← Chapters

နတ်လှံကို အသုံးချခြင်း

Vol. 66 Ch. 915

နတ်လှံကို အသုံးချခြင်း

Vol. 66 Ch. 915

ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာကို သတ်လိုလျှင် အထူးနည်းလမ်းများ လိုအပ်သောကြောင့် ဟယ်မူသည် အစွမ်းထက် လျှို့ဝှက်ကျင့်စဥ်တစ်ခုကို အသက်သွင်းလိုက်သောအခါ မရေမတွက်နိုင်သော ရုန်းများ လေထဲတွင် ဖြစ်တည်လာ၏။

"မင်းက ကြယ်တာအိုရုန်းတိုက်ကွက်ကို ခုခံနိုင်မလား ကြည့်ရသေးတာပေါ့"

သူက ယဲ့ချန်ကို အထက်စီးမှ ကြည့်လိုက်ပြီး ပြင်းထန်သော ဖိအားတစ်ခု ထုတ်ဖော်လိုက်ရာ လေထဲတွင် ရုန်းများ တဖြတ်ဖြတ် လင်းလက်လာသည်။ ကြယ်ရုန်းများထံမှ ခြိမ်းခြောက်မှုကို ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာပိုင်ရှင် ယဲ့ချန်က ခံစားနေရသောကြောင့် မျက်မှောင်ကြုတ်လိုက်၏။

"မင်းရဲ့ ကြယ်တာအိုရုန်းနဲ့ ကောင်းကင် ကြယ်တာရာရုန်း ဘယ်ဟာက ပိုအစွမ်းထက်မှာလဲ"

သူက လက်ဟန်များ အဆက်မပြတ်ပြုလုပ်၍ ကောင်းကင်ကြယ်တာရာ ရုန်းများကို ဖန်တီးလိုက်ပြီး ညာလက်ကိုယမ်းကာ ဟယ်မူထံ ပစ်ခတ်လိုက်သည်။ ဟယ်မူကလည်း ကြယ်တာအိုရုန်းများဖြင့် ပြန်လည်ပစ်ခတ်လာသောကြောင့် တဘန်းဘန်း ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ဟင်းလင်းပြင်ပင် တုန်ခါသွားကာ အရာရာကို ဝါးမျိုနိုင်လောက်သော စွမ်းအားကြီး ထွက်ပေါ်လာသည်။ တန်ပြန်အားက ပြင်းထန်လှသဖြင့် ထိမှန်ခံလိုက်ရသော ယဲ့ချန်က နောက်ဆုတ်ပေးလိုက်ရသည်။ ဟယ်မူ၏ရုန်းများက သူ၏ရုန်းကျင့်စဥ်အောက် အနည်းငယ် နိမ့်ကျသော်လည်း အစွမ်းထက်သောကြောင့် ရှင်းဟွမ်မျိုးနွယ်၏ လျှို့ဝှက်ကျင့်စဥ် ဖြစ်နိုင်သည်။ တစ်ချိန်တည်းမှာပင် တစ်ဖက်လူက ထိပ်တန်းကြယ်သခင်တစ်ယောက် ဖြစ်နေသောကြောင့် ကျင့်ကြံဆင့်အရာ၌ အသာစီးရထားသည်။ ကြယ်တာအို ရုန်းတစ်ခုချင်းစီက အရာရာကို အရည်ဖျော်ပစ်နိုင်လောက်အောင် ခြိမ်းခြောက်နိုင်စွမ်းရှိသဖြင့် သူက အထင်မသေးရဲတော့ပေ။

