← Chapters

ဖော်လံဖားဖြစ်ဖို့အလားအလာ? လီခိုင်က SMA ရောဂါကိုဖြေရှင်းချင်တယ်! ၃

Vol. 26 Ch. 386

ဖော်လံဖားဖြစ်ဖို့အလားအလာ? လီခိုင်က SMA ရောဂါကိုဖြေရှင်းချင်တယ်! ၃

Vol. 26 Ch. 386

ချင်လုံစိုက်ခင်းစာချုပ်ချုပ်သောနေရာမှာ ကျဲ့ကျန်းရွာတွင်ဖြစ်သည်။ အနောက်ပိုင်းမြို့တော်နှင့်သိပ်မဝေးသောရွာတစ်ရွာဖြစ်၏။ အနောက်ပိုင်းမြို့တော်မှသာလျှင် တိုက်ရိုက်လမ်းပေါက်သည်။

ချင်လင်၏ကားက လမ်းထဲဝင်လိုက်ပြီးမကြာမီ နောက်မှ BMW ကားတစ်စီးပေါ်လာကာ အဆက်မပြတ်ဟွန်းတီးနေ၏။

ချင်လင်ကိုကျော်ချင်၍ဖြစ်မည်။

သူကစတီယာရင်ကိုနောက်ပြန်ဆုတ်မည်အပြု သူ့နောက်ကဟွန်းမှာ ကျယ်ကျယ်လောင်လောင်ဆက်မြည်နေဆဲ။

ထို့ကြောင့် သူနည်းနည်းမကြည်မလင်ဖြစ်သွားသည်။

သူကအရှိန်လျှော့နေပြီပဲ၊ ဘာလို့ဆက်ပြီးဖိအားပေးနေတာလဲ? သူ့ကိုလှုပ်ရှားချိန်တော့ပေးရမယ်မဟုတ်လား?

သို့သော် ဒီလိုလူမျိုးနှင့် သူဖက်မပြိုင်ချင်။ သူလမ်းပေးရမည်။ သူ့မှာဇနီးချောချော၊ အလုပ်ကောင်းကောင်းရှိသည်။ ဒီလိုလမ်းသရဲမျိုးနှင့် ရန်မဖြစ်တာကောင်းမည်။

ဒီလိုလူမျိုးကို ကောင်းကင်ဘုံကအပြစ်ပေးလိမ့်မည်။

သို့ရာတွင် လမ်းဖယ်ပေးသော်လည်း BMW ကကျော်မတက်ဘဲ ဟွန်းဆက်တီးနေသောကြောင့် ချင်လင်စိတ်ပျက်မိသည်။

ဒါလွန်သွားပြီမလား?





ချင်လင်တွေးတောနေစဉ် သူ့ဖုန်းမြည်လာသည်။ ကားဖန်သားပြင်တွင် သူ့ယောက်ဖ ကျောက်မိုယွင်၏နံပါတ်ပေါ်နေသည်။

ဘာလို့သူ့ယောက်ဖက ရုတ်တရက်ဖုန်းဆက်ရတာလဲ?

ချင်လင်ကဖုန်းမြန်မြန်ကိုင်လိုက်ပြီး_

''အစ်ကို... ဘာဖြစ်လို့ဖုန်းဆက်တာလဲ?''

ကျောက်မိုယွင်၏အသံထွက်လာသည်_

''ချင်လင်... ငါမင်းအနောက်ကနေ ဟွန်းတီးနေတာကြာပြီ... အနည်းဆုံးတော့ တုံ့ပြန်ဦးလေ''

''ဘယ်လို? အနောက်ကကားက အစ်ကိုလား?''

ချင်လင်မအံ့ဩဘဲမနေနိုင်တော့_

''ကျွန်တော်က လမ်းသရဲထင်နေတာ''

''မင်းလေ လမ်းသရဲက''

ကျောက်မိုယွင်က ဒေါသနှင့်ပြောလိုက်သည်_

''ကားပေါ်မှာ မင်းမရီးပါတယ်... အရူးတွေပဲ လမ်းသရဲလုပ်မှာ''

ချင်လင်က ကျောက်မိုယွင်နှင့်ထပ်ဆုံမည်ဟုမထင်မိ။

ဒါပေမဲ့ သူ့ယောက်ဖက ဘာလို့ဒီဘက်လာတာလဲ? ဒီလမ်းကသွားရင် ကျဲ့ကျန်းရွာကိုပဲရောက်မှာ။ ကျောက်မိုယွင်နဲ့လီကျားဝမ်က ကျဲ့ကျန်းရွာကမဟုတ်။

နှစ်ဖက်သားမှာ ကျဲ့ကျန်းရွာသို့မြန်မြန်ဆန်ဆန်ရောက်သွားကြပြီး ရွာထိပ်တွင်ကားရပ်လိုက်ကြသည်။

ချင်လင်ကကားထဲမှထွက်လာရာ ကျောက်မိုယွင်နှင့်လီကျားဝမ်ထွက်လာသည်ကိုတွေ့လိုက်ရသည်။ သူကရှေ့တိုးသွားပြီး_

''အစ်ကို မရီး... ဘယ်လိုဖြစ်ပြီး ဒီရောက်လာတာလဲ?''

