသည်။
အချိန်ကြာလာပါက သူတို့ နှစ်ယောက်အကြား ငြိတွယ် လာနိုင်ပေသည်။
သို့သော်လည်း အကယ်၍သာ ထိုအတင်းအဖျင်း များအား ရှန့်ထိုကျန့်၏ တပည့်ကြီး စုချီဟန် ကြားပါက မည်သို့နေမည်ကို အားလုံးက စိတ်ဝင်စား ကြသည်။
နောက်ထပ် သတင်းများအရ ထောင်ကျန်း၏ ဆေးရည်စိမ်ခြင်း လုပ်ငန်းစဉ်မှာ ပြီးဆုံးသွားကာ သူက နောက်ထပ် နတ်ဘုရား ပြစ်ဒဏ်ကို ဖြတ်ကျော်ရန် အချိန်တစ်ခုသာ လိုတော့သည်ဟု ပြောကြသည်။
မကြာမီ မြေရိုင်းပြည်နယ်က နောက်ထပ် ရှန့်ထိုတစ်ပါးကို ပိုင်ဆိုင်တော့မည် ဖြစ်သည်။
ထိုသတင်းများ ပြန့်နေစဉ် အတောအတွင်းမှာပင် ပြည်နယ်ကိုးခု ကျောင်းတော် အပြင်သို့ ဖီးနစ်ရထားလုံး တစ်စင်း ကျဆင်းလာသည်။ ရောက်လာသူကား ကျောက်ပြည်ထောင် ဘုရင်မင်းမြတ် ဖြစ်သည်။
***