တိုက်ပွဲကို စောင့်ကြည့်နေသော ကောင်းကင်ကြယ်သခင်ငါးယောက်သည် ပို၍ထိတ်လန့်နေကာ ဟယ်မူ၏ခွန်အားဖြင့် တစ်ဖက်လူကို အလွယ်တကူသတ်နိုင်မည်ဟု ထင်ထားသော်လည်း တိုက်ပွဲက ရှည်ကြာလွန်းနေသည်။ ထိုတိုက်ပွဲအတွင်း သူတို့က ဝင်ရောက်စွက်ဖက်နိုင်စွမ်း မရှိသောကြောင့် အလယ်အဆင့် ကြယ်သခင်ဖြစ်သော ယဲ့ချန်၏ခွန်အားမှာ သာလွန်ကြောင်း သိသာနေသည်။ ထိုအချိန်တွင် ဟယ်မူသည်လည်း မျက်နှာတစ်ခုလုံး မည်းနက်နေကာ တစ်ဖက်လူ၏ကျင့်စဥ်က ပို၍အစွမ်းထက်နေပြီး ကျင့်ကြံဆင့်သာ ကွာခြားမနေခဲ့လျှင် သူက ဖိနှိပ်ခံရပေလိမ့်မည်။ အကယ်၍ အချိန်မီ မရှင်းလင်းနိုင်ခဲ့လျှင် ရှင်းဟွမ်မျိူးနွယ်အတွက် ဆူးတစ်ချောင်း ဖြစ်လာနိုင်သောကြောင့် သူက အစွမ်းကို ရာနှုန်းပြည့်ထုတ်ဖော်ပြီး ကြယ်တာအိုရုန်းများကို အဆင့်မြှင့်တင်လိုက်သည်။ ပတ်ဝန်းကျင်လေဟာနယ်တွင် ၎င်းရုန်းများက အရာရာကို လောင်ကျွမ်းပစ်နိုင်သော အဖြူရောင်အလင်းများ တောက်ပနေသောအခါ ယဲ့ချန်သည် ခံစစ်ဖြင့် ဆက်လက်တိုက်ခိုက်နေလျှင် အရေးနိမ့်မည်ဖြစ်ကြောင်း နားလည်လိုက်သည်။

သူက ဟယ်မူကို အေးစက်စက်စိုက်ကြည့်ကာ ကောင်းကင်ကြယ်တာရာရုန်းများဖြင့် ကိုယ့်ကိုကိုယ်ကာကွယ်ရင်း ဟင်းလင်းပြင်နတ်လှံကို ဆင့်ခေါ်လိုက်သည်။ ၎င်းက သူ၏ခန္ဓာကိုယ်ထက်သို့ ရွှေရောင်အလင်းတစ်ခု ဖြန့်ကျက်ပေးလိုက်သောအခါ ရွှေချပ်ဝတ်ကို တပ်ဆင်ထားသည့် စစ်နတ်ဘုရားတစ်ပါးပမာ ထင်မှတ်ရသည်။

"မြေအဆင့် နတ်လက်နက်"

ယဲ့ချန်၏လှံထံမှ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်နှင့် အရှိန်အဝါကို ခံစားလိုက်ရသောအခါ ဟယ်မူက တုန်လှုပ်သွားသည်။ တိုက်ပွဲအတွင်း သူက ယဲ့ချန်ကို သတ်နိုင်မည်ဟု ထင်ထားခဲ့သော်လည်း လက်ရှိတွင် တစ်ဖက်လူသည် သူ့ကို ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာအား လေ့ကျင့်ရန်အတွက် ဓားသွေးကျောက်ပမာ သဘောထားခဲ့ကြောင်း နားလည်လိုက်သည်။ သူက လှည့်စားခံလိုက်ရသဖြင့် ​ဒေါသထွက်နေသော်လည်း နတ်လှံကို အလွန်ကြောက်လန့်နေပြီး ပိုင်ရှင်မဲ့ မြေလက်နက်တစ်ခုသည် ထိပ်တန်းကြယ်သခင်တစ်ယောက်ကို သတ်နိုင်သောကြောင့်ဖြစ်သည်။ ကောင်းကင်ကြယ်သခင် ငါးယောက်မှာလည်း ကျောရိုးတလျှောက် ကြောက်စိတ်များ စိမ့်တက်သွားကာ ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းအတွင်း လက်တစ်ဖက် အရေအတွက်သာရှိသော မြေအဆင့်လက်နက်၏ စွမ်းပကားကို ကြားဖူးနားဝ ရှိထားကြ၏။

"အလယ်အဆင့် ကြယ်သခင်တစ်ယောက်ကို ငါက သတ်နိုင်တယ်ကွ"