လီကျားဝမ်က ရှင်းပြသည်_

''ရှန်ရှန်က ဒီမှာနေတာလေ... သူနှစ်သစ်ရောက်တော့ လူတစ်ယောက်နဲ့ဘလိုင်းဒိတ်တွေ့ခဲ့တယ်... သူနဲ့တွေ့ကြည့်တော့ မဆိုးဘူးတဲ့... အဲတော့ ဒီကိုလာလည်ပြီး အဲဒီလူကိုမကြည့်ခိုင်းဘူးလား? ရှန်ရှန်ကို အရင်ကမင်းမြင်ဖူးပါတယ်... မနှစ်က ငါနဲ့စံအိမ်ကိုလာတာလေ''

ချင်လင်ခေါင်းညိမ့်လိုက်သည်။

ဒါပုံမှန်ပင်။ အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်​ဖြစ် သူတို့မှာကောင်လေး ဒါမှမဟုတ် ကောင်မလေးရှိလာရင် သူတို့သူငယ်ချင်းတွေကိုအပြင်ထွက်လည်ပတ်ခိုင်းပြီး ကူကြည့်ခိုင်းကြလိမ့်မည်။

သို့သော် အကြိမ်တိုင်းလိုလို သူငယ်ချင်းများမကူညီနိုင်။ ရုံချန်းစီရင်စုလိုနေရာငယ်လေးမှာတောင် 'ငါ့သူငယ်ချင်းရဲ့ကောင်မလေးအသစ်က ငါ့အရင်ကောင်မလေး' ဒါမှမဟုတ် 'ငါ့အခင်ဆုံးသူငယ်ချင်းရဲ့ကောင်လေးကလည်း ငါ့အရင်ကောင်လေးပဲ'ဆိုသော ခွတီးခွကျအခြေအနေများရှိတတ်သည်။

ဒါဒိတ်ပြောင်းသွားတာပဲမလား?

နေရာကသေးသေးနှင့် အကြိမ်တိုင်းလိုလို အသိုင်းအဝိုင်းကသေးသည်။ အကွက်ရွှေ့ချင်သူတိုင်း ဒီလိုကမောက်ကမမျိုးရှောင်လွှဲမရပေ။

ထို့ကြောင့် မပိုင်လျှင် ခြင်မရိုက်သင့်။ သို့မဟုတ်ပါက နှစ်ကြိမ်သုံးကြိမ်ဖြစ်အပြီး နေရာကျဉ်းကျဉ်းမိတ်ဆွေအသိုင်းအဝိုင်းကြားတွင် အလွန်နာမည်ကြီးသွားလိမ့်မည်။ အချိန်နှင့်အမျှ အတင်းခေါင်းစဉ်ဖြစ်လာနိုင်သည်။

ထိုအချိန်တွင် ကျောက်မိုယွင်ကဖြည့်ပြောလိုက်၏_

''ရှန်ရှန်ရဲ့အရင်ကောင်လေးက အရမ်းစိတ်ရှုပ်စရာကောင်းတဲ့လျိုဟွာလေ... မင်းကိုငါးဘယ်မှာဖမ်းလဲမေးတဲ့တစ်ယောက်ပေါ့... သူငါးဖမ်းဖို့တကယ်သွားခဲ့တယ်လို့ကြားတယ်... ရှန်ရှန်ကနားမထောင်တော့ သူနဲ့တန်းပြဿနာတက်ရော''

ပွင့်ပွင့်လင်းလင်းဆိုရလျှင် ရှန်ရှန်ကို ချင်လင်သိပ်မမှတ်မိသော်လည်း လျိုဟွာကိုအသေအချာမှတ်မိသည်။ ရေလှောင်တမံမှာတောင် သုံးလေးကြိမ်တွေ့ခဲ့သေးသည်။





သူက ကျားဖြူကိုဖမ်းမိဖို့အရေး အလွန်ဇွဲကောင်းနေပုံရ၏။

ကျောက်မိုယွင်က မေးလိုက်သည်_

''ချင်လင်... မင်းဘာလို့ဒီရောက်လာတာလဲ?''

