သံသာပင်ကိုမှတ်တမ်းတင်ရင်!
Vol. 26 Ch. 388
နောက်သုံးရက်ကုန်လွန်သွားသည်။
ထန်ရှိုးဝမ် စံအိမ်ရောက်လာသည့်အပြင် တာဝန်ကျဆရာဝန်နှစ်ဦးနှင့်သူနာပြုနှစ်ဦးကိုလည်း အသစ်ခန့်ထားသည်။
ဆရာဝန်အတော်များများမှာ လူမှုဆက်ဆံရေးမကောင်း၊ ဆေးရုံဌာနတွင်း တိုက်ခိုက်မှုနှင့် ညစ်ပတ်သောနည်းလမ်းများကိုအသားမကျသဖြင့် ဆေးရုံမှထွက်၍ ကိုယ်ပိုင်ဆေးခန်းဖွင့်ကြသည်။
သူတို့ကိုယ်ပိုင်တိုင်ပင်ဆွေးနွေးခထက်ပိုရလျှင် သူတို့ကိုအလုပ်ခေါ်ဖို့မခက်ပေ။
ချင်းလင်စံအိမ်၏လစာကမနည်း။ အဓိကအကျဆုံးမှာ နေ့စဉ်အလုပ်ကအလွန်လွယ်ကူပြီး ပြဿနာမရှိချေ။
သူနာပြုနှစ်ဦးကို စီရင်စုဆေးရုံမှတိုက်ရိုက်ဆွဲခေါ်ထားသည်။
သူနာပြုနှုတ်ထွက်စာတင်ခြင်းမှာ ဆရာဝန်များလိုဒုက္ခမများဘဲ လစာမဲ့ထွက်နိုင်သည်။
သူနာပြုအတော်များများက ကောင်လေးရှိရင် ဒါမှမဟုတ် မင်္ဂလာဆောင်ရင် အလုပ်ထွက်ကြလိမ့်မည်။ ထွက်မည့်သူတွေလည်းအများကြီးရှိသည်။
ချင်းလင်စံအိမ်လစာက စီရင်စုဆေးရုံထက်အများကြီးပိုမြင့်သည်။ လူသိရှင်ကြားသာအလုပ်ခေါ်ခဲ့လျှင် ရုံချန်းစီရင်စုဆေးရုံသုံးရုံမှသူနာပြုများတောင် လာလျှောက်ကြလိမ့်မည်။


ကလေးမီးဖွားထားသော အသက် ၃၀ စွန်းစွန်းသူနာပြုနှစ်ဦးကို ထန်ရှိုးဝမ်ကိုယ်တိုင်ဆွဲခေါ်ထားခြင်းဖြစ်သည်။
ဒီအရွယ်သူနာပြုတွေက ပိုပြီးတည်ငြိမ်သည်။ ထောက်ပံ့ပေးရမည့်မိသားစုရှိသည်။ လစာမြင့်ပြီး တန်ဖိုးထားတတ်သည်။ လုပ်သက်ကြာပြီဖြစ်၍ ပိုပြီးစိတ်ရှည်သည်။
စံအိမ်ဆေးခန်းကလည်း ရုံးပိုင်းနေရာတွင်ရှိပြီး ခေါင်းဆောင်ဟုန်၏လုံခြုံရေးအခန်းနှင့်ကပ်လျက်ဖြစ်၏။
သို့သော် ဆေးခန်း၏အထူးလုပ်ငန်းဆောင်တာများကြောင့် လုံခြုံရေးအခန်းထက်နေရာပိုကျယ်သည်။
ချန်လီ ချင်းလင်စံအိမ်ရောက်သောအခါ ဆေးခန်းတွင်လည်း ဆေးဝါးနှင့်ဆေးဘက်ဆိုင်ရာကိရိယာများရွှေ့ပြောင်းနေသည်။
အားလုံး ဆေးခန်းအတွက်လိုအပ်သည်များပင်။
''လက်ထောက်ချန်... ဒုက္ခထပ်ပေးရတာ အားနာလိုက်တာ''
ချင်လင်က ဆေးနှင့်ကိရိယာများကိုကြည့်ပြီး ကျေးဇူးတင်လိုက်သည်။
သူတို့စံအိမ်တွင် ဆေးနှင့်ဆေးပစ္စည်းဝယ်ရန်ဘာအဆက်အသွယ်မှမရှိ။ လမ်းစရှာပြီး တရုတ်ဆေးဝါးဆေးရုံနှင့်ဆက်သွယ်ခဲ့သည်မှာလည်း စီရင်စုပင်။ သူတို့အတွက်ဝယ်ပေးရန် တရုတ်ဆေးဝါးဆေးရုံနှင့်စာချုပ်လက်မှတ်ထိုးခဲ့သည်။