ဟယ်မူသည် လက်ဟန်တစ်ခုကို အမြန်ဆုံးပြုလုပ်ကာ ထောင်ချီသောရုန်းများကို ယဲ့ချန်ထံ ပစ်ခတ်ဖောက်ခွဲလိုက်သည်။ ၎င်းတို့ ဝင်ရောက်လာသောအခါ ယဲ့ချန်၏ ဝိညာဥ်အသိစိတ်သည် နတ်လှံနှင့် တစ်သားတည်းဖြစ်သွားကာ သူတော်စင်သားရဲမှ ကာကွယ်ပေးနေကြောင်း ခံစားလိုက်ရ၏။ ၎င်းက ကြမ်းကြုတ်ရက်စက်သော ကျားတစ်ကောင်နှင့် ဆင်တူသော်လည်း မဟုတ်ဘဲ တစ်ကိုယ်လုံး ရွှေရောင်အလင်းများ ခမ်းနားစွာ ထွက်ပေါ်နေသည်။

"သေစမ်း"

ယဲ့ချန်က လှံဖြင့် ဟယ်မူထံ ထိုးချလိုက်သောအခါ ရုန်းများကို အလွယ်တကူဖောက်ထွက်သွားကာ လှံအလင်းသည် ပစ်မှတ်ကို ထိမှန်ခဲ့သည်။

"ဘန်း"

၎င်းက ဟယ်မူ၏ လက်တစ်ဖက်ကို ပြတ်ထွက်သွားစေသောအခါ သူက ခွေးပြေးဝက်ပြေး ထွက်ပြေးရန်အတွက် ချက်ချင်းပျံသန်းလိုက်သည်။ သူ၏နောက်လိုက်ငါးယောက်မှာလည်း အခြေအနေကို ရိပ်စားမိပြီး ထိပ်တန်းကြယ်သခင်တစ်ယောက်ဖြစ်သော ဟယ်မူပင် ထွက်ပြေးသွားသောကြောင့် ချက်ချင်းလှည့်ပြေးလိုက်ကြသည်။

"ဘယ်ပြေးမလို့လဲ"

ယဲ့ချန်က အေးစက်စက် ရေရွတ်ပြီး နတ်လှံဖြင့် လိုက်လံတိုက်ခိုက်ခဲ့သောအခါ ကောင်းကင်ကြယ်သခင်များမှာ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလိုက်ရ၏။ ထိုသူများက မြေအဆင့် နတ်လက်နက်ကို မြင်ဖူးသွားပြီဖြစ်သောကြောင့် သတင်းပေါက်ကြားသွားလျှင် သူ့အတွက် မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်လာပေလိမ့်မည်။ သူက နတ်လှံတစ်ချက်ယမ်းကာ ကောင်းကင်ကြယ်သခင်ငါးယောက်ကို သတ်ဖြတ်ပြီးနောက်တွင် ဒဏ်ရာရနေသော ဟယ်မူသည် မိုးတိမ်နတ်လှေတစ်စီး ဆင့်ခေါ်ကာ ထွက်ပြေးနေပြီဖြစ်သည်။ သူက နတ်ဆိုးတိုက်လှေဖြင့် ချက်ချင်းလိုက်သွားခဲ့ပြီး မိုးတိမ်နတ်လှေသည် လေဟာနယ်ခရီးကို အသက်မသွင်းနိုင်ခင် လိုက်မီသွားကာ မရဏအလင်းမျှော်စင်များဖြင့် ဆက်တိုက်ပစ်ခတ်လိုက်သောအခါ မီးတဟုန်းဟုန်း တောက်လောင်၍ ပျက်စီးသွား၏။

ပေါက်ကွဲသွားသော နတ်လှေအတွင်းမှ လွင့်ထွက်လာသော ဟယ်မူနှင့် မနီးမဝေးတွင် ယဲ့ချန်၏ယာဥ်က ရပ်တန့်နေပြီး မရဏအလင်းမျှော်စင်ဖြင့် ချိန်ရွယ်ထားကာ ခြင်္သေ့ကြီးနှင့် နင်အာသည်လည်း နတ်ဆိုးလှေကိုယ်စီဖြင့် ပိတ်ဆို့ထားကြသည်။ စကြဝဠာထဲတွင် မိုးတိမ်နတ်လှေမရှိသောအခါ ဟယ်မူအနေဖြင့် ထွက်ပြေးရန် မလွယ်ကူသောကြောင့် သေရေးရှင်ရေး အခြေအနေဖြစ်သည်။ သူက အလယ်အဆင့် ကြယ်သခင်တစ်ယောက်ကို ရှုံးနိမ့်ရလိမ့်မည်ဟု ထင်မှတ်မထားဘဲ သူကိုယ်တိုင်ဖြစ်စေ၊ ကုန်းမန်နှင့် ရွှမ်မူဖြစ်စေ ယဲ့ချန်ကို အထင်သေးခဲ့ကြသည်။