ချင်လင်ကရှင်းပြလိုက်၏_

''အိမ်ကအစ်ကိုကြီးတစ်ယောက် ဒီမှာစိုက်ခင်းဖွင့်ထားတယ်... ဒီနေ့ဖွင့်တာလေ... အဲဒါကြောင့် တစ်ချက်လာကြည့်တာ''

ထိုစကားကြားလျှင် လီကျားဝမ်ကခဏမှင်သက်သွားပြီး_

''ဒီလောက်မတိုက်ဆိုင်နိုင်ပါဘူးနော်? ရှန်ရှန်ရဲ့ဘလိုင်းဒိတ်ကလည်း စိုက်ခင်းလုပ်တာ... သူ့အဖေနဲ့ဟိုတစ်ယောက်ရဲ့အဖေက ဂျူနီယာအထက်တန်းကျောင်းနေဖက်တွေတဲ့... အဲဒါကြောင့် ဘလိုင်းဒိတ်တွေ့တာ''

''အဲဒီတစ်ယောက်က ချင်မျိုးနွယ်ဆို ဖြစ်နိုင်တယ်'' ချင်လင်နည်းနည်းအံ့ဩသွားသည်။

ရုံချန်းစီရင်စုက ကျဉ်းကျဉ်းလေးဟုလူတိုင်းပြောကြသော်လည်း ဒါကတော့တိုက်ဆိုင်လွန်းသည်။

သူ့အသိတွေက ဘာလို့အသိုင်းအဝိုင်းတစ်ခုတည်းဖြစ်နေတာလဲ?

''ရှန်ရှန်ကိုဖုန်းဆက်ပြီး လာခေါ်ခိုင်းလိုက်မယ်''

လီကျားဝမ်ကပြောပြောဆိုဆို ဖုန်းထုတ်ပြီးဆက်လိုက်သည်။

ခဏအကြာ ရွာတစ်ဖက်မှလျှပ်စစ်ဆိုင်ကယ်လေးမောင်းလာသည်။

လျှပ်စစ်ဆိုင်ကယ်လေးပေါ်တွင် လူနှစ်ယောက်ထိုင်လျက်သား။ လည်ရှည်ဖိနပ်များစီးထားသေး၏။

သို့ရာတွင် လျှပ်စစ်ဆိုင်ကယ်မောင်းနေသောလူငယ်ကိုကြည့်လိုက်ရာ ချင်လင်ချက်ချင်းသိလိုက်သည်။ ချင်လုံပင်။

သူ့နောက်တွင် ဆံပင်ရှည်ရှည်နှင့်မိန်းကလေးတစ်ဦး။ သူမကဆိုင်ကယ်ပေါ်မှဆင်းဆင်းချင်း လီကျားဝမ်ဆီပြေးကာ_

''ကျားဝမ်... ရောက်လာပြီပေါ့''

ချင်လုံက ချင်လင်ကိုမြင်လျှင် ချက်ချင်းဝမ်းသာအားရပြေးလာကာ_

''ချင်လင်... မင်းလည်းရောက်နေပြီပေါ့?''

ထို့ကြောင့် ချင်လင်နှင့်ကျောက်မိုယွင်မှာ တစ်ယောက်ကိုတစ်ယောက်ကြည့်မိကြသည်။

တိုက်ဆိုင်လိုက်တာ။

ရှန်ရှန်ဆိုသောမိန်းကလေးကလည်း ချင်လင်ကိုမြင်ပြီး ချက်ချင်းယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လာသည်_

''သူဌေးချင်... ချင်လုံနဲ့သိတာလား?''

သူမရှေ့ကဘယ်သူဆိုတာ သူမသိသည်။

အတော်များများက ချင်းလင်ဆော့၊ ချင်းလင်လက်ဖက်ရည်နှင့် ချင်းလင်စံအိမ်၏အလားအလာကိုကြည့်ပြီး မကြာမီရုံချန်းစီရင်စုတွင်အချမ်းသာဆုံးဖြစ်လာလိမ့်မည်ဟုပြောကြသည်။

ချင်လင်က ရှင်းပြလိုက်သည်_

''အစ်ကိုလုံက ကျွန်တော့်ရွာက အစ်ကိုအကြီးဆုံးပါ... သူ့မိသားစုနဲ့ကျွန်တော်တို့က အဆက်အသွယ်ကောင်းကောင်းရှိပါတယ်''

ရှန်ရှန်ကချက်ချင်း ချင်လုံ၏ရှပ်အင်္ကျီစကိုဆွဲကာ_

''သူဌေးချင်နဲ့အသိတွေဆိုတာ ဘာလို့မပြောတာလဲ? ကျွန်မစောစောကတောင်ပြောသေးတယ်လေ... ကျွန်မအခင်ဆုံးသူငယ်ချင်းရဲ့ယောက်မက ချင်းလင်စံအိမ်ရဲ့သူဌေးကတော်လို့... ကျွန်မကိုတကယ်အရူးလုပ်နေတာလား?''

''ပြောစရာမှမရှိတာ''

ချင်လုံကသူမကိုအလျင်စလိုတောင်းပန်ပြီး ချင်လင်ကိုဖိတ်လိုက်သည်_

''ချင်လင်... စိုက်ခင်းထဲသွားရအောင်!''

''ကောင်းပါပြီ... အစ်ကိုလုံပြောတဲ့အတိုင်းပါပဲ''

ချင်လင်ကခေါင်းညိမ့်ပြီး ကားထဲပြန်ဝင်လိုက်သည်။ သူကချင်လုံ၏လျှပ်စစ်ဆိုင်ကယ်လေးအတိုင်းလိုက်သွားတော့သည်။





All Chapters