ဒါပိုပြီးအဆင်ပြေသည်။
ရှေ့လျှောက် ဆေးခန်းအတွက် ဆေးနှင့်ဆေးပစ္စည်းလိုအပ်လျှင် တရုတ်ဆေးဝါးဆေးရုံနှင့်ဆက်သွယ်လိုက်ရုံပင်။
ချန်လီကပြုံးပြီး_ ''သူဌေးချင်... ကျေးဇူးတင်ချင်းတင် စီရင်စုကတင်ရမှာပါ... စီရင်စုက မင်းစံအိမ်ကနေ အကျိုးအမြတ်ရထားတာတွေအများကြီးပါ''
''ဒါနဲ့... အခုနောက်ဆုံးဆေးခန်းပြီးသွားပြီ... ရှုခင်း 4A လျှောက်ဖို့ စာဖိုင်ရေးပြီးပြီလား?''
''ပြင်ဆင်ပြီးပါပြီ'' ချင်လင်ခေါင်းညိမ့်လိုက်သည်။
ချန်လီက_ ''သူဌေးချင်... ငါ့ကိုလျှောက်လွှာဖိုင်ပေးလိုက်... ငါခရီးသွားဌာနမှာလက်မှတ်ထိုးပြီး မင်စီရင်စုခရီးသွားဌာနကိုတင်ပေးမယ်''
စီရင်စုအဆင့်ခရီးသွားဌာနမှာ 4A ခရီးသွားနေရာလျှောက်ဖို့မပြည့်မီ။
သူတို့တွင် အရည်အချင်းများထောက်ခံချက်အတွက် ပဏာမစစ်ဆေးခြင်းသာရှိသည်။ မြို့တော် သို့မဟုတ် စီရင်စုခရီးသွားဌာနမှ ရှုမျှော်ခင်းနေရာအတွက်ထောက်ခံချက်ဖြစ်၏။ မြို့တော် သို့မဟုတ် စီရင်စုခရီးသွားဌာနမှ တစ်ယောက်ယောက်ကိုလျှို့ဝှက်စေလွှတ်၍ ရှုမျှော်ခင်းနေရာကိုစစ်ဆေးပြီး သုံးသပ်ချက်ကို အမျိုးသားခရီးသွားဌာနသို့ပို့လိမ့်မည်။
အမျိုးသားခရီးသားဌာနကလက်မှတ်ထိုးပြီးလျှင် ချင်းလင်စံအိမ်ကို ရှုမျှော်ခင်း 4A နေရာအဖြစ်အဆင့်မြှင့်တင်နိုင်မည်။


ထိုလုပ်ငန်းစဉ်၏ကြာချိန်မှာ သူတို့ဆက်ဆံရေးဘယ်လောက်အားကောင်းသလဲအပေါ်မူတည်သည်။
အဆက်အသွယ်နှင့်မြို့ငယ်လေးများမှာ သူတို့ရှုမျှော်ခင်းနေရာများကိုတိုက်တွန်းလေ့ရှိသည်။ 4A အတွက်လျှောက်ထားအောင်မြင်လျှင် မြို့ငယ်လေးများအတွက်လည်း အလွန်အကျိုးရှိသည်။
စွန်းရှန်က မင်စီရင်စုတွင် ဒီလိုအဆက်အသွယ်မျိုးရှိသည်။ မဟုတ်ရင် ရုံချန်းစီရင်စု၏ကမ္ဘာ့ခရီးသွားလုပ်ငန်းက ဒီလောက်နာမည်ကြီးမှာမဟုတ်။
ချင်လင်ကခေါင်းညိမ့်ပြီး ချန်လီကိုသူ့ရုံးခန်းထဲလက်ဖက်ရည်သောက်ခေါ်သွားသည်။ ထို့နောက် ရှုမျှော်ခင်း 4A လျှောက်လွှာစာဖိုင်ကိုမိတ္တူဆွဲပြီး ချန်လီဆီပေးလိုက်သည်။