"ငါက မင်းကိုရှုံးရမယ်လို့ မထင်ထားဘူး"

သူက နတ်ဆိုးတိုက်လှေအတွင်းမှ ဟင်းလင်းပြင်နတ်လှံကို ဝင့်ကာ ထွက်ပေါ်လာသော ယဲ့ချန်ကို မော့ကြည့်၍ မကျေမနပ် ရေရွတ်လိုက်သည်။

"မင်း ငါ့ကို သတ်မယ်ဆိုရင်လည်း သတ်လိုက်စမ်းပါ"

ထိပ်တန်းကြယ်သခင်တစ်ယောက်အနေဖြင့် ဤနေရာ၌ သေဆုံးရလျှင် နှမြောစရာကောင်းသော်လည်း သူ့အတွက် နောင်တရရန် နောက်ကျလွန်းနေသည်။

"ဒါနဲ့ ပေါင်းစပ်လိုက်ရင် မင်းကို အသက်ချမ်းသာပေးမယ်"

ယဲ့ချန်က ဝိညာဥ်ကောင်တစ်ခုကို ဆင့်ခေါ်၍ ဟယ်မူရှေ့မှောက်တွင် မျောလွင့်စေကာ အေးစက်စက် အမိန့်ပေးလိုက်၏။ သူ၏စကားကြောင့် တစ်ဖက်လူက စိတ်ရှုပ်သွား၍ အနည်းငယ် စဥ်းစားလိုက်သော်လည်း သေခြင်းတရားလောက်မဆိုးဟု မှတ်ယူကာ ဝိညာဥ်ကောင်နှင့် ပေါင်းစပ်လိုက်သည်။

သေခြင်းစမ်းသပ်ချက် စတင်ပြီး တစ်လအကြာတွင် အမှောင်မြို့ရှိ ကျင့်ကြံသူခြောက်ယောက်က အစီအရင်ကို အသက်သွင်းလိုက်သောအခါ ရှင်သန်သူ အယောက်နှစ်ရာကျော် ရောက်ရှိလာကြ၏။ သူတို့က အစီအရင်အတွင်း၌ ပြန့်ကြဲနေပြီး အချင်းချင်းရန်လိုဟန်ဖြင့် အေးစက်စက် မျက်နှာထားများဖြစ်နေကာ တန်းယွမ်က တစ်ချက်ဝေ့ကြည့်၍ နှုတ်ဆိတ်နေခဲ့သည်။ ရွှမ်မူသည် ညီဖြစ်သူ သေဆုံးကြောင်း သိလိုက်ရသောအခါ ထိတ်လန့်၍ ဒေါသတကြီး ဖြစ်သွားသည်။ သူက တန်းယွမ်နှင့် ယဲ့ချန်ကို စိုက်ကြည့်လိုက်ပြီး အောက်ဘုံမှ စမ်းသပ်ချက်ကို မမြင်နိုင်ခဲ့သောကြောင့် တန်းယွမ်အပေါ် သင်္ကါမကင်းဖြစ်နေသည်။ ထို့အပြင် ယဲ့ချန် ပါဝင်ပတ်သက်နေရမည်ဟု ခန့်မှန်းမိသော်လည်း လက်ရှိခွန်အားဖြင့် တစ်ဖက်လူကို ဆန့်ကျင်ရဲသော သတ္တိမရှိသောအခါ သတ်ဖြတ်လိုစိတ်ကို ဖိနှိပ်၍ ဒေါသတကြီး ထွက်ခွာသွားခဲ့သည်။

"ကြည့်ရတာ အောက်ဘုံမှာ မင်းတို့တွေ အခွင့်အရေးတစ်ခုခု ရလာပုံပေါ်တယ်။ စမ်းသပ်ချက်အမှတ်သုံးက ပိုပြီးကြာမြင့်လိမ့်မယ်။ ဒါပေမယ့် မင်းတို့ကို အမှောင်မြို့ရဲ့ အပြင်စည်းတပည့်တွေလို့ သတ်မှတ်လိုက်ပြီ။ မင်းတို့ရဲ့သစ္စာတရားကို စမ်းသပ်ဖို့နဲ့ မြို့တွင်းကို ခေါ်ဆောင်သွားဖို့ တစ်ယောက်ယောက် ရောက်လာလိမ့်မယ်"

"မင်းကတော့ နောက်ဆုံးစမ်းသပ်ချက်ကို ကျော်ဖြတ်နိုင်ရင် ငါ့တပည့်ဖြစ်လာရမယ်"

တန်းယွမ်သည် လူအုပ်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး နောက်ဆုံးတွင် ယဲ့ချန်၌ အဆုံးသတ်သွားခဲ့သည်။ အမှောင်မြို့တစ်ခုလုံးကို သေမင်းက စောင့်ကြည့်နေသောကြောင့် သတင်းပေါက်ကြားမည်ကို စိုးရိမ်သော တန်းယွမ်က စကားအပိုများ မပြောခဲ့ပေ။ အချိန်ခဏအကြာတွင် ကောင်းကင်ကြယ်သခင် အနည်းငယ် ရောက်လာပြီး အမှောင်မြို့၏ ဂိုဏ်းဝင်များဖြစ်ကာ ကျင့်ကြံသူနှစ်ရာကျော်ကို အုပ်စုများခွဲ၍ ခေါ်ယူသွားကြသည်။ မျိုးရိုးနှင့် ပါရမီအဆင့်များအရ သူတို့ကို သီးခြားလေ့ကျင့်ပေးမည်ဖြစ်ကာ မြို့၏ နေရာအသီးသီးသို့ ရောက်သွားကြပေလိမ့်မည်။ သို့သော် အသက်ရှင်ကျန်ရစ်သူအားလုံးက ယဲ့ချန်၏ နောက်လိုက်များဖြစ်ပြီး အပြည့်အဝ ထိန်းချုပ်ခံထားရသည်ကို မည်သူမှမသိကြပေ။ မာရာနှင့် ရှီကြွယ်က ယဲ့ချန်ကို တစ်ချက်လှမ်းကြည့်ပြီး ကောင်းကင်ကြယ်သခင်တစ်ယောက်နှင့်အတူ မည်သည့်နေရာမှန်းမသိ လိုက်ပါသွားကြရသည်။

"မင်းတို့က ငါနဲ့လိုက်ခဲ့ကြ"

အဖိုးတန်ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားသော ကောင်းကင်ကြယ်သခင်တစ်ယောက်က ယဲ့ချန်၊ နင်အာ၊ ခြင်္သေ့ကြီးနှင့် အခြားကျင့်ကြံသူများ စုစုပေါင်း ဆယ်ယောက်ကျော်ကို ရွေးချယ်လိုက်သည်။ မူလတွင် ယဲ့ချန်သည် လူကွဲမည်ကို စိုးရိမ်နေခဲ့သော်လည်း တန်းယွမ်၏ အစီအစဥ်ကြောင့် သုံးယောက်လုံးသည် အမှောင်မြို့တွင်းသို့ အတူတကွ ဝင်ရောက်ခွင့်ရခဲ့ကြသည်။ အမှောင်မြို့ဆိုသော ဆန်းကျယ်သည့် နေရာကို ယဲ့ချန်အနေဖြင့် ပထမဆုံးအကြိမ် ဝင်ရောက်ပြီး လျှို့ဝှက်ချက်များကို သိခွင့်ရတော့မည်ဖြစ်သည်။ ကောင်းကင်ထက်တွင် နတ်ဘုရားပမာ မျက်လုံးတစ်စုံက စိုက်ကြည့်နေကြောင်း သူက ခံစားနိုင်ခဲ့ပြီး တစ်ဖက်လူမှာ အစွမ်းထက်ကျင့်ကြံသူ သေမင်းဖြစ်ကြောင်း သေချာနေခဲ့သည်။ သေမင်းသည် ဤမြို့၏ အရှင်သခင်ဖြစ်သောကြောင့် တန်းယွမ်နှင့် အခြားကျင့်ကြံသူများမှာ ဦးညွှတ်၍ အရိုအသေပေးလိုက်ကြလေသည်။

All Chapters