ချန်လီက လျှောက်လွှာစာဖိုင်ရလျှင် ခရီးသွားဌာနသို့ချက်ချင်းပြန်ယူသွားပြီး စီရင်စုအဆင့်ခရီးသွားဌာန၏လက်မှတ်အားလုံးထိုးလိုက်သည်။ ထို့နောက် စာဖိုင်ကို ခရီးသွားဌာန၏အတွင်း email မှတဆင့် မင်စီရင်စုခရီးသွားဌာနသို့တင်သွင်းလိုက်သည်။
ပြီးလျှင် ချန်လီက စွန်းရှန်၏ရုံးခန်းထဲသွား၍တင်ပြလိုက်သည်_
''စွန်းရှန်... ချင်းလင်စံအိမ်အတွက် ရှုမျှော်ခင်း 4A လျှောက်လွှာကို မင်မြို့တော်ခရီးသွားဌာနဆီပို့လိုက်ပြီ''
''နောက်ဆုံးတော့ ပို့လိုက်ပြီပေါ့?''
ထိုသတင်းကြားလျှင် စွန်းရှန်မျက်နှာဝင်းလက်သွားသည်။ သူကချက်ချင်း ဖုန်းကောက်ကိုင်၍_
''ငါမြို့တော်ခရီးသွားဌာနက လီခယ့်ကိုဖုန်းဆက်ပြီး လုပ်ငန်းစဉ်အမြန်ဆုံးပြီးအောင်ကူပေးလို့ရမရ မေးလိုက်ဦးမယ်''
ပွင့်ပွင့်လင်းလင်းဆိုရလျှင် ချင်းလင်စံအိမ်ရှုမျှော်ခင်း 4A နေရာလျှောက်ခြင်းမှာ ချင်းလင်စံအိမ်ကိုယ်တိုင်ထက် စီရင်စုအတွက်ပိုပြီးအဓိပ္ပါယ်ရှိသည်။
ချင်းလင်စံအိမ် ရှုမျှော်ခင်း 4A လျှောက်လွှာအောင်မြင်သွားသည်ဆိုသောသဘောက ရုံချန်းစီရင်စုတွင် နောက်ထပ်ရှုမျှော်ခင်း 4A နေရာရှိလာခြင်းပင်။ အရင် 4A လေးနေရာနှင့်ပေါင်းလျှင် 4A ငါးနေရာအကန့်အသတ်ကို တိုက်ရိုက်ကျော်သွားမည်။
နောက်ပြီး ချင်းလင်စံအိမ်၏လက်ရှိအရှိန်အဟုန်နှင့် သုံးနှစ်အတွင်း 5A လျှောက်နိုင်ဖို့မှာ ကျန် 4A လေးနေရာထက်ပိုအားကောင်းသည်ဟု သူခံစားရသည်။
လက်ရှိချင်းလင်စံအိမ်က အရွယ်အစားနှင့်ခရီးသည်အရေအတွက်သာလိုသည်။ စာချုပ်ချုပ်ထားသောဧက ၅၀၀၀ ကိုဖွံ့ဖြိုးအောင်လုပ်ပြီး ခရီးသည်အရေအတွက်ပြည့်လျှင် လုံးဝပြဿနာမရှိပေ။
ခရီးသွားစီရင်စုတစ်ခုတွင် နောက်ထပ်ရှုမျှော်ခင်း 5A နေရာရှိလာလျှင် အဓိပ္ပါယ်အများကြီးရှိသည်။
ဖုန်းဝင်သွားသောအခါ စွန်းရှန်က စပီကာခလုတ်နှိပ်၍ ချန်လီကိုနားထောင်စေသည်။ ထို့နောက် သူကပြုံးလိုက်ပြီး_
''လီခယ့်... ခင်ဗျားကိုပဲထပ်ပြီးစောင့်ကြည့်ပေးဖို့ ဒုက္ခပေးရဦးမယ်... ဒီတစ်ခါချင်းလင်စံအိမ်အတွက် လျှောက်ထားတယ်''
လိုင်းတစ်ဖက်တွင် လီခယ့်ကပြုံး၍_
''ချင်းလင်စံအိမ်... ဒီရှုမျှော်ခင်းနေရာက အရမ်းနာမည်ကြီးတာ... ခင်ဗျားအရင်လျှောက်ထားတဲ့လေးနေရာကိုကျော်လောက်တယ်မလား?''
စွန်းရှန်ကပြုံးပြီး ရှင်းပြလိုက်သည်_
''အမှန်ပဲ... ခရီးသည်အရေအတွက်က တခြားလေးနေရာထက်ကျော်နေပြီ''
''ကောင်းပြီလေ... အရင်ဆုံးတစ်ချက်ကြည့်တာပေါ့... ပြီးရင် လုပ်ငန်းစဉ်အမြန်ဆုံးပြီးအောင် တစ်ယောက်ယောက်နဲ့စီစဉ်ပေးမယ်''
လီခယ့်ကပြောလိုက်သည်။ နောက်ခဏတိတ်ဆိတ်နေပြီးမှ ရုတ်တရက်အံ့သြသံနှင့်_
''စွန်းရှန်... ဒီချင်းလင်စံအိမ်ကတစ်ခုခုတော့မှားနေပြီ!''
စွန်းရှန်ကထိုစကားကြားလျှင် မျက်မှောင်ကြုတ်ပြီးမေးလိုက်သည်_
''လီခယ့်... ချင်းလင်စံအိမ်ဘာဖြစ်လို့လဲ?''
လီခယ့်အသံကိုထပ်ကြားရသည်_
''ချင်းလင်စံအိမ်အတွက် ရှုမျှော်ခင်း 4A နေရာလျှောက်လွှာကို တို့ကထောက်ခံပေးပြီးသွားပြီတဲ့... ဒါရိုက်တာလီကိုယ်တိုင်တောင် စစ်ဆေးထားတာ... အမျိုးသားခရီးသွားဌာနကိုပို့ပြီးလောက်ပြီ... ခင်ဗျားက ဘာကိုစောင့်ကြည့်စေချင်သေးတာလဲ?''
''ဘယ်လို?'' ထိုသတင်းကြားလျှင် စွန်းရှန်ကြောင်သွားသည်။ သူကဘာတွေဖြစ်နေတာလဲဟူသောသဘောနှင့် ချန်လီကိုသတိလက်လွတ်ကြည့်မိသည်။
ချန်လီက ထိုသတင်းကြားပြီးမှင်တက်သွား၏။ သူကတိုးတိုးရေရွတ်လိုက်သည်_
''မဖြစ်နိုင်ဘူး... ငါအခုမှမြို့တော်ကိုပို့လိုက်တာ... အကြီးအကဲလီက ဘာလို့ထောက်ခံပေးလိုက်တာလဲ? သူက ချင်းလင်စံအိမ်ကတင်တဲ့လျှောက်လွှာကို တစ်ယောက်ယောက်ကိုစောင့်ပြီးအာရုံစိုက်ခိုင်းထားတာ မဟုတ်ရင် ငါတင်ပြီးတာနဲ့ တစ်ဖက်လူရဲ့နောက်ခံ email ကိုတန်းလွှဲပြောင်းပေးလိုက်တာဖြစ်နိုင်တယ်''